ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၁၂/၈ စာ. ၁၈-၂၁
  • လူဝစ္စပါစတာ—သူ့ဆောင်ရွက်မှု လှစ်ဟပြရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူဝစ္စပါစတာ—သူ့ဆောင်ရွက်မှု လှစ်ဟပြရာ
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစောပိုင်း သုတေသနပြုချက်
  • ပါစတာနည်းပြုပြင်ခြင်း
  • အသက်သည် သက်ရှိမှဖြစ်ပေါ်လာ
  • ကူးစက်တတ်သောရောဂါကို တိုက်ဖျက်ခြင်း
  • တန်ဖိုးရှိသောဆောင်ရွက်မှု
  • ခေတ်သစ်ဆေးပညာ မည်မျှအထမြောက်နိုင်မည်နည်း
    နိုးလော့!—၂၀၀၂
  • သိပ္ပံပညာ–သမ္မာကျမ်းစာမှားကြောင်း သက်သေထူခဲ့ပြီလော
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • မဟာအရေးကိစ္စ—⁠ယင်းကားအဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဖျားနာမှု၏လျှို့ဝှက်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၁၂/၈ စာ. ၁၈-၂၁

လူဝစ္စပါစတာ—သူ့ဆောင်ရွက်မှု လှစ်ဟပြရာ

ပြင်သစ်မှ နိုးလော့! သတင်းထောက်ပေးပို့သည်

အသက်ဟူသည် အလိုအလျောက်ဖြစ်ပေါ်လာနိုင်ပါသလော။ ၁၉ ရာစုအတွင်းက သိပ္ပံပညာရှင်အချို့ ထိုသို့ပင်ယူဆခဲ့ကြသည်။ အသက်ဟူသည် ဖန်ဆင်းရှင်မပါဘဲ သက်မဲ့ဘဝမှသက်ရှိအဖြစ်သို့ အလိုလိုဖြစ်ပေါ်နိုင်သည်ဟု သူတို့ယူဆထားကြသည်။

သို့သော် ၁၈၆၄ ခုနှစ် ဧပြီလ၏နွေဦးပိုင်း ညနေခင်းတစ်ခုတွင် ပါရီမြို့၊ စောဘော်န်တက္ကသိုလ်ရှိ အစည်းအဝေးခန်းမတစ်ခု၌စုဝေးနေသော ပရိသတ်သည် တစ်မူထူးခြားသောအကြောင်းတစ်ခုကိုကြားလိုက်ရသည်။ သိပ္ပံပညာရှင်တို့၏ကော်မရှင်အဖွဲ့ရှေ့တွင် လူဝစ္စပါစတာသည် ပိုင်နိုင်စွာဖြင့် အလိုအလျောက်ဖြစ်ပေါ်လာသည်ဟူသော သီအိုရီသည်မှားကြောင်း တစ်ချက်ချင်းစီထောက်ပြ၍ အောင်မြင်စွာချေပပြောဆိုခဲ့သည်။

၎င်းပို့ချချက်နှင့် နောက်ပိုင်းတွေ့ရှိချက်များက သူ့အား “ကမ္ဘာတွင် နာမည်ကျော်သိပ္ပံပညာရှင်များ၌ တစ်ဦးအဝင်” ဖြစ်စေသည်ဟု ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းကဖော်ပြထားသည်။ သို့သော် ဤသူသည် သူ့ခေတ်သားများအပေါ် အဘယ်ကြောင့်ဤမျှတိုင် စွဲမှတ်စရာဖြစ်သွားခဲ့ပါသနည်း၊ ထို့အပြင် သူသည် ကမ္ဘာတစ်ဝန်း မည်သို့ကျော်ကြားလာခဲ့ပါသနည်း။ သူ၏ရှာဖွေတွေ့ရှိချက်အချို့မှ ယခု ကျွန်ုပ်တို့ အဘယ်နည်းဖြင့် အကျိုးခံစားနေကြရသနည်း။

