ကျမ်းစာသင်အံမှုများစရန် နိုးကြားနေ
၁ ယေဟောဝါသက်သေများအနေနှင့် ထမ်းဆောင်ရမည့်တာဝန်တစ်ခုသည် အိမ်တွင်းကျမ်းစာသင်အံမှုများစ၍ ကျင်းပပေးခြင်းဖြစ်သည်။ (မ၊ ၂၈:၁၉၊ ၂၀) ထိုကြောင့် ဤသို့ပြုရာတွင် ဘုရားသခင့်ဘက်တော်သားတစ်ဦး အသင်ဖြစ်မည်လော။ (၁ ကော၊ ၃:၉) စကြဝဠာတွင် အကြီးမြတ်ဆုံးပုဂ္ဂိုလ်အားသိကျွမ်းလာရန် သူတစ်ပါးကိုကူညီပေးခြင်းသည် အထူးမြတ်ဆုံးအခွင့်အရေးဖြစ်သည်။
၂ အပြောင်းအလဲများသော ကမ္ဘာ့အဖြစ်အပျက်များနှင့်စပ်လျဉ်း၍ ဖြစ်ပွားလာသည့်ပြဿနာများကြောင့် ယင်းတို့အဘယ်ကြောင့်ဖြစ်နေရသည်ကိုသိလိုသူ စိတ်နှလုံးရိုးဖြောင့်သူများစွာရှိသည်။ ရှေးအချိန်ကတည်းက အဖြေကိုယေဟောဝါပေးထားတော်မူပြီ။ စိတ်နှလုံးရိုးဖြောင့်သူတို့သည် ဘုရားသခင့်နှုတ်ကပတ်တော်ကိုသိရှိလာသည့်အခါ စိတ်သက်သာမှုရရှိကြသည်။ ထိုကြောင့် ကျမ်းစာသင်အံမှုများစရန် အခွင့်အရေးများကိုတွေ့ရှိရန် ကျွန်ုပ်တို့နိုးကြားနေရမည်။—သု၊ ၃:၂၇။
အခွင့်အရေးများအတွက် နိုးကြားနေ
၃ ဆွေမျိုး သို့မဟုတ် သမ္မာတရားတွင်မရှိသော အသိမိတ်ဆွေတစ်ဦးနှင့် ကျမ်းစာသင်အံမှုပြုလုပ်ရန် စဉ်းစားထားသလော။ သူတို့ကိုသိရှိထားသဖြင့် သမ္မာတရားအကြောင်း အဘယ်အချိန်တွင်ဆွေးနွေးရန် အသင့်တော်ဆုံးဖြစ်မည်ကို ကြိုသိထားနိုင်သည်။ သင့်တော်သောမေးခွန်းတစ်ခု၊ သို့မဟုတ် အခန့်သင့်အချိန်တွင်ပြောသောစကားတစ်ခွန်းသည် သမ္မာတရားစိတ်ဝင်စားသွားစေနိုင်ကြောင်း အမြဲသတိရထားပါ။ လူတစ်ဦး၏စိတ်ဝင်စားမှု နှိုးဆွခံရပြီးသည့်နောက် အကျိုးဖြစ်ထွန်းသောဆွေးနွေးမှုများ ဖြစ်ပွားလာတတ်သည်။ ဤတွင် ကျမ်းစာသင်အံမှုစနိုင်လိမ့်မည်။
၄ များသောအားဖြင့် ခရစ်ယာန်အိမ်ထောင်ဖက်တစ်ဦး၏ အကျင့်ကောင်းသည် မယုံကြည်သူအား သမ္မာတရားရရှိစေခဲ့ပြီ။ (၁ ပေ၊ ၃:၁၊ ၂) မယုံကြည်သူအိမ်ထောင်ဖက်များနှင့် အခြားမယုံကြည်သူအိမ်ထောင်သားများသည် အသင်းတော်သားများ၏အသိအမှတ်ပြုခံရသည့်အခါ အများအားဖြင့်ဝမ်းသာကြသည်။ သူတို့ကိုစိတ်ဝင်စားမှုပြခြင်းအားဖြင့် ခင်မင်ရင်းနှီးမှုကို များစွာတည်ဆောက်ပေးနိုင်ပါသည်။ သမ္မာတရားရှိအိမ်ထောင်ဖက် သို့မဟုတ် အိမ်ထောင်သားနှင့်တွဲဖက်ကြိုးစားခြင်းဖြင့် ကျမ်းစာသင်အံမှုစကောင်းစနိုင်မည်။
