ယေဟောဝါအမှုတော်ဆောင်ခြင်းသည် ကျွန်တော့်အားရွှင်လန်းမှုဖြစ်စေ
ဂျော့ဂ်ျဘရွမ်လေး ပြောပြသည်
ဧကရာဇ်ဟေလီ စယ်လစီ၏ လူငယ်အလုပ်သင်ရဲသားများအား ရေဒီယိုသင်ခန်းစာပို့ချပေးပြီးရုံရှိသေးသည်။ သူတို့ထဲမှတစ်ယောက်သည် ကျွန်တော်အား ယေဟောဝါသက်သေသာသနာပြုတစ်ဦးဖြစ်ခဲ့ဖူးသည်ကို သူသိကြောင်း သီးသန့်ခေါ်ပြောကာ “ခင်ဗျားကျွန်တော့်ကိုကျမ်းစာသင်ပေးမလား” ဟု ထက်သန်စွာတောင်းဆိုခဲ့သည်။
ထိုအချိန်က အီသီယိုးပီးယားတွင် ကျွန်တော်တို့၏လုပ်ငန်းကိုပိတ်ပင်ထားသဖြင့် အာဏာပိုင်များသာကျွန်တော့်အကြောင်းသိသွားလျှင် အခြားသက်သေခံများကဲ့သို့ ကျွန်တော့်အား ဤနိုင်ငံမှနှင်ထုတ်ပေလိမ့်မည်။ ထိုကျောင်းသားသည် ရိုးရိုးသားသားလော၊ ကျွန်တော့်အား အကွက်ဆင်ဖမ်းမည့်အစိုးရကိုယ်စားလှယ်တစ်ဦးလော ဟူသည်ကို ကျွန်တော်ဒွိဟဖြစ်ခဲ့သည်။ ကျွေးမွေးပြုစုရန်ကလေးငယ်သုံးယောက်ရှိသည့် အိမ်ထောင်ဦးစီးတစ်ဦးဖြစ်သည့်အလျောက် အလုပ်ပြုတ်ပြီး ဤနိုင်ငံနှင့်ကျွန်တော်ခင်မင်ခဲ့ရသောမိတ်ဆွေများကိုစွန့်ခွာရန် အတင်းအကြပ်ပြုခံရမည်ကို ကျွန်တော်လန့်နေခဲ့သည်။
‘ဒါနဲ့’၊ ‘ကျွေးမွေးထောက်ပံ့ရမဲ့မိသားစုရှိတဲ့ အမေရိကန်တစ်ယောက်က ဇာတိဆွေမျိုးသားချင်းတွေနဲ့ဝေးလံတဲ့ ဒီအာဖရိကမြောက်ပိုင်းမှာ ဘာကြောင့်လာပျော်နေတာလဲ’ ဟုသင်မေးကောင်းမေးပေမည်။ ကျွန်တော့်အားရှင်းပြခွင့်ပြုပါ။
အမေရိကန်တွင်ကြီးပြင်းလာခြင်း
ကျွန်တော်အခြေခံပညာသင်ကျောင်းတက်နေသော ၁၉၂၀ ပြည့်လွန်နှစ်များတွင် ကျွန်တော့်အဖေသည် ကင်းမျှော်စင် မဂ္ဂဇင်းကို နှစ်စဉ်ကြေးဖြင့်မှာယူဖတ်ရှုရာ Studies in the Scriptures တစ်စုံကိုလည်းရရှိခဲ့သည်။ စာအုပ်များကို အဖေအလွန်သဘောကျပြီး အားပါးတရဖတ်ရှုလေ့ရှိသည်။ သူသည် ဖြတ်ထိုးဉာဏ်ကောင်းပြီး ရွှတ်နောက်တတ်သည့်ဉာဉ်ရှိသူဖြစ်သည်။ ပမာအားဖြင့် တနင်္ဂနွေနေ့တွင် ဧည့်သည်များအားခေါ်ဖိတ်သည်။ သူ့တွင် ရှေ့နှင့်နောက်နှစ်ဖက်လုံး၌ “သမ္မာကျမ်းစာ” ဟု ရွှေစာလုံးဖြင့်ရေးထားသော လှပသည့်သားရေဖုံးစာအုပ်တစ်အုပ်ရှိသည်။ “အင်း၊ ဒီနေ့ဟာ တနင်္ဂနွေနေ့ဆိုတော့ ကျွန်တော်တို့ကိုကျမ်းချက်နည်းနည်းဖတ်ပြပါလား” ဟုသူစကားစလေ့ရှိသည်။
ဧည့်သည်က အမြဲသဘောတူသည်။ သို့သော် စာအုပ်ကိုဖွင့်လိုက်သောအခါ မည်သည့်စာသားမျှ ပုံနှိပ်ထားခြင်းမရှိသည်ကို တွေ့ရပေမည်။ ထိုသူအမှန်အံ့အားသင့်သွားသည်။ ထိုအခါ အဖေက ‘တရားဟောဆရာတွေဟာ ကျမ်းစာနဲ့ပတ်သက်ရင် ဘာမှမသိဘူး’ ဟုပြောပြီး အခြားကျမ်းစာအုပ်တစ်အုပ်ကိုယူလာကာ ကမ္ဘာဦး ၂:၇ ကိုဖတ်ပြလေ့ရှိသည်။ ထိုတွင် ကနဦးလူသားမောင်နှံဖန်ဆင်းခြင်းနှင့်ပတ်သက်၍ ဤသို့ဖော်ပြထားသည်။ “လူသည် အသက်ရှင်သောစိုးလ်ဖြစ်လာသည်။”—ကမ္ဘာဦး ၂:၇၊ King James Version.