အစောပိုင်း သုတေသနပြုချက်

လူဝစ္စပါစတာသည် ၁၈၈၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံအရှေ့ဘက်ရှိ ဒိုလ်မြို့ငယ်လေး၌ မွေးဖွားခဲ့သည်။ သားရေနယ်သူတစ်ဦးဖြစ်သော သူ၏ဖခင်သည် သားအတွက် ရည်မှန်းချက်ကြီးသည်။ လူဝစ္စသည် အနုပညာကိုစိတ်သန်ရုံမက ပင်ကိုစွမ်းရည်ပါရှိသော်လည်း သိပ္ပံဘာသာရပ်ကိုလေ့လာခဲ့သည်။ အသက် ၂၅ နှစ်အရွယ်တွင် သိပ္ပံဘာသာရပ်၌ ပါရဂူဘွဲ့ကိုရရှိခဲ့သည်။

သူ၏အစောပိုင်းသုတေသနပြုချက်သည် ဝိုင်စည်ပိုင်းများတွင် အနည်ထိုင်တတ်သော ပေါင်းစပ်ပစ္စည်းတစ်မျိုးဖြစ်သည့် တာတာရစ်အက်ဆစ်နှင့်ပတ်သက်ခဲ့သည်။ ထိုသုတေသနပြုချက်၏အကျိုးရလဒ်ကို နှစ်အနည်းငယ်အကြာတွင် အခြားသုတေသီတို့က မျက်မှောက်ခေတ်ဇီဝဓာတုပညာရပ်၏ အခြေခံအဖြစ်အသုံးပြုခဲ့ကြသည်။ ထို့နောက် ပါစတာသည် ဖောက်ခြင်းပစ္စည်းများကို ဆက်၍လေ့လာလေသည်။

ပါစတာ၏သုတေသနမတိုင်မီက တဆေးကဲ့သို့သောဖောက်ခြင်းပစ္စည်းများအကြောင်း သိထားနှင့်ကြသည်။ သို့သော် ယင်းတို့သည် ဖောက်ခြင်းကြောင့်ဖြစ်ပေါ်လာသည်ဟု ယူမှတ်ခဲ့ကြ၏။ သို့ရာတွင် ၎င်းဖောက်ခြင်းပစ္စည်းများသည် အချဉ်ဖောက်ခြင်းကြောင့်ဖြစ်လာခြင်းမဟုတ်ဘဲ ယင်းကြောင့် အချဉ်ဖောက်ခဲ့ခြင်းဖြစ်ကြောင်း ပါစတာတွေ့ရှိခဲ့လေသည်။ ဖောက်ခြင်းပစ္စည်းတစ်မျိုးစီသည် အချဉ်ဖောက်ခြင်းအမျိုးမျိုးကိုဖြစ်စေသည်ဟု သူသက်သေပြခဲ့သည်။ ၁၈၅၇ ခုနှစ်တွင် ၎င်းနှင့်ပတ်သက်၍ သူထုတ်ဝေသည့်မှတ်တမ်းကို ယနေ့ “အဏုဇီဝဗေဒ၏မွေးစာရင်း” အဖြစ်ထားကြသည်။

ထိုအချိန်မှစ၍ သူ၏ဆောင်ရွက်မှုနှင့် ရှာဖွေတွေ့ရှိချက်များသည် အရှိန်အဟုန်မြင့်တက်လာခဲ့သည်။ သူ၏နာမည်ကျော်ကြားမှုကြောင့် အော်လီယန်းမြို့မှ ရှလကာရည်ထုတ်လုပ်သူများက သူတို့၏ နည်းပညာပြဿနာအမျိုးမျိုးကိုဖြေရှင်းပေးရန် သူ့ထံမှအကူအညီတောင်းဆိုခဲ့သည်။ ဝိုင်မှ ရှလကာရည်သို့ပြောင်းလဲသွားခြင်းသည် ယခု အဏုဇီဝရုပ်ဟုခေါ်ဆိုကြသော အရည်ပေါ်ရှိသက်ရှိလေးများကြောင့်ဖြစ်ကြောင်း ပါစတာက သက်သေပြခဲ့သည်။ ယင်းသုတေသနအဆုံးတွင် သူ၏ကျော်ကြားလှသော “ဝိုင်ရှလကာရည်သင်ခန်းစာ” ကို ထိုမြို့၏ရှလကာရည်ထုတ်လုပ်သူများနှင့် အထင်ကရပုဂ္ဂိုလ်များအား တင်ဆက်ဟောပြောခဲ့သည်။

