၁ ပေတရု
၄ ထို့ကြောင့် ခရစ်တော်သည် ခန္ဓာကိုယ်၌ ဆင်းရဲဒုက္ခခံသည်ဖြစ်၍ သင်တို့သည်လည်း ထိုစိတ်သဘောမျိုးဖြင့် ကိုယ်ကို အသင့်ပြင်ဆင်ထားကြလော့။ အကြောင်းမူကား ခန္ဓာကိုယ်၌ ဆင်းရဲဒုက္ခခံရသောသူသည် အပြစ်များကို မပြုတော့ချေ။ ၂ ဤသို့ဖြင့် သူ့အသက်တာ၏ ကျန်ရှိသောအချိန်တွင် လူ့အလိုအတိုင်းမဟုတ်ဘဲ ဘုရားသခင့်အလိုတော်အတိုင်း အသက်ရှင်နိုင်မည်။ ၃ သင်တို့သည် တစ်ချိန်က လောကသားတို့၏ အလိုအတိုင်းလိုက်၍ အကျင့်ပျက်ခြင်း*၊ ရမ္မက်ကြီးခြင်း၊ ဝိုင်သောက်ကြူးခြင်း၊ ဆူဆူညံညံပွဲခံခြင်း၊ အပြိုင်အဆိုင်သောက်ကြူးခြင်း၊ ရွံမုန်းဖွယ်ကောင်းသော ရုပ်တုကိုးကွယ်ခြင်းတို့ကို အချိန်အတန်ကြာ လုပ်ဆောင်ခဲ့ကြပြီ။ ၄ သင်တို့သည် သူတို့နှင့်အတူ အပျော်ကြူးခြင်းနွံထဲတွင် ဆက်၍နစ်မြုပ်မနေသဖြင့် သူတို့အံ့ဩ၍ ကဲ့ရဲ့တတ်ကြ၏။ ၅ သို့သော် ထိုသူတို့သည် အသက်ရှင်သောသူတို့နှင့် သေလွန်သောသူတို့ကို တရားစီရင်ရန် အသင့်ရှိနေသောအရှင်ထံတွင် စာရင်းရှင်းရလိမ့်မည်။ ၆ သေလွန်သောသူတို့ကို သတင်းကောင်းဟောရသည့် ရည်ရွယ်ချက်မှာ သူတို့သည် လူ့အမြင်တွင် ခန္ဓာကိုယ်အရ စီရင်ခံရသော်လည်း ဘုရားသခင့်ရှုထောင့်တွင် စွမ်းအားတော်၏လမ်းညွှန်မှုနှင့်အညီ အသက်ရှင်မည်အကြောင်းဖြစ်၏။
၇ အရာခပ်သိမ်း၏အဆုံးသည် ရောက်လုနီးပြီဖြစ်၍ သမာသတိရှိကြလော့။ ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြားရှိကြလော့။ ၈ ထိုအရာအားလုံးတို့ထက် အချင်းချင်းအားကြီးသော မေတ္တာဖြင့် ချစ်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။ ၉ ညည်းညူခြင်းမပြုဘဲ အချင်းချင်း ဧည့်ဝတ်ပြုကြလော့။ ၁၀ နည်းအမျိုးမျိုးဖြင့်ဖော်ပြသော ဘုရားသခင်၏ မဟာကရုဏာတော် ခံစားရသူ ဘဏ္ဍာစိုးကောင်းများအနေနှင့် သင်တို့တစ်ဦးစီသည် ရရှိထားသော ဆုကျေးဇူးတော်ကို အချင်းချင်းအတွက် အကျိုးဆောင်ရာတွင် အသုံးပြုကြလော့။ ၁၁ ဟောပြောသူတစ်စုံတစ်ဦးရှိလျှင် ထိုသူသည် ဘုရားသခင်၏ဗျာဒိတ်တော်များကို ဟောပြောစေ။ အမှုတော်ဆောင်သူ တစ်စုံတစ်ဦးရှိလျှင် ထိုသူသည် ဘုရားသခင်ပေးသနားသော ခွန်အားဖြင့် အမှုဆောင်စေ။ သို့ဖြင့် ဘုရားသခင်သည် အရာခပ်သိမ်းတွင် ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားမည်။ ဘုရားသခင်၏ဘုန်းအသရေနှင့် တန်ခိုးတော်သည် ကာလအစဉ်အဆက် ရှိပါစေ။ အာမင်။
၁၂ ချစ်ရသောသူတို့၊ မီးကဲ့သို့ပူလောင်သော ပြဿနာများဖြင့် စမ်းသပ်ခံရသောအခါ ထူးဆန်းသောအမှုဖြစ်ပျက်သည့်အလား အံ့သြခြင်းမရှိကြနှင့်။ ၁၃ သို့အစား သင်တို့သည် ခရစ်တော်၏ဘုန်းတော် ထင်ရှားချိန်တွင် အလွန်ဝမ်းမြောက်ခြင်း ရှိမည်အကြောင်း ကိုယ်တော်၏ ဆင်းရဲဒုက္ခများကို မျှဝေခံစားနေရသည်ဖြစ်၍ ဝမ်းမြောက်လျက်နေကြလော့။ ၁၄ သင်တို့သည် ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ရှုတ်ချခံနေရလျှင် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ဘုရားသခင်၏စွမ်းအားတော် ဘုန်းအသရေသည် သင်တို့အပေါ် ကိန်းဝပ်နေ၍ဖြစ်၏။
၁၅ သို့သော် သင်တို့တွင်မည်သူမျှ လူသတ်သမား၊ သူခိုး၊ လူဆိုး၊ သူတစ်ပါးအမှု၌ စွက်ဖက်သူဖြစ်သောကြောင့် ဆင်းရဲဒုက္ခမခံရစေနှင့်။ ၁၆ ခရစ်ယာန်တစ်ဦးအဖြစ် ဆင်းရဲဒုက္ခခံရလျှင်မူကား ရှက်ကြောက်ခြင်းမရှိစေနှင့်။ ထိုအမည်ခံယူခြင်းဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းစေ။ ၁၇ အကြောင်းမူကား ဘုရားသခင်၏အိမ်တော်ကို စတင်တရားစီရင်ရန် အချိန်တန်ပြီ။ ယခု ငါတို့မှ အစပြု၍ တရားစီရင်မည်ဆိုလျှင် ဘုရားသခင်၏သတင်းကောင်းကို နားမထောင်သူများ၏အဆုံးကား မည်သို့ဖြစ်မည်နည်း။ ၁၈ “ဖြောင့်မတ်သောသူ ကယ်တင်ခြင်းရရန် ခဲယဉ်းမည်ဆိုလျှင် ဘုရားတရားမဲ့သူ၊ အပြစ်ရှိသူတို့၌ မည်သို့ဖြစ်မည်နည်း။” ၁၉ သို့ဖြစ်၍ ဘုရားသခင်၏အလိုတော်နှင့်အညီ ဆင်းရဲဒုက္ခခံရသူတို့သည် ကောင်းမှုပြုနေကြစဉ် မိမိတို့၏အသက်*ကို သစ္စာရှိသောဖန်ဆင်းရှင်ထံ အပ်နှံကြစေ။