သမ္မာတရားကို ဆက်၍ပြောနေပါ
၁ တမန်တော်များက “ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်” ဟု မြွက်ဟပြောဆိုကြသည်။ (တမန်တော် ၄:၂၀) ယနေ့အချိန်တွင် ကျွန်ုပ်တို့လည်း သမ္မာတရားကို ဆက်၍လည်းပြောနေရမည်။ ကင်းမျှော်စင် နှင့် နိုးလော့! တို့ကို ထုတ်ဝေခြင်းမှာ နားထောင်မည့်သူများကို ရှာဖွေရန်အတွက်ရည်ရွယ်သော်လည်း စိတ်ဝင်စားသူများအား သမ္မာတရားကို ပို၍သွန်သင်ပေးဖို့ဆိုလျှင် ပြန်လည်ပတ်ရမည်။
၂ “အကြမ်းဖက်မှု” အကြောင်းအရာပါသည့် ဖေဖော်ဝါရီ ၁၅ “ကင်းမျှော်စင်” ကို ဝေငှပြီးနောက်တွင် ဤသို့ပြောကာ ကျမ်းစာသင်အံမှုတစ်ခုကို သင်အစပျိုးနိုင်သည်–
▪ “နောက်ဆုံးအခေါက်တုန်းက နိုင်ငံများရဲ့အကြမ်းဖက်မှုများနဲ့ အဲ့ဒီထဲမှာ ဘာသာတရားရဲ့ပါဝင်မှုအကြောင်း ကျွန်ုပ်တို့ပြောခဲ့ကြတယ်။ အဲ့ဒီအဖြစ်အပျက်တွေက နောက်ဆုံးအချိန်လို့ ကျမ်းစာကခေါ်တဲ့အချိန်မှာ ကျွန်ုပ်တို့အသက်ရှင်နေရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသက်သေပြတဲ့အကြောင်း သင် အသိအမှတ်ပြုပါသလား။ [ထာဝစဉ်အသက်ရှင် စာအုပ်ကိုပြ။ အခန်း ၁၈၊ ပထမစာပိုဒ်ကို ဖတ်ပြီး ၁၅၀ မှ ၁၅၃ ပါရုပ်ပုံများကို အထူးထုတ်နုတ်ဖော်ပြပါ။] ဒီစာအုပ်ဟာ အဲ့ဒီအကြောင်းနဲ့အတူ ဒီမာတိကာမှာဖော်ပြထားတဲ့ တခြားအကြောင်းအရာ ၂၉ ခုလည်းပါတယ်။ [စာမျက်နှာ ၅၊ ၆ ကိုပြ] ကျွန်ုပ်ကို ခွင့်ပြုမယ်ဆိုရင် ကျမ်းစာပါ ဒီအရေးကြီးတဲ့အကြောင်းအရာတွေကို နားလည်သွားဖို့ ဒီစာအုပ်က သင့်ကို ဘယ်လိုထောက်ကူနိုင်သလဲဆိုတာကို သရုပ်ပြချင်ပါတယ်။” ခွင့်ပြုပါက စာမျက်နှာ ၇ ဖြင့် စသင်ပါလေ။
၃ ယခုပင် ဘေးကင်းလုံခြုံသောအသက်တာ မည်သို့မည်ပုံခံစားနိုင်မည်ကို ပြန်လာပြီးရှင်းပြမည်ဟု သင်ကတိခံခဲ့ပါက ဤကဲ့သို့သောအရာတစ်ခုခုကို သင်ပြောနိုင်သည်–
▪ “ကျွန်ုပ်တို့ ဦးဆုံးတွေ့ဆုံခဲ့တုန်းက လူသားအနာဂတ်နဲ့ပတ်သက်ပြီး အကောင်းမြင်ဖို့အကြောင်းရင်းကို ဖော်ပြတဲ့ ကျမ်းစာမှ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဝေမျှခဲ့တယ်နော်။ ဒီနေ့ကျတော့ အခုလောလောဆယ်ပဲ ဘေးကင်းလုံခြုံပါလားလို့ ကျွန်ုပ်တို့ ခံစားသွားရအောင် စွမ်းဆောင်ပေးနိုင်တဲ့ပုဂ္ဂိုလ်က တင်ပြထားတဲ့အရာတစ်ခုအပေါ် အာရုံစိုက်စေချင်ပါတယ်။” ဆာလံ ၄:၈ ဖတ်။ ထာဝစဉ်အသက်ရှင် စာအုပ် စာမျက်နှာ ၁၅၉ ကိုလှန်လိုက်ပြီး စာပိုဒ် ၄ ကိုဖတ်ပါ။ ထို့နောက်ဤသို့မေးပါ– “ကိုယ့်ဘဝမှာ အဲ့ဒီလိုဘေးကင်းလုံခြုံမှုမျိုးကို သင်လည်း မည်သို့မည်ပုံခံစားနိုင်ကြောင်း ရှင်းရှင်းလင်းလင်းပြသတဲ့ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုကို ရရှိလိုပါသလား။” ရရှိလိုပါတယ်ဟု ဖြေလျှင် အခန်း ၁ ကို လှန်လိုက်ပါ။
၄ အလုပ်ခွင်တွင် ရိုးသားမှုရှိဖို့လိုကြောင်း အစပိုင်းတွင်ဆွေးနွေးခဲ့လျှင် ပြန်လည်ပတ်သွားသောအခါ ဤချဉ်းကပ်နည်းကို သင်ကြိုးစားကြည့်နိုင်သည်–
▪ “အလုပ်ခွင်မှာ ရိုးသားမှုအရေးကြီးကြောင်း ကျွန်ုပ်တို့ပြောခဲ့ကြတာကို သင်မှတ်မိမှာပါ။ လုကာ ၁၆:၁၀ မှာ မှတ်တမ်းတင်ထားတဲ့ ယေရှုခရစ်ရဲ့မိန့်မြွက်ချက်ဟာ အရောင်းအဝယ်အလုပ်မှာ လူတစ်ဦးရဲ့အလားအလာတွေကိုလည်း အကျိုးသက်ရောက်နိုင်ပါတယ်။ [ဖတ်ပြီး ကျမ်းချက်နဲ့ပတ်သက်၍ မှတ်ချက်ပေးပါ။] ကျမ်းစာမှာ မဿဲ ၄:၄ မှာတွေ့ရတဲ့ ယေရှုရဲ့ဒီစကားများအပါအဝင် ယနေ့ခေတ်လူသားအတွက် လက်တွေ့ကျတဲ့အကြံဉာဏ် ဒုနဲ့ဒေးပါရှိပါတယ်။” ထိုအခန်းငယ်ကို ဖတ်ပါ။ ကျမ်းစာမှန်မှန်လေ့လာခြင်း၏ အရေးကြီးမှုကို ထောက်ပြပါ။ ထာဝစဉ်အသက်ရှင် စာအုပ်ဖြင့် အိမ်တွင်းကျမ်းစာသင်အံမှုကို ကမ်းလှမ်းပါ။
၅ ပြန်လည်ပတ်သွားသောအခါ သင်ဤသို့ပြောကာ ကျမ်းစာသင်အံမှုကို တိုက်ရိုက်ကမ်းလှမ်းနိုင်သည်–
▪ “ကျမ်းစာသွန်သင်ချက်တွေအကြောင်း အနယ်နယ်အရပ်ရပ်မှာရှိတဲ့လူတွေကို ကြားသိစေဖို့ ကျွန်ုပ်တို့ရဲ့မဂ္ဂဇင်းတွေကို ကမ္ဘာတစ်ခွင်မှာ ဖြန့်ဝေပါတယ်။ လူတွေဟာ သူတို့သိရှိလာတဲ့အရာတွေကို တန်ဖိုးထားမယ်ဆိုရင် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုကို ကျွန်ုပ်တို့စီစဉ်ပေးပါတယ်။ [ကင်းမျှော်စင် နောက်ကျောဖုံးပါ ‘လည်ပတ်ခြင်းကို သင်ကြိုဆိုမည်လော’ လေးထောင့်ကွက်ကို ညွှန်ပြပါ] လမ်းညွှန်အနေနဲ့ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကို ကျွန်ုပ်တို့ အသုံးပြုပါတယ်။ သင်အံမှု ဘယ်လိုလုပ်တယ်ဆိုတာကို အတိုချုပ်ပြခွင့်ပြုပါ။”
၆ ကျွန်ုပ်တို့သည် သမ္မာတရားကို ဆက်ပြောနေပါက လိုလိုလားလားနားထောင် တုံ့ပြန်မည့်သူများရှိမည်ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။—မာ. ၄:၂၀။