ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၃/၁ စာ. ၂၀-၂၃
  • ဘုရားသခင်ကြီးထွားစေ၏—သင့်ကဏ္ဍကိုသင်လုပ်ဆောင်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ကြီးထွားစေ၏—သင့်ကဏ္ဍကိုသင်လုပ်ဆောင်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ကြီးထွားစေ
  • “စိုက်ပျိုးသောသူမတတ်နိုင်”
  • ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များ
  • သင့်ကဏ္ဍကိုလုပ်ဆောင်လေ
  • “သင့်လက်ကိုအနားမပေးနှင့်”
  • အာပေါလု—အဟောအပြောကောင်းသော ခရစ်ယာန်သမ္မာတရား ကြွေးကြော်သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဟင်းသီးဟင်းရွက်ခြံတစ်ခြံ စိုက်ပျိုးပါလေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • စိုက်ပျိုး၍ရေလောင်းခြင်း—တပည့်ဖြစ်စေရန် အဆင့်များ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • ဥယျာဉ်စိုက်ပျိုးခြင်း—သဘာဝမြေသြဇာသုံး၍ ဥယျာဉ်စိုက်ပျိုးနည်း
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၃/၁ စာ. ၂၀-၂၃

ဘုရားသခင်ကြီးထွားစေ၏—သင့်ကဏ္ဍကိုသင်လုပ်ဆောင်သလော

မြင်ကွင်းကိုစဉ်းစားကြည့်လိုက်ပါ။ သင်သည် လှပသောဥယျာဉ်တစ်ခုအတွင်းသို့ရောက်နေပြီး လှပခန့်ညားသည့်သစ်ပင်ကြီးများ၊ ပေါများရှင်သန်စွာပေါက်နေသော အပင်ငယ်ကလေးများ၊ တောက်ပသောရောင်စုံပန်းခင်းများဖြင့် ဝန်းရံခံနေရသည်။ မြစိမ်းရောင်မြက်ခင်းပြင်ကြီးက ကျောက်သလင်းကဲ့သို့ကြည်လင်ပြီး တသွင်သွင်စီးဆင်းနေသောစမ်းချောင်းလေးဆီသို့ ဆင်ခြေလျောဆင်းသွားသည်။ မြင်ကွင်းကို ဘာကမျှမနှောင့်ယှက်။ ဤနှစ်ခြိုက်ဖွယ်နေရာကို မည်သူပြုလုပ်သနည်းဟု သင်မေးပေမည်။ ဥယျာဉ်မှူးက အားလုံးဘုရားသခင်ပြုလုပ်သည်ဟု အရင်းခံအတိုင်းပြန်ဖြေသည်။

ပုံမှန်အားဖြင့် သင်သိထားပြီးဖြစ်သည်။ သင်အိမ်ရောက်၍ သန့်ရှင်းသပ်ရပ်မှုမရှိသောသင်အိမ်နောက်တွင် ဆွဲဆောင်မှုရှိသောအပင်တစ်ပင်မျှမပေါက်၊ အမိုက်ပုံကြီးနှင့် မိုးရေဖြင့်ပြည့်နေသောချိုင့်ခွက်များကိုသင်မြင်သောအခါ ဥယျာဉ်မှူး၏စကားကို သင်အမှတ်ရပေမည်။ သင်လည်ပတ်ရောက်ရှိခဲ့သည့်ဥယျာဉ်မျိုးကို သင်အလွန်လိုချင်ပေမည်။ သို့နှင့် ဥယျာဉ်မှူး၏စကားကို သင်အခိုင်အမာယုံကြည်ပြီး သင့်ခြံမြေတွင် လှပသောပန်းမန်များပေါက်လာစေရန် သင်ဒူးထောက်၍ ဘုရားသခင်အားစိတ်အားထက်သန်စွာဆုတောင်းမည်။ ဘာဖြစ်လာသနည်း။ ဘာဆိုဘာမျှဖြစ်မလာပါ။

