အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
ချစ်လှစွာသော ယေဟောဝါသက်သေများ–
တမန်တော်ပေါလုသည် သူ၏ယုံကြည်သူချင်းများကို ချစ်မြတ်နိုးကြောင်းနှင့် ကျေးဇူးတင်လေးမြတ်ကြောင်း အခွင့်အရေးရတိုင်း ဖော်ပြခဲ့၏။ ရောမမြို့ရှိ ခရစ်ယာန်များထံ သူဤသို့ရေးခဲ့သည်– “သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတစ်ပြင်လုံး၌ အနှံ့အပြားကျော်ဇောသည်ဖြစ်၍ သင်တို့အကြောင်းကြောင့် ယေရှုခရစ်အားဖြင့် ငါ၏ဘုရားသခင်ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။” (ရော. ၁:၈) ပထမရာစုမှခရစ်ယာန်များသည် သူတို့၏ခိုင်ခံ့သောယုံကြည်ခြင်းနှင့် ဇွဲထက်သန်စွာဟောပြောခြင်းတို့ကြောင့် ရောမအင်ပါယာတစ်ခွင်တွင် လူသိများခဲ့သည်။ (၁ သက်. ၁:၈) ထို့ကြောင့် ထိုညီအစ်ကိုများကို ပေါလု အလွန်ချစ်ခင်စုံမက်ရခြင်းမှာ အံ့ဩစရာမဟုတ်ပေ။
ပေါလုနည်းတူ ကျွန်ုပ်တို့လည်း သင်တို့ကိုသတိရသည့်အခါတိုင်း ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းပါသည်။ သင်တို့အားလုံးကို ကျွန်ုပ်တို့ အလွန်ချစ်မြတ်နိုးသည်။ ထို့ပြင် သင်တို့တစ်ဦးစီကို ယေဟောဝါချစ်မြတ်နိုးကြောင်း စိတ်ချနိုင်ပါသည်။ သင်တို့ထဲမှအချို့သည် ပြင်းထန်သောဆန့်ကျင်မှုကြုံရသော်လည်း ဆက်၍ဟောပြောနေကြသည်။ သင်တို့၏ရဲရင့်မှုနှင့် မကြောက်ရွံ့မှုတို့က ယေဟောဝါ၏စိတ်တော်ကို အလွန်ရွှင်လန်းစေသည်တကား။—သု. ၂၇:၁၁။
သို့သော်၊ သခင်ယေရှုခရစ်သည် “အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း ထွက်သွား” လျက်ရှိကြောင်း၊ ခရစ်တော်နောက်လိုက်များ တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမြောက်မည်မဟုတ်ကြောင်း ဖော်ပြသည့် အထောက်အထားများစွာ ရှိပါသည်။—ဗျာ. ၆:၂; ဟေရှာ. ၅၄:၁၇။
“သင်တို့သည် . . . [“သတင်းကောင်းအတွက် ပါဝင်ပေးဆက်၊” ကဘ] ကြောင်းကို ငါထောက်သဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏” ဟူ၍ ဖိလိပ္ပိမြို့ရှိခရစ်ယာန်များထံ ပေါလုရေးခဲ့သည်။ (ဖိ. ၁:၃-၅) ကျွန်ုပ်တို့အုပ်ချုပ်ရေးအဖွဲ့ဝင်များလည်း သင်တို့နှင့်ပတ်သက်၍ အလားတူခံစားရသည်။ ၂၀၀၇ လုပ်ငန်းတော်နှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၂၃၆ နိုင်ငံတွင် ကြေညာသူ ၆,၆၉၁,၇၉၀ ယောက်သည် သတင်းကောင်းဟောပြောခြင်း၌ နာရီပေါင်း ၁,၄၃၁,၇၆၁,၅၅၄ နာရီကို အသုံးပြုခဲ့ကြသည်။ သင်တို့သည် သတင်းကောင်းပျံ့နှံ့စေရာတွင် အကြီးအကျယ် ပါဝင်ပေးဆက်ခဲ့ကြသည်တကား။ ကျွန်ုပ်တို့၏စုပေါင်းကြိုးပမ်းမှုကြောင့် သိန်းနှင့်ချီသောလူတို့ အကျိုးခံစားရပြီး ယင်းတို့အားလုံးက ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းမှုဖြစ်စေသည်။
