ယုဒ
၁ ယေရှုခရစ်ရဲ့ ကျွန်၊ ယာကုပ်ရဲ့ ညီ+ ကျွန်တော်ယုဒက အဖဘုရားသခင် ချစ်တဲ့သူတွေ၊ ယေရှုခရစ်အတွက် စောင့်ရှောက်ထားသူတွေ၊+ ခေါ်တော်မူခြင်းခံရသူတွေဆီ+ စာရေးလိုက်ပါတယ်။
၂ ခင်ဗျားတို့အပေါ်ထားတဲ့ ဘုရားသခင့် ကရုဏာ၊ ငြိမ်သက်ခြင်း၊ ချစ်ခြင်း တိုးပွားပါစေ။
၃ ချစ်ရသူတို့၊ ကျွန်တော်တို့အားလုံးကို ဘုရားသခင် ဘယ်လို ကယ်တင်မယ်ဆိုတာ+ ခင်ဗျားတို့ဆီ စာရေးပြောပြချင်ခဲ့တာ။ အခုတော့ သန့်ရှင်းသူတွေဆီ အပြီးအပိုင် အပ်ထားတဲ့ ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ဖို့+ အားပေးတဲ့စာကို အရင်ရေးသင့်တယ်လို့ ကျွန်တော် ထင်တယ်။ ၄ ဘာလို့လဲဆိုတော့ ရှေးကတည်းက ကျမ်းစာမှာ ကြိုပြောထားတဲ့အတိုင်း တရားစီရင်ခံရမယ့်သူတချို့ ခင်ဗျားတို့ထဲ မသိမသာ ဝင်လာပြီ။ သူတို့ဟာ ဘုရားတရားမဲ့သူတွေ၊ ဘုရားသခင့် မဟာကရုဏာကို အခွင့်ကောင်းယူပြီး မျက်နှာပြောင်တိုက်သူတွေ၊*+ ကျွန်တော်တို့ကို ပိုင်ဆိုင်တဲ့ တစ်ဦးတည်းသောသခင် ယေရှုခရစ်ကို သစ္စာမဲ့သူတွေ ဖြစ်နေလို့ပဲ။+
၅ ခင်ဗျားတို့ သိပြီးသားဖြစ်ပေမဲ့ ကျွန်တော် ထပ်ပြီး သတိပေးချင်တယ်။ ယေဟောဝါက* အီဂျစ်ပြည်ကနေ လူမျိုးတစ်မျိုးကို ကယ်တင်ခဲ့ပေမဲ့+ မယုံကြည်တဲ့သူတွေကို နောက်ပိုင်းမှာ ဖျက်ဆီးခဲ့တယ်။+ ၆ ဒါ့အပြင် ကိုယ့်မူလအခွင့်အရာကို မစောင့်ထိန်းရုံမက ကိုယ့်နေရာကို စွန့်ခွာခဲ့တဲ့ ကောင်းကင်တမန်တွေကို+ တရားစီရင်ရာနေ့ကြီးအတွက် မှောင်မိုက်မှာ ထာဝရ ချည်နှောင်ထားတယ်။+ ၇ အလားတူပဲ၊ သောဒုံမြို့၊ ဂေါမောရမြို့နဲ့ ပတ်ဝန်းကျင်မြို့တွေဟာ ကမ်းကုန်အောင် လိင်အကျင့်ယိုယွင်းပြီး* သဘာဝနဲ့ဆန့်ကျင်တဲ့ သွေးသားအလိုဆန္ဒကို လိုက်ခဲ့ကြလို့+ ထာဝရမီးနဲ့ ပြစ်ဒဏ်စီရင်ခံခဲ့ရတယ်။ ဒါကြောင့် သူတို့ဟာ ကျွန်တော်တို့အတွက် သတိပေးပုံနမူနာပဲ။+