ပါစတာနည်းပြုပြင်ခြင်း

အချဉ်ဖောက်ခြင်းကို ပါစတာသုတေသနပြုရာမှ စားသောက်ကုန်လုပ်ငန်းတွင် ဖြစ်ပေါ်တတ်သော ညစ်ညမ်းမှုပြဿနာအများစုမှာ အဏုဇီဝရုပ်များကြောင့်ဖြစ်ကြောင်း သူကောက်ချက်ချနိုင်ခဲ့သည်။ အဏုဇီဝရုပ်များသည် လေထုထဲ သို့မဟုတ် ကောင်းစွာမဆေးကြောထားသော ထည့်စရာများထဲတွင်ရှိပါသည်။ သန့်သန့်ရှင်းရှင်းထားမည်ဆိုလျှင် အစားအသောက်ထုတ်ကုန်များကို ပျက်စီးစေသည့် ပိုးမွှားများမှကာကွယ်ပေးနိုင်သကဲ့သို့ မိနစ်အနည်းငယ်အတွင်း အရည်တစ်ခုကို အပူချိန် ၅၀ နှင့် ၆၀ ဒီဂရီစင်တီဂရိတ်အကြား ထိန်းထားမည်ဆိုလျှင် အရည်ကိုပျက်စီးစေခြင်းမှ ကာကွယ်ပေးနိုင်သည်ဟု ပါစတာကအကြံပြုပါသည်။ ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော အချဉ်ဖောက်ခြင်းကိုတားဆီးဖို့ ဤနည်းကို ဝိုင်ပြုလုပ်ရာတွင် ဦးဆုံးအသုံးပြုခဲ့ကြသည်။ ဝိုင်အရသာ သို့မဟုတ် ရနံ့ကိုမပြောင်းလဲစေဘဲ အဓိကအဏုဇီဝရုပ်များကို သေကျေပျက်စီးစေနိုင်ခဲ့သည်။

ပါစတာ၏မူပိုင်ခွင့်မှတ်ပုံတင်ထားသည့် ပါစတာနည်းပြုပြင်ခြင်းဟုခေါ်ဆိုသော ဤနည်းစနစ်သည် စားသောက်ကုန်လုပ်ငန်းကို လုံးဝပြောင်းလဲပစ်လိုက်လေသည်။ ယခုအခါတွင် ဤနည်းနိဿယကို ဝိုင်ပြုလုပ်ရာတွင် အသုံးမပြုကြတော့သော်လည်း နို့ သို့မဟုတ် သစ်သီးအရည်ကဲ့သို့သော ထုတ်ကုန်အမျိုးမျိုးအတွက် အသုံးဝင်နေဆဲဖြစ်သည်။ သို့ရာတွင် သာ၍မြင့်မားသောအပူချိန်၌ ပိုးကင်းစေခြင်းနည်းကဲ့သို့သော အခြားနည်းများကိုလည်း အသုံးပြုနိုင်ပါသည်။

ပါစတာ၏သုတေသနပြုချက်မှ အကျိုးခံစားခဲ့ရသည့် ကြီးမားသောအခြားလုပ်ငန်းတစ်ခုမှာ ဗျစ်ချက်လုပ်ငန်းဖြစ်သည်။ ထိုအချိန်က ပြင်သစ်နိုင်ငံ၌ ကုန်ထုတ်လုပ်မှုပြဿနာများစွာရှိနေရုံမက ဂျာမနီနိုင်ငံနှင့် အကြီးအကျယ်ပြိုင်ဆိုင်နေကြရချိန်ဖြစ်သည်။ ပါစတာသည် အလေးပေးအားထုတ်ဆောင်ရွက်ခဲ့ရာ ဗျစ်ချက်သူများကို အကြံဉာဏ်များစွာပေးနိုင်ခဲ့လေသည်။ ဗျစ်ချက်သူများသည် သူတို့၏ဗျစ်ချိုရည်ကို သန့်စင်စွာထားသည့်အပြင် ဝန်းကျင်ရှိလေထုကိုလည်း ယေဘုယျသန့်ရှင်းအောင် ဂရုစိုက်သင့်ကြောင်း အကြံပြုသည်။ အောင်မြင်မှုချက်ချင်းရပြီး ထို့နောက် မူပိုင်ခွင့်များစွာကို သူရရှိခဲ့သည်။

