အတိတ်ဘဝမှာ သင်အသက်ရှင်ခဲ့တယ်လို့ ယုံကြည်ပါသလား
![]()
“အသက်ပြန်ရှင်လာတယ်ဆိုတဲ့ ဖြစ်ရပ်က အမှန်ပါပဲ။ အခု အသက်ရှင်နေတဲ့သူတွေက အရင်က အသက်ရှင်ခဲ့ပြီး သေဆုံးသွားတယ်၊ ပြီးတော့ ပြန်မွေးဖွားလာကြတဲ့သူတွေ ဖြစ်တယ်၊ သေလွန်သူတွေရဲ့ ဝိညာဉ်ဟာ ဆက်အသက်ရှင်နေတုန်းပဲ ဆိုတဲ့အချက်က တကယ့်ဖြစ်ရပ်မှန်ပါ။”—ခရစ်နှစ်မတိုင်ခင် ၅ ရာစုက ဂရိအတွေးအခေါ်ပညာရှင် ပလေတို၊ “ဆိုကရေးတီး” စာအုပ်မှ ကိုးကားချက်။
“ဝိညာဉ်တွေ အသက်ရှင်ဖို့ ကိုယ်ခန္ဓာ လိုအပ်တယ်။ ဝိညာဉ်တွေမှာ ကိုယ်ခန္ဓာမရှိတဲ့အတွက် သူတို့ဆက်အသက်ရှင်နိုင်ဖို့ဆိုရင် လူ့ကိုယ်ခန္ဓာတစ်ခုပြီးတစ်ခု ပြောင်းပြီး နေထိုင်ကြရတယ်။”—၁၆ ရာစုက အီတလီအတွေးအခေါ်ပညာရှင် ဂျော်ဒန်းနိုး ဘရူနို။
“လူတွေက တကယ်သေသွားတာ မဟုတ်ဘူး။ သေသွားတယ်လို့ ထင်ရတာပါ။ တကယ်တော့ သူတို့ရဲ့အစိတ်အပိုင်းတစ်ခုက အသက်ရှင်နေတုန်းပဲ။ . . . အဲဒီအစိတ်အပိုင်းဟာ ကိုယ်ခန္ဓာအသစ်ထဲ ရောက်သွားတဲ့အတွက် လောကကြီးကို အမြင်သစ်နဲ့ ရှုစားနေပါတယ်။”—၁၉ ရာစုက အမေရိကန် စာတမ်း ပြုစုသူနဲ့ ကဗျာဆရာ ရက်ဖ် ဝေါ်လ်ဒို အမ်မဆင်။
သင်ဟာ အမှန်တကယ် ဘယ်သူလဲဆိုတာ စဉ်းစားဖူးပါသလား။ အတိတ်ဘဝမှာ သင် အသက်ရှင်ခဲ့တယ်လို့ မြင်ယောင်ဖူးသလား။ အဲဒီလိုသာဆိုရင် သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ရှေးအချိန်ကတည်းက ယဉ်ကျေးမှုအသီးသီးက လူတွေဟာ အဲဒီလိုမေးခွန်းတွေကို အလေးအနက်ထားပြီး စဉ်းစားခဲ့ကြပါတယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို ရှာဖွေနေတဲ့ လူတချို့က ဝင်စားခြင်းဆိုတဲ့ ယုံကြည်ချက်ကို လက်ခံလာကြတယ်။ လူသေသွားရင် မမြင်နိုင်တဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာထဲကနေ ထွက်သွားပြီး နောက်ခန္ဓာတစ်ခုဖြစ်တဲ့ လူ၊ တိရစ္ဆာန် ဒါမှမဟုတ် သစ်ပင်တွေမှာတောင် သွားဝင်စားတယ်၊ ခန္ဓာတစ်ခုပြီး တစ်ခုဆီ ကူးပြောင်းနေထိုင်တယ်ဆိုပြီး ယုံကြည်လာကြတယ်။
အဲဒီယုံကြည်ချက်က လူသေသွားရင် ဘာဖြစ်သွားမလဲဆိုတာကို ကောင်းစွာ ရှင်းပြနိုင်တယ်လို့ တချို့က ယူမှတ်ကြပေမဲ့ အဲဒီယုံကြည်ချက် မှန်မမှန်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ အဲဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာ ဘယ်လိုရှင်းပြထားသလဲ။ အရင်ဆုံး အဲဒီယုံကြည်ချက်က ဘယ်ကနေ စတင်လာသလဲဆိုတာကို မေးဖို့ဖြစ်ပါတယ်။
