လေဖြတ်ခြင်း!
အနောက်တိုင်း စက်မှုကမ္ဘာ့နိုင်ငံကြီးများတွင် သေဆုံးမှုနှင့် နာတာရှည်မသန်မစွမ်းဖြစ်မှုတို့ကိုဖြစ်စေသော အဓိကအကြောင်းရင်းတစ်ခုမှာ လေဖြတ်ခြင်းဖြစ်သည်။ “လေဖြတ်ခြင်း” ဟူသည့်စကားလုံးသည် “ဦးနှောက်ပိုင်း ဝေဒနာ” ရုတ်တရက်ခံစားရခြင်းဟူသည့် သဘောဆောင်သည်။ ယခုပင် အကောင်းပကတိ၊ မကြာမီ မိုးကြိုးပစ်ခံရဘိသည့်အလား ခံစားရလေသည်—ပြင်းထန်သည့်လေဖြတ်မှုဖြစ်လျှင် သင့်ဘဝသည့် ရုတ်တရက်အကြီးအကျယ် ပြောင်းလဲသွားနိုင်သည်။ ပြင်းထန်သောထိခိုက်မှုကို ဖြစ်စေကာ မသန်မစွမ်းဘဝရောက်စေသည်၊ စကားမပြောနိုင်အောင်ဖြစ်ကာ စိတ်လှုပ်ရှားမှုကို အကြီးအကျယ်ပျက်ယွင်းသွားစေနိုင်သည်၊ ဥပဓိရုပ်နှင့် သိမြင်နိုင်စွမ်းများကိုလည်း ပြောင်းသွားစေသည်။ သင်နှင့်သင့်မိသားစု တစ်ချိန်ကသိရှိခံစားခဲ့ရသည့် ပုံမှန်ဘဝမျိုးပြန်ရဖို့အရေး မဆုံးနိုင်အောင် ရုန်းကန်သွားရတော့မည့်ပုံပေါက်လာသည်။
အယ်လင်မော်ဂန်၏အဖြစ်ကို သုံးသပ်ကြည့်ပါ။a အသက် ၆၄ နှစ်ရှိ အယ်လင်သည် ဗုဒ္ဓဟူးနေ့တွင် ကျန်းကျန်းမာမာ၊ ဖျတ်ဖျတ်လတ်လတ်နှင့်။ ကြာသပတေးနေ့၊ ခင်ပွန်းသည်နှင့်အတူ ဈေးဝယ်နေစဉ် ရုတ်တရက်စကားမပြောနိုင်တော့၊ မျက်နှာ စောင်းရွဲ့သွားလေသည်။ သူ၏ခန္ဓာကိုယ်မှာ အားအင်ကုန်ခန်းကာ အရက်မူးသမားတစ်ယောက်အလား ဒယိမ်းဒယိုင်ဖြစ်နေသည်။ သူ ပြင်းထန်သော လေဖြတ်ခြင်း ခံလိုက်ရခြင်းတည်း!
လေဖြတ်ခံရသောကြောင့် အယ်လင်ခမျာ ရေချိုးခြင်း၊ အဝတ်အစားဝတ်ခြင်းကဲ့သို့သော အလွယ်ဆုံးအလုပ်လေးများကို သူ့ဘာသာ မလုပ်နိုင်တော့ပေ။ စာရေးခြင်း၊ ဇာထိုးပန်းထိုးခြင်း၊ စက်ချုပ်ခြင်းတို့ကို မလုပ်နိုင်တော့ဘဲ ဖြေမဆည်နိုင်အောင် ငိုနေရကာ အလွန်မောဟိုက်ပန်းလျမှုကိုခံစားနေရရှာသည်။ ဤဝေဒနာခံရစဉ်တွင် အယ်လင်၏တွေးတောဆင်ခြင်နိုင်မှုအပိုင်းကိုမူ မထိခိုက်ပေ; သို့သော် အခြားသူများက သူ့ကို ထုံအ,အလူတစ်ယောက်ကဲ့သို့ ရှုမြင်သည့်အခါမျိုးတွင် အလွန်ပင်အခံရခက်သည်။ နောက်ပိုင်းတွင် အယ်လင်က ဤသို့ရှင်းပြသည်– “လူတစ်ဦးရဲ့ စိတ်လှုပ်ရှားမှုအပိုင်းနဲ့ စိတ်ပိုင်းကို ခုလိုရုတ်တရက်ပြောင်းသွားစေခြင်းရဲ့ ကြောက်စရာကောင်းတဲ့အဖြစ်ကို သဘောပေါက်သိရှိသူနည်းပါတယ်။ လူ့ဘဝရဲ့သက်တမ်းကုန်သွားပြီလားလို့တောင် ကျွန်မခံစားခဲ့ရတယ်။”
မည်သည့်အကြောင်းကြောင့် လေဖြတ်ရသနည်း။ လေဖြတ်ခံရသူတိုင်းသည် တစ်မျိုးတည်းထိခိုက်ခံရသလော။ အသက်မသေဘဲကျန်သူများသည် ဤရောဂါကို မည်သို့ ခံရပ်ကျော်လွှားခဲ့ကြသနည်း။ လေဖြတ်၍အသက်မသေဘဲကျန်သူတို့၏မိသားစုများ အခြေအနေကို မည်သို့ ရင်ဆိုင်ကျော်လွှားကြသနည်း။ ကျွန်ုပ်တို့အားလုံး မည်သို့ ထောက်မပေးနိုင်ကြသနည်း။ နိုးလော့! က အဆိုပါမေးခွန်းများကို စိစစ်တင်ပြကာ လေဖြတ်ပြီးအသက်မသေဘဲကျန်သူများနှင့် ၎င်းတို့နှင့်အတူ ဝေမျှရုန်းကန်ရသည့် မိသားစုများ၏ဘဝကို သင့်အား ထိုးထွင်းသိမြင်စေပါသည်။
[အောက်ခြေမှတ်ချက်]
a မမာမကျန်းဖြစ်သူများနှင့် သူတို့၏မိသားစုကို ထောက်ထားသောအားဖြင့် နာမည်အချို့ကို ပြောင်းထားသည်။