၈ ဒါတောင်မှ အဲဒီလူတွေက စိတ်ကူးယဉ်အိပ်မက်မှာ ပျော်မွေ့ပြီး ခန္ဓာကိုယ်ကို ညစ်ညူးစေကြတယ်။ အခွင့်အာဏာရှိသူတွေကို မထီလေးစားလုပ်ပြီး ဂုဏ်သရေရှိသူတွေကိုလည်း ရင့်ရင့်သီးသီး ပြောဆိုကြတယ်။+ ၉ ကောင်းကင်တမန်မင်း+ မိက္ခေလကတော့+ မောရှေရဲ့ အလောင်းနဲ့ပတ်သက်ပြီး+ မာရ်နတ်နဲ့ ငြင်းခုံတဲ့အခါ ရင့်သီးတဲ့စကားနဲ့ မစီရင်ဝံ့ဘဲ+ “မင်းကို ယေဟောဝါ* ဘုရား ဆုံးမပါစေ” လို့ပဲ ပြောခဲ့တယ်။+ ၁၀ သူတို့ကျတော့ အကြောင်းစုံကို တကယ်နားမလည်ဘဲ ရင့်ရင့်သီးသီး ပြောဆိုကြတယ်။+ စဉ်းစားဉာဏ် မရှိတဲ့ တိရစ္ဆာန်တွေလိုပဲ။ ဘာလုပ်လုပ် တိရစ္ဆာန်စရိုက်အတိုင်း လုပ်ကြတယ်။+ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ပဲ ပျက်စီးစေတယ်။
၁၁ သူတို့က ကာအိနရဲ့ လမ်းစဉ်ကို လိုက်ကြတယ်။+ အကျိုးအမြတ်ရဖို့ ဗာလမ် လိုက်ခဲ့တဲ့ မှားယွင်းတဲ့ လမ်းစဉ်နောက် အပြေးလိုက်ကြတယ်။+ ကောရလို+ ကလန်ကဆန် ပြောပြီး ပျက်စီးသွားကြတယ်။+ ဒါကြောင့် သူတို့အတွက် အမင်္ဂလာပဲ။ ၁၂ သူတို့ဟာ မိတ်ဆုံစားပွဲတွေမှာ အတူစားသောက်တဲ့အခါ+ ရေအောက်ကျောက်ဆောင်တွေနဲ့ တူတယ်။ အရှက်အကြောက်မရှိ ကိုယ့်ဝမ်းဝဖို့ပဲ စဉ်းစားတဲ့ သိုးထိန်းတွေ၊+ လေတိုက်ရာလွင့်မျောတဲ့ မိုးရေမပါတဲ့တိမ်တွေ၊+ ရာသီချိန်မှာ အသီးမသီးဘဲ ခြောက်သွေ့သွားလို့* နုတ်ပစ်ခံရတဲ့အပင်တွေနဲ့ တူတယ်။ ၁၃ လှိုင်းတံပိုးတွေကြောင့် အမြှုပ်တွေထလာသလို သူတို့လည်း ကိုယ်တိုင်ရဲ့ လုပ်ရပ်တွေကြောင့် အရှက်ကွဲရတယ်။+ လမ်းကြောင်းအတည်တကျမရှိတဲ့ ကြယ်တွေလိုပဲ။ အမှောင်မိုက်ဆုံးနေရာမှာ သူတို့ ထာဝစဉ် နေရလိမ့်မယ်။+
၁၄ အာဒံကနေ ခုနစ်ဆက်မြောက်ဖြစ်တဲ့ ဧနောက်ကလည်း+ သူတို့အကြောင်း ပရောဖက်ပြုခဲ့တယ်– “ယေဟောဝါ* ဘုရားက သန့်ရှင်းတဲ့ ကောင်းကင်တမန် အမြောက်အမြားနဲ့အတူ ကြွလာပြီ။+ ၁၅ လူအားလုံးကို တရားစီရင်လိမ့်မယ်။+ ဘုရားတရားမဲ့ လမ်းစဉ်အတိုင်း ကျူးလွန်ခဲ့တဲ့ တရားမဲ့လုပ်ရပ် အားလုံး၊ ဘုရားကို ဆန့်ကျင်ပြောဆိုတဲ့ ထိတ်လန့်ဖွယ်စကား အားလုံးအတွက် တရားမဲ့တဲ့ အပြစ်သားတွေမှာ အပြစ်ရှိကြောင်း ဖော်ပြလိမ့်မယ်။”+
