ယေရှုဘဝနှင့်ဓမ္မအမှု
“ဘုရားသခင်တောင်းဆိုရာအားလုံးကို ယေရှုပြီးမြောက်စေ” ဟူသောနောက်ဆက်တွဲဆောင်းပါးသည် “ယေရှုဘဝနှင့်ဓမ္မအမှု” ဟူသည့်အခန်းဆက်ဆောင်းပါးများ၏ နောက်ဆုံးအပိုင်းဖြစ်သည်။ ဤအကြောင်းအရာသည် ၁၉၈၅ ခု၊ ဧပြီလမှစ၍ ကင်းမျှော်စင် စာစောင်တွင် ခြောက်နှစ်ကျော်ဆက်တိုက်ပါရှိခဲ့ပေပြီ။
ကင်းမျှော်စင် ပါဤအခန်းဆက်ဆောင်းပါးများသည် တမန်တော်ပေါလု၏မှာကြားချက်အတိုင်း ‘ယေရှုကိုစေ့စေ့ကြည့်ရှု’ ပြီး “သူ၏စကားကိုနားထောင်” ကြရန်ဘုရားသခင်၏အမိန့်တော်ကိုနာခံဖို့ အကူအညီဖြစ်ခဲ့လိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ (ဟေဗြဲ ၁၂:၂၊ ၃။ မဿဲ ၁၇:၅) နှစ်ကာလတစ်လျှောက် ယင်းသို့ပြုမူရန် အကူအညီရရှိခဲ့ကြောင်း စာရေးအကြောင်းကြားသူတို့ရှိကြပါသည်။ “ကိုယ်တော်၏စကားကိုနားထောင်နေပြီး ကိုယ်တော်လုပ်ကိုင်လေသမျှတို့ကို ကျွန်ုပ်ရှုစားနေသကဲ့သို့ဖြစ်သည်” ဟုစာရှုသူတစ်ဦးအကြောင်းကြားသည်။ “ဤဆောင်းပါးများကြောင့် ကိုယ်တော်ကို ပိုချစ်မြတ်နိုးတတ်လာသည်။”
အခြားစာရှုသူတစ်ဦးက “သမ္မာကျမ်းစာမှတ်တမ်းကိုဖတ်စဉ်က ကျွန်ုပ်သတိမထားမိသည့်အချက်တစ်ချက်ကို ဆောင်းပါးတိုင်းတွင် တင်ပြထားပုံရှိသည်။ ဆောင်းပါးတိုင်းကိုဖတ်ရှုခြင်းဖြင့် ယေရှု၏ဘဝအဖြစ်အပျက်များကို သက္ကရာဇ်စဉ်အစီအရီမှန်ကန်စွာ သိရှိလာပါပြီ။” ယေရှု၏ဓမ္မအမှုအတွင်း အဘယ်အချိန်နှင့်အဘယ်နေရာတွင် ဟောပြောသွန်သင်ပြုတော်မူခဲ့ကြောင်း သိရှိလာကြခြင်းအတွက် ထပ်တူကျေးဇူးတင်သည်ကို များစွာသောသူတို့ပြောဆိုခဲ့ကြပြီ။
စပိန်နိုင်ငံရှိအမျိုးသမီးတစ်ဦးက “စတင်ထုတ်ဝေစဉ်ကတည်းကဆောင်းပါးတိုင်းကို ကျွန်မသိမ်းထားသည်။ စုပေါင်းချုပ်လိုက်မည်ဟု ကျွန်မရည်ရွယ်ထားသည်။ လူကြီးနှင့်ကလေးများအတွက်ပါ သိရှိအပ်သောအကြောင်းများစွာပါဝင်သည်။ ကျွန်မအသက် ၄၄ နှစ်ရှိပြီဖြစ်သော်လည်း ဤမှတ်တမ်းများကိုဖတ်တိုင်း စိတ်လှုပ်ရှားခဲ့သည်။ သမိုင်းဝင်အဖြစ်အပျက်တိုင်းတွင် ကျွန်မကိုယ်တိုင် ပါဝင်ခဲ့သကဲ့သို့ပင်ဖြစ်သည်။”
အမေရိကန်ပြည်မှမိခင်တစ်ဦး ဤသို့ရေးသားသည်။ “ဤဆောင်းပါးများ၏လိုရင်းတိုရှင်းမှုကြောင့် ကျွန်မတို့၏မိသားစုသင်အံမှုတွင် ကျွန်မခင်ပွန်းပါဝင်လာသည်။ ကျွန်မ၏ရှစ်နှစ်သားငယ်က ယခုသူ၏ဖခင်သည် ကျမ်းစာလေ့လာနေသည့်အတွက် သင်တို့ထံကျေးဇူးတင်စာရေးပါဟု တောင်းဆိုခဲ့သည်။ ဤအခန်းဆက်အကြောင်းများ တစ်နေ့နေ့ပြီးဆုံးသည့်အခါ ဤအကြောင်းများကို သူငယ်ချင်းများအားပြ၍ပြောဆိုပေးနိုင်ရန် စာအုပ်တစ်အုပ်အနေနှင့်ထုတ်ဝေပေးပါရန် တောင်းဆိုပါသည်။”
မကြာမီကဝမ်းနည်းစွာဤသို့ပြောဆိုသူနှင့် သင်သဘောတိုက်ဆိုင်နေပေမည်။ “ခရစ်တော်၏ဘဝနိဂုံးပိုင်းကိုတင်ပြဆွေးနွေးရာတွင် ဤအခန်းဆက်အကြောင်းများ ပြီးဆုံးတော့မည်ကိုစဉ်းစားမိပြီး ဝမ်းနည်းမိသည်။ ကင်းမျှော်စင် တွင်ယင်းကဏ္ဍကိုအမှန်ပင်သတိရ တမ်းတမိပေမည်။” “ယေရှုဘဝနှင့်ဓမ္မအမှု” ၏နောက်ဆုံးအခန်းဆက်အကြောင်းကို သင်တို့သဘောကျနှစ်သက်မည်ဟု မျှော်လင့်ပါသည်။