လူတွင် စိုးလ်တစ်ခု မရှိ ဘဲ လူသည်စိုးလ် ဖြစ် ကြောင်း၊ အပြစ်၏အခကား သေခြင်းဖြစ်ကြောင်း၊ လူတစ်ဦးသေသောအခါ သူအမှန်တကယ်သေဆုံးပြီး မည်သည့်အရာကိုမျှသိရှိခံစားခြင်းမရှိကြောင်း အဖေရှင်းပြလေ့ရှိသည်။ (ဒေသနာ ၉:၅၊ ၁၀။ ယေဇကျေလ ၁၈:၄။ ရောမ ၆:၂၃) ကျွန်တော်စာကောင်းစွာမဖတ်တတ်ခင်ကပင် ကမ္ဘာဦး ၂:၇ ကိုအလွတ်ရနေသည်။ ယင်းတို့သည် သမ္မာကျမ်းစာအသိပညာများကို ကျွန်တော်သိရပြီး အခြားသူများကိုဝေငှခြင်းမှ စစ်မှန်သောရွှင်လန်းမှုခံစားရသည့် မှတ်မှတ်ရရအဖြစ်အပျက်များဖြစ်သည်။
ကျွန်တော်တို့အိမ်တွင် ကင်းမျှော်စင် စာစောင်ကို ရရှိနေရာ မိသားစုတစ်ခုလုံးသည် ဤဝိညာဏအာဟာရတွင် စတင်မွေ့လျော်လာခဲ့ကြသည်။ ကျွန်တော့်အမေဘက်ကအဖွားသည် ကျွန်တော်တို့နှင့်အတူနေထိုင်ရာ သူမသည် ကျွန်တော်တို့မိသားစုတွင် ပထမဆုံးသတင်းကောင်းဟောပြောသည့်ကြေညာသူဖြစ်လာခဲ့သည်။ ကျွန်တော်တို့နေသည့် အီလီနွိုက်စ်ပြည်နယ်၊ ကာဘွန်ဒေးလ်မြို့တွင် အသင်းတော်မရှိသော်လည်း အလွတ်သဘောအစည်းအဝေးများရှိသည်။ အမေသည် မြို့၏အခြားတစ်ဖက်တွင် အသက်ကြီးသူအမျိုးသမီးများကျင်းပသည့် ကင်းမျှော်စင် သင်တန်းသို့ ကျွန်တော်တို့မောင်နှမငါးယောက်ကို ခေါ်သွားလေ့ရှိသည်။ ကျွန်တော်တို့လည်း လယ်ကွင်းဓမ္မအမှုတွင် ပါဝင်စပြုလာခဲ့သည်။
ရေဒီယိုလုပ်ငန်းမှ အကျဉ်းထောင်သို့
ကျွန်တော့်အသက် ၁၇ နှစ်သာရှိသေးသည့် ၁၉၃၇ ၌ ကျွန်တော်အိမ်ထောင်ပြုခဲ့သည်။ ကျွန်တော်သည် ရေဒီယိုပြုပြင်ကာ ဤအတတ်ပညာကိုသင်ကြားပေးခြင်းဖြင့် အသက်မွေးရန်ကြိုးစားခဲ့သည်။ ကျွန်တော့်ကလေးနှစ်ယောက်ဖြစ်သော ပဂ္ဂီနှင့်ဟန့်ခ်တို့ကိုမွေးဖွားပြီးနောက်တွင် ကျွန်တော့်အိမ်ထောင်သက်ကုန်ဆုံးခဲ့သည်။ အိမ်ထောင်ကွဲသွားခြင်းကား ကျွန်တော့်အပြစ်ဖြစ်သည်။ ခရစ်ယာန်အသက်တာအတိုင်း ကျွန်တော်မနေခဲ့သောကြောင့်ဖြစ်သည်။ ကျွန်တော့်ကလေးအကြီးနှစ်ယောက်ကို ကျွန်တော်မပြုစုမစောင့်ရှောက်လိုက်ရခြင်းသည် ကျွန်တော့်အတွက် သေရာပါနှလုံးနာကျင်မှုကို ခံစားရစေသည်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့၍ ကျွန်တော့်အတွက်စဉ်းစားစရာများစွာဖြစ်စေခဲ့သည်။ ကျွန်တော်သည် တပ်ကြပ်ကြီးရာထူးဖြင့် အထူးရွေးချယ်ထားသည့်တပ်သားများကို ရေဒီယိုပညာသင်ပေးရန် စစ်တပ်အဖွဲ့အစည်းများ၏ကမ်းလှမ်းခြင်းခံခဲ့ရသည်။ သို့သော် စစ်နှင့်ပတ်သက်သည့်ယေဟောဝါ၏ယူမှတ်ပုံကို ကျွန်တော်စိတ်စွဲလမ်းမှုကြောင့် နေ့စဉ်ဆုတောင်းရန်တိုက်တွန်းခံခဲ့ရသည်။ ကျွန်တော့် ကင်းမျှော်စင် နှစ်စဉ်ကြေးအစီအစဉ်လည်း ကုန်ဆုံးသွားသည်။ လူစီယယ်လ်ဟေးဝပ်သ်က ကုန်ဆုံးသည့်သတိပေးစာကို လက်ခံရရှိပြီး ကျွန်တော့်ထံလာလည်ပတ်သည်။ လူစီယယ်လ်၏ဖခင် ပယ်ရီဟေးဝပ်သ်နှင့် သူ၏မိသားစုကြီးရှိလူအများစုတို့သည် ၁၉၃၀ ခုနှစ်များကတည်းက သက်သေခံများဖြစ်လာခဲ့ကြသည်။ လူစီယယ်လ်နှင့်ကျွန်တော်တို့မေတ္တာမျှခဲ့ကြပြီး ၁၉၄၃ ဒီဇင်ဘာလတွင် ကျွန်တော်တို့လက်ထပ်ခဲ့ကြသည်။