ဝင်စားခြင်းဆိုတဲ့ ယုံကြည်ချက်က ဘယ်ကနေ စတင်ပေါ်ပေါက်လာသလဲ
သမိုင်းပညာရှင်တွေ၊ ကျမ်းပညာရှင်တွေရဲ့ အဆိုအရ ခရစ်နှစ်မတိုင်ခင် နှစ်ပေါင်းနှစ်ထောင်ကျော်မှာ တည်ဆောက်ခဲ့တဲ့ ရှေးခေတ် ဘေဘီလုန်မြို့က လူတွေဟာ မသေနိုင်တဲ့ ဝိညာဉ်ရှိတယ်ဆိုတာကို ယုံကြည်လာကြတယ်။ မသေနိုင်တဲ့ဝိညာဉ်အကြောင်းကို “ဘေဘီလုန် ဘာသာရေးဆရာတွေ အရမ်းစိတ်ဝင်စားခဲ့ကြတယ်” လို့ဂျူနီယာ မောရစ် ဂျက်စ်ထရိုက သူ့ရဲ့စာအုပ် (The Religion of Babylonia and Assyria) မှာ ရေးသားထားတယ်။ ဘေဘီလုန်လူတွေအတွက် “သေခြင်းဆိုတာ ဘဝကူးပြောင်းခြင်း ဖြစ်တယ်။ လူသေသွားတဲ့အခါ သူ မတည်ရှိတော့ဘူးဆိုတာကို ဘေဘီလုန် ဘာသာရေးဆရာတွေ လက်မခံနိုင်တဲ့အတွက် မသေနိုင်တဲ့ဝိညာဉ် ယူဆချက်ကို ထွင်လိုက်ကြတယ်” လို့လည်း ဖော်ပြထားတယ်။
ဘေဘီလုန်မြို့ကနေ စတင်ခဲ့တဲ့ ဘဝတစ်ပါးကို ကူးပြောင်းခြင်းဆိုတဲ့ သွန်သင်ချက်တွေဟာ ရှေးခေတ်က ဒေသအတော်များများဆီ ပျံ့နှံ့သွားခဲ့တယ်။ အိန္ဒိယအတွေးအခေါ်ပညာရှင်တွေဟာ ကံကြမ္မာအပေါ် အခြေပြုထားတဲ့ ဝင်စားခြင်းသံသရာကို ချဲ့ကားဖော်ပြခဲ့ကြတယ်။ ဩဇာအာဏာရှိတဲ့ ဂရိအတွေးအခေါ်ပညာရှင်တွေကလည်း ဝင်စားခြင်းယူဆချက်ကို လက်ခံလာကြတဲ့အတွက် လူအတော်များများက အဲဒီယူဆချက်ကို လက်ခံလာကြတယ်။
ကနေ့ခေတ် အနောက်နိုင်ငံတွေမှာလည်း ဝင်စားခြင်းဆိုတဲ့ ယူဆချက်ကို တဖြည်းဖြည်း စိတ်ဝင်စားလာပါပြီ။ အကျော်အမော်တွေနဲ့ လူငယ်မျိုးဆက်တွေကလည်း အရှေ့တိုင်း ဘာသာရေးယုံကြည်ချက်တွေနဲ့ ဓလေ့ထုံးစံတွေကို စိတ်ဝင်စားလာကြတယ်။ အတိတ်မှာ အသက်ရှင်ခဲ့တယ်လို့ လူတချို့ယူဆတဲ့ အတွေ့အကြုံတွေကို စာအုပ်တွေ၊ အင်တာနက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာကြတယ်။ အတိတ်ဘဝ ကုထုံးလို့ခေါ်တဲ့ ကုသမှုတစ်မျိုးက နိုင်ငံတော်တော်များများမှာ ရေပန်းစားလာပြီဖြစ်တယ်။ အိပ်မွေ့ချတဲ့နည်းနဲ့ အရင်ဘဝပုံစံကို သိအောင်လုပ်ခြင်းအားဖြင့် လက်ရှိကျန်းမာရေးအခြေအနေနဲ့ အမူအကျင့်ပုံစံတွေကို ရှင်းပြနိုင်တယ်လို့ လူတွေယူဆကြတယ်။