အသက်သည် သက်ရှိမှဖြစ်ပေါ်လာ

ရှေးလွန်လေပြီးသောကာလကတည်းက ဆွေးမြည့်ပုပ်သိုးနေသည့်အရာဝတ္ထုတွင် ပိုးမွှားများ၊ ကြေးတီပိုးများ သို့မဟုတ် အခြားပိုးမွှားသတ္တဝါလေးများဖြစ်ပေါ်လာပုံကို ဆန်းဆန်းပြားပြား ရှင်းပြခဲ့ကြသည်။ သာဓကအားဖြင့် ၁၇ ရာစုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံရှိ ဓာတုဗေဒပညာရှင်တစ်ဦးက ညစ်ပတ်နေသည့်အင်္ကျီကို ဂျုံအိုးတစ်ခုအတွင်းသို့သွတ်သွင်းခြင်းအားဖြင့် ကြွက်များကိုပေါ်လာစေနိုင်ခဲ့သည်ဟု ကြွားပြောဖူးသည်တကား!

ပါစတာ၏ခေတ်တွင် သိပ္ပံဆိုင်ရာနယ်ပယ်၌ အချေအတင်စကားရည်လုခြင်းမှာ ပြင်းထန်လျက်ရှိသည်။ အလိုအလျောက်ဖြစ်ပေါ်လာခြင်းကို အဆိုပြုသူများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းသည် အမှန်ပင်စိန်ခေါ်ချက်တစ်ရပ်ဖြစ်ပါသည်။ သို့သော် ပါစတာသည် သူ၏အချဉ်ဖောက်ခြင်းသုတေသနပြုချက်မှ သိရှိထားသည့်အကြောင်းကိုစိတ်ချပါသည်။ သို့ဖြင့် သူက အလိုအလျောက်ဖြစ်ပေါ်လာသည်ဟူသောယူဆချက် မှားကြောင်းကို အပြီးအပိုင်ဖော်ပြဖို့ရည်ရွယ်၍ စမ်းသပ်မှုများပြုလုပ်ခဲ့လေသည်။

ငန်းလည်ပင်းဖန်ဘူးကို အသုံးပြု၍စမ်းသပ်ခြင်းသည် သူ၏အကျော်ကြားဆုံးသောစမ်းသပ်ချက်များမှ တစ်ခုဖြစ်သည်။ ထိပ်ပွင့်ဖန်ဘူးတွင် အာဟာရအရည်တစ်ခုကို ထည့်၍ဖွင့်ထားရာ လေထဲရှိပိုးမွှားများကြောင့် လျင်မြန်စွာပင်ပျက်စီးသွားလေသည်။ သို့သော်လည်း ငန်းလည်ပင်းဖန်ဘူးအတွင်းသိုလှောင်ထားသည့် အလားတူအာဟာရအရည်သည် မပျက်စီးပါ။ အဘယ်ကြောင့်ဤသို့ဖြစ်ရသနည်း။

ပါစတာ၏ရှင်းပြချက်မှာ ရိုးရိုးရှင်းရှင်းလေးသာ– လေသည် ငန်းလည်ပင်းပြွန်ကိုဖြတ်သန်းစဉ် ၎င်း၌ပါသောပိုးမွှားများမှာ ဖန်ပြွန်ပေါ်တွင်တင်ကျန်နေခဲ့ရာ အရည်ရှိရာသို့ရောက်သောအခါ ယင်းသည်ပိုးမွှားများကင်းစင်၍နေလေ၏။ ထိပ်ပွင့်ဖန်ဘူးတွင် ပွားများလာသောပိုးမွှားများမှာ အဆိုပါအာဟာရအရည်ကြောင့် အလိုအလျောက်ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ လေတွင်ပါလာခြင်းကြောင့်ဖြစ်သည်။