၁၉၄၄ တွင် ကျွန်တော်နှစ်ခြင်းခံခဲ့ပြီး ကျွန်တော့်ဇနီးနှင့်အတူ ရှေ့ဆောင်တစ်ဦးအဖြစ် အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်ခဲ့သည်။ မကြာမီ အထူးတပ်က ကျွန်တော့်အားခေါ်ရာ ခန့်အပ်ခြင်းကို ကျွန်တော်ငြင်းခဲ့သည်။ ရလဒ်အနေနှင့် အိုကလာဟိုးမားပြည်နယ်၊ အယ်လ်ရေနိုမြို့ရှိ ပြည်နယ်အကျဉ်းထောင်တွင် ထောင်ဒဏ်သုံးနှစ်ချခံခဲ့ရသည်။ ယေဟောဝါအတွက်ခံရသောကြောင့် ရွှင်လန်းစရာဖြစ်ခဲ့သည်။ နံနက်အိပ်ရာထတိုင်း အဘယ်နေရာနှင့်အဘယ်ကြောင့်ကျွန်တော်ရောက်ရှိနေခြင်းကို သိရှိရသောအခါ လွန်စွာကျေနပ်မှုကိုခံစားရပြီး ယေဟောဝါအားကျေးဇူးတင်မိသည်။ စစ်ကြီးပြီးနောက် အသက် ၂၅ နှစ်ကျော်သူများဖြစ်သောကျွန်တော်တို့သည် လွတ်ငြိမ်းချမ်းသာခွင့်ရစပြုလာသည်။ ၁၉၄၆ ဖေဖော်ဝါရီလတွင် ကျွန်တော်လွတ်မြောက်ခဲ့သည်။
အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်း
လူစီယယ်လ်နှင့် ကျွန်တော်ပြန်တွေ့ဆုံချိန်၌ သူမသည် အိုကလာဟိုးမားပြည်နယ်၊ ဝါဂနာမြို့ကလေးတွင် ရှေ့ဆောင်လုပ်နေသည်။ ကျွန်တော်တို့တွင် ကားမရှိပါ။ ထို့ကြောင့် တစ်မြို့လုံးရှိမည်သည့်နေရာမဆို ကျွန်တော်တို့ခြေလျင်လျှောက်ကြသည်။ နောက်ပိုင်းတွင် အိုကလာဟိုးမားရှိ ဝီးဝိုကာမြို့သို့ ကျွန်တော်တို့ပြောင်းရွှေ့ခဲ့ကြသည်။ မကြာမီ ထိုအနီးရှိရေဒီယိုစခန်းတစ်ခုတွင် ကျွန်တော်အလုပ်ရရှိပြီး အသံလွှင့်ဌာနတွင် စတင်လုပ်ကိုင်ခဲ့သည်။ တစ်နေ့ခြောက်နာရီအလုပ်လုပ်ပြီး ရှေ့ဆောင်နာရီဖြည့်ရခြင်းသည် မလွယ်လှပါ။ သို့သော် ကျွန်တော်တို့သည် ယေဟောဝါအားအမှုဆောင်ရသည့်အခွင့်ရရှိကြသည့်အတွက် ဝမ်းမြောက်ကြသည်။ ကျွန်တော်တို့သည် ၁၉၄၇ တွင် လော့စ်အိန်ဂျလိစ်မြို့၌ကျင်းပမည့် ခရိုင်စည်းဝေးပွဲအတွက် ကားအဟောင်းတစ်စင်းကို ယင်းအချိန်မတိုင်မီကလေးတွင် ဝယ်နိုင်ခဲ့ကြသည်။ ထိုအခါမှစ၍ သာသနာပြုများကိုလေ့ကျင့်ပေးသည့် ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းတက်ခွင့်လျှောက်ထားရန် ကျွန်တော်တို့စတင်စဉ်းစားလာခဲ့သည်။
ယင်းသည် ကြီးမားသည့်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ကျွန်တော်တို့သဘောပေါက်ကြသည်။ အမေရိကန်မှထွက်သွားရန်ဆုံးဖြတ်ချက်ကို ကျွန်တော်တို့အဆောတလျင်မချလိုကြပါ။ ကျွန်တော်၏ကလေးများကိုဆုံးရှုံးရခြင်းအတွက် ကျွန်တော်သည် စိတ်ဝေဒနာခံစားနေရဆဲဖြစ်သည်။ ထို့ကြောင့် သူတို့ကိုကြည့်ရှုစောင့်ရှောက်ရန် ကျွန်တော်တို့တစ်ဖန်ကြိုးစားကြပြန်သေးသည်။ ကျွန်တော်၏ယခင်ဘဝပုံစံနှင့် အကျဉ်းကျခံရသည့်မှတ်တမ်းကြောင့် ယင်းကိစ္စမဖြစ်မြောက်ခဲ့ပါ။ ထို့ကြောင့် ကျွန်တော်တို့သည် သာသနာပြုများဖြစ်လာရန်ကြိုးစားကြဖို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။ ကျွန်တော်တို့သည် ၁၂ ကြိမ်မြောက်ဂိလဒ်ကျောင်းသင်တန်းတက်ရန် ဖိတ်ခေါ်ခံခဲ့ကြရသည်။
၁၉၄၉ တွင် ကျွန်တော်တို့ကျောင်းပြီးသွားသော်လည်း ကျွန်တော်တို့သည် တယ်နယ်စီပြည်နယ်ရှိအသင်းတော်များကို လည်ပတ်ရန်တာဝန်ရရှိခဲ့သည်။ အမေရိကန်တွင် နယ်လှည့်လုပ်ငန်း၌သုံးနှစ်အမှုဆောင်ပြီးနောက် ကျွန်တော်တို့သည် အီသီယိုးပီးယားတွင် ဟောပြောခြင်းလုပ်ငန်းအပြင် ကျောင်း၌စာသင်ကြားပေးခြင်းပြုနိုင်မပြုနိုင်မေးမြန်းထားသည့် ကင်းမျှော်စင်အသင်းဥက္ကဌ၏ရုံးခန်းမှစာကို လက်ခံရရှိခဲ့သည်။ ထိုနိုင်ငံအစိုးရ၏တောင်းဆိုချက်တစ်ခုမှာ သာသနာပြုများစာသင်ကြားပေးခြင်းပင်ဖြစ်သည်။ ကျွန်တော်တို့သဘောတူခဲ့ကြပြီး ၁၉၅၂ ခုနွေရာသီတွင် အီသီယိုးပီးယားသို့ ကျွန်တော်တို့ထွက်သွားကြသည်။