ဝိညာဏစိုက်ပျိုးမှုကောမည်သို့နည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားကို တပည့်တော်သစ်များတုံ့ပြန်ခြင်း သို့မဟုတ် သင့်ကိုယ်ပိုင်ဝိညာဏတိုးတက်မှုအားဖြင့် ဝိညာဏပေါက်ပွားမှုကို သင်မြင်လိုသည့်ဆန္ဒပြင်းပြပေမည်။ ယင်းကိုယေဟောဝါပေါက်ပွားကြီးထွားစေနိုင်သည့်တန်ခိုးရှိသည်ဟူသော ခိုင်မာသည့်ယုံကြည်ချက်ဖြင့် ထိုသို့ဖြစ်စေရန် စိတ်အားထက်သန်စွာသင်ဆုတောင်းပေမည်။ သို့သော် သင့်ဆန္ဒပြင်းပြမှု၊ စိတ်အားထက်သန်သည့်ဆုတောင်းမှု၊ ဘုရားသခင့်တန်ခိုးတော်ကိုယုံကြည်စိတ်ချမှုများကိုယ်နှိုက်က ပေါက်ပွားကြီးထွားမှုကို ဖြစ်စေပါသလော။

ဘုရားသခင်ကြီးထွားစေ

ဝိညာဏပြုစုပျိုးထောင်ခြင်းတွင် သင့်အခန်းကဏ္ဍသည် ဘာမျှမဟုတ်၊ အဓိပ္ပာယ်ပင်မရှိဟုသင်ယူမှတ်ပေမည်။ ယင်းကို ၁ ကောရိန္သု ၃:၅-၇ တွင် တမန်တော်ပေါလုအကြံမပြုခဲ့ပေလော။ သူဤသို့ရေးသားခဲ့သည်။ “ပေါလုကားအဘယ်သူနည်း။ အာပေါလုကားအဘယ်သူနည်း။ အခြားသောသူမဟုတ်၊ ထာဝရဘုရားသည် အသီးသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့်အညီ သင်တို့ကို ယုံကြည်ခြင်းသို့ရောက်စေသော ဓမ္မဆရာပေတည်း။ ငါသည် စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသောသူကား ဘုရားသခင်ပေတည်း။”

ကြီးပွားမှုအားလုံးသည် ဘုရားသခင်အားဖြင့်သာလျှင်ဖြစ်ကြောင်း ပေါလုမှန်ကန်စွာဝန်ခံခဲ့သည်။ ဥယျာဉ်မှူးတစ်ဦးသည် မိမိ၏မြေကွက်လပ်ကိုပြုပြင်ပြီး မျိုးစေ့ကြဲကာ အပင်ကိုဂရုတစိုက်ပြုစုစောင့်ရှောက်ပေမည်။ သို့သော် လက်စသတ်သောအခါ ကြီးထွားပေါက်ပွားစေနိုင်သော အံ့ဖွယ်ဘုရားသခင်၏တန်ခိုးတော်ကြောင့်သာလျှင် အပင်ပေါက်ပွားကြီးထွားလာခြင်းဖြစ်သည်။ (ကမ္ဘာဦး ၁:၁၁၊ ၁၂၊ ၂၉) “စိုက်ပျိုးသောသူမတတ်နိုင်။ ရေလောင်းသောသူလည်းမတတ်နိုင်” ဟုပေါလုပြောရာတွင် သူဘာကိုဆိုလိုသနည်း။ (“စိုက်ပျိုးခြင်း၊ ရေလောင်းခြင်းကိုပြုသောဥယျာဉ်မှူးတို့ကို ထည့်တွက်ရမည်မဟုတ်” The New English Bible) လက်စသတ်လျှင် ကျွန်ုပ်တို့မည်သို့ဓမ္မအမှုဆောင်ခြင်းသည် အရေးမကြီးဟူသောသဘောဖြင့် တပည့်သစ်ဖြစ်စေသည့်ဓမ္မအမှုဆောင်များ၏ လုပ်ဆောင်မှုကဏ္ဍအရေးကြီးခြင်းကို သူ သေးသိမ်အောင်ပြောဆိုနေခြင်းလော။

“စိုက်ပျိုးသောသူမတတ်နိုင်”

