မေးခွန်းသေတ္တာ
◼ ယေဟောဝါသက်သေများသည် အသံသွင်းထားသည့် သို့မဟုတ် ရေးမှတ်ထားသည့်ဟောပြောချက်များကို ဖြန့်ဝေသင့်သလော။
ကျမ်းစာဟောပြောချက်များက ကျွန်ုပ်တို့ကို ခိုင်ခံ့မြဲမြံပြီး အားရှိစေသည်။ (တ. ၁၅:၃၂) ထို့ကြောင့် စည်းဝေးတွင်မရှိသူတို့အား ယင်းအားပေးမှုဖြစ်စေသည့်အချက်အလက်များကို ဝေမျှပေးလိုသည်မှာ သဘာ၀ပင်။ ယနေ့အချိန်တွင် အသံသွင်းနိုင်သည့်ကိရိယာများစွာရှိနေခြင်းက ဟောပြောချက်ကို အသံသွင်းပြီး အခြားသူများထံဖြန့်ဝေရန် အလွန်လွယ်ကူစေသည်။ အချို့တို့သည် လွန်ခဲ့သည့်နှစ်များစွာကဟောပြောချက်များအပါအဝင် အသံသွင်းဟောပြောချက်များကို စုဆောင်းထားကြပြီး ယင်းတို့ကို ရည်ရွယ်ချက်ကောင်းဖြင့် မိတ်ဆွေများအတွက် ပြန်ထုတ်ဝေကြ သို့မဟုတ် ငှားပေးကြသည်။ အခြားသူတို့သည် ဝက်ဘ်ဆိုက်များဖန်တီးပြီး မည်သူမဆိုကူးယူနိုင်ရန် ယင်းဝက်ဘ်ဆိုက်များပေါ် ဟောပြောချက်များတင်ထားသည်။
အသံသွင်းထားသောဟောပြောချက်များကို မိမိအတွက် သို့မဟုတ် မိသားစုဝင်များအတွက် ကူးယူခြင်းကို ကန့်ကွက်စရာမရှိပါ။ ထို့ပြင် အကြီးအကဲများသည် အစည်းအဝေးမတက်ရောက်နိုင်သည့် အိုမင်းမစွမ်းသောညီအစ်ကို၊ ညီအစ်မများအတွက် ဟောပြောချက်များကို ကူးယူရန်စီစဉ်ပေမည်။ သို့သော် ရေးမှတ်ထားသည့် သို့မဟုတ် အသံသွင်းထားသည့် ဟောပြောချက်များကို မဖြန့်ဝေရန် အကြောင်းကောင်းများရှိသည်။
ဟောပြောချက်များသည် ဒေသလိုအပ်ရာများကိုအခြေခံပြီး တင်ဆက်လေ့ရှိသည့်အတွက် ဖြန့်ဝေသည့်အသံသွင်းဟောပြောချက်ပါအချက်များကို အလွယ်တကူနားလည်မှုလွဲနိုင်သည်၊ အကြောင်းမှာ ဟောပြောချက်တင်ဆက်သည့်ဝန်းကျင်အခြေအနေကို ကျွန်ုပ်တို့မသိရှိသောကြောင့်ဖြစ်သည်။ ထို့ပြင် အသံသွင်းဟောပြောချက်သည် မည်သူက မည်သည့်အချိန်တွင်ဟောခဲ့ကြောင်း အတိအကျသိရှိရန်ခက်ခဲသည်၊ ယင်းတို့ကိုသိမှသာ တင်ဆက်သည့်အချက်အလက်များက နောက်ဆုံးရှင်းပြချက်နှင့်ကိုက်ညီပြီး တိကျမှန်ကန်ကြောင်း ယုံကြည်စိတ်ချနိုင်၏။ (လု. ၁:၁-၄) ရေးမှတ်ထားသည့် သို့မဟုတ် အသံသွင်းထားသည့်ဟောပြောချက်များဖြန့်ဝေခြင်းသည် တစ်စုံတစ်ဦးကို အလွန်အကျွံအာရုံစိုက်ပြီး ဂုဏ်တင်ရန် သို့မဟုတ် တစ်စုံတစ်ဦးက ယင်းသို့ဂုဏ်တင်သည်ကို လက်ခံရန် သွေးဆောင်မှုဖြစ်စေနိုင်သည်။—၁ ကော. ၃:၅-၇။
သစ္စာနှင့်သတိပညာရှိကျွန်သည် ကျမ်းဆိုင်ရာပုံဆောင်အစာကို “အချိန်တန်” မှ “မှန်မှန်” ဝေပေးရန်ကြိုးစားကြသည်။ (လု. ၁၂:၄၂) ယေဟောဝါသက်သေတို့၏ ဒေသခံအသင်းတော်များတွင် တင်ဆက်သည့်ဟောပြောချက်များနှင့် တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော jw.org တွင် ကူးယူနိုင်သည့် အသံသွင်းထားရာများကို ပြင်ဆင်ပေးထားသည်။ သစ္စာနှင့်သတိပညာရှိကျွန်နှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့သည် ကျွန်ုပ်တို့ယုံကြည်ခြင်း၌ခိုင်ခံ့မြဲမြံရန် လိုအပ်ရာများကို ပြင်ဆင်ပေးမည်ဟု ယုံကြည်စိတ်ချနိုင်ပါသည်။—တ. ၁၆:၄၊ ၅။