အီသီယိုးပီးယားသို့ကျွန်တော်တို့ရောက်သောအခါ နံနက်ပိုင်းတွင် အခြေခံအတန်းပညာသင်ပေးပြီး မွန်းလွဲပိုင်းတွင် အခမဲ့ကျမ်းစာသင်တန်းများကျင်းပခဲ့သည်။ မကြာမီ တစ်နေ့လျှင် သုံးလေးနာရီပင်ကြာတတ်လေ့ရှိသည့် ကျမ်းစာသင်အံမှုများသို့ လူများစွာတက်ရောက်စပြုလာခဲ့သည်။ အချို့သင်သားများသည် ရဲသားများဖြစ်ကြပြီး အခြားတို့မှာ သာသနာပြုကျောင်းများနှင့်အော်သဒေါ့စ်ကျောင်းများမှ ကျောင်းဆရာများ သို့မဟုတ် သင်းထောက်များဖြစ်ကြသည်။ တစ်ခါတစ်ရံ ကျမ်းစာသင်တန်းတစ်ခုတွင် သင်သား ၂၀ သို့မဟုတ် ထိုထက်မကရှိတတ်သည်။ သင်သားများစွာတို့သည် မဟာဗာဗုလုန်ကိုစွန့်ကာ ယေဟောဝါအားဝတ်ပြုလာကြသည်။ ကျွန်တော်တို့အလွန်ပီတိဖြစ်ခဲ့ရသည်။ တစ်ဖန် နံနက်အိပ်ရာထတိုင်း ယေဟောဝါအား ကျွန်တော်ကျေးဇူးတင်မိပြန်သည်။
သားသမီးရရှိခြင်းနှင့်ပိတ်ပင်မှုအောက်တွင်ဟောပြောခြင်း
၁၉၅၄ ၌ ကျွန်တော်တို့ကလေးရတော့မည်ကိုသိလာကြရသည်။ ထို့ကြောင့် ကျွန်တော်တို့သည် အမေရိကန်သို့ပြန်မည်လော၊ အီသီယိုးပီးယားတွင်ဆက်နေမည်လောဟူသည်ကို ဆုံးဖြတ်ရန်ဖြစ်လာခဲ့သည်။ ဆက်နေရန်မှာ ကျွန်တော်၏ဝမ်းရေးအလုပ်ရရှိခြင်းအပေါ်မူတည်သည်။ အသံလွှင့်အင်ဂျင်နီယာအဖြစ် ကျွန်တော်အလုပ်ရရှိပြီး ဧကရာဇ်ဟေလီစယ်လစီအတွက် အသံလွှင့်ဌာနတစ်ခုတွင် စက်ကိုင်အဖြစ်ထမ်းဆောင်ခဲ့ရသည်။ သို့နှင့်ကျွန်တော်တို့ဆက်နေဖြစ်ခဲ့ကြသည်။
၁၉၅၄ စက်တင်ဘာ ၈ ရက်နေ့တွင် ကျွန်တော်တို့၏သမီးဂျူးဒစ်သ်ကိုမွေးဖွားခဲ့သည်။ ဧကရာဇ်အတွက်ကျွန်တော်အလုပ်လုပ်နေသောကြောင့် အလုပ်အတွက်စိတ်ချရပြီဟုကျွန်တော်ထင်ခဲ့သည်။ သို့သော် နှစ်နှစ်အကြာတွင် ထိုအလုပ်ကို ကျွန်တော်လက်လွှတ်ခဲ့ရသည်။ သို့သော် တစ်လအတွင်းတွင် ကျွန်တော်သည် လခကြီးကြီးဖြင့် ရဲဌာန၏ငှားရမ်းခြင်းကိုခံခဲ့ရပြီး လူငယ်များကို နှစ်ဘက်ပြောရေဒီယိုစက်ပြင်နည်းသင်ပေးရသည်။ နောက်သုံးနှစ်အတွင်း ကျွန်တော်တို့၏သားများဖြစ်သော ဖိလစ်နှင့်လက်စလီတို့မွေးဖွားခဲ့ကြသည်။
တစ်ချိန်တည်းတွင် ကျွန်တော်တို့၏ ဟောပြောခြင်းလုပ်ငန်းတွင်လွတ်လပ်စွာပါဝင်ခွင့်သည် ပြောင်းလဲခဲ့သည်။ အီသီယိုးပီးယားအော်သဒေါ့စ်ချာ့ချ်က ယေဟောဝါသက်သေသာသနာပြုအားလုံးကို ပြည်နှင်ရန် အစိုးရကိုသွေးဆောင်ခဲ့သည်။ အသင်းမ၏အကြံပေးချက်အရ ကျွန်တော်၏ဗီဇာတွင် သာသနာပြုလုပ်ငန်းမှ အပြင်လုပ်ငန်းသို့ပြောင်းလိုက်သည်။ ကျွန်တော်တို့၏သာသနာပြုလုပ်ငန်းပိတ်ပင်ခံခဲ့ရပြီး ကျွန်တော်တို့သည် အမြော်အမြင်နှင့်သတိပညာရှိစွာနေခဲ့ကြရသည်။ အသင်းတော်အစည်းအဝေးအားလုံးဆက်လုပ်ခဲ့ကြသော်လည်း အုပ်စုငယ်ကလေးများဖြင့်သာဖြစ်သည်။
ရဲများက သူတို့မသင်္ကာသောသက်သေခံအိမ်များစွာကို ဝင်ရောက်ရှာဖွေကြသည်။ သို့သော် ယေဟောဝါအားဝတ်ပြုသူရဲမှူးကြီးတစ်ဦးက ရုတ်တရက်ဝင်ရောက်ရှာဖွေသည့်အစီအစဉ်ရှိတိုင်း ကျွန်တော်တို့ကိုအကြံဉာဏ်များပေးခဲ့သည်။ ရလဒ်အနေနှင့် ထိုနှစ်အတွင်း မည်သည့်စာပေမျှဖမ်းဆီးမခံခဲ့ရပါ။ ကျွန်တော်တို့၏ ကင်းမျှော်စင် သင်တန်းကို တနင်္ဂနွေနေ့တိုင်း မြို့စွန်တစ်နေရာရှိ ပျော်ပွဲစား,စားပွဲရရှိနိုင်သည့်စားသောက်ဆိုင်တစ်ခုတွင် ကျင်းပလေ့ရှိသည်။
