ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၃၆ စာ. ၂၀၉-စာ. ၂၁၁ ပိုဒ်. ၁
  • အဓိကအကြောင်းကို အဆင့်ဆင့် တည်ဆောက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဓိကအကြောင်းကို အဆင့်ဆင့် တည်ဆောက်ခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခေါင်းစဉ်နှင့် အဓိကအချက်များကို ပေါ်လွင်စေခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • အောက်လိုင်းတစ်ခု ရေးဆွဲခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အဓိကအချက်တွေကို ပေါ်လွင်စေခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • အောက်လိုင်းရေးဆွဲခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၃၆ စာ. ၂၀၉-စာ. ၂၁၁ ပိုဒ်. ၁

သင်ခန်းစာ ၃၆

အဓိကအကြောင်းကို အဆင့်ဆင့် တည်ဆောက်ခြင်း

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

သင်၏အဓိကအကြောင်းကို ရည်ညွှန်းကာ ယင်းအပေါ် ဟောပြောနေသည့်တစ်လျှောက်လုံး နည်းအမျိုးမျိုးဖြင့် အကျယ်ချဲ့သွားပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

သင်၏တင်ဆက်မှုကို တစ်ပေါင်းတစ်စည်းတည်းဖြစ်စေပြီး ပရိသတ်အား သင်ပြောဆိုရာကို နားလည်စေကာ မှတ်မိစေသည်။

အတွေ့အကြုံရှိဟောပြောသူများသည် အဓိကအကြောင်းရှိခြင်း၏တန်ဖိုးကို သိကြသည်။ ဟောပြောချက်ပြင်ဆင်နေသည့်အခါ အဓိကအကြောင်းက သတ်သတ်မှတ်မှတ် သတင်းအချက်အလက် နယ်ပယ်အပေါ်တွင် အဓိကအာရုံစူးစိုက်စေရန်နှင့် ယင်းကို ပို၍နက်နက်ရှိုင်းရှိုင်း စဉ်းစားစေရန်ထောက်ကူပေးသည်။ အကျိုးရလဒ်မှာ အချက်များစွာတို့ကို အပေါ်ယံဆွေးနွေးတင်ပြမည့်အစား ပရိသတ်ကို ပို၍အကျိုးဖြစ်ထွန်းစေသည့်နည်းဖြင့် အကြောင်းအရာကို အဆင့်ဆင့် တည်ဆောက်သွားစေသည်။ အဓိကအချက်တစ်ချက်စီကို အဓိကအကြောင်းနှင့် တိုက်ရိုက်ဆက်သွယ်ကာ ယင်းကို အဆင့်ဆင့်တည်ဆောက်သွားရန် ထောက်ကူသောအခါ ယင်းအချက်များကိုလည်း မှတ်မိစေရန်နှင့် ပရိသတ်သည် ၎င်းတို့၏အရေးပါမှုကို သတိပြုစေရန်လည်း ထောက်ကူပေးသည်။

သင်၏အဓိကအကြောင်းသည် သင်ဟောပြောမည့် အကြောင်းအရာဖြစ်သည်ဟု ဆိုနိုင်သော်လည်း သင်၏အဓိကအကြောင်းဟူသည် သတ်သတ်မှတ်မှတ်ရှုထောင့်ဖြစ်ကာ ယင်းအပေါ်မူတည်၍ အကြောင်းအရာကို အဆင့်ဆင့်တည်ဆောက်သွားခြင်းဖြစ်ကြောင်း ခံယူထားပါက သင့်ဟောပြောချက်အရည်အသွေး တိုးတက်လာမည်ဖြစ်ကြောင်း သင်တွေ့ရှိရမည်။ နိုင်ငံတော်၊ သမ္မာကျမ်းစာနှင့် ထမြောက်ခြင်းတို့သည် ကျယ်ပြန့်သော အကြောင်းအရာများဖြစ်ကြသည်။ ထိုအကြောင်းအရာများအပေါ်တွင် အဓိကအကြောင်းအမျိုးမျိုးကို တည်ဆောက်သွားနိုင်သည်။ နမူနာအချို့မှာ ဤသို့– “နိုင်ငံတော်၊ တကယ့်အစိုးရအဖွဲ့တစ်ဖွဲ့၊” “ဘုရားသခင့်နိုင်ငံတော်က မြေကြီးကို ပရဒိသုဖြစ်စေမည်၊” “သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းခြင်းအားဖြင့်ဖြစ်သည်၊” “သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ခေတ်အတွက် လက်တွေ့ကျသော လမ်းညွှန်ချက်တစ်ခုဖြစ်၊” “ပူဆွေးသောကရောက်နေသူများကို ထမြောက်ခြင်းက မျှော်လင့်ချက်ပေး၊” နှင့် “ညှဉ်းပန်းနှိပ်စက်မှု ကြုံရသည့်အခါ ထမြောက်ခြင်းမျှော်လင့်ချက်က ကျွန်ုပ်တို့အား ဆက်၍ခိုင်ခံ့မြဲမြံစေ။” ယင်းအဓိကအကြောင်းအားလုံးကို လုံးဝခြားနားသည့်ပုံစံအတိုင်း အဆင့်ဆင့်တည်ဆောက်သွားရန် လိုအပ်သည်။

