“ရွှေကိုမတွေ့ဘဲ စိန်ကိုကျွန်တော်တွေ့ရှိခဲ့”
မီကာလစ္စ ကာမီနာရစ္စ ပြောပြသည်
ရွှကိုရှာဖို့ တောင်အာဖရိကမှာ ငါးနှစ်ကြာနေပြီးတဲ့နောက် သိပ်တန်ဖိုးရှိတဲ့အရာတစ်ခုနဲ့ ကျွန်တော်အိမ်ကိုပြန်လာပါတယ်။ ကျွန်တော်အခုပိုင်ဆိုင်ထားပြီး ဝေမျှလိုတဲ့စည်းစိမ်အကြောင်း ပြောပြပါရစေ။
၁၉၀၄ ခုနှစ်၊ အိုင်အိုးနီးယန်းပင်လယ်၊ စက်ဖလိုးနီးယားခေါ် ဂရိကျွန်းပေါ်မှာ ကျွန်တော်မွေးဖွားလာပါတယ်။ ကျွန်တော်မွေးပြီးမကြာခင်မှာဘဲ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားတဲ့အတွက် ကျွန်တော်ဟာ မိဘမဲ့တစ်ဦးအဖြစ်ကြီးပြင်းလာပါတယ်။ ကျွန်တော်ဟာ အကူအညီကိုတမ်းတလို့ ဘုရားသခင်ဆီ မကြာခဏဆုတောင်းပါတယ်။ ဂရိသြသဒေါက်စ်ချာ့ချ်ကို ကျွန်တော်မှန်မှန်တက်ပေမဲ့ ကျမ်းစာအကြောင်းလုံးဝမသိခဲ့ဘူး။ နှစ်သိမ့်မှုလည်းမရခဲ့ဘူး။
၁၉၂၉ ခုနှစ်မှာ တခြားနိုင်ငံကိုပြောင်းရွှေ့ပြီး ပိုကောင်းတဲ့ဘဝကိုရှာဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့်လွင်တီးခေါင်ကျွန်းကိုစွန့်ခွာပြီး အင်္ဂလန်ကနေတစ်ဆင့် တောင်အာဖရိကကို ကျွန်တော်သင်္ဘောနဲ့ခရီးထွက်ခဲ့တယ်။ ပင်လယ်ထဲမှာ ၁၇ ရက်ကြာပြီးတဲ့နောက် တောင်အာဖရိက၊ ကိပ်တောင်းကိုရောက်လာပြီး ကျွန်တော်နဲ့တစ်နိုင်ငံတည်းသားတစ်ယောက်က ကျွန်တော့်ကိုချက်ချင်းငှားလိုက်တယ်။ ဒါပေမဲ့ ရုပ်ပစ္စည်းကြွယ်ဝလာလို့ နှစ်သိမ့်မှုမရခဲ့ပါဘူး။
သာ၍အဖိုးထိုက်တန်သည့်အရာ
တောင်အာဖရိကကိုရောက်ပြီး နှစ်နှစ်လောက်ကြာတဲ့အခါမှာ ယေဟောဝါသက်သေတစ်ယောက် ကျွန်တော်အလုပ်လုပ်တဲ့နေရာကို ရောက်လာပြီး ကျွန်တော့်ကိုဂရိဘာသာနဲ့ ကျမ်းစာစာပေတွေပေးခဲ့ပါတယ်။ အဲဒီထဲမှာ လူသေများအဘယ်မှာရှိသနည်း နဲ့ ဖိနှိပ်မှု၊ မည်သည့်အခါအဆုံးသတ်မည်နည်း ဆိုတဲ့စာအုပ်ငယ်တွေပါပါတယ်။ ကိုးကားထားတဲ့ ကျမ်းချက်အားလုံးကို အလွတ်ကျက်တဲ့အထိ အဲဒီစာအုပ်တွေကို စိတ်အားထက်သန်မှုနဲ့ဖတ်ခဲ့တာကို ကျွန်တော်ကောင်းကောင်းမှတ်မိပါသေးတယ်။ တစ်နေ့ကျတော့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို “အနှစ်နှစ်အလလ ကျွန်တော်ရှာဖွေနေတာကို အခုတွေ့ပြီ။ အာဖရိကမှာ ရွှေလာရှာတာ ရွှေကိုမတွေ့ဘဲ စိန်ကိုရှာတွေ့ခဲ့ပြီ” လို့ပြောပြလိုက်တယ်။