၅ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင်ပါဝင်နေစဉ် ပထမအကြိမ်လည်ပတ်ချိန်တွင်ပင် ကျမ်းစာသင်အံမှုစရန် ကြိုးစားနိုင်သည်။ စာပေတစ်စောင်မှ အဖြေပြပေးနိုင်သည့်မေးခွန်းများကို အိမ်ရှင်မေးမြန်းလာသည့်အခါ အချို့ကြေညာသူများ ကျမ်းစာသင်အံမှုများစနိုင်ခဲ့ပြီ။ စာပေကိုဖတ်ရှုရန် သို့မဟုတ် အိမ်ထဲဝင်လာရန် အိမ်ရှင်သဘောတူလျှင် ဆက်ဆွေးနွေးပြီးသင်အံပုံကိုတင်ပြခွင့်ရရှိပေမည်။ ပထမအကြိမ်တွင် မည်မျှကြာရှည်နေသင့်ကြောင်း အကဲခတ်၍ဆုံးဖြတ်ပါ။ ထိုနေ့အတွင်း သူအားလပ်သည့်အချိန်၊ သို့မဟုတ်နောက်တစ်နေ့တွင် ဆက်ဆွေးနွေးရန်ပြန်လာလျှင် ပိုအကျိုးရှိနိုင်သည်။ နောက်နောင်ပြန်လည်ပတ်သည့်အခါတွင် ပထမအကြိမ်၌ သင်ဆွေးနွေးတင်ပြခဲ့သည့်အကြောင်းကို အစဖေါ်ပြန်ဆက်ဆွေးနွေးလိုပေမည်။ သို့မဟုတ် နောက်ဆုံးလည်ပတ်ခဲ့ချိန်တွင် နောက်ဆုံးမေးခဲ့သည့်မေးခွန်းကိုပြန်မေး၍ ဆွေးနွေးခန်းစလိုပေမည်။
အလွတ်သဘောပြောဆိုချိန်ခါများ
၆ အိမ်တွင်းကျမ်းစာသင်အံမှုများစရာတွင် အလွတ်သဘောသက်သေခံခြင်းသည် အကျိုးဖြစ်ထွန်းသော အခြားနည်းလမ်းတစ်ခုဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းရပ်တွင် ကျမ်းစာလေ့လာလိုသူများနှင့် တွေ့ဆုံနိုင်သည်။ ထိရောက်မှုရှိရန်အကူအညီအနေနှင့် Reasoning စာအုပ်ရှိစမ်းသပ်အသုံးပြုပြီးသော နိဒါန်းများကိုအသုံးပြုနိုင်သည်။ အခြားနေရာဒေသ၌ နေထိုင်သူဖြစ်သဖြင့် ကိုယ်ကိုယ်တိုင် သင်အံမှုမပြုလုပ်ပေးနိုင်မည်စိုး၍ ကျမ်းစာသင်အံမှုကမ်းလှမ်းရန် မတွန့်ဆုတ်ပါနှင့်။
၇ အလွတ်သဘောသက်သေခံနိုင်ရန် အခွင့်ကောင်းများကို ရှာယူနေပါ။ သမ္မာတရားကိုစိတ်ဝင်စားမှုတိုးပွားစေမည့် ဝေစာများနှင့်မဂ္ဂဇင်းများကိုအသင့်ဆောင်ထားပါ။ (ဒေ၊ ၁၁:၁) တစ်ဦးတစ်ယောက်သည် သမ္မာတရားကိုစိတ်ဝင်စားမှုပြ၍ ထိုသူသည် သင့်အသင်းတော်ရပ်ကွက်တွင်မနေပါက သူ့လိပ်စာနှင့် အခြားသိသင့်သိအပ်သော အချက်အလက်များကို ရေးမှတ်ထားပြီး ထိုသူကိုတစ်ဦးတစ်ယောက်ကူညီပေးခြင်းငှာ သူနေထိုင်ရာအရပ်ရှိ အသင်းတော်ထံ လိပ်စာလွှဲအပ်ပေးပါ။
၈ တပည့်ဖြစ်စေခြင်းလုပ်ငန်းသည် လူနည်းစုအတွက်သာမဟုတ်ပါ။ အသင်းတော်တစ်ခုလုံးအတွက်ဖြစ်သည်။ တပည့်ဖြစ်စေသူများဖြစ်လာခြင်းသည် ခရစ်ယာန်တာဝန်ဖြစ်ကြောင်း စိတ်စွဲလမ်းထားခြင်းအားဖြင့် ကျမ်းစာသင်အံမှုများစရန် အခွင့်ကောင်းများကို ရှာယူနေရန် အားပေးမှုဖြစ်ပေမည်။