သူ့စာ၏ဤအပိုင်းတွင် ခရစ်ယာန်ဓမ္မအမှုဆောင်ခြင်းကို ဆွေးနွေးနေခြင်းမဟုတ်ဘဲ ခရစ်တော်အစားလူနောက်လိုက်ခြင်း၏ မိုက်မဲမှုအကြောင်းကို ပေါလုဆွေးနွေးနေခြင်းဖြစ်ကြောင်းသတိရပါ။ ကောရိန္သုမြို့ရှိသူအချို့တို့သည် ပေါလုနှင့်အာပေါလုတို့ကဲ့သို့သော ယေဟောဝါ၏ထင်ရှားသည့်ကျေးကျွန်အချို့တို့ကို မတော်လျော်သည့် အရေးပေးမှုများပြုတတ်ကြသည်။ အချို့မူ သင်းကွဲခြင်းကိုဖြစ်စေကြပြီး မိမိခရစ်ယာန်ညီအစ်ကိုချင်းတို့ထက် သာသည်ဟုယူမှတ်သူများကို ချီးမြှောက်ကြသည်။—၁ ကောရိန္သု ၄:၆-၈။ ၂ ကောရိန္သု ၁၁:၄၊ ၅၊ ၁၃။

ဤနည်းဖြင့် လူကိုဂုဏ်တင်ခြင်းသည် မတော်လျော်ပါ။ ယင်းသည် ဇာတိနှင့်ဆိုင်သောအယူအဆဖြစ်ပြီး မနာလိုမှုနှင့်အချင်းပွားမှုတို့ကိုဖြစ်စေသည်။ (၁ ကောရိန္သု ၃:၃၊ ၄) ထိုအယူအဆများ၏ရလဒ်ကို ပေါလုတင်ပြရာ၌ ဤသို့ပြောသည်။ “သင်တို့သည် အချင်းချင်းမသင့်၊ ရန်တွေ့ခြင်းရှိသည်ကို ခလောဣအိမ်သားအချို့တို့သည် ပြောကြ၏။ သင်တို့က ငါသည် ပေါလုတပည့်ဖြစ်၏။ ငါသည် အာပေါလုတပည့်ဖြစ်၏။ ငါသည် ကေဖတပည့်ဖြစ်၏။ ငါသည် ခရစ်တော်တပည့်ဖြစ်၏ဟု အသီးသီးပြောကြသောကြောင့် ငါဆိုရ၏။”—၁ ကောရိန္သု ၁:၁၁၊ ၁၂။

ထို့ကြောင့် သူရေးသောစာတွင် “စိုက်ပျိုးသူနှင့်ရေလောင်းသူတို့သည် ဘာမျှမဟုတ်” (Phillips) ဟုပြောရာ၌ တမန်တော်သည် ထိုဇာတိဆိုင်ရာအယူအဆများကို တိုက်လှန်နေခြင်းဖြစ်ပြီး ခရစ်တော်ယေရှုကို ခေါင်းဆောင်အဖြစ်အားထားရန်၊ အသင်းတော်တွင် ကြီးထွားမှုအားလုံးသည် ဘုရားသခင်၏ဘုန်းအသရေကိုထင်ရှားစေကြောင်းကို ဝန်ခံရန်လိုအပ်ကြောင်းကို အလေးအနက်ပြောဆိုနေခြင်းသာဖြစ်သည်။ တမန်တော်များနှင့် အခြားသက်ကြီးသူများသည် အသင်းတော်၏အစေခံများသာဖြစ်ကြသည်။ မည်သူမျှ မြှောက်စားခံရခြင်း သို့မဟုတ် သူတို့ကိုယ်တိုင်က ဂုဏ်အသရေ သို့မဟုတ် ထင်ပေါ်ကျော်ကြားမှုကိုရှာခြင်းများ မဖြစ်သင့်ချေ။ (၁ ကောရိန္သု ၃:၁၈-၂၃) ထို့ကြောင့် “မျိုးစေ့ကို အသက်ပေးတော်မူသောသူနှင့်နှိုင်းယှဉ်ပါက” စိုက်ပျိုးသောသူနှင့် ရေလောင်းသောသူသည် ဘာမျှမဟုတ်ကြောင်း ပေါလုပြောသည်။—၁ ကောရိန္သု ၃:၇၊ Phillips.

ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များ

ထို့ကြောင့် ပေါလုဤသို့ပြောရာတွင် စိုက်ပျိုးခြင်းနှင့်ရေလောင်းခြင်းဆိုင်ရာ ကျွန်ုပ်တို့၏အခန်းကဏ္ဍကို သေးသိမ်သွားစေခြင်းမဟုတ်ပါ။ “အချိန်တန်လျှင် ဘုရားသခင်ကြီးထွားစေမည်” ဆိုပြီး ငုတ်တုတ်ထိုင်နေကာ ကိုယ်တော်လုပ်ပေးမည်ကိုစောင့်နေရမည်ဟု သူဆိုလိုနေခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့လုပ်သည့်အရာ၊ ယင်းကိုလုပ်သည့်နည်းများသည် အပင်ကြီးထွားလာပုံကို ဩဇာသက်ရောက်မှုရှိကြောင်း ပေါလုသိခဲ့သည်။

ထို့ကြောင့် မိမိတို့၏ဓမ္မအမှုတွင် ကြိုးစားရန်နှင့် ဆရာသမားအဖြစ်မိမိတို့၏ကျွမ်းကျင်မှုကို တိုးမြှင့်ရန် ခရစ်ယာန်များအား ပေါလုအစဉ်တစိုက်အားပေးနေခဲ့ခြင်းဖြစ်သည်။ လူငယ်တိမောသေအား သူပေးသည့်အကြံဉာဏ်ကို စဉ်းစားကြည့်ပါ။ “ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမသြဝါဒကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင် ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။” (၁ တိမောသေ ၄:၁၆) “ငါသည်သင့်ကိုလေးလေးနက်နက်တာဝန်ပေးသည်ကား . . . နှုတ်ကပါဌ်တော်ကို အရေးကြီးစွာ . . . စိတ်ရှည်မှုအပေါင်းနှင့် သွန်သင်မှုနည်းပညာအားဖြင့် ဟောပြောလော့။ . . . သင့်ဓမ္မအမှုကို အပြည့်အဝကျေပွန်စေလော့။” (၂ တိမောသေ ၄:၁၊ ၂၊ ၅၊ ကဘ) တိမောသေ၏စိုက်ပျိုးခြင်းနှင့်ရေလောင်းခြင်းတို့သည် အပင်ကြီးထွားစေရန် ဩဇာသက်ရောက်မှုမရှိပါက သူ့ကျွမ်းကျင်မှုကိုတိုးတက်အောင်ကြိုးစားခြင်းသည် အချည်းနှီးသာဖြစ်မည်။

ပေါလုနှင့်အာပေါလုတို့ကဲ့သို့ သင်လည်း ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်တစ်ဦးအဖြစ် လုပ်ဆောင်ရသော တန်ဖိုးမဖြတ်နိုင်သည့်အခွင့်အရေးကို ရယူနိုင်သည်။ (၁ ကောရိန္သု ၃:၉။ ၂ ကောရိန္သု ၄:၁။ ၁ တိမောသေ ၁:၁၂) သို့အတွက် သင့်အလုပ်သည် အရေးကြီးသည်။ ဥယျာဉ်မှူးသည် မိမိလုပ်ရမည်ကဏ္ဍကို အားထုတ်လုပ်ဆောင်မှုမရှိဘဲ လှပသည့်ဥယျာဉ်တစ်ခုကို အံ့ဖွယ်နည်းဖြင့်ဘုရားသခင်လုပ်ဆောင်ပေးရန် မျှော်လင့်မည်မဟုတ်။ ဝိညာဏကြီးထွားမှုတွင်လည်း ယင်းနှင့်ကွာခြားဦးမည်လော။ လုံးဝမကွာခြားပါ။ “အဖိုးထိုက်သောမြေအသီးကို သည်းခံလျက်စောင့်နေ” သောလယ်သမားကဲ့သို့ အစပိုင်းတွင် ကျွန်ုပ်တို့သည် စိုက်ပျိုးခြင်း၊ ရေလောင်းခြင်းတို့၌ အားထုတ်လုပ်ဆောင်ပြီး ဘုရားသခင်ကြီးထွားစေတော်မူစဉ် စောင့်ဆိုင်းနေရမည်ဖြစ်သည်။—ယာကုပ် ၁:၂၂။ ၂:၂၆။ ၅:၇။

သင့်ကဏ္ဍကိုလုပ်ဆောင်လေ

တမန်တော်ပေါလုပြောသကဲ့သို့ပင် “အသီးအသီးမိမိလုပ်သည်အတိုင်း မိမိအကျိုးကိုခံရလိမ့်မည်” ဖြစ်သောကြောင့် ကျွန်ုပ်တို့မည်သို့လုပ်ဆောင်နေသည်ကို ကောင်းစွာမေးသင့်သည်။—၁ ကောရိန္သု ၃:၈။