ဤအချိန်လောက်တွင်ဖြစ်သည်။ အလုပ်သင်ရဲသားများကို ရေဒီယိုအတတ်ပညာသင်ကြားပေးနေချိန်တွင် ကနဦးကကျွန်တော်ဖော်ပြခဲ့သောကျောင်းသားတစ်ယောက်သည် ကျမ်းစာသင်အံမှုပြုလုပ်ပေးရန် ကျွန်တော့်အားတောင်းဆိုခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ ရိုးရိုးသားသားပင်ဖြစ်သဖြင့် ကျွန်တော်တို့သင်အံမှုစခဲ့ကြသည်။ လေ့လာမှုနှစ်ခုပြီးနောက်ပိုင်းတွင် အခြားသောကျောင်းသားတစ်ယောက် သူနှင့်အတူပါဝင်လာသည်။ ထို့နောက် တတိယတစ်ယောက်ပါပါလာသည်။ ကျွန်တော်နှင့်ကျမ်းစာလေ့လာနေသည်ကို မည်သူ့အားမျှမပြောကြရန် သူတို့အားကျွန်တော်သတိပေးထားရာ သူတို့ကလည်း ဘယ်တော့မျှမပြောကြပါ။
၁၉၅၈ ၌ မြင့်မြတ်သည့်အလိုတော် နိုင်ငံတစ်ကာစည်းဝေးပွဲကြီးကို နယူးယောက်မြို့ရှိ ရန်ကီအားကစားရုံနှင့်ပိုလိုကွင်းတို့တွင် ကျင်းပခဲ့သည်။ တစ်ချိန်တည်းတွင် ပဂ္ဂီနှင့်ဟန့်ခ်တို့အပြင် ကျွန်တော့်မိသားစုကြီးမှအခြားအိမ်သားများလည်း တက်ကြွသောသက်သေခံများဖြစ်လာခဲ့ကြသည်။ စည်းဝေးပွဲကြီးတက်ရောက်နိုင်မည်ဖြစ်သည့်အတွက် ကျွန်တော်ပျော်လိုက်သည့်ဖြစ်ခြင်း။ ကျွန်တော့်ကလေးအကြီးနှစ်ယောက်နှင့် အခြားသောမိသားစုအဝင်များ ပြန်လည်ဆုံစည်းနိုင်သောကြောင့်သာမကဘဲ စည်းဝေးပွဲကြီး၏နောက်ဆုံးနေ့တွင် သုံးသိန်းနီးပါးရှိလူအုပ်ကြီးကိုတွေ့မြင်ခဲ့ရ၍လည်း ကျွန်တော့်စိတ်ဝယ် တက်ကြွလှုပ်ရှားခဲ့ရသည်။
နောက်နှစ်တွင် အသင်းမ၏ဥက္ကဌ နာသန်အိပ်ချ်နောရ်သည် ကျွန်တော်တို့အီသီယိုးပီးယားသို့ လာရောက်လည်ပတ်ခဲ့သည်။ ပိတ်ပင်မှုအောက်တွင် ကျွန်တော်တို့ဆက်အလုပ်လုပ်နိုင်ရန် အကြံဉာဏ်များပေးခဲ့သည်။ ကျွန်တော်တို့၏မိသားစုနှင့် ဝိညာဉ်ရေးအခြေအနေမည်သို့ရှိသည်ကို သူစိတ်ဝင်စားခဲ့သည်။ ကလေးများကို ဆုတောင်းရန်သင်ပေးထားကြောင်း ကျွန်တော်ရှင်းပြသည်။ ဂျူဒစ်သ်မည်သို့ဆုတောင်းသည်ကို သူကြားလိုသလောဟုကျွန်တော်မေးခဲ့သည်။ သူက ဟုတ်ကဲ့ဟုပြောပြီး သူနားထောင်ပြီးသောအခါ “သိပ်ကောင်းတယ်ဂျူးဒစ်သ်” ဟုသူပြောခဲ့သည်။ ထိုနောက် နေ့လည်စာစားချိန်ရောက်သောအခါ ညီအစ်ကိုနောရ်ကို ကျွန်တော်ဆုတောင်းခိုင်းသည်။ ဆုတောင်းပြီးသောအခါ ဂျူးဒစ်သ်က “သိပ်ကောင်းတယ်ညီအစ်ကိုနောရ်” ဟုပြောခဲ့သည်။
အမေရိကန် တွင် ကျွန်တော်တို့၏ကလေးများကိုပြုစုပျိုးထောင်ခြင်း
ကျွန်တော်၏ ရဲဌာနနှင့်အလုပ်စာချုပ်သည် ၁၉၅၉ ခုနှစ်တွင် ပြီးဆုံးသွားသည်။ ကျွန်တော်တို့ဆက်နေလိုကြသော်လည်း အစိုးရက ကျွန်တော်အခြားအလုပ်တစ်ခုနှင့်ဆက်သွယ်မည်ကို မလိုလားခဲ့။ သို့ဆိုလျှင် ကျွန်တော်တို့ဘယ်ကိုသွားကြမည်နည်း။ ကျွန်တော်တို့ညီအစ်ကိုများအတွက် အလွန်လိုအပ်မှုရှိသောနိုင်ငံများသို့ဝင်ရန် ကျွန်တော်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။ အတော်ဝမ်းနည်းစွာဖြင့် အမေရိကန်သို့ ကျွန်တော်တို့ပြန်လာခဲ့ရသည်။ ကျွန်တော်တို့ပြန်ရောက်ခြင်းကြောင့် ပျော်စရာကောင်းသည့်မိသားစုပြန်လည်ဆုံစည်းမှုကို ကျွန်တော်တို့ရရှိခဲ့ကြသည်။ ကျွန်တော့်ကလေးငါးယောက်လုံးတို့သည် ချက်ချင်းပင် အချင်းချင်းချစ်ခင်ရင်းနှီးသွားကြသည်။ ထိုအချိန်ကစ၍ သူတို့အကျွမ်းတဝင်ရှိသွားကြသည်။
ကန်ဇပ်စ်ပြည်နယ်၊ ဝစ်ချ်တောမြို့တော်တွင် ကျွန်တော်တို့အခြေချကြသည်။ ထိုတွင် ရေဒီယိုအင်ဂျင်နီယာနှင့် အစီအစဉ်ကြားဖြတ်ကြေညာသူအဖြစ် ကျွန်တော်အလုပ်ရသည်။ လူစီယယ်လ်က အိမ်မှုကိစ္စများကိုစီစဉ်လုပ်ကိုင်ပြီး ကလေးများက အိမ်နှင့်မဝေးသောကျောင်းတွင် ကျောင်းတက်ကြသည်။ တနင်္လာနေ့ညတိုင်း ကင်းမျှော်စင် သင်တန်းကို ကျွန်တော်ဦးဆောင်ကျင်းပပေးသည်။ အမြဲတက်ကြွပြီးစိတ်ဝင်စားဖွယ်ဖြစ်အောင် ကျွန်တော်ကြိုးစားသည်။ ကျောင်းတွင်ပြဿနာရှိမရှိ ကျွန်တော်တို့နေ့တိုင်းစစ်ဆေးကြည့်သည်။