သမ္မာကျမ်းစာ၏ အပေါ်လွင်ဆုံး အဓိကအကြောင်းနှင့်အညီ မိမိ၏မြေကြီးဓမ္မအမှုဆောင်ချိန်ကာလအတွင်း ယေရှုခရစ် ပြီးမြောက်စေခဲ့သည့် ဟောပြောခြင်းသည် အဓိကအကြောင်းကို ဤသို့ပေါ်လွင်စေခဲ့သည်– “ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” (မ. ၄:၁၇) ထိုအဓိကအကြောင်းကို မည်သို့ အဆင့်ဆင့်တည်ဆောက်သွားသနည်း။ ခရစ်ဝင်ကျမ်းလေးကျမ်းတွင် ထိုနိုင်ငံတော်ကို အကြိမ်ပေါင်း ၁၁၀ ထက်မက ကိုးကားခဲ့သည်။ သို့သော် ယေရှုသည် “နိုင်ငံတော်” ဟူသည့်စကားလုံးကို ထပ်တလဲလဲ အသုံးပြုရုံထက်မကပြုခဲ့သည်။ မိမိသွန်သင်ခဲ့ရာနှင့် ပြသခဲ့သည့် အံ့ဖွယ်ရာများဖြင့် မိမိသည် ဘုရားသခင်၏သားတော်၊ မေရှိယ၊ ယေဟောဝါက နိုင်ငံတော်ပေးအပ်မည့်သူဖြစ်ကြောင်း ရှင်းပြပေးခဲ့သည်။ ထိုနိုင်ငံတော်တွင် အခြားသူများပါဝင်ရန် မိမိအားဖြင့် လမ်းဖွင့်ခဲ့ကြောင်းကိုလည်း ယေရှုဖော်ပြခဲ့သည်။ ထိုအခွင့်ထူး ပေးအပ်ခံရမည့်သူတို့ ပြသရမည့် အရည်အချင်းများကို ခွဲခြားဖော်ပြပေးခဲ့သည်။ ကိုယ်တော့်သွန်သင်ချက်များနှင့် ပြသခဲ့သည့် တန်ခိုးပါသောလုပ်ရပ်များအားဖြင့် လူတို့၏ဘဝအသက်တာတွင် ဘုရားသခင့်နိုင်ငံတော်သည် အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင့်ဝိညာဉ်တော်အားဖြင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းသည် မိမိအားကြားနာနေသူများကို ‘ဘုရားနိုင်ငံတော်သည် အကယ်စင်စစ် ကျော်လွန်သွားလေပြီ’ ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ (လု. ၁၁:၂၀၊ ကဘ) ထိုနိုင်ငံတော်နှင့်ဆက်စပ်ပြီး သက်သေခံရန် မိမိနောက်တော်လိုက်များအား ယေရှုတာဝန်ပေးခဲ့သည်။—မ. ၁၀:၇; ၂၄:၁၄။

ဆီလျော်သောအဓိကအကြောင်းကို အသုံးပြုခြင်း။ သင်သည် အဓိကအကြောင်းကို သမ္မာကျမ်းစာက တည်ဆောက်သည့်အတိုင်း အဆင့်ဆင့်တည်ဆောက်သွားရန် တောင်းဆိုမခံရပါ၊ သို့သော် ဆီလျော်သောအဓိကအကြောင်း ရှိထားရန်မှာ ထပ်တူအရေးကြီးသည်။

