မိုဘိုင်းလ်ဖုန်း မိတ်ဆွေလော၊ ရန်သူလော
ဩစတေးလျနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
လွန်ခဲ့သောနှစ်အနည်းငယ်က “မိုဘိုင်းလ်ဖုန်း” ဟူသောဝေါဟာရသည် မှားယွင်းစွာသုံးစွဲသည့်အမည်ဖြစ်ခဲ့သည်။ ဖုန်း၏ဘက်ထရီသည် အလွန်လေးသောကြောင့် သင်အလွန်သန်စွမ်းမှ သို့မဟုတ် ကားတွင်တပ်ဆင်ထားမှသာ ဖုန်းများ “ရွေ့လျားရွှေ့ပြောင်း” (mobile) နိုင်သည်။ ဖုန်းများသည် ဖိနပ်သေတ္တာများထက် ပို၍ကြီးမားခဲ့ပြီး ဒေါ်လာထောင်နှင့်ချီ တန်ဖိုးရှိခဲ့သည်။
ယနေ့ မိုဘိုင်းလ်ဖုန်း ၁.၃၅ ဘီလီယံခန့်ရှိနေပြီ။ နိုင်ငံတချို့တွင် လူဦးရေထက်ဝက်ကျော်က မိုဘိုင်းလ်ဖုန်းများပိုင်ဆိုင်ထားကြသည်။ အများစုကို သင့်လက်ဖဝါးတွင် ကိုင်ဆောင်ထားနိုင်ပြီး တစ်ခါတစ်ရံ ၎င်းတို့ကို အခမဲ့ပင် ပေးသည်။a ဩစတြေးလျနိုင်ငံထုတ် သည်ဘူလ်လတင်ဂျာနယ်က ဤသို့ဖော်ပြသည်– “ဤကိရိယာများကို တီဗွီပြစက်များနှင့် တစ်ကိုယ်ရေသုံးကွန်ပျူတာများ စုစုပေါင်းအသုံးပြုနေသလောက်နီးပါး အသုံးပြုနေကြသည်။” နိုင်ငံပေါင်း ၂၀ ကျော်တွင် ယခုအခါ ကြိုးတပ်ဖုန်းများထက် မိုဘိုင်းလ်ဖုန်းများ ပို၍များနေပြီ။ စက်မှုလုပ်ငန်းကျွမ်းကျင်သူတစ်ဦးက မိုဘိုင်းလ်ဖုန်းများကို နည်းပညာအံ့ဖွယ်တစ်ခုအဖြစ်မျှသာမဟုတ်ဘဲ “လူမှုရေးသရုပ်သဏ္ဌာန်” အဖြစ် ဖော်ပြထားသည်။
မိုဘိုင်းလ်ဖုန်းများသည် လူ့အဖွဲ့အစည်းအပေါ် အဘယ်အကျိုးသက်ရောက်မှုရှိသနည်း။ ၎င်းတို့သည် မိတ်ဆွေလော သို့မဟုတ် ရန်သူလော။
စီးပွားရေးလုပ်ငန်းအတွက် အကျိုးကျေးဇူး
မိုဘိုင်းလ်ဖုန်းများ ရောင်းအားကောင်းလာခြင်းသည် စီးပွားရေးလုပ်ငန်းများစွာအတွက် အကျိုးရရှိစေသည်။ ကုမ္ပဏီကြီးတစ်ခုက ဤသို့ဖော်ပြသည်– “မိုဘိုင်းလ်ဖုန်းဈေးကွက်သည် အရောင်းရဆုံးအီလက်ထရွန်နစ်သုံးကုန် အမျိုးအစား ပို၍ပို၍ဖြစ်လာသည်။” တစ်နည်းအားဖြင့် ယခုအခါ မိုဘိုင်းလ်ဖုန်းများအတွက် ငွေသုံးစွဲမှုသည် တစ်ချိန်က အခြား အီလက်ထရွန်နစ်ကိရိယာမှန်သမျှထက် ပိုများနေပြီ။