အဏုဇီဝရုပ်များကိုသယ်ဆောင်သည့် လေထု၏အရေးပါမှုကိုဖော်ပြရန် ပါစတာသည် ပြင်သစ်နိုင်ငံ၊ အယ်လ်ပ် တောင်တန်းရှိ မာဒီဂလေစ်ရေခဲမြစ်သို့ သွားသည်။ အမြင့်ပေ ၆,၀၀၀ တွင် သူ၏ဖန်ဘူးများကို ဖွင့်လိုက်သည်။ စုစုပေါင်း ဖန်ဘူးအလုံး ၂၀ တွင် တစ်လုံးသာညစ်ညူးပျက်ယွင်းခဲ့သည်။ ထို့နောက် ဂျာရာတောင်ခြေသို့သွားပြီး အလားတူစမ်းသပ်မှုကို ပြုလုပ်ပြန်သည်။ သာ၍နိမ့်သောဤနေရာတွင် ဖန်ဘူးရှစ်လုံးညစ်ညူးပျက်ယွင်းသွားခဲ့သည်။ သို့နှင့် ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသောအရပ်ရှိ သန့်စင်သည့်လေထုကြောင့် ညစ်ညမ်းမှုလျော့နည်းကြောင်း သူသက်သေပြခဲ့သည်။

ထိုသို့သောစမ်းသပ်မှုများအားဖြင့် ပါစတာက အသက်ဟူသည် ရှိထားနှင့်သောသက်ရှိမှသာ ဖြစ်ပေါ်လာကြောင်း အောင်မြင်စွာ တင်ပြနိုင်ခဲ့သည်။ မည်သည့်အခါ၌မျှ အလိုအလျောက်ဖြစ်ပေါ်မလာနိုင်ပေ။

ကူးစက်တတ်သောရောဂါကို တိုက်ဖျက်ခြင်း

အချဉ်ဖောက်ရန် အဏုဇီဝရုပ်များရှိဖို့လိုအပ်သကဲ့သို့ ကူးစက်တတ်သောရောဂါနှင့်ပတ်သက်လျှင်လည်း အလားတူဖြစ်ရမည်ဟု ပါစတာကတွက်ဆလေသည်။ ပြင်သစ်ပြည်တောင်ပိုင်းရှိ ပိုးထည်လုပ်ငန်းရှင်များအတွက် အရေးကြီးလှသောစီးပွားရေးပြဿနာဖြစ်သည့် ပိုးချည်ကောင်သို့ ကျရောက်တတ်သောရောဂါနှင့်ပတ်သက်၍ သူ၏စစ်ဆေးစမ်းသပ်ချက်များက သူ့တွက်ဆချက်မှန်ကန်ကြောင်း သက်သေထူသည်။ နှစ်အနည်းငယ်အတွင်း၌ပင် ရောဂါနှစ်မျိုးဖြစ်ပေါ်လာရခြင်းအကြောင်းရင်းများကို တွေ့ရှိခဲ့ပြီး ကောင်းမွန်သောပိုးချည်ကောင်တို့ကို ရွေးချယ်ဖို့ တိကျသည့်နည်းလမ်းများကိုစီမံရန် အကြံပြုခဲ့သည်။ ယင်းက ကူးစက်ခြင်းကိုကာကွယ်ပေးသည်။

ကြက်ကာလဝမ်းရောဂါကို လေ့လာနေစဉ် ပါစတာသတိပြုမိသည်ကား လနုသေးသည့်မွေးမြူထားသောထိုပိုးမွှားသည် ကြက်နာမကျစေသည့်အပြင် ကြက်နာကျခြင်းမှပင် ကာကွယ်ပေးလေသည်။ အမှန်မှာ ပိုးမွှား၏ပုံစံကိုရှူးသွားစေခြင်း သို့မဟုတ် ပြင်းအားလျော့သွားစေခြင်းဖြင့် ကြက်နာမကျစေရန် ပြုလုပ်ပေးနိုင်ကြောင်း သူရှာဖွေတွေ့ရှိခဲ့သည်။