အဓိကအကြောင်းကို သင်ရွေးချယ်ရမည်ဆိုပါက ရှေးဦးစွာ တင်ဆက်မှု၏ရည်မှန်းချက်ကို စဉ်းစားပါ။ ထို့နောက်၊ သင့်အောက်လိုင်းကို ဖွဲ့စည်းပေးမည့် အဓိကအချက်များကို ရွေးချယ်စဉ် သင်ရွေးချယ်ထားသည့်အဓိကအကြောင်းကို ယင်းတို့သည် အမှန်တကယ် ထောက်မပေးကြောင်း သေချာစေပါ။

အဓိကအကြောင်းကို သတ်မှတ်ပေးထားပါက သင့်အကြောင်းအရာကို အဆင့်ဆင့်တည်ဆောက်သွားရန် နည်းလမ်းနှင့်ပတ်သက်၍ ယင်းက အဘယ်အရာကိုဖော်ပြကြောင်း သေချာစွာ လေ့လာဆန်းစစ်ပါ။ ယင်းသို့သော အဓိကအကြောင်း၏တန်ဖိုးနှင့် ကိန်းဝပ်ငုပ်နေသည့်အရာကို သတိပြုမိရန် ကြိုးပမ်းအားထုတ်မှုအတော်အတန် လိုအပ်ပေမည်။ သတ်မှတ်ပေးထားသော အဓိကအကြောင်းကို အဆင့်ဆင့်တည်ဆောက်သွားရန် အကြောင်းအရာအား သင်ရွေးရမည်ဆိုပါက အဓိကအကြောင်းကို အာရုံစိုက်နေရန်အလို့ငှာ အသေအချာ ရွေးချယ်ပါ။ အခြားတစ်ဖက်တွင်မူ၊ အကြောင်းအရာကို ပေးထားပါက အဓိကအကြောင်းနှင့်အညီ ယင်းကို မည်သို့အသုံးပြုမည်အား ဆန်းစစ်ဖို့ လိုအပ်ဆဲပင်။ ထို့အပြင် အကြောင်းအရာသည် ပရိသတ်အတွက် အဘယ်ကြောင့် အရေးကြီးကြောင်းနှင့် ၎င်းကိုဟောပြောရာတွင် သင့်ရည်မှန်းချက်သည် ဘာဖြစ်သင့်ကြောင်း သုံးသပ်ရန်လည်း လိုအပ်သည်။ ယင်းက သင့်ဟောပြောချက်တွင် အဘယ်အရာကို အလေးအနက်ပြုရန် သတ်မှတ်ဆုံးဖြတ်ပေးမည်။

အဓိကအကြောင်းအားလေးနက်စေနိုင်ပုံ။ အဓိကအကြောင်းအားလျောက်ပတ်စွာ အလေးအနက်ပြုရန်မှာ အကြောင်းအရာကို ရွေးချယ်ပြီး ဖွဲ့စည်းသောအခါ အုတ်မြစ်ချရမည်။ အဓိကအကြောင်းအား ထောက်ပင့်ထားသည့်အရာကိုသာ အသုံးပြုပြီး အောက်လိုင်းကောင်းတစ်ခုကို ပြင်ဆင်ရာတွင် ပါဝင်သည့်မူများအတိုင်း လိုက်လျှောက်ပါက အဓိကအကြောင်းအားအလိုအလျောက် လေးနက်စေပြီးသလောက်ဖြစ်မည်။

ထပ်မံပြောဆိုခြင်းက အဓိကအကြောင်းကို ပို၍ခိုင်မာစေနိုင်သည်။ ဂန္ထဝင်တေးဂီတတွင် ပဓာနတေးသွားဟူသည် တေးသီချင်းတစ်ပုဒ်လုံးကို ရုပ်လုံးဖော်လောက်အောင် အကြိမ်ကြိမ်ထပ်ကျော့သောတေးသွားဖြစ်သည်။ ထိုတေးသွားသည် တစ်ပုံစံတည်း အမြဲပြန်ပေါ်လာသည်မဟုတ်ပါ။ တစ်ခါတစ်ရံ တေးအစိတ်အပိုင်း တစ်ပိုင်းနှစ်ပိုင်းသာပေါ်လာသည်၊ အခါအားလျော်စွာ ပဓာနတေးသွားကို ပြောင်းလဲတီးမှုတ်မည်ဖြစ်သော်လည်း တေးရေးစပ်သူသည် တေးသီချင်းတစ်ပုဒ်လုံးတွင် သူ၏တေးသွားကို ကျွမ်းကျင်စွာ ကွက်ကြားကွက်ကြားထည့်သွင်းထားရာ တေးသီချင်းကို ယင်းက လွှမ်းမိုးထားစေသည်။ ထို့ကြောင့် ဟောပြောချက်၏အဓိကအကြောင်းသည်လည်း ထိုသို့ဖြစ်သင့်သည်။ အဓိကအကြောင်းမှသော့ချက်စကားလုံးများကို ထပ်မံပြောဆိုခြင်းသည် တေးသီချင်းတစ်ပုဒ်တွင် ထပ်ကျော့သော တေးသံသာနှင့်တူသည်။ ဤစကားလုံးများ၏ အနက်တူအသံကွဲစကားလုံးများ သို့မဟုတ် အဓိကအကြောင်းကို ပြန်ဖော်ပြပြောဆိုခြင်းသည် အဓိကအကြောင်းကို အဖုံဖုံဖြင့် ဖော်ပြရာရောက်သည်။ ထိုနည်းလမ်းများကို အသုံးပြုခြင်းက အဓိကအကြောင်းအား အဓိကအယူအဆအဖြစ် ပရိသတ်အား မှတ်မိသွားစေသည်။

