အိမ်တွင် လူမရှိသည့်အခါ
၁။ တစ်အိမ်တက်ဆင်းဓမ္မအမှုတွင် ကြုံရလေ့ရှိသော ပြဿနာတစ်ခုကား အဘယ်နည်း။
၁ ဒေသများစွာ၌ အိမ်တွင်လူများကိုတွေ့ရန် ပို၍ခက်ခဲလာသည်။ ဤ “ခဲယဉ်းသောကာလ” တွင် လူများစွာသည် စားဝတ်နေရေးအတွက် နာရီပေါင်းများစွာ မဖြစ်မနေအလုပ်လုပ်ရကြသည်။ (၂ တိ. ၃:၁) အချို့သည် ငွေရှာရန်၊ ဈေးဝယ်ရန်၊ အပန်းဖြေရန် အိမ်ပြင်ထွက်ကြပေမည်။ ထိုသူတို့ထံ သတင်းကောင်းရောက်ရှိရန် ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်နိုင်သနည်း။
၂။ လူမရှိသောအိမ်များကို ဂရုစိုက်ကြောင်း မည်သို့တင်ပြနိုင်သနည်း။
၂ ကောင်းစွာမှတ်ထားပါ– ဦးဆုံး၊ လူမရှိသည့်အိမ်များကို မှတ်ထားပါ။ အထူးသဖြင့် ရပ်ကွက်တစ်ခုကို မကြာခဏဟောပြောရလျှင် ထိုသို့လုပ်ဆောင်ဖို့ အရေးကြီးသည်။ လမ်းအမည်၊ သင်ထုတ်ယူထားသည့် ကိုယ်ပိုင်ရပ်ကွက်နံပါတ်၊ သင့်အမည်၊ နေ့စွဲတို့ကို ရေးမှတ်ထားပါ။ ထို့ပြင် လူမရှိသည့်အိမ်များသို့ သင် သို့မဟုတ် အခြားကြေညာသူတစ်ဦး ပြန်သွားသောအခါ ရေးမှတ်နိုင်ရန် နေရာချန်ထားနိုင်သည်။ ရပ်ကွက်တစ်ခုလုံးပြီးသွားသောအခါ ရပ်ကွက်ကတ်ကိုင်သူက လူမရှိသည့်အိမ်များသို့ ပြန်လည်ပတ်ရန် သင့်ကို တာဝန်ဆက်မပေးပါက ရေးမှတ်ထားသောစာရွက်ကို သူ့အား ပေးဖို့မမေ့ပါနှင့်။ သင်ပြန်လည်ပတ်မည့် စိတ်ဝင်စားသူများကို နောက်တစ်ရွက်တွင် မှတ်သားပါ။
၃။ အိမ်တွင်မရှိသူများကို သက်သေခံနိုင်သည့် နည်းလမ်းအချို့ကား အဘယ်နည်း။
၃ အခြားအချိန်တွင် ပြန်သွားပါ– အချို့က ကြားရက်များတွင် အိမ်၌မရှိသော်လည်း ညနေခင်း သို့မဟုတ် စနေ၊ တနင်္ဂနွေနေ့များတွင် အိမ်၌ရှိနိုင်သည်။ အိမ်၌လူရှိနိုင်မည့်အချိန်တွင် ပြန်သွားဖို့ စီစဉ်နိုင်မည်လော။ (၁ ကော. ၁၀:၂၄) ထိုသို့မဖြစ်နိုင်ပါက အခြားအချိန်တွင် ပြန်သွားနိုင်မည့် ကြေညာသူတစ်ဦးအား လူမရှိသည့်အိမ်များကို မှတ်ထားသည့်စာရွက် ပေးနိုင်သည်။ သို့မဟုတ် အိမ်တွင်မတွေ့သူများထံ စာရေးနိုင်သည်၊ ဖုန်းဆက်နိုင်သည်။ ထိုသို့ပြုရာတွင် ကျန်းမာရေးပြဿနာများကြောင့် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် အပြည့်အဝမပါဝင်နိုင်သော ကြေညာသူများက သင့်ကို ကူညီလိုကြသည်။
၄။ လူမရှိသည့်အိမ်များသို့ ပြန်သွားရန် အရေးကြီးကြောင်း အဘယ်ဖြစ်ရပ်က ဖော်ပြသနည်း။
၄ အိမ်တွင်မရှိသူများကို သက်သေခံရန် အရေးကြီးကြောင်း အောက်ပါဖြစ်ရပ်က ဖော်ပြသည်။ ကြေညာသူများသည် အိမ်တစ်အိမ်ကို သုံးနှစ်တိုင် အကြိမ်ကြိမ်ပြန်သွားပြီးနောက်မှ အိမ်ရှင်နှင့် ဆုံတွေ့ခဲ့ရသည်။ အိမ်ရှင်သည် ထိုအိမ်သို့မပြောင်းရွှေ့မီက ကျမ်းစာလေ့လာခဲ့ဖူးရာ သက်သေခံတစ်ဦးနှင့်ပြန်တွေ့ဆုံရန် စောင့်မျှော်နေကြောင်း သိလိုက်ရသည်။
၅။ အဘယ်အချိန်တွင် ရပ်ကွက်တစ်ခုပြီးစီးပြီဟု သတ်မှတ်မည်နည်း။
၅ ရပ်ကွက်ကို ပြီးစီးစေပါ– အဘယ်အချိန်တွင် ရပ်ကွက်တစ်ခုပြီးစီးပြီဟု သတ်မှတ်မည်နည်း။ များသောအားဖြင့် အိမ်တိုင်းရှိလူတို့နှင့်တွေ့ဆုံရန် အတော်အတန်ကြိုးစားပြီးနောက်ဖြစ်သည်။ အထူးသဖြင့် တစ်ခါတစ်ရံသာ အမှုဆောင်သောရပ်ကွက်မှ လူမရှိသည့်အိမ်များတွင် ဝေစာ သို့မဟုတ် မဂ္ဂဇင်းအဟောင်းများကို လိမ္မာပါးနပ်စွာထားခဲ့ခြင်းသည် သင့်လျော်ပေမည်။ ရပ်ကွက်တစ်ခုသည် လေးလအတွင်း ပြီးစီးသင့်သည်။ ထို့နောက် ပြီးမပြီးစစ်ဆေးသင့်သည်။ သို့မှသာ ရပ်ကွက်အမှုထမ်းသည် ရပ်ကွက်မှတ်တမ်းများကို ပြုပြင်ပြောင်းလဲနိုင်မည်ဖြစ်၏။
၆။ ရပ်ကွက်ရှိလူတိုင်းထံ သတင်းကောင်းရောက်ရှိစေရန် အဘယ်ကြောင့်ကြိုးစားသင့်သနည်း။
၆ လူများနိုင်သမျှများများ ယေဟောဝါ၏နာမကိုခေါ်နိုင်ရန်နှင့် ကယ်တင်ခြင်းရနိုင်ရန် ကျွန်ုပ်တို့ လိုလားကြသည်။ (ရော. ၁၀:၁၃၊ ၁၄) ထိုသူတို့တွင် တစ်အိမ်မှတစ်အိမ်အမှုဆောင်သည့်အခါ အိမ်တွင်မတွေ့ရသူများလည်း ပါဝင်သည်။ တမန်တော်ပေါလုနည်းတူ သင်လည်း “ဘုရားသခင်၏ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို [နှံ့နှံ့စပ်စပ်] သက်သေခံ” ပါလေ။—တ. ၂၀:၂၄။