ဝင်စားခြင်းဆိုတဲ့ ယူဆချက်က မှန်ပါသလား
ဝင်စားခြင်းဆိုတဲ့ ယူဆချက်က ရှေးအချိန်ကတည်းက စတင်လာခဲ့ပေမဲ့ အဲဒီယူဆချက် မှန်မမှန်ဆိုတာ သိဖို့ အလွန်အရေးကြီးပါတယ်။ အဲဒီယူဆချက် မှန်မမှန်ဆိုတဲ့ ကျမ်းစာဖော်ပြချက်ကို ခရစ်ယာန်စစ်တွေ သိချင်ကြပါတယ်။ (ယောဟန် ၁၇:၁၇) ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ဟာ အသက်ပေးပိုင်ရှင် ဖြစ်တဲ့အပြင် “နက်နဲသောအရာတို့ကို ဖွင့်ပြ” တဲ့အရှင်ဖြစ်တဲ့အတွက် လူတွေ မသိနားမလည်နိုင်တဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းအကြောင်းကို ဖော်ထုတ်ပေးတယ်။ ဒါကြောင့် အဲဒါနဲ့ပတ်သက်ပြီး အဖြေကို သမ္မာကျမ်းစာကနေ ရရှိနိုင်တယ်ဆိုတာကို ယုံကြည်စိတ်ချနိုင်ပါတယ်။—ဒံယေလ ၂:၂၈; တမန်တော် ၁၇:၂၈။
သမ္မာကျမ်းစာကို သေသေချာချာ လေ့လာကြည့်ရှုမယ်ဆိုရင် ကျွန်ုပ်တို့ သေဆုံးတဲ့အခါ ဘာဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ ရှင်းပြချက်ကို တွေ့ရှိနိုင်ပါတယ်။ ဥပမာ၊ ဘုရားသခင်ကို အာဒံနဲ့ဧဝ ပုန်ကန်ပြီးတဲ့နောက် အာဒံကို ဘုရားသခင် ဘယ်လိုပြောခဲ့သလဲဆိုတာ ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင် သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်။” (ကမ္ဘာဦး ၃:၁၉) အာဒံကို မြေမှုန့်ကနေ ဖန်ဆင်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဒံ သေတဲ့အခါ မြေမှုန့် ပြန်ဖြစ်သွားပါလိမ့်မယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘုရားသခင်က ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား မိန့်ဆိုခဲ့တယ်။ ဒါကြောင့် လူတစ်ဦးသေဆုံးသွားတဲ့အခါ နောက်တစ်ယောက်ထဲကို ဝင်စားတာမဟုတ်ဘဲ လုံးဝပျောက်ကွယ်သွားမှာ ဖြစ်တယ်။a အပူနဲ့အအေး၊ အခြောက်နဲ့အစို၊ အလင်းနဲ့အမှောင်တို့ဟာ ဆန့်ကျင်ဘက်ဖြစ်သလို သေခြင်းနဲ့ ရှင်ခြင်းကလည်း ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ သေလွန်တဲ့သူတွေဟာ တကယ်သေသွားကြတာပါ။ အဲဒီအချက်က ရိုးရှင်းပြီး ယုတ္တိရှိတယ် မဟုတ်ဘူးလား။