ဥပမာ၊ ဩစတြေးလျနိုင်ငံတွင် မှီတင်းနေထိုင်သူ သန်း ၂၀ အနက် ၁၅ သန်းကျော်တို့သည် မိုဘိုင်းလ်ဖုန်းတစ်လုံးစီ ပိုင်ဆိုင်ကြသည်။ ထိုနိုင်ငံရှိ တယ်လီဖုန်းကုမ္ပဏီများစွာထဲမှ တစ်ခုတည်း၏ဝယ်ယူသုံးစွဲသူများသည် ပြီးခဲ့သောနှစ်တစ်နှစ်အတွင်း မိုဘိုင်းလ်ဖုန်းခေါ်ယူမှုပေါင်း ၇.၅ ဘီလီယံ အသုံးပြုခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းတွင် မိုဘိုင်းလ်ဖုန်းများသည် ကြေးနန်းဆက်သွယ်ရေးကုမ္ပဏီများအတွက် တစ်နှစ်လျှင် ဒေါ်လာဘီလီယံနှင့်ချီ၍ ရရှိစေသည်။ စီးပွားရေးလုပ်ငန်းကြီးများက မိုဘိုင်းလ်ဖုန်းကို မိတ်ဆွေတစ်ဦးအဖြစ် အဘယ်ကြောင့်ရှုမြင်ရကြောင်း သိမြင်ရန် လွယ်ကူပါသည်။
ဘာသာစကားသစ်တစ်ခုကို ဖန်တီးခြင်း
ဤအဆင့်မြင့်နည်းပညာကိရိယာများဖြင့် ပေးပို့လဲလှယ်ကြသည့် သတင်းအချက်အလက်သန်းပေါင်းများစွာသည် စကားဖြင့်မဟုတ်ဘဲ စာသားဖြင့်ဖြစ်သည်။ တိုးများလာနေသော မိုဘိုင်းလ်ဖုန်းအသုံးပြုသူများ—အထူးသဖြင့် လူငယ်များ—သည် လက်ကိုင်ဖုန်းထဲ စကားပြောကြမည့်အစား သတင်းတိုဝန်ဆောင်မှု (အက်စ်အမ်အက်စ်) ခေါ် ဝန်ဆောင်နည်းတစ်မျိုးကို အသုံးပြုနေကြသည်။ ဤဝန်ဆောင်မှုသည် စရိတ်သက်သက်သာသာဖြင့် သတင်းအချက်အလက်တိုများကို အပြန်အလှန် ရိုက်နှိပ်ပို့လွှတ်ခွင့်ရစေသည်။ ဤနည်းဖြင့် ဆက်သွယ်ရာတွင် ဖုန်း၏ခလုတ်ခုံငယ်ပေါ်တွင် သတင်းအချက်အလက်တစ်ခု ရိုက်နှိပ်ရန် လိုအပ်သောကြောင့် အက်စ်အမ်အက်စ် စွဲလမ်းသူများက စကားသံများထွက်စေရန် အက္ခရာနှင့် ဂဏန်းများ ပေါင်းစပ်ထားသည့် အတိုကောက်ဘာသာ စကားပုံစံတစ်မျိုးကို အသုံးပြုကြသည်။ လက်ခံသူနှင့်စကားပြောမည့်အစား သတင်းအချက်အလက်တစ်ခုကို စာစီရိုက်နှိပ်ရာတွင် အဆင်မပြေမှုများရှိသော်ငြားလည်း ကမ္ဘာတစ်ဝန်းတွင် သတင်းအချက်အလက် ၃၀ ဘီလီယံခန့်ကို လစဉ်ပို့လွှတ်ဖလှယ်ခဲ့ကြသည်။
ယင်းသတင်းအချက်အလက်အားလုံးသည် အဘယ်အကြောင်းအရာများနည်း။ ဗြိတိသျှလေ့လာသူတစ်ဦးက အသက် ၁၈ နှင့် ၂၄ ကြားရှိ လူငယ် ၄၂ ရာခိုင်နှုန်းက ပရောပရည်လုပ်ရန် အက်စ်အမ်အက်စ်ကို အသုံးပြုကြပြီး၊ ၂၀ ရာခိုင်နှုန်းက လူတစ်ဦးနှင့် ချိန်းတွေ့ဖို့ မေးမြန်းရန် ခေတ်ဆန်သော ဤဆက်သွယ်နည်းကို အသုံးပြုကြကာ ၁၃ ရာခိုင်နှုန်းက အဆက်ဖြတ်ရန် အက်စ်အမ်အက်စ်ကို အသုံးပြုကြကြောင်း လေ့လာတွေ့ရှိခဲ့သည်။
