လမ်းပေါ်သက်သေခံခြင်းက ထိရောက်မှုရှိ
၁။ ကျွန်ုပ်တို့ ယေရှုကိုတုပနိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။
၁ ယေရှုဟာ မြေကြီးဓမ္မအမှုဆောင်ချိန်အတွင်း လမ်းပေါ်နဲ့ တခြားလူစည်ကားရာနေရာတွေမှာ ဆုံတွေ့ရတဲ့သူတွေနဲ့ စကားပြောဖို့ မတွန့်ဆုတ်ခဲ့ဘူး။ (လု. ၉:၅၇-၆၁; ယော. ၄:၇) အရေးကြီးတဲ့သတင်းတရားကို များနိုင်သမျှလူများများကို ကိုယ်တော် ပြောပြလိုခဲ့တယ်။ ယနေ့အချိန်မှာ လမ်းပေါ်သက်သေခံခြင်းက ဘုရားသခင်အကြောင်း လူတွေကိုသိရှိစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တယ်။ (သု. ၁:၂၀) လူတွေထံအစပြုချဉ်းကပ်ပြီး ပိုင်းခြားသိမြင်မှုရှိရှိ လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုရမှာဖြစ်တယ်။
၂။ လမ်းပေါ်သက်သေခံတဲ့အခါ ဘယ်လိုအစပြုလုပ်ဆောင်နိုင်သလဲ။
၂ အစပြုလုပ်ဆောင်ပါ– တစ်နေရာထဲမှာ ကျောက်ရုပ်လိုရပ်ပြီး လမ်းသွားလမ်းလာတွေ ကိုယ့်အနားလာတဲ့အထိစောင့်နေမယ့်အစား သူတို့ဆီသွားပြီး ချဉ်းကပ်တာက ပိုကောင်းလေ့ရှိတယ်။ ပြုံးပြပါ၊ မျက်လုံးချင်းဆုံဖို့ ကြိုးစားပါ၊ တည်ငြိမ်ပြီး ရင်းနှီးဖော်ရွေတဲ့ အပြုအမူရှိပါ။ သင်ဟာ တခြားကြေညာသူတွေနဲ့အတူ လုပ်ဆောင်နေတယ်ဆိုရင် လူခွဲပြီးသွားတာက ကောင်းပါတယ်။ စိတ်ဝင်စားသူနဲ့ နောက်တစ်ခေါက် ထပ်စကားပြောနိုင်ဖို့ သင့်ဘက်က ကြိုးစားလုပ်ဆောင်ဖို့လည်း လိုတယ်။ စကားပြောလို့ပြီးသွားတဲ့အခါ အခြေအနေပေးတယ်ဆိုရင် သူနဲ့ဘယ်လိုဆက်သွယ်နိုင်သလဲဆိုတာ မေးမြန်းပါ။ ကြေညာသူတချို့က တစ်နေရာထဲမှာပဲ ပုံမှန် လမ်းပေါ်သက်သေခံတဲ့အခါ အဲဒီပုဂ္ဂိုလ်နဲ့ ပြန်တွေ့ပြီး စကားပြောနိုင်လို့ စိတ်ဝင်စားမှုတိုးများလာအောင် လုပ်ဆောင်နိုင်ကြတယ်။
၃။ လမ်းပေါ်သက်သေခံရာမှာ ပိုင်းခြားသိမြင်မှုရှိရှိ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။
၃ ပိုင်းခြားသိမြင်မှုကို အသုံးပြုပါ– လမ်းရဲ့ဘယ်နေရာမှာ ရပ်မယ်၊ ဘယ်သူ့ထံချဉ်းကပ်စကားပြောမယ်ဆိုတာကို ဆုံးဖြတ်ရာမှာ ပိုင်းခြားသိမြင်မှုရှိပါ။ လမ်းသွားလမ်းလာအားလုံးကို သက်သေခံဖို့ မလိုပါဘူး။ မျက်စိရှင်ရှင်ထားပါ။ ဥပမာ၊ လူတစ်ယောက်က ရေးကြီးသုတ်ပျာဖြစ်နေတယ်ဆိုရင် သူ့ကိုမဟောတာက အကောင်းဆုံးဖြစ်နိုင်တယ်။ စီးပွားရေးလုပ်တဲ့နေရာတစ်ခုမှာ သက်သေခံတဲ့အခါ မန်နေဂျာသတိမထားမိအောင် ပညာရှိရှိလုပ်ဆောင်ပါ။ အဆောက်အဦထဲဝင်မယ့်လူကို သက်သေခံတာထက် ကိစ္စပြီးလို့ ထွက်လာတဲ့သူကို သက်သေခံတာက ပိုကောင်းပါတယ်။ လူတွေကို အထိတ်တလန့်မဖြစ်စေတဲ့၊ အနှောင့်အယှက်မဖြစ်စေတဲ့နည်းနဲ့ ချဉ်းကပ်ပါ။ စာပေတွေဝေငှရာမှာလည်း ပိုင်းခြားသိမြင်မှုရှိပါ။ သိပ်စိတ်မဝင်စားဘူးဆိုရင် မဂ္ဂဇင်းဝေမယ့်အစား ဝေစာပေးနိုင်ပါတယ်။
၄။ လမ်းပေါ်သက်သေခံခြင်းက ဘာကြောင့် အကျိုးရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ သက်သေခံနည်းဖြစ်သလဲ။
၄ လမ်းပေါ်သက်သေခံခြင်းက အချိန်တိုအတွင်းမှာ အမှန်တရားမျိုးစေ့များစွာ ကြဲဖြန့်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်တယ်။ (ဒေ. ၁၁:၆) ကျွန်ုပ်တို့နဲ့ဆုံတွေ့သူတွေက တစ်အိမ်တက်ဆင်းသွားချိန်မှာ အိမ်မှာမရှိတဲ့သူတွေတောင် ဖြစ်နိုင်တယ်။ ပျော်ရွှင်စရာကောင်းပြီး ထိရောက်တဲ့လယ်ကွင်းလုပ်ငန်းဖြစ်တဲ့ လမ်းပေါ်သက်သေခံခြင်းမှာ ပါဝင်လုပ်ဆောင်ဖို့ စီစဉ်ပါ။