ယောဟန်
၁၈ ထိုသို့ မြွက်ဆိုတော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်ရှိ ဥယျာဉ်သို့ ဝင်တော်မူ၏။ ၂ ထိုအရပ်သို့ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကြိမ်ဖန်များစွာ သွားဖူးသောကြောင့် ကိုယ်တော်ကို အပ်နှံသောယုဒသည် ထိုအရပ်ကို သိ၏။ ၃ ထို့ကြောင့် ယုဒသည် တပ်သားများ၊ ယဇ်ပုရောဟိတ်ကြီးနှင့် ဖာရိရှဲတို့ထံမှ မင်းလုလင်များကို ခေါ်၍ မီးတုတ်၊ မီးအိမ်၊ လက်နက်များကို ကိုင်စွဲလျက် ထိုနေရာသို့ ရောက်လာကြ၏။ ၄ ယေရှုသည် မိမိ၌ဖြစ်ပျက်မည့်အရာမှန်သမျှကို သိတော်မူသဖြင့် ထွက်လာပြီးလျှင် “မည်သူ့ကို ရှာနေကြသနည်း” ဟုမေးတော်မူ၏။ ၅ ထိုသူတို့က “နာဇရက်မြို့သား ယေရှုကို ရှာကြသည်” ဟုဆိုလျှင် ယေရှုက၊ “ငါသည် ထိုသူပင်ဖြစ်သည်” ဟုမိန့်တော်မူ၏။ ကိုယ်တော်ကို အပ်နှံသောယုဒသည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။
၆ “ငါသည် ထိုသူပင်ဖြစ်သည်” ဟုမိန့်တော်မူလျှင် သူတို့သည် နောက်သို့ဆုတ်သွား၍ မြေပေါ်၌ လဲကြ၏။ ၇ ထိုအခါ “သင်တို့သည် မည်သူ့ကို ရှာနေကြသနည်း” ဟုမေးတော်မူပြန်လျှင် ထိုသူတို့က “နာဇရက်မြို့သား ယေရှုကိုရှာသည်” ဟုဆိုကြသော်၊ ၈ ယေရှုကလည်း “ငါသည် ထိုသူပင်ဖြစ်သည်ဟု သင်တို့ကို ငါပြောပြီ။ ငါ့ကိုရှာလျှင် ဤသူတို့သွားပါစေ” ဟုမိန့်တော်မူ၏။ ၉ “ကျွန်ုပ်အား ကိုယ်တော်ပေးအပ် တော်မူသောသူတို့တွင် တစ်စုံတစ်ယောက်မျှ ဆုံးရှုံးခြင်းသို့ မရောက်ပါ” ဟူသော စကားပြည့်စုံစေရန် ထိုသို့မိန့်တော်မူခြင်းဖြစ်၏။
၁၀ ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသောဓားကို ဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ကျွန်ကို ခုတ်သဖြင့် ညာဘက်နားရွက်ပြတ်လေ၏။ ထိုကျွန်၏အမည်ကား မာလခုဖြစ်၏။ ၁၁ ယေရှုကလည်း “ဓားကို ဓားအိမ်၌ ပြန်ထည့်လော့။ ခမည်းတော်ပေးသောခွက်ကို ငါမသောက်အပ်သလော” ဟုပေတရုကို မိန့်တော်မူ၏။
၁၂ ထိုအခါ တပ်မှူးနှင့် တပ်သားများ၊ ဂျူးလူမျိုး မင်းလုလင်တို့သည် ယေရှုကို ဖမ်းဆီးချည်နှောင်ပြီးလျှင်၊ ၁၃ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမ အန္နတ်ထံသို့ ဦးစွာခေါ်သွားကြ၏။ ၁၄ ထိုကယာဖကား တစ်မျိုးလုံး သေကျေပျက်စီးသည်ထက် လူတစ်ဦးအသေခံသော် သာ၍ကောင်းသည်ဟု ဂျူးတို့ကို အကြံပေးဖူးသူဖြစ်၏။