လူမှုရေးရာအဓိပ္ပာယ်ဖွင့်ဆိုသူတချို့သည် အက်စ်အမ်အက်စ်သတင်းအချက်အလက်များတွင် ရောနှောထားသော စာလုံးပေါင်းသတ်ပုံနှင့် ဝါကျအထားအသိုတို့က လူငယ်များ၏စာပေတတ်ကျွမ်းမှုကို ထိခိုက်မည်ကို စိုးရိမ်နေကြသည်။ တချို့ကမူ အက်စ်အမ်အက်စ်ဖြစ်စဉ်သည် “မျိုးဆက်သစ်တစ်ခုတွင် စာရေးနည်းအသစ်ကို ရှင်သန်ပေါ်ပေါက်စေခြင်း” ဖြစ်သည်ဟု ဆိုလျက် သဘောမတူကြချေ။ ဩစတြေးလျအဘိဓာန်တစ်အုပ်ကို ထုတ်လုပ်သည့် လုပ်ငန်းတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆန်းဟယ်ရယ်လ်သတင်းစာကို ဤသို့ပြောခဲ့သည်– “[ဘာသာစကားနဲ့ပတ်သက်လို့] လုံးလုံးလျားလျား သစ်လွင်တဲ့ဟန်တစ်မျိုးကို တီထွင်ဖို့အခွင့်အလမ်းကို ကျွန်တော်တို့ ရခဲပါတယ် . . . စာသားပို့လွှတ်တဲ့ [အက်စ်အမ်အက်စ်] နဲ့ အင်တာနက်တို့ကို ပေါင်းစပ်လိုက်ခြင်းက လူငယ်တွေကို စာများများရေးခွင့် ပိုရစေပါတယ်။ သူတို့ဟာ သုံးနှုန်းဟန်ကို တတ်မြောက်ပြီး စကားလုံးနဲ့ သင်္ကေတတွေ ပေါင်းစပ်ထားတဲ့ . . . ဒီလိုဘာသာစကားမျိုးကို ကျွမ်းကျင်ဖို့ အတော့်ကို နှုတ်စွမ်းနှုတ်စရှိပြီး ဌာန်ကရိုဏ်းကျကျပြောတတ်ကြရမယ်။”
မလိုလားအပ်သောတိမ်းယိမ်းမှုတချို့
မိုဘိုင်းလ်ဖုန်းများသည် လူမှုပေါင်းသင်းဆက်ဆံရေးအတွက်ရော စီးပွားရေးလုပ်ငန်းများအတွက်ပါ အသုံးဝင်သောကိရိယာတစ်ခုဖြစ်သော်လည်း အလုပ်သမားများစွာအတွက်မူ ရုံးလုပ်ငန်းနှင့်ချည်နှောင်ထားသည်ဟု ခံစားစေသောကြောင့် တစ်ခါတစ်ရံ မိတ်ဆွေတစ်ဦးထက် ခြေကျဉ်းနှင့် ပိုတူနေပုံရသည်။ ကြော်ငြာလုပ်သား ၈၀ ရာခိုင်နှုန်းနှင့် ဆောက်လုပ်ရေးလုပ်သား ၆၀ ရာခိုင်နှုန်းတို့သည် သူတို့၏အလုပ်ရှင်များထံမှဖြစ်စေ၊ ဖောက်သည်များထံမှဖြစ်စေ အမြဲတမ်း ဆက်သွယ်လာနိုင်သော ဖိစီးမှုခံစားကြကြောင်း စစ်တမ်းတစ်ခုက တွေ့ရှိခဲ့သည်။ ဖိစီးမှုခံစားနေသူများသည် သူတို့မည်သည့်နေရာတွင်ရှိနေပါစေ၊ အဘယ်အရာကို လုပ်နေပါစေ မိုဘိုင်းလ်ဖုန်းခေါ်သံကို တုံ့ပြန်ခြင်းသည် “နှောင့်ယှက်မှုပေးသောယဉ်ကျေးမှု” ဟုသုတေသီတစ်ဦးက သမုတ်ထားသည့်အရာကို ဖန်တီးပေးသည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့် အင်ဂျင်နီယာများသည် စားသောက်ဆိုင်များနှင့် ဇာတ်ရုံများတွင် အသုံးပြုရန်အတွက် ဆောက်လုပ်ရေးပစ္စည်းတစ်မျိုးကို တီထွင်ခဲ့ကြသဖြင့် မိုဘိုင်းလ်ဖုန်းအချက်ပြလမ်းကြောင်းကို တားဆီးပိတ်ဆို့နိုင်ခဲ့ကြသည်။—“မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းအတွက် အကြံပြုချက်များ” လေးထောင့်ကွက်ရှု။
