ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၁ အမှတ် ၃ စာ. ၆-၈
  • ပညာရေးနဲ့ ငွေက လုံခြုံစိတ်ချရတဲ့ အနာဂတ် ရစေနိုင်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပညာရေးနဲ့ ငွေက လုံခြုံစိတ်ချရတဲ့ အနာဂတ် ရစေနိုင်သလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူအများစု ရွေးချယ်ရာ
  • ဘာအကျိုး ရသလဲ
  • ပညာရေးကို ယေဟောဝါသက်သေတွေ ဘယ်လို ရှုမြင်ကြသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • မိဘတို့၊ သားသမီးများကို အဘယ်အနာဂတ် ရရှိစေလိုကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • လုံခြုံစိတ်ချရတဲ့ အနာဂတ်ကို လူတိုင်း လိုချင်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • လုံခြုံစိတ်ချရတဲ့ အနာဂတ်ရစေတဲ့ နည်းလမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
ကလ၂၁ အမှတ် ၃ စာ. ၆-၈
မိန်းကလေးနှစ်ယောက် တက္ကသိုလ်တစ်ခုရဲ့ စာသင်ခန်းထဲ လမ်းလျှောက်သွားနေစဉ်။

ပညာရေးနဲ့ ငွေက လုံခြုံစိတ်ချရတဲ့ အနာဂတ် ရစေနိုင်သလား

အဆင့်မြင့် ပညာတတ်ရင်၊ ချမ်းသာရင် လုံခြုံစိတ်ချရတဲ့ အနာဂတ်ရမယ်လို့ လူများစွာ ယူဆကြတယ်။ ဘွဲ့ရထားရင် လုပ်ငန်းခွင်အတွက်၊ မိသားစုအတွက်၊ လူ့အသိုင်းအဝိုင်းအတွက် အကျိုးရှိတယ်လို့ ယုံကြည်ကြတယ်။ ပညာတတ်ရင် လစာကောင်းတဲ့အလုပ် ရမယ်၊ ငွေအများကြီး ရှိလာပြီး ပျော်ရွှင်မယ်လို့ ယူဆကြတယ်။

လူအများစု ရွေးချယ်ရာ

တရုတ်နိုင်ငံက ကျောက်ချန် ပြောတာကို နားထောင်ကြည့်ပါ– “ဆင်းရဲတွင်းက လွတ်ဖို့ဆိုရင် ဘွဲ့ရဖို့ လိုတယ်၊ လစာကောင်းတဲ့ အလုပ်ရှိရင် ပျော်ရွှင်ကျေနပ်တဲ့ဘဝ ရမယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။”

လူများစွာဟာ လုံခြုံစိတ်ချရတဲ့ အနာဂတ်ရဖို့ နာမည်ကြီး တက္ကသိုလ်တွေမှာ၊ နိုင်ငံရပ်ခြားမှာ ပညာဆည်းပူးချင်ကြတယ်။ ကိုဗစ်-၁၉ မဖြစ်ခင်တုန်းက အဲဒါ ခေတ်စားတယ်။ ၂၀၁၂ ခုနှစ် အဖွဲ့အစည်းတစ်ခုရဲ့ လေ့လာချက်အရ “နိုင်ငံရပ်ခြားမှာ ပညာသင်နေတဲ့ ကျောင်းသားတစ်ဝက်ကျော်ဟာ အာဆီယံ နိုင်ငံတွေက ဖြစ်တယ်” လို့ ဆိုတယ်။

သားသမီးတွေ နိုင်ငံရပ်ခြားမှာ တက္ကသိုလ်တက်ဖို့ မိဘတွေက ရုန်းကန်ကြရတယ်။ ထိုင်ဝမ်က ရှီရှောင် ဒီလို ပြောတယ်– “ကျွန်တော့်မိဘတွေက မချမ်းသာဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မောင်နှမ လေးယောက်ကို အမေရိကန်မှာ ကျောင်းထားပေးတယ်။” သူ့ရဲ့ မိသားစုလည်း တခြား မိသားစုတွေလိုပဲ ကျောင်းစရိတ်ကြောင့် အကြွေးနစ်ခဲ့ရတယ်။

ဘာအကျိုး ရသလဲ

မောပန်းနွမ်းနယ်နေတဲ့ မိန်းကလေးတစ်ယောက် ညသန်းခေါင်မှာ ကွန်ပြူတာရှေ့ ထိုင်နေစဉ်။

အဆင့်မြင့် ပညာရေးနဲ့ စည်းစိမ်ဥစ္စာကို လိုက်စားသူ များစွာဟာ စိတ်ပျက်လက်ပျက် ဖြစ်ကြ