ဥယျာဉ်စိုက်ပျိုးရေးပါရဂူ ဂျော်ဖရီစမစ်သ်က “ဥယျာဉ်မှူးတစ်ဦးဖြစ်ဖို့ အထူးအရည်အချင်းတွေမလိုပါဘူး။ အပင်တွေကိုစိတ်ဝင်စားဖို့ပဲလိုပါတယ်” ဟုပြောသည်။ (Shrubs & Small Trees) အလားတူစွာပင် ကျွန်ုပ်တို့လည်း ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်ရန် မွေးရာပါအထူးအရည်အချင်းများမလိုပါ။ လူများကို အမှန်တကယ်စိတ်ဝင်စားခြင်းနှင့် ဘုရားသခင်၏အသုံးတော်ခံဖြစ်လိုစိတ်ထက်သန်ခြင်းသာ လိုအပ်သည်။—၂ ကောရိန္သု ၂:၁၆၊ ၁၇၊ ၃:၄-၆။ ဖိလိပ္ပိ ၂:၁၃။

ကျွမ်းကျင်သောဥယျာဉ်ပြုစုသူများပေးသည့် အကြံဉာဏ်အချို့ကို သုံးသပ်ကြည့်ပါ။ အာဏာပိုင်တစ်ဦးပြောသည့်အရဆိုလျှင် အလုပ်သင်ဥယျာဉ်မှူးသည် သူ့ထက်အတွေ့အကြုံပိုများသူ၏စကားကို နားထောင်လိုသည့်ဆန္ဒရှိလျှင် “သင်ယူသူသည် လျင်မြန်စွာကျွမ်းကျင်လာနိုင်သည်။” ထိုပုဂ္ဂိုလ်ကပင်ပြောသည်မှာ “ကျွမ်းကျင်သူသည် သင်ယူလေ့လာစရာအသစ်ကို အမြဲရှာဖွေသည်” ဟူ၍ဖြစ်သည်။ (The Encyclopœdia of Gardening) သင်သည် အကျိုးထိရောက်စွာ စိုက်ပျိုး၍ရေလောင်းနိုင်ရန် ယေဟောဝါပေးသော အကူအညီနှင့်လေ့ကျင့်မှုကို လိုလိုလားလားလက်ခံပါသလော။ သို့ပြုလျှင် သင်သည် လုပ်ငန်း၌လူသစ်ဖြစ်စေ၊ အတွေ့အကြုံရှိသူဖြစ်စေ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်အဖြစ် တိုးတက်ကျွမ်းကျင်မှုရလာနိုင်ပြီး “သူတစ်ပါးကိုသွန်သင်ခြင်းငှာ တတ်စွမ်းနိုင်သောသူ” ဖြစ်လာမည်။—၂ တိမောသေ ၂:၂။

ဂျော်ဖရီစမစ်သ် က နားထောင်၍သင်ယူရန်လိုလားသောသူ “လူသစ်သည် အဆိုးဆုံးသောအန္တရာယ်များကို ရှောင်ရှားနိုင်မည်။” မိမိ၏နှုတ်ကပါဌ်တော်နှင့်အဖွဲ့အစည်းမှတစ်ဆင့်ပေးသော ယေဟောဝါ၏ညွှန်ကြားမှုများကို ကျွန်ုပ်တို့နားထောင်မည်ဆိုပါက ကိုယ်တော့်နည်းလမ်းတော်အတိုင်း ကျွန်ုပ်တို့လုပ်ဆောင်ကြမည်။ စကားအားဖြင့် မိုက်မဲစွာအငြင်းပွားသူ သို့မဟုတ် ရန်ဖြစ်လိုသူများ၏အန္တရာယ်ကို ကျွန်ုပ်တို့ရှောင်ရှားနိုင်ကြမည်။—သု၊ ၁၇:၁၄။ ကောလောသဲ ၄:၆။ ၂ တိမောသေ ၂:၂၃-၂၆။