ဤမူများသည် စင်မြင့်ပေါ်မှ ဟောပြောချက်များကိုသာမက လယ်ကွင်းဓမ္မအမှုရှိ ဆွေးနွေးခန်းများနှင့်လည်း သက်ဆိုင်သည်။ အကယ်၍ အဓိကအကြောင်းသည် ပေါ်လွင်ပါက တိုတုတ်သော စကားလက်ဆုံပြောဆိုမှုပင် ပို၍မှတ်မိလွယ်စေသည်။ အဓိကအကြောင်းကို အလေးပေးဖော်ပြခဲ့ပါက ကျမ်းစာသင်အံမှု၌ ပေးသည့်သွန်သင်ချက်သည် စိတ်တွင် ပို၍ အလွယ်တကူ ပြန်ပေါ်လာမည်။ သင့်တော်သော အဓိကအကြောင်းများကို ရွေးချယ်ကာ အဆင့်ဆင့် ဦးတည်ရှင်းလင်းရာတွင် သင်စိုက်ထုတ်သည့်ကြိုးပမ်းမှုသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သွန်သင်သူနှင့် ဟောပြောသူအဖြစ် သင်၏ထိရောက်မှုကိုတိုးမြှင့်ရန် များစွာလုပ်ဆောင်ပေးပါလိမ့်မည်။

ရေးဖွဲ့မှုကြီးတစ်ခု၏ အပေါ်လွင်ဆုံး အဓိကအကြောင်းတစ်ခု

အဓိကအကြောင်းအသုံးပြုမှုကို နားလည်ရန်မှာ ယေဟောဝါသည် လူသားစာရေးသူများကို အသုံးပြုသော်လည်း သမ္မာကျမ်းစာအဖြစ် ဖွဲ့စည်းထားသော ၆၆ စောင်သော ကျမ်းစာစောင်များတွင် အပေါ်လွင်ဆုံးအဓိကအကြောင်းကို မည်သို့ရေးသွင်းစေခဲ့ကြောင်း လေ့လာခြင်းသည် ထောက်ကူပေးသည်။ ထိုအဓိကအကြောင်းမှာ လူသားများအပေါ် ယေဟောဝါ၏ အုပ်ချုပ်ပိုင်ခွင့်ကို သင်္ကာယနကင်းရှင်းစေခြင်းနှင့် ကိုယ်တော့်နိုင်ငံတော်အားဖြင့် မိမိ၏မေတ္တာပါရည်ရွယ်ချက်ကို အကောင်အထည်ပေါ်စေခြင်းဖြစ်သည်။