အနှောင့်အယှက်ဖြစ်စေရုံမျှမဟုတ်ဘဲ နေရာတကာတွင် တွေ့မြင်နေရသော အဆိုပါကိရိယာများသည် ပြည်သူ့ရန်သူ ဖြစ်လာမည့်အလားအလာရှိသည်။ ကားမောင်းနေစဉ် မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းသည် အရက်သောက်ထားပြီး ကားမောင်းခြင်းလောက် အန္တရာယ်ရှိကြောင်း ကနေဒါလေ့လာမှုတစ်ရပ်တွင် တွေ့ရှိရသည်။ အနောက်တိုင်းသြစတြေးလျတက္ကသိုလ်ရှိ ထိခိုက်ဒဏ်ရာသုတေသနဌာန၏ ပါမောက္ခ မာ့ခ် စတီဗင်ဆန်က တယ်လီဖုန်းဖြင့်စကားပြောနေခြင်းသည် ကားပေါ် တစ်ဦးတစ်ယောက်နှင့်စကားပြောခြင်းထက် အတော်အတန်ပို၍ ခက်ခဲကြောင်း ရှင်းပြသည်။ အန္တရာယ်ရှိသဖြင့် တချို့နေရာများရှိရဲများသည် ပြစ်မှုကျူးလွန်သောယာဉ်မောင်းများကို ဒဏ်ငွေရိုက်နိုင်ကြသော်လည်း မကြာသေးမီစစ်တမ်းတစ်ခုတွင် ဩစတြေးလျလူမျိုးယာဉ်မောင်း ၅ ဦးတွင် ၁ ဦးက အက်စ်အမ်အက်စ်သတင်းအချက်အလက်များကို ပို့လွှတ်ပြီး သုံးပုံတစ်ပုံမှာ ကားမောင်းရင်း သူတို့၏မိုဘိုင်းလ်ဖုန်းခေါ်မှုများကို လက်ခံရယူကြကြောင်း တွေ့ရှိခဲ့သည်။
မတော်လျော်သော မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်း၏ အန္တရာယ်များသည် လေယာဉ်ခရီးစဉ်အထိ ကျယ်ပြန့်လာသည်။ ပိုမိုသစ်လွင်သောလေယာဉ်ပျံရှိ ဝါယာသွယ်တန်းမှုစနစ်က မိုဘိုင်းလ်ဖုန်းအချက်ပြများကို ကာကွယ်ထားသော်လည်း အသုံးပြုနေဆဲရှိသည့် လေယာဉ်တချို့မှာ အလွယ်တကူ ထိခိုက်နိုင်သည်။ နယူးဆိုင်းယင်းတစ်က ဤသို့ဖော်ပြသည်– “ခရီးသည်တင်လေယာဉ်ကြီးနှစ်စင်းတွင် စမ်းသပ်ကြည့်ရာ ဆဲလ်ဖုန်းဓာတ်ရောင်ခြည်သည် ပျံသန်းမှုကိုအကဲခတ်ပေးသော အီလက်ထရွန်နစ်များကို နှောင့်ယှက်ကြောင်း ဗြိတိန်ပြည်တွင်းလေကြောင်းအာဏာပိုင် [စီအေအေ] က အတည်ပြုထောက်ခံခဲ့သည်။” ဖုန်းများကြောင့်ဖြစ်ပေါ်သည့် အဓိကအန္တရာယ်ကို ခွဲခြားဖော်ပြရာတွင် စီအေအေပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဤသို့ဆိုသည်– “ဆဲလ်ဖုန်းတစ်ခုသည် အခြေစိုက်ဌာနမှ ဝေးသွားလေ စွမ်းအားပိုမိုထုတ်လွှတ်လေဖြစ်သည်။ ထို့ကြောင့် လေယာဉ်ပျံသည် မြင့်တက်လေ မိုဘိုင်းလ်အချက်ပြသည်လည်း အားကောင်းလေဖြစ်ရာ ပျံသန်းစဉ် နှောင့်ယှက်မှုအဆင့်မှာ အတော်ဆိုးရွားလာစေသည်။” မိုဘိုင်းလ်ဖုန်းများအပါအဝင် တစ်ကိုယ်ရေသုံးအီလက်ထရွန်နစ်ကိရိယာများသည် စီးပွားဖြစ်လေယာဉ်ပျံတွင် ပျံသန်းစဉ်ကြုံရသည့်ပြဿနာအတော်များများကို ဖြစ်ပေါ်စေသည်၊ အကြောင်းမှာ လေယာဉ်ပေါ် ထိုကိရိယာများကို ပိတ်ထားဖို့သတိပေးချက်ကို ခရီးသည်များက လျစ်လျူရှုကြသောကြောင့်ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံလေ့လာမှုတစ်ရပ်က တွေ့ရှိခဲ့သည်။