ကလေးများသည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင်ပါဝင်လာကြသောအခါ သူတို့၏ကျောင်းအတွက် များစွာအထောက်အကူရကြသည်။ သူတို့ကို မွေးကင်းစကလေးကတည်းက လယ်ကွင်းလုပ်ငန်းတွင် ကျွန်တော်တို့လေ့ကျင့်ပေးကြသည်။ အိမ်တံခါးဝများတွင် ကျမ်းစာစာပေများဝေငှတတ်ပြီး ကျွန်တော်တို့နှင့်ကျမ်းစာသင်အံမှုများလိုက်ကြသည်။
ဘဝ၏အခြေခံအကြောင်းများနှင့်ပတ်သက်၍ ကလေးများကိုသင်ကြားပေးရန်လည်း ကျွန်တော်တို့ကြိုးစားခဲ့သည်။ သူတို့အား တစ်ယောက်ရသည့်အရာကို ယောက်တိုင်းကအမြဲရနိုင်မည်မဟုတ်ကြောင်း ရှင်းပြသည်။ ဥပမာအားဖြင့် လက်ဆောင်တစ်ခုကို သူတို့အားလုံးအမြဲတမ်းရနိုင်မည်မဟုတ်ကြောင်းပြောပြသည်။ “မင်းညီလေး ဒါမှမဟုတ် ညီမလေးက ကစားစရာတစ်ခုရလို့ မင်းကမရရင် ဒါကိုနားပူနားဆာလုပ်ရင်ကောင်းပါ့မလား။” သူတို့နှင့်ကျွန်တော်တို့ထိုသို့ဆွေးနွေးလေ့ရှိသည်။ နောက်တစ်ခါတွင် အခြားတစ်ယောက်က တစ်ခုခုကိုရသည်။ ဤသို့အားဖြင့် သူတို့တစ်ယောက်မျှလျစ်လျူရှုမခံရဘဲရှိခဲ့သည်။ သူတို့အားလုံးကို ကျွန်တော်တို့အမြဲချစ်ကြသည်။ တစ်ယောက်ထက်တစ်ယောက်ကို ပို၍မျက်နှာသာပေးခြင်းမရှိပါ။
ကျွန်တော်တို့ကလေးများလုပ်ခွင့်မရသည့်အလုပ်မျိုးကို အခြားကလေးများလုပ်ခွင့်ရသည့်အခါရှိသည်။ “ဘယ်သူဘယ်ဝါကတော့ အဲဒါကိုလုပ်နိုင်တယ်။ ကျွန်တော်၊ ကျွန်မတို့ကဘာကြောင့်မလုပ်နိုင်ရတာလဲ” ဟူ၍ မကြာခဏကျွန်တော်ကြားရသည်။ ကျွန်တော်ကြိုးစားဖြေရှင်းပြသော်လည်း တစ်ခါတစ်ရံမူ “မင်းက အဲဒီမိသားစုထဲကမဟုတ်ဘူး။ မင်းက ဘရွန်လေးမိသားစုကပဲ။ ဒို့စည်းမျဉ်းနဲ့သူတို့စည်းမျဉ်းနဲ့မတူဘူး” ဟုသာပြောလိုက်ရသည်။
ပီရူးတွင်အမှုဆောင်ခြင်း
အီသီယိုးပီးယားမှပြန်လာကတည်းက လူစီယယ်လ်နှင့်ကျွန်တော်တို့သည် သာသနာပြုလုပ်ငန်းတွင် တစ်ဖန်ပြန်လည်ပါဝင်လုပ်ကိုင်ရန် တမ်းတခဲ့ကြသည်။ နောက်ဆုံး ၁၉၇၂ ခုနှစ်ရောက်သောအခါ တောင်အမေရိကရှိ ပီရူးနိုင်ငံသို့သွားရန်အခွင့်အရေးရခဲ့ကြသည်။ ကျွန်တော်တို့ကလေးများဆယ်ကျော်သက်အရွယ်တွင် သူတို့အားပြုစုပျိုးထောင်ရမည့် သာ၍ကောင်းသောနေရာကို ရွေးစရာမရှိခဲ့ကြပါ။ သာသနာပြုများ၊ အထူးရှေ့ဆောင်များ၊ ပီရူးတွင်လာရောက်အမှုဆောင်သောအခြားသူများနှင့် သူတို့ပျော်မွေ့သည့်ပေါင်းဖော်မှုက ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေ့ဦးထားသူများခံစားရသည့်ရွှင်လန်းမှုကို သူတို့မျက်ဝါးထင်ထင်တွေ့မြင်ရန် ကူညီပေးခဲ့သည်။ ဖိလစ်က သူ့အပေါင်းအသင်းများအား အပြုသဘောပါရွယ်တူချင်းဖိစီးမှုဟုခေါ်ခဲ့သည်။
မကြာမီ ကန်ဇပ်စ်ပြည်နယ်မှ အချို့မိတ်ဟောင်းဆွေဟောင်းများက ဘုရားသခင့်နိုင်ငံတော်ဓမ္မအမှုတွင် ကျွန်တော်တို့မည်မျှအောင်မြင်လျက်ရှိကြောင်းကို ကြားသိကြသောအခါ ပီရူးသို့ကျွန်တော်တို့နှင့်လာရောက်ပူးပေါင်းကြသည်။ ကျွန်တော်၏အိမ်ကို သာသနာပြုအိမ်ကဲ့သို့ဖွဲ့စည်းလိုက်သည်။ အားလုံးလယ်ကွင်းဓမ္မအမှုတွင်ပါဝင်သည့်အချိန်ရရန် ယောက်စီတာဝန်ပေးထားသည်။ နံနက်တိုင်း စားပွဲတွင်ထိုင်၍ ကျမ်းချက်တစ်ချက်ကို ကျွန်တော်တို့ဆွေးနွေးကြသည်။ ကျွန်တော်တို့အားလုံးအတွက် အလွန်ပျော်ရွှင်ဖွယ်ကောင်းသည့်အချိန်ဖြစ်ခဲ့သည်။ တစ်ဖန်၊ နံနက်အိပ်ရာထတိုင်း ကျွန်တော်မည်သည့်နေရာသို့နှင့် အဘယ်ကြောင့်ရောက်နေကြောင်းသိရှိရတိုင်း ယေဟောဝါအား လေးလေးနက်နက်အသံတိတ်ကျေးဇူးတင်မိသည်။