အဓိကအကြောင်းကို ကမ္ဘာဦးကျမ်း၏ အဖွင့်အခန်းကြီးများ၌စတင်၍ ဖော်ပြထားပြီး ယင်း၏အသွင်အပြင်များကို နောက်ပိုင်း သမ္မာကျမ်းစာတစ်အုပ်လုံး၌ အဆင့်ဆင့်ရှင်းလင်းပေးခဲ့သည်။ မြင့်မြတ်သောနာမကိုယ်နှိုက်အား အကြိမ်ပေါင်း ၇,၀၀၀ ထက်မက အကြိမ်ကြိမ် အာရုံစိုက်စေခဲ့သည်။ ယေဟောဝါ၏အုပ်ချုပ်ပိုင်ခွင့်သည် ဖန်ဆင်းခြင်းမှတ်တမ်းတွင် သိသာထင်ရှားလာသည်။ ကိုယ်တော့်အုပ်ချုပ်မှုအား စိန်ခေါ်ချက်ကို မနာခံမှု၏ဆိုးကျိုးများနှင့်အတူ ဖော်ပြပေးခဲ့သည်။ ယေဟောဝါ၏ အကြီးမြင့်ဆုံးသော မေတ္တာ၊ ကိုယ်တော်၏ဉာဏ်ပညာ၊ တရားမျှတမှုနှင့် အနန္တတန်ခိုးတော်တို့ကို မိမိ၏ဖန်ဆင်းရာများနှင့် ကိုယ်တော့်ဆက်ဆံမှုများအားဖြင့် ဖော်ပြခဲ့သည်။ ဘုရားသခင်အားနာခံမှုမှ အကျိုးကျေးဇူးများနှင့် မနာခံမှုကြောင့် ရရှိသည့် ဘေးဆိုးတို့ကို မရေမတွက်နိုင်သော ပုံနမူနာများဖြင့် ပြသခဲ့သည်။ အပြစ်နှင့်သေခြင်းတရားကို ဖယ်ရှားပစ်ဖို့ ယေရှုခရစ်အားဖြင့် ယေဟောဝါ၏ပြင်ဆင်ပေးမှုကို ရှင်းပြခဲ့ပြီး သက်သေပြခဲ့သည်။ ယေဟောဝါ၏ ဖန်ဆင်းရာအပေါ် ကိုယ်တော်၏အုပ်ချုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုရန် ငြင်းပယ်သော နတ်ဆိုးများနှင့်လူဆိုးများကို ဖျက်ဆီးပစ်မည့် ကောင်းကင်အစိုးရအတွက် အသေးစိတ်အချက်များကို ဖော်ပြထားသည်။ နိုင်ငံတော်က ဤကမ္ဘာမြေကြီးကို စစ်မှန်သော ဘုရားသခင်ကိုသာ ချစ်မြတ်နိုးပြီး ဝတ်ပြုကြသူများနှင့် တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးကြသည့်လူသားများဖြင့် ပြည့်နှက်နေသည့် ပရဒိသုဖြစ်စေမည်ဟူသည့် ယေဟောဝါ၏ ရည်ရွယ်တော်မူချက်ကို ပြည့်စုံစေမည့်အကြောင်း ရှင်းလင်းစေခဲ့သည်။

ယင်းကို လုပ်ဆောင်နိုင်ပုံ

  • ဟောပြောချက် ပြင်ဆင်သည့်အခါ သင်၏ အဓိကအကြောင်းကို အဆင့်ဆင့်ဦးတည် ရှင်းလင်းရာတွင် အမှန်အကူအညီဖြစ်စေမည့် အဓိကအချက်များနှင့် ထောက်ခံပေးသော အသေးစိတ်အချက်များကို ရွေးချယ်ပါ။

  • သင့်ဟောပြောချက်ကို လေ့ကျင့်သည့်အခါ အဓိကအကြောင်းကို အဘယ်နေရာနှင့် မည်သို့အလေးပေးပြောမည်ဖြစ်ကြောင်းကို စဉ်းစားပါ။ ယင်းကို အဘယ်နေရာများတွင်လုပ်ဆောင်မည်ကို အောက်လိုင်းတွင်ပင် ရေးမှတ်ထားလိုပေမည်။

  • ဟောပြောချက်ပေးနေစဉ်အတောအတွင်း အခါအားလျော်စွာ အဓိကအကြောင်းမှ သော့ချက်စကားလုံးများ သို့မဟုတ် ယူဆချက်များကို ထပ်မံပြောဆိုပါ။

လေ့ကျင့်ခန်း– လယ်ကွင်းလုပ်ငန်းတော်အတွက် အဓိကအကြောင်းတစ်ခုကို မကြာသေးမီက ကင်းမျှော်စင် သို့မဟုတ် နိုးလော့!ရှိ သတ်သတ်မှတ်မှတ် ဆောင်းပါးတစ်ပုဒ်နှင့်အညီ ရွေးချယ်ပါ။ သင်၏နိဒါန်းတွင် ယင်းအကြောင်းအပေါ် စိတ်ဝင်စားမှုကို နှိုးဆွရန် ကြိုးပမ်းပါ၊ ဆွေးနွေးနေစဉ်အတွင်း အချက်တစ်ချက်နှစ်ချက်ဖြင့် အဆင့်ဆင့်ဦးတည်ရှင်းလင်းကာ ယင်း၏တန်ဖိုးကို နိဂုံးတွင် ပေါ်လွင်စေပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