ပညာရေးက ကဏ္ဍတချို့မှာ ဘဝကို တိုးတက်စေနိုင်ပေမဲ့ ကျောင်းသားတွေ မျှော်လင့်တဲ့ အတိုင်း အမြဲ ဖြစ်မလာဘူး။ ဥပမာ၊ တချို့သူတွေဟာ ပင်ပင်ပန်းပန်း အလုပ်လုပ်၊ ငွေချေးပြီး ကျောင်းတက်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့လိုချင်တဲ့ အလုပ်မျိုး မရကြဘူး။ စင်္ကာပူ စီးပွားရေး စာစောင်တစ်ခုမှာ ရေချယ်မွေက “ဘွဲ့ရ အလုပ်လက်မဲ့တွေ များများလာပြီ” လို့ ပြောတယ်။ ဘွဲ့လက်မှတ် အများကြီးရထားတဲ့ ထိုင်ဝမ်က ဂျဲရင့်ချယ် ဒီလို ပြောတယ်– “လူများစွာဟာ ရထားတဲ့ဘွဲ့နဲ့ မသက်ဆိုင်တဲ့ အလုပ်ကို လုပ်နေကြရတယ်။”

ကိုယ်တတ်ထားတဲ့ပညာနဲ့ ကိုက်ညီတဲ့အလုပ် ရထားတဲ့သူတွေတောင် ဘဝက မျှော်လင့်တဲ့အတိုင်း ဖြစ်မလာဘူးဆိုတာ သိလာကြရတယ်။ ထိုင်းနိုင်ငံက နီရန်ဟာ ဥရောပမှာ ကျောင်းတက်ပြီး ပြန်လာတဲ့အခါ သင်ထားတဲ့ပညာနဲ့ ကိုက်ညီတဲ့ အလုပ် ရခဲ့တယ်။ “ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်း လစာကောင်းတဲ့ အလုပ်တစ်ခု ရတယ်။ ဒါပေမဲ့ လစာကောင်းလေ၊ ပင်ပန်းလေ၊ အချိန်ပိုပေးရလေပဲ။ နောက်ပိုင်းမှာ ကုမ္ပဏီက အလုပ်သမားတွေ လျှော့လိုက်တော့ ကျွန်တော်လည်း ပါသွားတယ်။ ဘယ်အလုပ်မှ လုံခြုံစိတ်ချရတဲ့ အနာဂတ်အတွက် အာမ မခံဘူးဆိုတာ ကျွန်တော် သိလာတယ်။”

ချမ်းသာတဲ့သူတွေ၊ ပျော်ရွှင်သာယာတဲ့ ဘဝကို ပိုင်ဆိုင်ထားတယ်လို့ ထင်တဲ့သူတွေတောင် မိသားစု ပြဿနာ၊ ကျန်းမာရေး ပြဿနာ၊ ငွေကြေး ပြဿနာ ကြုံနေကြရတယ်။ ဂျပန်နိုင်ငံက ကာဆူတိုရှီ ဒီလိုပြောတယ်– “ကျွန်တော့်မှာ ပိုင်ဆိုင်ရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ပြိုင်ဆိုင်မှု၊ မနာလိုမှု၊ အနိုင်ကျင့်မှုတွေကြောင့် စိတ်ပျက်ရတယ်။” ဗီယက်နမ်က လမ် ဒီလို ပြောတယ်– “လူတွေဟာ လစာကောင်းတဲ့ အလုပ် ရဖို့ ကြိုးစားပြီး ငွေရေးကြေးရေးအတွက် စိတ်မပူရအောင် လုပ်ကြတယ်။ တကယ်တမ်းကျတော့ စိုးရိမ်ပူပန်ပြီး ဖျားနာလာ၊ စိတ်ဓာတ်ကျလာကြတယ်။”

ပညာရေးနဲ့ ငွေက ဘာကြောင့် အာမခံချက် မရှိသလဲ

ကိုယ်တိုင်နဲ့ မိသားစုအတွက် အခြေခံ ပညာတတ်ဖို့၊ ငွေရှိဖို့ လိုပါတယ်။ ဒါပေမဲ့ လုံခြုံစိတ်ချတဲ့ အနာဂတ်ရဖို့ ဒါတွေနဲ့ပဲ မလုံလောက်ဘူး။ ဘာကြောင့်လဲ။ သမ္မာကျမ်းစာမှာ ဘာပြောထားသလဲဆိုတာ လေ့လာကြည့်ပါ။