ကာကွယ်ဆေးထိုးခြင်းကို အသုံးပြုသူတို့တွင် ပါစတာသည် ဦးဆုံးမဟုတ်ပါ။ သူအသုံးမပြုမီ အင်္ဂလိပ်လူမျိုးတစ်ဦးဖြစ်သူ အက်ဒွက်ဒ် ဂျီနာက အသုံးပြုခဲ့သည်။ သို့သော် အခြားအဏုဇီဝရုပ်ကို အသုံးပြုမည့်အစား ထိုဖြစ်နေသောရောဂါပိုးကိုပင်အသုံးပြု၍ ပြင်းအားလျော့စေသည့်နည်းကို ပါစတာက ဦးဆုံးအကြိမ်အသုံးပြုခဲ့ခြင်းဖြစ်သည်။ သူသည် ကျွဲ၊ နွားနှင့် သိုးကဲ့သို့သော သွေးနွေးသတ္တဝါများတွင် ကူးစက်တတ်သည့် ထောင့်သန်းနာကိုတိုက်ဖျက်သော ကာကွယ်ဆေးတွင်လည်း အောင်မြင်ခဲ့သည်။

ထို့နောက်တွင်မူ သူ၏နောက်ဆုံးနှင့် အကျော်ကြားဆုံးဖြစ်သော ခွေးရူးရောဂါတိုက်ဖျက်ခြင်းကို ဆက်လက်ဆောင်ရွက်လေသည်။ ပါစတာမသိခဲ့သည်မှာ ခွေးရူးရောဂါတိုက်ဖျက်ခြင်းသည် ဘက်တီးရီးယားနယ်ပယ်နှင့်လုံးဝမတူခြင်းဖြစ်သည်။ ယခု သူသည် အဏုကြည့်ကိရိယာဖြင့် မမြင်နိုင်သောဗိုင်းရတ်ပိုးများကို သုတေသနပြုနေခြင်းဖြစ်သည်။

၁၈၈၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် မိခင်တစ်ဦးသည် သူမ၏ကိုးနှစ်အရွယ်ရှိသားငယ်ကို ပါစတာ၏ဓာတ်ခွဲခန်းသို့ ခေါ်ဆောင်လာသည်။ ထိုကလေးသည် မကြာမီကပင်ခွေးရူးအကိုက်ခံရသည်။ မိခင်ဖြစ်သူက တောင်းပန်သော်ငြားလည်း ပါစတာသည် ကူညီဖို့အင်တင်တင်ဖြစ်နေသည်။ သူသည် ဆရာဝန်တစ်ဦးမဟုတ်သည့်အပြင် တရားမဝင်ဆေးကုသသည့်အတွက် တရားစွဲခံရမည့် အန္တရာယ်ပင်ရှိပါသည်။ ထိုထက်ကား သူသည် သူ၏နည်းလမ်းများကို ယခုထက်တိုင် လူတို့နှင့် မစမ်းသပ်ရသေးချေ။ မည်သို့ပင်ဖြစ်စေကာမူ သူနှင့်အတူပူးပေါင်းလုပ်ကိုင်သူ ဒေါက်တာ ဂရန်ချာအား ထိုကလေးကိုကာကွယ်ဆေးထိုးပေးဖို့ မေတ္တာရပ်ခံလိုက်လေသည်။ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ တစ်နှစ်ခန့်အတွင်း ကုသမှုခံယူသူ ၃၅၀ အနက် အလာနှောင်းသွားသူတစ်ဦးသာလျှင် အသက်ဆုံးရှုံးခဲ့သည်။