နောက်ပိုင်း ဂျူးဒစ်သ်အိမ်ထောင်ကျခဲ့သည်။ သူမ၏ခင်ပွန်းသည် ထိုတွင်နေခွင့်မရသောကြောင့် မကြာမီ အမေရိကန်သို့သူတို့ပြန်သွားခဲ့ကြသည်။ ဖိလစ်သည် အထူးရှေ့ဆောင်သုံးနှစ်လုပ်ပြီးနောက်ပိုင်း ဘရွတ်ကလင်၊ နယူးယောက်ရှိဗေသလလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်ခွင့်လျှောက်ခဲ့ရာ လက်ခံခြင်းခံခဲ့ရသည်။ နောက်ဆုံးတွင် လက်စ်လီလည်း အမေရိကန်သို့ပြန်ခဲ့သည်။ စိတ်မတင်မကျနှင့် သူတို့ပြန်သွားခဲ့ကြသည်။ သူတို့အား ပီရူးသို့ခေါ်လာခြင်းသည် သူတို့အတွက်အကောင်းဆုံးလုပ်ဆောင်ခြင်းဖြစ်ကြောင်း ကျွန်တော်တို့အားပြောလေ့ရှိသည်။
ပီရူးရှိစီးပွားရေးအခြေအနေကျဆင်းလာရာ ကျွန်တော်တို့လည်း ထွက်ရတော့မည်ကိုသဘောပေါက်လာကြသည်။ ၁၉၇၈ ခုနှစ်တွင် ဝစ်ချတောမြို့သို့ကျွန်တော်တို့ပြန်လာသောအခါ စပိန်စကားပြောသောသက်သေခံအုပ်စုတစ်စုကို ကျွန်တော်တို့တွေ့ဆုံသည်။ ကျွန်တော်တို့အား ထိုတွင်နေပြီးသူတို့ကိုကူညီရန်တောင်းဆိုသဖြင့် ကျွန်တော်တို့လည်း ဝမ်းမြောက်ဝမ်းသာနေလိုက်ကြသည်။ အသင်းတော်တစ်ခုဖြစ်လာပြီး ယခင်ကျွန်တော်တို့အမှုဆောင်စဉ်တွေ့ခဲ့သည့်လူများနည်းတူ သူတို့နှင့်လည်း ခဏလေးအတွင်းချစ်ခင်ရင်းနှီးသွားခဲ့သည်။
အီကွေဒေါမှခေါ်ဖိတ်ခြင်း
ကျွန်တော်သည် ကိုယ်အင်္ဂါအစိတ်အပိုင်းအချို့သေသည့်တိုင် လေဖြတ်ခံခဲ့ရသော်လည်း ကျွန်တော်နှင့်လူစီယယ်လ်တို့သည် အခြားတစ်နိုင်ငံတွင်အမှုဆောင်နိုင်ရန် မျှော်လင့်တမ်းတခဲ့ကြသည်။ ၁၉၈၄ ခုနှစ်၌ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက အီကွေဒေါတွင်းတိုးတက်နေမှုနှင့် ထိုတွင် ခရစ်ယာန်အကြီးအကဲများလိုအပ်နေကြောင်း ကျွန်တော်တို့အားပြောပြသည်။ ကျွန်တော်၏မသန်စွမ်းမှုကြောင့် လယ်ကွင်းဓမ္မအမှုတွင် အနည်းငယ်သာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သူ့ကိုထောက်ပြခဲ့သော်လည်း သူက အသက် ၆၅ နှစ်ရှိပြီး ကိုယ်လက်အင်္ဂါအချို့သေသည့်အကြီးအကဲပင်လျှင် အကူအညီဖြစ်စေနိုင်ကြောင်း ကျွန်တော့်ကိုအာမခံသည်။
သူပြန်သွားသောအခါ ကျွန်တော်တို့ညစဉ်အိပ်မရတော့ပါ။ အီကွေဒေါသို့သွားနိုင်သည့်အလားအလာအကြောင်းကိုသာ ပြောနေခဲ့ကြသည်။ လူစီယယ်လ်လည်း ကျွန်တော့်ကဲ့သို့ပင် သွားလိုသည့်ဆန္ဒပြင်းပြခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့၏ ပိုးမွှားနှိမ်နင်းရေးလုပ်ငန်းကလေးကို ကြေညာလိုက်ပြီး နှစ်ပတ်အတွင်း ရောင်းလိုက်သည်။ ကျွန်တော်တို့၏အိမ်ကို ဆယ်ရက်အတွင်းရောင်းချခဲ့သည်။ သို့နှင့် ကျွန်တော်တို့၏ဇရာပိုင်းအချိန်၌ပင် ကျွန်တော်တို့အားအရွှင်လန်းဆုံးဖြစ်စေသည့် နိုင်ငံခြားသာသနာပြုလုပ်ငန်းတွင် တစ်ဖန်ပြန်ပါဝင်ခွင့်ရခဲ့ကြသည်။