အဆင့်မြင့်ပညာရေးက အောင်မြင်မှု အမြဲ မရရှိစေဘူး။

“အပြေးသန်တယ်ဆိုတိုင်း ပြေးပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။ . . . ဉာဏ်ကောင်းတယ်ဆိုတိုင်း အမြဲချမ်းသာကြွယ်ဝတာ မဟုတ်ဘူး။ ဗဟုသုတကြွယ်တယ်ဆိုတိုင်း အမြဲအောင်မြင်တာ မဟုတ်ဘူး။ လူအားလုံးဟာ မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်လို့ပဲ။”—ဒေသနာ ၉:၁၁။

အရည်အချင်းရှိတဲ့သူတိုင်း အောင်မြင်တာ မဟုတ်ဘူး။ ကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ ပေါ်လာတတ်တယ်။ စီးပွားရေး၊ နိုင်ငံရေး ကမောက်ကမဖြစ်မှု၊ မလိုမုန်းထားမှုတို့ကြောင့် ပညာတတ်တွေတောင် မျှော်လင့်ထားတဲ့အတိုင်း မဖြစ်လာကြဘူး။

စည်းစိမ်ချမ်းသာက မတည်မြဲဘူး။

“စည်းစိမ်ဥစ္စာရဖို့ ရေကုန်ရေခန်း မကြိုးစားနဲ့။ ရပ်တန်းကရပ်ပြီး သိနားလည်မှုရှိကြောင်း ပြပါ။ စည်းစိမ်ဥစ္စာတွေဟာ မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်သွားတတ်တယ်။ လင်းယုန်လို အတောင်တွေပေါက်ပြီး ကောင်းကင်ကို ပျံသွားလိမ့်မယ်။”—ပညာအလိမ္မာ ၂၃:၄၊ ၅။

ငွေကရတဲ့ လုံခြုံမှုဟာ စိတ်မချရဘူး။ ငွေကြေး ကမောက်ကမ ဖြစ်မှုကြောင့် တစ်သက်လုံး စုဆောင်းခဲ့တဲ့ငွေတွေ တစ်ညတည်းနဲ့ ကွယ်ပျောက်သွားနိုင်တယ်။ ငလျင်၊ တောမီး၊ မုန်တိုင်း စတဲ့ သဘာဝဘေးတွေကြောင့် လူတစ်ယောက် မွဲပြာကျသွားနိုင်တယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်သွားနိုင်တယ်။

ငွေက ပြဿနာတွေ ဖန်တီးတတ်တယ်။

“သူဌေးသူကြွယ်ကတော့ စည်းစိမ်တွေကြောင့် အိပ်ရေးပျက်ရတယ်။”—ဒေသနာ ၅:၁၂။

အဲဒီစကား မှန်တယ်ဆိုတာ ဟောင်ကောင်မှာနေတဲ့ ဖရန်ကလင် သိခဲ့ရတယ်။ အဆင့်မြင့် ပညာတတ်တယ်၊ လစာကောင်းတဲ့ အလုပ်ရှိတယ်။ ဒါနဲ့ မန်နေဂျာ ဖြစ်သွားတယ်။ သူဒီလိုပြောတယ်– “ဖိစီးမှုကြောင့် ကျွန်တော့်ကျန်းမာရေး ထိခိုက်လာတယ်။ ပူပန်နေရလို့ အိပ်မပျော်ဘူး။” မခံနိုင်တော့တဲ့အဆုံးမှာ “ငါဘာကြောင့် ဒါတွေ လုပ်နေတာလဲလို့ စမေးမိတယ်။ ဘဝရည်ရွယ်ချက်ကို ပိုပိုပြီး စဉ်းစားလာတယ်။”

“စည်းစိမ်ဥစ္စာရဖို့ ရေကုန်ရေခန်း မကြိုးစားနဲ့။”—ပညာအလိမ္မာ ၂၃:၄။

ဖရန်ကလင်လိုပဲ လူများစွာဟာ ဘဝမှာ အဆင့်မြင့်ပညာ လိုက်စားတာ၊ စည်းစိမ်ဥစ္စာ ရှာဖွေတာထက် ပိုအရေးကြီးတာ ရှိဦးမယ်လို့ ကောက်ချက်ချကြတယ်။ တချို့ကျတော့ စည်းစိမ်ဥစ္စာကို အဓိကမထားဘဲ လူကောင်းဖြစ်ဖို့၊ ကောင်းမှုလုပ်ဖို့ ကြိုးစားပြီး ပိုကောင်းတဲ့ အနာဂတ်ကို ရှာဖွေကြတယ်။ အဲဒီလို လုပ်တာက လုံခြုံစိတ်ချရတဲ့ အနာဂတ်ကို ရစေမလား။ နောက်ဆောင်းပါးမှာ အဖြေတွေ့ပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