၁၅ ရှိမုန်ပေတရုနှင့် အခြားတပည့်တော်တစ်ဦးသည် ယေရှုနောက်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်းနှင့် သိကျွမ်းသူဖြစ်၍ ယေရှုနှင့်အတူ ယဇ်ပုရောဟိတ်မင်း၏ ခြံဝင်းသို့ ဝင်လေ၏။ ၁၆ ပေတရုမူကား တံခါးပြင်တွင် ရပ်နေ၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်မင်းနှင့် သိကျွမ်းသော တပည့်တော်သည် ထွက်၍ တံခါးစောင့်ကို ပြောပြီးလျှင် ပေတရုကိုအထဲသို့ ခေါ်သွင်းလေ၏။ ၁၇ တံခါးစောင့်မိန်းကလေးက ပေတရုအား “သင်သည်လည်း ထိုသူ၏တပည့်တို့အဝင် မဟုတ်လော” ဟုမေးလျှင် “မဟုတ်ဘူး” ဟုပေတရု ဆိုလေ၏။ ၁၈ ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့် မင်းလုလင်များသည် မီးသွေးမီးဖိုပြီးလျှင် မီးလှုံလျက်နေကြ၏။ ပေတရုသည်လည်း သူတို့နှင့်အတူရပ်၍ မီးလှုံလျက်နေ၏။
၁၉ ထိုအခါ ယဇ်ပုရောဟိတ်ကြီးသည် တပည့်တော်များအကြောင်းနှင့် ကိုယ်တော့်သွန်သင်ချက်အကြောင်းတို့ကို ယေရှုအား မေးမြန်းလေ၏။ ၂၀ ယေရှုက “ငါသည် လောကတွင် လူသိရှင်ကြားဟောပြောခဲ့ပြီ။ ဂျူးတို့စည်းဝေးရာ တရားဇရပ်နှင့် ဗိမာန်တော်တွင် မပြတ်သွန်သင်၍ အဘယ်အရာကိုမျှ လျှို့ဝှက်ခြင်းမရှိ ဟောပြောခဲ့ပြီ။ ၂၁ အဘယ်ကြောင့် ငါ့ကိုမေးမြန်းသနည်း။ ငါဟောပြောသည့်အကြောင်းကို ကြားနာဖူးသူတို့အား မေးမြန်းလော့။ ငါဟောပြောသောအကြောင်းကို ထိုသူတို့ သိကြ၏” ဟုပြန်ဖြေ၏။ ၂၂ ထိုသို့မိန့်တော်မူသော် အနီးအပါး၌ ရပ်နေသော မင်းလုလင်တစ်ဦးက ယေရှု၏ပါးတော်ကို ရိုက်၍ “သင်သည် ယဇ်ပုရောဟိတ်ကြီးကို ဤသို့ပြန်ပြောရသလော” ဟုဆို၏။ ၂၃ ယေရှုကလည်း “ငါ၏စကားသည် မှားလျှင် မှားကြောင်းကို သက်သေပြလော့။ မှန်လျှင် ငါ့ကို အဘယ်ကြောင့် ရိုက်သနည်း” ဟုမိန့်တော်မူ၏။ ၂၄ ထိုအခါ အန္နတ်သည် ချည်နှောင်ထားသော ကိုယ်တော်အား ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေ၏။
၂၅ ရှိမုန်ပေတရုသည် ရပ်လျက်မီးလှုံနေ၏။ ထိုအခါ “သင်သည်လည်း ထိုသူ၏တပည့်တို့အဝင် မဟုတ်လော” ဟုမေးကြလျှင် ပေတရုက “မဟုတ်ဘူး” ဟုငြင်းဆိုလေ၏။ ၂၆ ပေတရုခုတ်၍ နားရွက်ပြတ်သွားသူ၏ဆွေမျိုးဖြစ်သော ယဇ်ပုရောဟိတ်မင်း၏ကျွန်တစ်ဦးက “သင်သည် ဥယျာဉ်၌ ထိုသူနှင့်အတူ ရှိသည်ကို ငါမြင်ခဲ့သည် မဟုတ်လော” ဟုဆို၏။ ၂၇ ပေတရုသည် ငြင်းဆိုပြန်၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။