၁၆ သူတို့ဟာ ကိုယ့်ဘဝအခြေအနေကို မကျေမနပ် ညည်းညူမြည်တမ်းပြီး+ ကိုယ့်အလိုဆန္ဒတွေနောက် လိုက်ကြတယ်။+ စကားကြီးစကားကျယ်တွေနဲ့ ကြွားလုံးထုတ်ပြီး ကိုယ်ကျိုးအတွက် တခြားသူကို မြှောက်ပင့်တတ်တယ်။+
၁၇ ချစ်ရသူတို့၊ သခင်ယေရှုခရစ်ရဲ့ တမန်တော်တွေ ပြောခဲ့ဖူးတဲ့စကားကို ပြန်သတိရပါ။ ၁၈ “နောက်ဆုံးကာလမှာ လှောင်ပြောင်တတ်သူတွေ ပေါ်လာပြီး ဘုရားတရားမဲ့တဲ့ အလိုဆန္ဒတွေနောက် လိုက်လိမ့်မယ်”+ လို့ ပြောခဲ့ဖူးတယ်။ ၁၉ အဲဒီလူတွေဟာ စိတ်ဝမ်းကွဲစေသူတွေ၊+ တိရစ္ဆာန်စရိုက်ရှိသူတွေ၊ ဘုရားသခင့် စွမ်းအားတော် မရှိသူတွေပဲ။ ၂၀ ချစ်ရသူတို့၊ ခင်ဗျားတို့ကတော့ အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် တည်ဆောက်ပြီး သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့အညီ ဆုတောင်းကြပါ။+ ၂၁ ဒါမှ ထာဝရအသက်ရစေတဲ့ သခင်ယေရှုခရစ်ရဲ့ ကရုဏာကို စောင့်မျှော်ရင်း+ ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်နိုင်လိမ့်မယ်။+ ၂၂ သံသယဖြစ်နေသူတချို့ကိုလည်း+ ဆက်ပြီး ကရုဏာပြကြပါ။+ ၂၃ သူတို့ကို မီးထဲက ဆွဲနုတ်ပြီး ကယ်တင်ကြပါ။+ တခြားသူတွေကို ကရုဏာပြပါ။ ဒါပေမဲ့ ကြောက်စိတ်ရှိပါ။ သူတို့ရဲ့ဝတ်လုံဟာ သွေးသားအညစ်အကြေးနဲ့ စွန်းထင်းနေတယ်။ ဒါကြောင့် ကရုဏာပြတဲ့အခါ စွန်းထင်းနေတဲ့ဝတ်လုံနဲ့ ကင်းကင်းရှင်းရှင်း နေကြပါ။+
၂၄ ခင်ဗျားတို့ တိုက်လဲမသွားအောင် စောင့်ရှောက်ပေးနိုင်သူ၊ ဘုန်းတန်ခိုးကြီးတဲ့ ဘုရားသခင်ရှေ့မှာ အစွန်းအထင်းမရှိဘဲ ဝမ်းမြောက်စွာ ရပ်တည်စေနိုင်သူ၊+ ၂၅ သခင်ယေရှုခရစ်အားဖြင့် ကျွန်တော်တို့ကို ကယ်တင်တဲ့ တစ်ပါးတည်းသော ဘုရားသခင်ရဲ့ ဘုန်းကျက်သရေ၊ ကြီးမြတ်မှု၊ တန်ခိုးနဲ့ အာဏာဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တိုင်အောင် တည်တံ့ပါစေ။ အာမင်။*