နောက်တစ်ကြိမ်တွင် ပေါလုသည် ညီအစ်ကိုများကို အလွန်ထောက်ထားစာနာကြောင်း ဖော်ပြခဲ့သည်။ သက်သာလောနိတ်မြို့သားများထံ သူဤသို့ရေးခဲ့၏– “ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌ သင်တို့သည် . . . ငါတို့သခင်ယေရှုခရစ်ကို မျှော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ်အောက်မေ့လျက်” ရှိသည်။ (၁ သက်. ၁:၂-၄) ဘဝဟူသည် ပြဿနာများနှင့်မကင်းပေ။ သို့သော် ပြဿနာများပေါ်လာသည့်အခါ ကျွန်ုပ်တို့ခံနိုင်ရည်ရှိဖို့ အရေးကြီးသည်။ အဘယ်ပြဿနာများကို သင်ရင်ဆိုင်နေရသနည်း။ သင်သည် အသည်းအသန်ဖျားနာနေပြီး ယေဟောဝါ၏အမှုတော်တွင် အကန့်အသတ်ဖြင့်သာ ပါဝင်နိုင်သောကြောင့် စိတ်ဓာတ်ကျနေသလော။ သင်နှင့်နှစ်ပေါင်းများစွာပေါင်းသင်းခဲ့သည့် ချစ်ရသောအိမ်ထောင်ဖက်သည် အလိုဆန္ဒမပြေနိုင်သောသင်္ချိုင်းတွင်းသို့ သက်ဆင်းခဲ့ရသလော။ (သု. ၃၀:၁၅၊ ၁၆) သခင်ဘုရား၌သာထိမ်းမြားပါဟူသော ကျမ်းစာအကြံဉာဏ်ကို သစ္စာရှိရှိလိုက်နာနေသော်လည်း သင့်နည်းတူ ယေဟောဝါကိုချစ်သော ကြင်ဖော်ကိုမတွေ့နိုင်ဘဲဖြစ်နေသလော။ (၁ ကော. ၇:၃၉) စီးပွားရေး အလွန်ကျပ်တည်းသည့်ကြားမှ သားသမီးများကိုကျွေးမွေးစောင့်ရှောက်ရန် ကြိုးစားနေရပါသလော။ သင်တို့၏အခြေအနေ မည်သို့ပင်ရှိပါစေ နိုင်ငံတော်အကျိုးစီးပွားကိုဦးစားထားလျှင် ယေဟောဝါသည် မိမိ၏ “နာမတော်ကိုထောက်၍ ပြသောမေတ္တာကို မေ့လျော့” တော်မူမည်မဟုတ်ကြောင်း စိတ်ချနိုင်ပါသည်။ ထို့ကြောင့် ညီအစ်ကိုညီအစ်မတို့၊ “အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်” ကြပါစို့။—ဟေဗြဲ ၆:၁၀; ဂလ. ၆:၉။
သင်တို့ကို အဘယ်အရာက ခံနိုင်ရည်ရှိစေမည်နည်း။ သက်သာလောနိတ်မြို့သားများနည်းတူ “ငါတို့သခင်ယေရှုခရစ်ကို မျှော်လင့်” ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ပေါလုသည် “ကယ်တင်ခြင်းသို့ရောက်မည်ဟု မျှော်လင့်ခြင်း” ကို ခိုင်ခံ့သောသံခမောက်နှင့် နှိုင်းယှဉ်ခဲ့ခြင်းဖြစ်၏၊ ယင်းသည် အပျက်သဘောနှင့်သံသယများ မဝင်စေရန် ကာကွယ်ပေးနိုင်သည်။—၁ သက်. ၅:၈။
သင်တို့သည် ဝမ်းမြောက်စွာခံရပ်ခြင်းဖြင့် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုအရေးကိစ္စတွင် စာတန်၏စွပ်စွဲချက်များကို ချေပနေကြသည်။ ဘုရားသခင်၏ကျေးကျွန်များသည် မွေးရာပါအတ္တစိတ်များရှိကြောင်း၊ ဘုရားသခင်ကို အခိုက်အတန့်မျှဝတ်ပြုလိုမည်ဖြစ်သော်လည်း စမ်းသပ်မှုတိုးများလာလျှင် သို့မဟုတ် ဤအစီအစဉ်စနစ်သည် သူတို့မျှော်လင့်သည်ထက် ပိုရှည်လျားနေလျှင် သူတို့ဝတ်ပြုတော့မည်မဟုတ်ကြောင်း စာတန်စွပ်စွဲခဲ့သည်။ စာတန်သည် ယုတ်မာသောမုသာကောင်ဖြစ်ကြောင်း ဖော်ထုတ်ရမည့်အခွင့်ထူးကြီးကို သင်တို့ရရှိထားသည်။ တစ်ရက်ကုန်သွားတိုင်း သင်တို့မျှော်လင့်နေသော ကောင်းချီးများခံစားရရန် သာ၍နီးကပ်လာလေပြီ။
ပေါလုသည် ညီအစ်ကိုများ၏ ခိုင်မာသောယုံကြည်ခြင်း၊ ဟောပြောခြင်းလုပ်ငန်းတွင် ရက်ရောစွာပါဝင်ပေးဆက်ခြင်း၊ ခံနိုင်ရည်ရှိခြင်းတို့ကို ချီးမွမ်းခွင့်ရရှိသောကြောင့် ဝမ်းမြောက်သကဲ့သို့ ကျွန်ုပ်တို့လည်း သင်တို့ကိုချီးမွမ်းခွင့်နှင့် ချစ်မြတ်နိုးကြောင်း ဖော်ပြခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါသည်။ ကောင်းမှုများကို ဆက်၍လုပ်ဆောင်ကြပါစို့။
လာမည့်နှစ်တွင် ဘုရားသခင်ထံမှကောင်းချီးများစွာ ခံစားနိုင်ကြပါစေ။ ဆန္ဒမွန်များစွာဖြင့်၊
သင်တို့၏ညီအစ်ကိုများ၊
ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့