လူတွေဟာ သူတို့ရဲ့ အတိတ်ဘဝက အဖြစ်အပျက်တွေကို ပြန်မှတ်မိတယ်လို့ ယူဆစေတဲ့ တခြားအကြောင်းရင်းတွေ ရှိရမယ်။ ဆေးဒဏ် ဒါမှမဟုတ် ဖြစ်ရပ်ဆိုးတွေကြောင့် ခံစားရတဲ့ စိတ်ဒဏ်ရာနဲ့ မသိစိတ်အပါအဝင် လူ့စိတ်ရဲ့လုပ်ဆောင်ပုံတွေကို အခုထက်ထိ အပြည့်အဝ နားမလည်နိုင်သေးပါဘူး။ မှတ်ဉာဏ်ထဲမှာ သိုလှောင်ထားတဲ့ အချက်အလက်ပေါင်းများစွာအပေါ် အခြေပြုပြီး မြင်မက်တဲ့ အိပ်မက်တွေနဲ့ မြင်ယောင်နေတဲ့ အဖြစ်အပျက်တွေကို တကယ်ဖြစ်ပျက်နေတဲ့အလား စိတ်ထဲမှာ ကွင်းကွင်းကွက်ကွက် ပေါ်လာနိုင်တယ်။ တချို့အဖြစ်အပျက်တွေမှာ နာမ်ဝိညာဉ်ဆိုးတွေဟာ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကို လုပ်ကြံဖန်တီးကြတယ်။ တကယ်မဟုတ်တဲ့အရာကို တကယ်ဟုတ်တဲ့အရာအဖြစ် ပြုလုပ်နိုင်ကြတယ်။—၁ ဓမ္မရာဇဝင် ၂၈:၇-၁၉။
လူတွေဟာ ဆက်အသက်ရှင်ချင်ပြီး အနာဂတ်အကြောင်း သိချင်တာက သဘာဝပါ။ ဒါပေမဲ့ အဲဒီစိတ်ဆန္ဒက ဘယ်ကနေ ဖြစ်ပေါ်လာသလဲ။ စိတ်ဝင်စားစရာက ဖန်ဆင်းရှင်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “[ဘုရားသခင်သည်] လူ့စိတ်နှလုံးကိုလည်း အနန္တ [“ထာဝရ၊” ကဘ] ကာလ၌ စွဲလမ်းစေတော်မူပြီ။” (ဒေသနာ ၃:၁၁) ဒါကြောင့် လူတွေဟာ ထာဝစဉ် အသက်ရှင်ချင်ကြတာ ဖြစ်တယ်။
ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ဟာ လူသားတွေရဲ့ စိတ်ထဲမှာ ထာဝစဉ်အသက်ရှင်ချင်တဲ့ ဆန္ဒကို ထည့်ပေးထားပါတယ်။ ဒါကြောင့် အဲဒီဆန္ဒကို ဘယ်လို ဖြည့်ဆည်းပေးမယ်ဆိုတာကိုလည်း ကိုယ်တော် ဖော်ပြပေးမယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ နာခံမှုရှိတဲ့ လူသားတွေကို သာယာလှပတဲ့ မြေကြီးပရဒိသုမှာ ထာဝစဉ် အသက်ရှင်ခွင့်ပေးမယ်ဆိုတဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ သန့်ရှင်းသောစွမ်းအားတော်ရဲ့ လှုံ့ဆော်မှုခံရတဲ့ ဘုရင်ဒါဝိဒ်ဟာ ဒီလိုဖော်ပြခဲ့တယ်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) ဘုရားသခင်ရဲ့ ထာဝရရည်ရွယ်ချက်နဲ့ တစ်ထပ်တည်းကျတဲ့ အဓိက ကျမ်းစာအယူဝါဒတစ်ခုကတော့ သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။—တမန်တော် ၂၄:၁၅; ၁ ကောရိန္သု ၁၅:၁၆-၁၉။
သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်