မိုဘိုင်းလ်ဖုန်းများနှင့် ကင်ဆာ
အချက်ပြများကို တစ်ဆင့်ပေးပို့သည့် မိုဘိုင်းလ်ဖုန်းများနှင့် အခြေစိုက်ဌာနများမှ ထုတ်လွှတ်သော ရေဒီယိုလှိုင်းကြိမ်နှုန်းများသည် လူတို့တွင် ကင်ဆာဖြစ်စေနိုင်,မနိုင်နှင့်ပတ်သက်၍ အငြင်းပွားကြဆဲဖြစ်သည်။ ရာခိုင်နှုန်းအနည်းငယ်သာ ကျန်းမာရေးပြဿနာများ ဖြစ်စေမည်ဆိုသည့်တိုင် လူသန်းပေါင်းများစွာသည် ယင်းကိရိယာများကို အသုံးပြုနေကြသောကြောင့် အဓိကကျန်းမာရေးအန္တရာယ်ကို ဖြစ်ပေါ်စေပေမည်။ သို့ဖြစ်၍ သိပ္ပံပညာရှင်များ၏ နှိုက်နှိုက်ချွတ်ချွတ်လေ့လာမှုများတွင် သက်ရှိတစ်သျှူးများအပေါ် မိုဘိုင်းလ်ဖုန်းဓာတ်ရောင်ခြည်သက်ရောက်မှုကို စိစစ်ခဲ့ကြသည်။ နောက်ဆုံးကောက်ချက်ကား အဘယ်နည်း။
မိုဘိုင်းလ်ဖုန်းများနှင့်ပတ်သက်သည့် ပုဂ္ဂလိကကျွမ်းကျင်သူအဖွဲ့ (IEGMP) က အစီရင်ခံစာတစ်ခုကို ဤသို့ထုတ်ပြန်ခဲ့သည်– “လက်ရှိရရှိနိုင်သော အထောက်အထားအရ မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းနှင့်ပတ်သက်၍ အများပြည်သူတို့ စိုးရိမ်စရာမလိုဟု ကျွမ်းကျင်သူအဖွဲ့များက ယူဆကြသည်။” နယူးဆိုင်းယင်းတစ်ကလည်း ဤသို့ဖော်ပြသည်– “မကြာသေးမီနှစ်များအတွင်း အထိတ်တလန့်ဖြစ်စေသည့် ပြောဆိုမှုများရှိခဲ့လင့်ကစား မိုဘိုင်းလ်ဖုန်းရေဒီယိုလှိုင်းကြိမ်နှုန်းထုတ်လွှတ်မှုများနှင့် ထိတွေ့မှုက ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်စေခြင်းမရှိကြောင်း ယနေ့အထိတွေ့ရသော အထောက်အထားအများစုက ဖော်ပြသည်။ ဆိုးကျိုးများကို ဖော်ပြသောလေ့လာခဲ့မှုများကို ပြန်လည်သက်သေထူရန် အခက်တွေ့ခဲ့ကြသည်။”
မိုဘိုင်းလ်ဖုန်းများ၏ ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများနှင့်ပတ်သက်၍ သံသယများရှိနေသောကြောင့် ထပ်ဆင့်သုတေသနလုပ်ရန် ဒေါ်လာသန်းနှင့်ချီ သုံးစွဲခဲ့ကြသည်။ သေချာသောအဖြေ မတွေ့မချင်း IEGMP က အောက်ပါအတိုင်း အကြံပေးသည်– “မိုဘိုင်းလ်ဖုန်းများကို အတတ်နိုင်ဆုံး အချိန်တိုတိုသာ သုံးပါ။ စွမ်းအင်စုပ်ယူမှုနှုန်း (SAR) နည်းသော ဖုန်းများကို အသုံးပြုပါ။ လက်ဖြင့်ကိုင်စရာမလိုသော (နားကြပ် သို့မဟုတ် စပီကာဖုန်းပါသော) ကိရိယာများကိုဖြစ်စေ၊ စွမ်းအင်စုပ်ယူမှုနှုန်းနည်းစေသည့် စီမံထားရာများကိုဖြစ်စေ သုံးပါ။” ကလေးများ၏နဗ်ကြောစနစ်ဖွံ့ဖြိုးခြင်းက “မသိရသောကျန်းမာရေးအန္တရာယ်များကို ဖြစ်စေနိုင်သောကြောင့် အသက်ဆယ့်ခြောက်နှစ်အောက် ကလေးများကို မိုဘိုင်းလ်ဖုန်း အသုံးမပြုစေသင့်” ဟုလည်း ကျွမ်းကျင်သူအဖွဲ့က အကြံပေးသည်။
အငြင်းပွားမှုရှိနေသော်လည်း မိုဘိုင်းလ်ဖုန်းသည် စီးပွားရေးအရရော လူမှုရေးအရပါ သိသိသာသာအကျိုးသက်ရောက်မှုရှိပါသည်။ ယင်း၏မျိုးတူအီလက်ထရွန်နစ်များ—တီဗွီနှင့် တစ်ကိုယ်ရေသုံးကွန်ပျူတာ—ကဲ့သို့ပင် မိုဘိုင်းလ်ဖုန်းသည်လည်း အသုံးဝင်သောကျွန်တစ်ဦးသော်လည်းကောင်း၊ မညှာမတာခိုင်းစေတတ်သောသခင်တစ်ဦးသော်လည်းကောင်း ဖြစ်နိုင်သည့်အလားအလာရှိသည်။ မိတ်ဆွေဖြစ်လာမည်လော၊ ရန်သူဖြစ်လာမည်လောဟူသည်ကို ဆုံးဖြတ်နိုင်စွမ်းသည် စင်စစ်အားဖြင့် သုံးစွဲသူ၏လက်ထဲတွင် ရှိနေပါသည်။
[အောက်ခြေမှတ်ချက်]
a သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွင်း တစ်စုံတစ်ရာသောအတိုင်းအတာအထိ ဖုန်းခေါ်မှုများပြုရန် တယ်လီဖုန်းဝန်ဆောင်ပေးသူနှင့် သဘောတူစာချုပ်,ချုပ်ထားသူကို အခမဲ့ပေးသည့်အခါများရှိသည်။
[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းအတွက် အကြံပြုချက်များ
၁။ လူအများရှိရာနေရာတွင် ဖုန်းအသုံးပြုနေမည်ဆိုလျှင် သင့်အသံပမာဏကို လျှော့ချ။ ဖုန်းပေါ်ရှိ စကားပြောခွက်သည် အလွန်ဆွဲအားကောင်းပါသည်၊ သင့်အနီးပတ်ဝန်းကျင်ရှိလူတို့သည် သင့်ကိုယ်ရေးကိုယ်တာစကားပြောဆိုမှုကို စိတ်ဝင်စားကြမည်မဟုတ်ပေ။
၂။ ဘာသာရေးအစည်းအဝေးများ၊ စီးပွားရေးအစည်းအဝေးများ၊ ရုပ်ရှင်ရုံ၊ လူအများရှိရာအခြားသမယ သို့မဟုတ် စားသောက်ဆိုင်တို့တွင် ရောက်ရှိနေသည့်အခါ ဖုန်းကို ပိတ်ထားပါ သို့မဟုတ် အသံမထွက်အောင် ထားပါ။
၃။ ကားမောင်းစဉ် လက်ကိုင်ဖုန်းကို မသုံးပါနှင့်။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ကမ္ဘာတစ်ဝန်းတွင် ဘီလီယံ ၃၀ ခန့်သော သတင်းအချက်အလက် များကို လစဉ် ပို့လွှတ်နေကြ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ကားမောင်းနေစဉ် မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းသည် အရက်သောက်ထားပြီး ကားမောင်းခြင်းတမျှ အန္တရာယ်ရှိ