လုကာ
၁၃ အဲဒီအခါ လူတချို့ရောက်လာပြီး ပူဇော်သက္ကာ ဆက်သနေတဲ့ ဂါလိလဲလူတချို့ကို ပိလတ်မင်း သတ်လိုက်တဲ့အကြောင်း ယေရှုကို သတင်းပေးကြတယ်။ ၂ ယေရှုက “အဲဒီ ဂါလိလဲလူတွေဟာ တခြားဂါလိလဲလူတွေထက် အပြစ်ကြီးတဲ့အတွက် အဲဒီလိုခံရတာလို့ ခင်ဗျားတို့ ထင်နေသလား။ ၃ မဟုတ်ဘူးလို့ ကျွန်တော်ပြောမယ်။ ခင်ဗျားတို့လည်း နောင်တမရရင် ဖျက်ဆီးခံရမှာပဲ။+ ၄ ရှိလောင်မျှော်စင် ပြိုလဲလို့ ပိသေသွားတဲ့ လူ ၁၈ ယောက်ကရော။ ဂျေရုဆလင်မြို့မှာနေတဲ့ လူတွေထက် သူတို့ ပိုအပြစ်ကြီးတယ်လို့ ခင်ဗျားတို့ ထင်နေသလား။ ၅ မဟုတ်ဘူးလို့ ကျွန်တော်ပြောမယ်။ ခင်ဗျားတို့လည်း နောင်တမရရင် ဖျက်ဆီးခံရမှာပဲ” လို့ပြောတယ်။
၆ အဲဒီနောက် ယေရှုက ပုံဥပမာတစ်ခု ပြောပြတယ်– “လူတစ်ယောက်ရဲ့စပျစ်ခြံမှာ သဖန်းပင်တစ်ပင် ရှိတယ်။ အဲဒီအပင်မှာ အသီးများရှိမလား သူလာကြည့်တဲ့အခါ တစ်လုံးမှ မတွေ့ဘူး။+ ၇ ဒါနဲ့ ခြံစောင့်ကို ‘ဒီသဖန်းပင်ကို ငါလာကြည့်တာ သုံးနှစ်တောင် ရှိပြီ။ အသီးတစ်လုံးမှ မသီးဘူးဆိုတော့ ခုတ်ပစ်လိုက်။ မြေကြီး အလကားဖြစ်တာပဲ အဖတ်တင်တယ်’ လို့ပြောတယ်။ ၈ ခြံစောင့်က ‘သခင်၊ ဒီနှစ်တော့ နေပါစေဦး။ အပင်ပတ်လည်ကို တူးဆွပြီး မြေဩဇာ ထည့်ကြည့်ဦးမယ်။ ၉ အသီး သီးတန်ကောင်းပါရဲ့။ နောက်နှစ်မှ မသီးရင်တော့ ခုတ်ပစ်တာပေါ့’+ လို့ ပြောတယ်။”
၁၀ ဥပုသ်နေ့မှာ ယေရှုက တရားဇရပ်တစ်ခုမှာ သွန်သင်ပေးနေတယ်။ ၁၁ အဲဒီမှာ နတ်ဆိုးပူးနေတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်။ နတ်ဆိုးက ၁၈ နှစ်ပတ်လုံး မမာမကျန်း ဖြစ်စေတဲ့အတွက် သူ့ခမျာ ခါးကို မတ်မတ်ထားလို့မရဘဲ ကုန်းနေတယ်။ ၁၂ ယေရှုက သူ့ကိုမြင်တဲ့အခါ “အစ်မကြီး၊ ခင်ဗျား ခံစားနေရတဲ့ ဝေဒနာကနေ လွတ်ကင်းပြီ”+ လို့ပြောပြီး၊ ၁၃ သူ့အပေါ် လက်တင်လိုက်တဲ့အခါ ချက်ချင်းပဲ သူက ခါးကိုမတ်ပြီး ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းတော့တယ်။ ၁၄ ဥပုသ်နေ့မှာ လူနာကို ယေရှု ကုသပေးတဲ့အတွက် တရားဇရပ်မှူးက စိတ်ဆိုးပြီး “အလုပ်လုပ်ရတဲ့ရက် ခြောက်ရက် ရှိတာပဲ။+ ရောဂါပျောက်ချင်ရင် အဲဒီနေ့တွေမှာ လာကြ။ ဥပုသ်နေ့မှာ မလာကြနဲ့”+ လို့ လူတွေကို ပြောတယ်။ ၁၅ အဲဒီအခါ သခင်ယေရှုက “သူတော်ကောင်း ယောင်ဆောင်သူတို့၊+ ခင်ဗျားတို့က ဥပုသ်နေ့မှာ နွားမြည်းတွေကို တင်းကုပ်ကနေ လွှတ်ပေးပြီး ရေတိုက်ဖို့ ခေါ်သွားတတ်တယ် မဟုတ်လား။+ ၁၆ အာဗြဟံရဲ့သမီးဖြစ်တဲ့ ဒီအမျိုးသမီးဟာ ၁၈ နှစ်လုံးလုံး စာတန်ရဲ့ အချုပ်အနှောင်ကို ခံနေရတာ။ သူ့ကို ဥပုသ်နေ့မှာ အချုပ်အနှောင်ကနေ မလွှတ်ပေးသင့်ဘူးလား” လို့ပြောလိုက်တော့၊ ၁၇ ယေရှုကို ဆန့်ကျင်သူတွေ အရှက်ကွဲသွားတယ်။ ကျန်တဲ့လူတွေကတော့ ယေရှုလုပ်သမျှ အံ့ဖွယ်အမှုတွေကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်။+
၁၈ ဒါကြောင့် ယေရှုက “ဘုရားသခင့်နိုင်ငံတော်ဟာ ဘာနဲ့တူသလဲ။ ဘာနဲ့ခိုင်းနှိုင်းရင် ကောင်းမလဲ။ ၁၉ ဘုရားသခင့် နိုင်ငံတော်ဟာ မုန်ညင်းစေ့နဲ့* တူတယ်။ မုန်ညင်းစေ့ကို ခြံထဲမှာ စိုက်လိုက်တဲ့အခါ အစေ့ဟာ အပင်ပေါက်ပြီး ကြီးထွားလာတယ်။ အပင်ရဲ့ အကိုင်းအခက်တွေမှာ ပျံသန်းတဲ့ငှက်တွေ နားနေမှီခိုကြတယ်”+ လို့ပြောတယ်။
၂၀ အဲဒီအပြင် ယေရှုက “ဘုရားသခင့် နိုင်ငံတော်ကို ဘာနဲ့ခိုင်းနှိုင်းရင် ကောင်းမလဲ။ ၂၁ ဘုရားသခင်ရဲ့နိုင်ငံတော်ဟာ တဆေးနဲ့တူတယ်။ ဂျုံမှုန့် သုံးတောင်းထဲ* တဆေးထည့်ပြီး နယ်လိုက်တဲ့အခါ မုန့်ညက်တစ်ပုံလုံး ဖောင်းကြွလာတယ်”+ လို့ပြောတယ်။
၂၂ အဲဒီနောက် ယေရှုက ဂျေရုဆလင်မြို့ကို သွားတဲ့အခါ လမ်းတစ်လျှောက်မှာရှိတဲ့ မြို့ရွာတွေကို ဖြတ်သွားရင်း လူတွေကို သွန်သင်ပေးတယ်။ ၂၃ လူတစ်ယောက်က “သခင်၊ ကယ်တင်ခံရမယ့်သူတွေ နည်းတယ်ဆိုတာ တကယ်လား” လို့မေးတော့ ယေရှုက၊ ၂၄ “ကျဉ်းတဲ့တံခါးကနေ ဝင်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားပါ။+ ကျွန်တော်ပြောမယ်။ လူအတော်များများ ဝင်ဖို့ကြိုးစားပေမဲ့ မဝင်နိုင်ကြဘူး။ ၂၅ အိမ်ရှင် တံခါးပိတ်ပြီးခါမှ ခင်ဗျားတို့က အပြင်ကနေ တံခါးခေါက်ပြီး ‘သခင်၊ တံခါးဖွင့်ပေးပါဦး’+ လို့ပြောရင် အိမ်ရှင်က ‘ခင်ဗျားတို့ ဘယ်ကလဲ။ ကျုပ်မသိဘူး’ လို့ပြောလိမ့်မယ်။ ၂၆ ခင်ဗျားတို့က ‘သခင်နဲ့အတူ ကျွန်တော်တို့ စားသောက်ခဲ့ဖူးတယ်လေ။ လမ်းမတွေမှာ ကျွန်တော်တို့ကို သခင် သွန်သင်ပေးဖူးတယ်လေ’+ လို့ ပြောကြလိမ့်မယ်။ ၂၇ ဒါပေမဲ့ အိမ်ရှင်က ‘ခင်ဗျားတို့ ဘယ်ကလဲ။ ကျုပ်မသိဘူး။ မဖြောင့်မတ်တဲ့လူတွေ၊ ကျုပ်ဆီက ထွက်သွားကြ’ ဆိုပြီးပြောလိမ့်မယ်။ ၂၈ အပြင်ကို နှင်ထုတ်ခံထားရတဲ့ ခင်ဗျားတို့ဟာ ဘုရားသခင့် နိုင်ငံတော်မှာ အာဗြဟံ၊ အိဇက်၊ ယာကုပ်နဲ့ ပရောဖက်တွေကို မြင်ရတဲ့အခါ ငိုကြွေးပြီး အံကြိတ်ခံပြင်းနေလိမ့်မယ်။+ ၂၉ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာကလာတဲ့ လူတွေ ဘုရားသခင့် နိုင်ငံတော်မှာ ထိုင်ပြီး စားသောက်ကြလိမ့်မယ်။ ၃၀ နောက်ဆုံးက လူတချို့ ရှေ့ဆုံးကို ရောက်လိမ့်မယ်။ ရှေ့ဆုံးက လူတချို့ နောက်ဆုံးကို ရောက်လိမ့်မယ်”+ လို့ပြောတယ်။
၃၁ အဲဒီအချိန်မှာပဲ ဖာရိရှဲတချို့ ရောက်လာပြီး “ဟေရုဒ်မင်းက ခင်ဗျားကို သတ်ချင်နေတယ်။ ဒီကနေ ထွက်သွားပါ” လို့ပြောတယ်။ ၃၂ ယေရှုက “‘ဒီနေ့နဲ့ မနက်ဖြန်တော့ နတ်ဆိုးတွေကို နှင်ထုတ်ပြီး ရောဂါကုပေးလိုက်ဦးမယ်။ သန်ဘက်ခါကျမှ အလုပ်ပြီးမှာ’ လို့ အဲဒီမြေခွေးကို သွားပြောလိုက်ပါ။ ၃၃ ကျွန်တော်က ဒီနေ့၊ မနက်ဖြန်၊ သန်ဘက်ခါ ခရီးဆက်ရဦးမယ်။ ပရောဖက်မှန်ရင် ဂျေရုဆလင်မြို့ပြင်ပမှာ အသတ်ခံဖို့မဖြစ်နိုင်ဘူး။+ ၃၄ ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ မင်းဟာ ပရောဖက်တွေကို သတ်တဲ့မြို့၊ ဘုရား လွှတ်လိုက်သူတွေကို ခဲနဲ့ပေါက်တဲ့မြို့ပဲ။+ ကြက်မက ကြက်ပေါက်လေးတွေကို အတောင်အောက်မှာ စုရုံးသလို မင်းရဲ့ သားသမီးတွေကိုလည်း စုရုံးဖို့ ငါအကြိမ်ကြိမ် ကြိုးစားသေးတယ်။ ဒါပေမဲ့ မင်းကမှ လက်မခံတာ။+ ၃၅ မင်းရဲ့အိမ်တော်ဟာ စွန့်ပစ်ခံရလိမ့်မယ်။+ ငါပြောမယ်။ ‘ယေဟောဝါရဲ့* နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ’ ဆိုပြီး မင်းမပြောမချင်း ငါ့ကို လုံးဝမြင်ရမှာ မဟုတ်ဘူး”+ လို့ပြောတယ်။