ထိုအတောအတွင်း ပါစတာသည် ဆေးရုံသန့်ရှင်းမှုကို ထည့်တွက်စဉ်းစားနေသည်။ နှစ်စဉ်နှစ်တိုင်း ပါရီမြို့ရှိ သားဖွားဆေးရုံတွင် အမျိုးသမီးများစွာသည် မီးတွင်းအဖျားရောဂါကြောင့် သေဆုံးနေကြပါသည်။ ပါစတာက မန်းကင်းစေသောနည်းလမ်းများနှင့် သန့်ရှင်းမှု၊ အထူးသဖြင့် လက်များ၏သန့်ရှင်းမှုကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့ အကြံပြုခဲ့သည်။ နောက်ပိုင်းတွင် အင်္ဂလိပ်လူမျိုး၊ ခွဲစိတ်ဆရာဝန် ဂျိုးဇက် လစ္စတာနှင့် အခြားသူတို့၏စမ်းသပ်စစ်ဆေးချက်များက ပါစတာ၏ကောက်ချက်များမှာ တိကျမှန်ကန်ကြောင်း သက်သေထူသည်။

တန်ဖိုးရှိသောဆောင်ရွက်မှု

ပါစတာသည် ၁၈၉၅ ခုနှစ်တွင် သေဆုံးခဲ့သည်။ သို့သော် သူ၏ဆောင်ရွက်မှုသည် တန်ဖိုးရှိပြီး ယနေ့ပင်တစ်နည်းနည်းဖြင့် ယင်း၏အကျိုးကျေးဇူးကို ကျွန်ုပ်တို့ခံစားနေကြရသည်။ ထို့ကြောင့် သူ့ကို “လူ့အကျိုးပြုသူ” ဟုခေါ်ဆိုကြခြင်းဖြစ်သည်။ သူတီထွင်သည်ဟု အများအားဖြင့် အသိအမှတ်ပြုထားသောကာကွယ်ဆေးများနှင့် လုပ်ထုံးလုပ်နည်းများကို သူ၏နာမည်ပေးထားတုန်းဖြစ်သည်။

ပါစတာသက်ရှိထင်ရှားစဉ်က ခွေးရူးရောဂါကုသမှုအတွက် ပါရီမြို့၌ တည်ထောင်ထားသော ပါစတာအင်စတီကျုသည် ကူးစက်ရောဂါများကိုလေ့လာသည့်ဗဟိုဌာနအဖြစ် ယနေ့နာမည်ကျော်ကြားပါသည်။ ယင်းသည် အထူးသဖြင့် ကာကွယ်ဆေးများနှင့် ဆေးဝါးများသုတေသနပြုမှုအတွက် ကျော်ကြားခဲ့ပြီး ပါမောက္ခ လု မွန်တန်ယာ ဦးစီးသည့်သိပ္ပံပညာရှင်အဖွဲ့က အေအိုင်ဒီအက်စ်ဗိုင်းရတ်ကို ဦးဆုံးသုတေသနပြုလုပ်သည့်နေရာအဖြစ် သတ်မှတ်လိုက်သော ၁၉၈၃ ခုနှစ်မှစ၍ ပိုမိုကျော်ကြားနေပါသည်။

အသက်အလိုအလျောက်ဖြစ်ပေါ်လာခြင်းနှင့်ပတ်သက်၍ ပါစတာအနိုင်ရခဲ့သော စကားရည်လုပြောဆိုကြခြင်းသည် သိပ္ပံလောကတွင် စကားအကျအနကောက်ခြင်းမျှသာမဟုတ်ပါ။ ယင်းသည် သိပ္ပံပညာရှင် သို့မဟုတ် တွေးတောဆင်ခြင်တတ်သူအနည်းငယ်တို့အတွက်မူ သူတို့အချင်းချင်းဆွေးနွေးကြရန် စိတ်ဝင်စားစရာအချက်တစ်ချက် ဖြစ်ရုံထက်မကပါ။ ယင်း၌ သာ၍အရေးပါသည့် ဘုရားသခင်တည်ရှိတော်မူခြင်း၏အထောက်အထား ပါဝင်ပတ်သက်နေပါသည်။