ဥယျာဉ်စိုက်ပျိုးမှုအကြံကောင်းနောက်တစ်ခုမှာ မြေကြီးကိုမတူးမီ ကောင်းစွာစဉ်းစားခြင်းဖြစ်သည်။ “ဂေါ်ပြားကိုမြေကြီးနှင့်မထိမီ [သင့်မျှော်မှန်းချက်ကို] အကဲဖြတ်ရန် အေးအေးဆေးဆေးအချိန်ယူပါ” ဟု The Encyclopedia of Gardening ကဆိုသည်။ သင် ပြီးမြောက်လိုသည့်အရာနှင့် ယင်းကိုလုပ်ရန်အကောင်းဆုံးနည်းလမ်းကို ဂရုတစိုက်ဆုတောင်းစဉ်းစားခြင်းမပြုဘဲ ခရစ်ယာန်ဓမ္မအမှုတွင်အလျင်စလိုပါဝင်လိုက်သည့် ထောင်ချောက်ထဲသို့ သင်သက်ဆင်းသလော။ အလုပ်မစမီ ဦးတည်ချက်များကိုရှင်းလင်းစေပါ။ ဥပမာ၊ သင်ဆုံတွေ့ရနိုင်မည့်လူစား၊ သင်ရင်ဆိုင်ရနိုင်မည့်ပြဿနာများကို စဉ်းစားထားပြီး ယင်းတို့ကိုကိုင်တွယ်ရန် ကြိုတင်ပြင်ဆင်ထားပါ။ ယင်းက သင့်အား ‘သာ၍များသောသူတို့ကိုရခြင်းအလို့ငှာ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်’ စေမည်။—၁ ကောရိန္သု ၉:၁၉-၂၃။

“သင့်လက်ကိုအနားမပေးနှင့်”

ကျွန်ုပ်တို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်အဖြစ် အမှုဆောင်ရခြင်းကို လေးမြတ်တန်ဖိုးထားပါက ကျွန်ုပ်တို့ထည့်ဝင်ပေးရမည့်အရာကို တွန့်တိုနေမည်မဟုတ်။ “နံနက်တွင် သင့်မျိုးစေ့ကိုကြဲပြီး ညနေချိန်ထိ သင့်လက်ကိုအနားမပေးနှင့်။ အကြောင်းမှာ မည်သည့်နေရာတွင်အောင်မြင်မှုရှိမည်၊ ဤနေရာတွင်လော၊ ထိုနေရာတွင်လော သို့မဟုတ် နှစ်နေရာလုံးတွင် ညီတူအကျိုးရှိမည်လောကို သင်မသိသောကြောင့်ဖြစ်သည်။” (ဒေသနာ ၁၁:၆၊ ကဘ) နောက်ဆုံးရလဒ်မှာ ယေဟောဝါဘုရားသခင်၏လက်တော်တွင်သာရှိသည်။ သို့သော် ကျွန်ုပ်တို့သည် အစကတည်းက လုံ့လစိုက်ထုတ်ခဲ့မှသာလျှင် ရိတ်သိမ်းရမည်ဖြစ်သည်။—ဒေသနာ ၁၁:၄။

အပယိကနှင့်ဝတ်ကျေတမ်းကျေပုံစံဖြင့် မြေကိုတူးဆွ၍ မျိုးစေ့ကိုဖြန့်ကြဲခြင်းဖြင့် မည်သည့်ဥယျာဉ်မျှ လှလှပပဖြစ်မလာပါ။ အလားတူပင် ခရစ်ယာန်ဓမ္မအမှုတွင်လည်း စာအုပ်ဝေငှခြင်းလောက်ဖြင့် အပယိကပါဝင်ခြင်းထက်မက များစွာလိုအပ်သည်။ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို လုံ့လရှိစွာနှင့် နှံ့စပ်သေချာစွာဟောပြောပြီး တော်မှန်စွာနှစ်သက်တော်မူခြင်းခံရသောသူများကို ရှာဖွေရန်လိုအပ်သည်။ (တမန်တော် ၁၃:၄၈၊ ကဘ) ၂ ကောရိန္သု ၉:၆ တွင် တမန်တော်ပေါလုပြောသည့်စကားမှမူကို သတိရပါ။ “အနည်းငယ်သောမျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်ကိုသာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟုမှတ်ကြလော့။”