ကွီတိုတွင်ကျွန်တော်တို့အခြေချကြပြီး နေ့စဉ်လယ်ကွင်းလုပ်ငန်းသည် တွေ့ကြုံမှု သို့မဟုတ် စွန့်စားမှုတစ်ခုစီဖြင့် နှစ်လိုပျော်ရွှင်ဖွယ်ဖြစ်ခဲ့သည်။ သို့သော် ၁၉၈၇ ခုနှစ်ဖြစ်သောထိုအချိန်၌ ကျွန်တော့်တွင် အူမကြီးကင်ဆာဖြစ်သည့်လက္ခဏာပြသနေသည်။ ကျွန်တော်ချက်ချင်းခွဲစိတ်ကုသခံရန်လိုအပ်ခဲ့သည်။ ခွဲစိတ်ကုသခံရန် ဝစ်ချ်တောသို့ကျွန်တော်တို့ပြန်လာခဲ့ရာ အောင်မြင်စွာပင်ပြီးစီးခဲ့သည်။ ကျွန်တော်တို့ကွီတိုသို့ပြန်နေပြီးနှစ်နှစ်မျှသာကြာသေးသည်၊ ကင်ဆာထပ်မံဖြစ်ကြောင်းသိရပြန်ရာ အမေရိကန်သို့အပြီးပြန်ခဲ့ရသည်။ ယခုကျွန်တော်တို့နေထိုင်သော မြောက်ပိုင်းကယ်လီဖိုးနီးယားတွင် ကျွန်တော်တို့အခြေချခဲ့သည်။
ကြွယ်ဝ၍ဆုကျေးဇူးခံစားရသောအသက်တာ
ကာယရေးအရ ကျွန်တော့်အနာဂတ်သည် မသေချာပါ။ ၁၉၈၉ ခုနှစ်တွင် ကျွန်တော့်အူမကြီးကို ဖြတ်ပစ်ခဲ့ရသည်။ သို့နှင့်ပင် ကျွန်တော်သည် အကြီးအကဲတစ်ယောက်အဖြစ်ထမ်းဆောင်နိုင်ပြီး ကျွန်တော့်အိမ်သို့လာသူများစွာကို ကျမ်းစာသင်ပေးနိုင်ဆဲဖြစ်သည်။ နှစ်များတစ်လျှောက် ကျွန်တော်တို့သည် သမ္မာတရားမျိုးစေ့များကို စိုက်ပျိုး၊ ရေလောင်း၊ ပြုစုပျိုးထောင်ခြင်းအားဖြင့် လူရာပေါင်းများစွာတို့အားဟုဆိုရမလောက် ကူညီပေးနိုင်ခဲ့သည်။ ယင်းကို ထပ်ခါထပ်ခါပြန်၍လုပ်ရပါစေ မမှေးမှိန်နိုင်သောရွှင်လန်းမှုသာဖြစ်မည်ဖြစ်သည်။
ထို့အပြင် ကျွန်တော့်ကလေးများအားလုံး ယေဟောဝါအားအမှုဆောင်နေကြသည်ကို တွေ့မြင်ရ၍ ကျွန်တော့် အလွန့်အလွန်ဝမ်းမြောက်ခဲ့ရပြီဖြစ်သည်။ ပဂ္ဂီသည် အမေရိကန်တွင် သူမ၏ခင်ပွန်းဖြစ်သူပေါလ်မော့စ်ကီနှင့်လိုက်၍ နယ်လှည့်လုပ်ငန်းတွင်အမှုဆောင်လာခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်ရှိချေပြီ။ ဖိလစ်နှင့်ဂျူးဒစ်သ်တို့လည်း နယူးယောက်ရှိ ဘရွတ်ကလင်ဗေသလအိမ်တွင် အထူးလုပ်ငန်း၌ပါဝင်နေကြသည်။ ဟန့်နှင့်လက်စ်လီတို့သည်လည်း သူတို့၏အိမ်ထောင်ဖက်များနှင့်အတူ တက်ကြွသောသက်သေခံများဖြစ်နေကြပြီး ကျွန်တော့်ညီအစ်ကိုမောင်နှမလေးယောက်နှင့် သူတို့၏မိသားစုများအပြင် သွေးသားတော်စပ်သည့်ဆွေမျိုး ၈၀ ထက်မနည်းတို့သည် ယေဟောဝါအားဝတ်ပြုနေကြသည်။ လူစီယယ်လ်သည် အနှစ် ၅၀ သို့ချဉ်းကပ်နေသော ကျွန်တော်တို့၏အိမ်ထောင်သက်တမ်းတစ်လျှောက်အတွင်း ပုံသက်သေကောင်းသောခရစ်ယာန်ဇနီးသည်ဖြစ်ခဲ့သည်။ မကြာမီနှစ်များအတွင်းက ကျွန်တော်၏ယိုယွင်းနေသောခန္ဓာကိုယ်ကိုကြည့်ရှုစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ မနှစ်မြို့ဖွယ်ကောင်းသောအလုပ်များကို မညည်းမညူလုပ်ဆောင်ခဲ့သည်။
ကျွန်တော့်အသက်တာသည် အမှန်ပင်ရွှင်လန်းခဲ့သည်။ ပြောပြမတတ်လောက်အောင် ပျော်ရွှင်ခဲ့သည်။ ဤမြေကြီးပေါ်တွင် ကိုယ်တော်အားထာဝစဉ်ဝတ်ပြုသွားလိုသော လှိုက်လှဲသည့်စိတ်ဆန္ဒဖြစ်ပေါ်ရသည့်အထိ ယေဟောဝါကိုဝတ်ပြုရခြင်းသည် ရွှင်လန်းဖွယ်ဖြစ်သည်။ ဆာလံ ၅၉:၁၆ တွင်ဖော်ပြထားသော “ကျွန်ုပ်မူကား တန်ခိုးတော်ကို သီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာသီချင်းဆိုပါမည်။ အကြောင်းမူကား၊ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာဖြစ်တော်မူ၏” ဟူသည့်အချက်ကို ကျွန်တော်အစဉ်အမြဲသတိရနေပေတော့မည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အီသီယိုးပီးယားဧကရာဇ် ဟေလီ စယ်လစီနှင့်အတူ ဂျော့ဂ်ျ ဘရွမ်လေး
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဂျော့ဂ်ျဘရွမ်လေးနှင့် သူ၏ဇနီးလူစီယယ်လ်