ယေရှုခရစ်ကို အမှတ်ရခြင်း
“ငါ့ကို အောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့။” —လုကာ ၂၂:၁၉။
လူတချို့ ခရစ္စမတ်ပွဲကျင်းပရတဲ့ အကြောင်းရင်းက ဘာလဲ။
“ယေရှုဟာ ခရစ္စမတ်ရဲ့ အဓိကပုဂ္ဂိုလ်ပဲ” ဆိုပြီး လူတချို့က ဆိုကြတယ်။ သူတို့ဟာ ယေရှုရဲ့မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ခရစ္စမတ်ပွဲကို ကျင်းပကြတာဖြစ်တယ်။
လူတွေ ဘာကြောင့် ပျော်ရွှင်မှု မခံစားရတာလဲ။
လူကြိုက်များတဲ့ ခရစ္စမတ်တေးသီချင်းတွေ၊ ဓလေ့ထုံးစံတွေက ယေရှုခရစ်နဲ့ပတ်သက်တာ သိပ်မရှိပါဘူး။ ခရစ္စမတ်ပွဲ ကျင်းပတဲ့ သန်းနဲ့ချီတဲ့သူတွေဟာ ယေရှုကို မယုံကြည်ကြဘူး။ တချို့ဆိုရင် ယေရှု ကမ္ဘာပေါ် အသက်ရှင်ခဲ့တယ်ဆိုတာကိုတောင် မယုံကြဘူး။ စီးပွားရေးလောကမှာ ခရစ္စမတ်ရာသီက ယေရှုကို အောက်မေ့တဲ့ အချိန်အခါမဟုတ်ဘဲ ကုန်ပစ္စည်းတွေကို ကြော်ငြာတဲ့အချိန်အခါ ဖြစ်နေတယ်။
ဘယ်ကျမ်းစာမူတွေက ကူညီပေးနိုင်သလဲ။
‘လူသားသည် လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကို စွန့်ရန် ကြွလာတော်မူ၏။’ (မာကု ၁၀:၄၅) ယေရှုဟာ ဒီဆောင်းပါးရဲ့ အစမှာ ဖော်ပြထားတဲ့ စကားတွေကို သူ့ရဲ့မွေးနေ့ပွဲမှာ မဟုတ်ဘဲ သူမသေခင်ညမှာ ပြောသွားခဲ့တာ ဖြစ်တယ်။ အဲဒီညမှာ ယေရှုဟာ သူ့ရဲ့သေခြင်းကို အောက်မေ့တဲ့အနေနဲ့ ရိုးရှင်းတဲ့ပွဲလေး ကျင်းပဖို့ ညွှန်ကြားချက်တွေ ပေးခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့မွေးနေ့ကို မဟုတ်ဘဲ သူ့ရဲ့သေခြင်းကို ဘာကြောင့် တပည့်တွေကို အောက်မေ့စေချင်တာလဲ။ အကြောင်းရင်းက ယေရှု စွန့်လွှတ်လိုက်တဲ့ အသက်ဟာ နာခံမှုရှိတဲ့ လူသားတွေကို ထာဝရအသက်ရရှိစေလို့ပါပဲ။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “အပြစ်တရား၏အခကား သေခြင်းဖြစ်၏။ ဘုရားသခင်၏ ဆုကျေးဇူးတော်ကား ငါတို့၏သခင် ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက် ဖြစ်သတည်း။” (ရောမ ၆:၂၃) ဒါကြောင့် ယေရှုခရစ်ရဲ့သေခြင်း နှစ်ပတ်လည်နေ့ရောက်တိုင်း သူ့ရဲ့နောက်လိုက်တွေဟာ ယေရှုခရစ်ကို မွေးကင်းစကလေးအဖြစ်နဲ့ မဟုတ်ဘဲ “လောက၏ကယ်တင်ရှင်” အဖြစ်နဲ့ အမှတ်ရကြတယ်။—ယောဟန် ၄:၄၂။
“ခရစ်တော်ကိုယ်တိုင် သင်တို့အတွက် ဆင်းရဲဒုက္ခခံ၍ ခြေရာတော်ကို ထပ်ကြပ်မကွာ လိုက်လျှောက်စေရန် စံနမူနာထားတော်မူ၏။” (၁ ပေတရု ၂:၂၁) ယေရှုကို ဂုဏ်တင်ပြီး သတိရဖို့ဆိုရင် ပြည့်ဝစုံလင်ပြီး ဉာဏ်ရည်ထက်မြက်သူဖြစ်တဲ့ ယေရှုရဲ့စံနမူနာအတိုင်း လိုက်လျှောက်ဖို့ သင်ယူလေ့လာရမယ်။ အဲဒီအပြင် သနားကြင်နာမှု၊ စိတ်ရှည်မှု၊ မှန်ကန်ရာကို လုပ်ဆောင်ဖို့ သတ္တိရှိမှုစတဲ့ အရည်အသွေးတွေကို ယေရှု ဘယ်လို ပြသခဲ့တယ်ဆိုတာကို တွေးတောဆင်ခြင်ပါ။ သင့်ဘဝမှာ ယေရှုကို တုပနိုင်တဲ့ အခွင့်အရေးတွေကို ရှာဖွေပါ။
“လောကနိုင်ငံသည် ငါတို့သခင်၏နိုင်ငံတော်၊ ထိုသခင်၏ ခရစ်တော်နိုင်ငံတော်ဖြစ်လေပြီ။ ကိုယ်တော်သည် ဘုရင်အဖြစ် အစဉ်ထာဝရ အုပ်စိုးတော်မူမည်။” (ဗျာဒိတ် ၁၁:၁၅) ယေရှုခရစ်ကို သင် အမှတ်ရချင်တယ်ဆိုရင် ယေရှု အခု ဘာလုပ်နေသလဲဆိုတာကို စဉ်းစားပါ။ ယေရှုဟာ ကောင်းကင်မှာ ဘုရင်အဖြစ် အုပ်စိုးနေပါပြီ။ ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုကြိုပြောထားတယ်– “နွမ်းပါးသူတို့အမှုကို ဖြောင့်မတ်စွာစီရင်၍ ဆင်းရဲသော ပြည်သူပြည်သားတို့ အမှုကိုလည်း မျှတစွာ ဆုံးဖြတ်တော်မူလိမ့်မည်။” (ဟေရှာယ ၁၁:၄၊ သမ္မာ) အခုဆိုရင် ယေရှုဟာ မွေးကင်းစကလေး မဟုတ်တော့ဘဲ နှစ်သက်စဖွယ် အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ တန်ခိုးကြီး အုပ်စိုးရှင်ဖြစ်ပါတယ်။