ဥယျာဉ်မှူးကောင်းအားလုံးကဲ့သို့ပင် ကျွန်ုပ်တို့သည် ကောင်းသောမြေ၌စိုက်ပျိုးနိုင်ရန် ကြိုးစားကြသည်။ အစေ့တစ်ခုကို ကောင်းသောမြေ၌စိုက်လိုက်သည့်တိုင် ကိစ္စပြီးပြီမဟုတ်။ ဂျော်ဖရီစမစ်သ်ဤသို့ပြောသည်။ “တစ်ခါတည်းစိုက်လိုက်ရုံနှင့် တာဝန်ရှိသူသည် ခေါက်ကုလားထိုင်တစ်လုံးနှင့်နေရောင်ကာထီးတစ်ခုဝယ်ပြီး ဘာမျှလုပ်စရာမလိုတော့ဟူ၍မဆိုလိုပါ။” မှန်ပါသည်။ အပင်ပေါက်လာရန် ကြိုးစား၍ ရေလောင်းခြင်း၊ အပင်ကိုကာကွယ်ခြင်းများလိုအပ်သည်။—သု၊ ၆:၁၀၊ ၁၁ နှိုင်းယှဉ်။

အမှန်မူ ခရစ်ယာန်ဓမ္မအမှုဆောင်ခြင်းသည် ဘာမျှဖြစ်မလာနိုင်ဟုထင်စရာရှိသော အချိန်ကြာကြာယူရသည့်အလုပ်ကြမ်းနှင့်တူသည်။ သို့သော် တစ်ခါတစ်ရံ ရုတ်တရက်မမျှော်လင့်ဘဲ အံ့ဖွယ်အကျိုးဖြစ်ထွန်းတတ်သည်။ “ဥယျာဉ်စိုက်ခြင်းတွင် အားသွန်ခွန်စိုက်လုပ်ကိုင်ရခြင်း၌ တူးဆွခြင်း၊ ပေါင်းသင်ခြင်း၊ အလွန်အမင်းစိုးရိမ်ပူပန်ရခြင်းအားလုံးတို့ကို မေ့ပျောက်သွားလောက်အောင် ငွားငွားစွင့်စွင့်ထည်ထည်ဝါဝါအလှအပများကိုမြင်ရသည့်အချိန်များဖြင့် ကြားညှပ်ထားသော ရေရှည်လုပ်ငန်းပါဝင်သည်” ဟု ဂျော်ဖရီစမစ်သ်ကပြောသည်။ သင်လည်း အစပြုတူးဆွခြင်း၊ စိုက်ပျိုးခြင်း၊ ပေါင်းသင်ခြင်းနှင့် ရေလောင်းခြင်းများကို လုပ်ရန်စိတ်အားထက်သန်ပါက သမ္မာတရားသတင်းကို လက်ခံလိုသောနှလုံးသားရှိသူကတုံ့ပြန်သောအခါ ကြီးမားသည့်ကျေနပ်ရောင့်ရဲမှုခံစားရသည့်အချိန်ကို သင်ရနိုင်သည်။—သု၊ ၂၀:၄ နှိုင်းယှဉ်။

ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းသည် ခရစ်ယာန်အသင်းတော်အတွင်း၌ မိမိတို့အား အထူးထင်ပေါ်ကျော်ကြားစေသည်မဟုတ်ကြောင်း ပေါလုနှင့်အာပေါလုတို့သိခဲ့ကြသည်။ အပင်ကိုကြီးထွားစေသူမှာ ဘုရားသခင်ဖြစ်ကြောင်း သူတို့သဘောပေါက်ခဲ့ကြသည်။ သို့တိုင် စိုက်ပျိုးခြင်း၊ ရေလောင်းခြင်းတို့ကို သူတို့လုံ့လစိုက်ထုတ်လုပ်ဆောင်ခဲ့ကြသည်။ သူတို့၏ပုံသက်သေကိုလိုက်ခြင်းအားဖြင့် မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် “[အခြားသူများအား] ယုံကြည်သူဖြစ်လာစေနိုင်သော ဓမ္မအမှုဆောင်များ” ဖြစ်စေကြစို့။—၁ ကောရိန္သု ၃:၅၊ ၆၊ ကဘ။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အရာအားလုံးကို ဘုရားသခင်ကြီးထွားစေ—သို့သော် ဥယျာဉ်မှူးလည်း သူ၏ကဏ္ဍကိုလုပ်ဆောင်ရ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