သိပ္ပံဘာသာရပ်များကို အထူးပြုလေ့လာခဲ့သော ပြင်သစ်ဒဿနိကဗေဒပညာရှင် ဖာရန်ဆွာ တဂိုးနီယေးက ပါစတာ၏ “ပြိုင်ဘက်များဖြစ်သည့် ရုပ်ဝါဒီတို့နှင့် ဘုရားမဲ့ဝါဒီတို့နှစ်အုပ်စုစလုံးသည် ဆွေးမြည့်ပုပ်သိုးနေသောမော်လီကျူးများမှ ဆဲလ်တစ်ခုတည်းရှိသောဇီဝရုပ် ဖြစ်လာနိုင်ကြောင်း သူတို့သက်သေပြနိုင်မည်ဟု ယူမှတ်ကြသည်။ ယင်းက သူတို့အား ဘုရားသခင်၏ဖန်ဆင်းခြင်းကို ငြင်းပယ်စေသည်။ သို့သော် ပါစတာအတွက်မူ သက်မဲ့မှသက်ရှိသည် အဘယ်နည်းဖြင့်မှ မပြောင်းလဲနိုင်ပေ” ဟူ၍ကောက်ချက်ချသည်။

အသက်ဟူသည် သက်မဲ့မှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ရှိထားနှင့်သောသက်ရှိမှတစ်ဆင့်သာ ဖြစ်ပေါ်လာနိုင်သည်ဟူသော ပါစတာ၏ဖော်ပြချက်ကို စမ်းသပ်ချက်ရှိသမျှ၊ သမိုင်း၊ ဇီဝဗေဒ၊ ရှေးဟောင်းသုတေသနပညာနှင့် မနုဿဗေဒတို့မှ အထောက်အထားအားလုံးက ယနေ့တိုင်အောင် ဆက်လက်၍ပြညွှန်လျက်ရှိသည်။ ထို့အပြင် သမ္မာကျမ်းစာ၏ကမ္ဘာဦးကျမ်းစောင်တွင် မှတ်တမ်းတင်ထားသကဲ့သို့ အသက်ဟူသည် “အမျိုးအလိုက်” ဖန်ဆင်းထားခြင်းခံရကြောင်းကိုလည်း အထောက်အထားက ထင်ရှားစွာဖော်ပြပါသည်။ အဆက်အနွယ်သည် အမြဲတမ်းပင် မိဘနှင့် “မျိုး” တူသည် သို့မဟုတ် ပုံစံတူပါသည်။—ကမ္ဘာဦး ၁:၁၁၊ ၁၂၊ ၂၀-၂၅။

သို့ဖြင့် လူဝစ္စပါစတာသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူ၏ဆောင်ရွက်မှုအားဖြင့် သူသည် ဆင့်ကဲအယူဝါဒကိုဆန့်ကျင်ပြီး ကမ္ဘာပေါ်သို့ သက်ရှိများဖြစ်ပေါ်လာဖို့ရန် ဖန်ဆင်းရှင်တစ်ပါးလိုကိုလိုသည်ဟူသော ခိုင်လုံလှသည့်အထောက်အထားနှင့် သက်သေသာဓကကို တင်ပြခဲ့ပါသည်။ သူ၏ဆောင်ရွက်မှုက နှိမ့်ချမှုရှိသော ဆာလံဆရာ၏ဝန်ခံချက်ကို ထင်ဟပ်ပြ၏– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် ဘုရားသခင်ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကိုဖန်ဆင်းတော်မူ၍၊ ငါတို့၏အရှင်ဖြစ်တော်မူ၏။”—ဆာလံ ၁၀၀:၃။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

မလိုအပ်သည့်အဏုဇီဝရုပ်များကို သတ်ပြီး ပါစတာနည်းဖြင့်ဝိုင်ပြုလုပ်ရာတွင် အထက်ပါ ကိရိယာကို အသုံးပြုခဲ့သည်; အောက်တွင်ဆွဲပြထားသောပုံတွင် ယင်းကို ထင်ထင်ရှားရှားပြသထား၏

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ပါစတာ၏စမ်းသပ်ချက်များက အလိုအလျောက်ဖြစ်ပေါ်လာနိုင်သည် ဟူသောသီအိုရီကို မှားယွင်းကြောင်း ထင်ရှားစေ၏

[Picture Credit Line on page 18]

စာမျက်နှာ ၁၈-၂၀ ရှိဓာတ်ပုံအားလုံး © Institut Pasteur

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