မြေကြီးပေါ်မှာ အသက်ပြန်ရှင်လာကြတဲ့ သေလွန်သူ ရှစ်ဦးအကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။b အဲဒီလူရှစ်ဦးဟာ တခြားသူဆီမှာ ပြန်ဝင်စားတာမဟုတ်ဘဲ ပြန်အသက်ရှင်လာကြတာ ဖြစ်ပါတယ်။ မိသားစုတွေနဲ့ အသိမိတ်ဆွေတွေက အသက်ပြန်ရှင်လာတဲ့သူတွေကို ချက်ချင်း မှတ်မိကြပါတယ်။ ဆွေမျိုးသားချင်းတွေဟာ သူတို့ချစ်မြတ်နိုးရတဲ့ သေလွန်သူရဲ့ ဝိညာဉ်က မွေးကင်းစကလေး တစ်ယောက်ဆီမှာများ ပြန်ဝင်စားမလားဆိုပြီး စုံစမ်းဖို့ ရပ်ဝေးရပ်နီးမှာရှိတဲ့ မွေးကင်းစကလေးတွေကို လိုက်ရှာနေစရာ မလိုပါဘူး။—ယောဟန် ၁၁:၄၃-၄၅။
ဆိုးညစ်တဲ့ ဒီကမ္ဘာမြေကြီးရဲ့နေရာကို မကြာခင် ဘုရားသခင် အစားထိုးပေးမယ့် ကမ္ဘာသစ်မှာ သေလွန်သူတွေ အမြောက်အမြား အသက်ပြန်ရှင်လာမယ်ဆိုတာကို သမ္မာကျမ်းစာမှာ ဖော်ပြထားတာက နှစ်သိမ့်မှုဖြစ်စေတယ် မဟုတ်ဘူးလား။ (၂ ပေတရု ၃:၁၃၊ ၁၄) အခုအချိန်မှာတော့ သန်းထောင်ချီရှိတဲ့ သေလွန်သူတွေရဲ့ ဘဝပုံစံတွေကို ယေဟောဝါဘုရားသခင်ရဲ့ အကန့်အသတ်မဲ့ မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားပါတယ်။ ဘုရားသခင်က ဘယ်လောက်ထိ မှတ်မိနိုင်သလဲဆိုရင် ကြယ်ရှိရှိသမျှရဲ့ နာမည်တွေကိုတောင် မှတ်သားထားနိုင်ပါတယ်။ (ဆာလံ ၁၄၇:၄; ဗျာဒိတ် ၂၀:၁၃) ခေတ်အဆက်ဆက်က သေလွန်သွားတဲ့သူတွေကို ကမ္ဘာသစ်မှာ ဘုရားသခင် ပြန်အသက်ရှင်စေတဲ့အခါ သူတို့ရဲ့ ဆွေစဉ်မျိုးဆက်ဇယားကို ခြေရာခံပြီး ဘိုးဘေးဘီဘင်တွေကို သူတို့ကိုယ်တိုင် သိကျွမ်းလာရပါလိမ့်မယ်။ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အနာဂတ်ပါပဲလား။
a ထပ်သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ထဲက “သေလွန်သူများ မည်သည့်နေရာတွင် ရှိနေကြသနည်း” ဆိုတဲ့ အခန်း ၆ ကိုဖတ်ကြည့်ပါ။
b အသက်ပြန်ရှင်လာတဲ့ လူရှစ်ဦးရဲ့ မှတ်တမ်းတွေကို ၃ ဓမ္မရာဇဝင် ၁၇:၁၇-၂၄; ၄ ဓမ္မရာဇဝင် ၄:၃၂-၃၇; ၁၃:၂၀၊ ၂၁; လုကာ ၇:၁၁-၁၇; ၈:၄၀-၅၆; ယောဟန် ၁၁:၃၈-၄၄; တမန်တော် ၉:၃၆-၄၂; ၂၀:၇-၁၂ မှာဖတ်ကြည့်ပါ။ အဲဒီမှတ်တမ်းတွေကို သင် ဖတ်တဲ့အခါ သေလွန်သူရှစ်ဦးဟာ လူအများရှေ့မှာ ဘယ်လို အသက်ပြန်ရှင်လာတယ်ဆိုတာကို သတိပြုပါ။ ယေရှုခရစ် အသက်ပြန်ရှင်လာတာက ကိုးခုမြောက် အဖြစ်အပျက်ပါ။—ယောဟန် ၂၀:၁-၁၈။