၂၈ ထို့နောက် နံနက်စောစောအချိန်တွင် ယေရှုကို ကယာဖထံမှနန်းတော်သို့ ခေါ်ဆောင်သွားကြ၏။ သို့သော် သူတို့ကိုယ်တိုင် နန်းတော်ထဲမဝင်ကြ။ ပသခါညစာစားရန် ညစ်ညူးရာသို့ မရောက်လိုသောကြောင့်ဖြစ်၏။ ၂၉ ထို့ကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ ထွက်၍ “ဤသူကို အဘယ်အပြစ်နှင့် စွပ်စွဲကြသနည်း” ဟုမေးသော်၊ ၃၀ “ဤသူသည် ပြစ်မှားသူ မဟုတ်လျှင် ကိုယ်တော်ထံ ကျွန်ုပ်တို့ မအပ်ပါ” ဟုလျှောက်ကြ၏။ ၃၁ ထိုအခါ ပိလတ်မင်းက “သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ သင်တို့၏တရားအတိုင်း စီရင်ကြလော့” ဟုဆိုရာ၊ ဂျူးတို့က “ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ သတ်ပိုင်ခွင့် မရှိပါ” ဟုလျှောက်ကြ၏။ ၃၂ ထိုသို့ လျှောက်ကြခြင်းမှာ မိမိမည်ကဲ့သို့သေရမည်ကို ယေရှုအရိပ်ပြပြောဆိုခဲ့သောစကား ပြည့်စုံမည်အကြောင်းဖြစ်၏။
၃၃ ပိလတ်မင်းသည် နန်းတော်ထဲသို့ တစ်ဖန်ဝင်၍ ယေရှုကိုခေါ်ပြီးလျှင် “သင်သည် ဂျူးတို့၏ရှင်ဘုရင် မှန်သလော” ဟုမေး၏။ ၃၄ ယေရှုကလည်း “မင်းကြီးသည် ကိုယ့်သဘောအတိုင်း ဤသို့မေးသလော။ ငါ့အကြောင်းကို သူတစ်ပါးတို့ လျှောက်သောကြောင့်လော” ဟုမေးတော်မူ၏။ ၃၅ ပိလတ်မင်းက “ငါသည် ဂျူးလူမျိုးဖြစ်သလော။ သင်၏လူမျိုးနှင့် ယဇ်ပုရောဟိတ်ကြီးတို့သည် သင့်ကို ငါ့ထံသို့ အပ်ကြပြီ။ သင်သည် အဘယ်အမှုကို ပြုခဲ့သနည်း” ဟုမေးလျှင်၊ ၃၆ ယေရှုက “ငါ၏နိုင်ငံသည် ဤလောကနှင့် မသက်ဆိုင်။ သက်ဆိုင်လျှင် ငါသည် ဂျူးလူမျိုးလက်သို့ မရောက်ရန် ငါ၏လူတို့ တိုက်လှန် ကြပေမည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤလောကမှ မဟုတ်” ဟုမိန့်တော်မူ၏။ ၃၇ ထို့ကြောင့် ပိလတ်မင်းက “သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်လော” ဟုမေးသော်၊ ယေရှုက “သင်ဆိုသည့်အတိုင်း ငါသည် ရှင်ဘုရင်ဖြစ်၏။ အမှန်တရားကို သက်သေခံရန် ငါသည် ဖွားမြင်ခြင်းကိုခံ၍ ဤလောကသို့ ကြွလာပြီ။ အမှန်တရားဘက်တွင် ရှိသောသူတိုင်း ငါ့စကားကို နားထောင်ကြသည်” ဟုမိန့်တော်မူ၏။ ၃၈ ထိုအခါ ပိလတ်မင်းက “အမှန်တရားကား အဘယ်နည်း” ဟုမေး၏။
ထိုသို့မေးပြီးမှ ဂျူးတို့ရှိရာသို့ ထွက်ပြန်၍ “ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့။ ၃၉ ပသခါပွဲ၌ လူတစ်ဦးကို ငါလွှတ်ပေးရမည့်ထုံးစံ သင်တို့တွင် ရှိ၏။ သို့ဖြစ်၍ သင်တို့သည် ဂျူးတို့၏ရှင်ဘုရင်ကို လွှတ်ပေးစေလိုသလော” ဟုဆို၏။ ၄၀ ထိုအခါသူတို့က “သူ့ကို မဟုတ်။ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်” ဟုအော်ဟစ်ကြပြန်၏။ ထိုဗာရဗ္ဗကား ဓားပြတစ်ဦးဖြစ်၏။