ဘုရားသခင်မှာ ယေဟောဝါဆိုတဲ့ ကိုယ်ပိုင်နာမတော်ရှိတဲ့အကြောင်း၊ ကိုယ်တော့်နိုင်ငံတော်ဟာ ကောင်းကင်မှာတည်ထောင်နေပြီဖြစ်တဲ့အကြောင်းနဲ့ ကျွန်တော်တို့ဟာ ဒီအစီအစဉ်စနစ်ရဲ့နောက်ဆုံးကာလမှာ အသက်ရှင်နေကြတဲ့အကြောင်းကို ဝမ်းသာအားရနဲ့သိခဲ့တယ်။ (ဆာလံ ၈၃:၁၈; ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၉၊ ၁၀; ၂၄:၃-၁၂; ၂ တိမောသေ ၃:၁-၅; ဗျာဒိတ် ၁၂:၇-၁၂) ယေဟောဝါရဲ့နိုင်ငံတော်ဟာ လူမျိုးအားလုံးအတွက် အဆုံးမရှိတဲ့ကောင်းချီးမင်္ဂလာဖြစ်ပေါ်စေမယ်ဆိုတာကို သိရတာတကယ့်ကိုအားရှိစရာပါပဲ! ကျွန်တော့်ကိုစွဲမှတ်စေတဲ့ တခြားအကြောင်းတစ်ခုကတော့ ဒီအဖိုးတန်တဲ့သမ္မာတရားကို ကမ္ဘာအနှံ့အပြားမှာ ဟောပြောနေတာပဲဖြစ်တယ်။—ဟေရှာယ ၉:၆၊ ၇; ၁၁:၆-၉; မဿဲ ၂၄:၁၄; ဗျာဒိတ် ၂၁:၃၊ ၄။
မကြာခင် ကိပ်တောင်းမှာရှိတဲ့ ကင်းမျှော်စင်အသင်းရဲ့ဌာနခွဲရုံးလိပ်စာကို ကျွန်တော်ရပြီး နောက်ထပ်ကျမ်းစာစာပေတွေကို ရရှိခဲ့ပြန်တယ်။ ကိုယ်ပိုင်ကျမ်းစာတစ်အုပ်ကို ရလိုက်တဲ့အတွက် ကျွန်တော်အထူးဝမ်းသာကျေနပ်မိတယ်။ကျွန်တော်ဖတ်လိုက်ရတဲ့အကြောင်းတွေက သက်သေခံချင်တဲ့စိတ်ပေါ်လာအောင် တွန်းအားပေးပါတယ်။ ကျွန်တော့်ရဲ့မွေးရပ်မြေ လစ်ခ်စူရီယွန်မြို့က ကျွန်တော့်ရဲ့ဆွေမျိုး၊ မိတ်ဆွေနဲ့ အသိတွေဆီ ကျမ်းစာစာပေတွေပို့ပေးပြီး စသက်သေခံခဲ့ပါတယ်။ ယေဟောဝါအလိုတော်နဲ့တွေ့ဖို့ လူတစ်ဦးဟာ သူ့ရဲ့ဘဝကို ကိုယ်တော့်ထံဆက်ကပ်အပ်နှံရမယ်ဆိုတာကို ကျွန်တော့်ရဲ့လေ့လာမှုတွေကနေ တဖြည်းဖြည်းနားလည်သဘောပေါက်လာတယ်။ ဒါကြောင့် ချက်ချင်းပဲ ကျွန်တော်ဆုတောင်းပြီး အဲလိုလုပ်လိုက်တယ်။
တစ်ခါကြတော့ ယေဟောဝါသက်သေများရဲ့ အစည်းအဝေးတစ်ခုကိုတက်ရောက်ပေမဲ့ ကျွန်တော်အင်္ဂလိပ်စကားမတတ်လို့ ဘာမှနားမလည်ခဲ့ဘူး။ ပေါ့ထ် အဲလစ်ဇဘက်မှာ ဂရိလူမျိုးတွေအများကြီးရှိတာကိုသိရတဲ့အခါ အဲဒီကိုပြောင်းရွှေ့နေပေမဲ့ ဂရိစကားပြောသက်သေခံတစ်ယောက်ကိုမှ ရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် အချိန်ပြည့်ဧဝံဂေလိဟောပြောသူ တစ်ယောက်ဖြစ်လာဖို့အတွက် ဂရိနိုင်ငံကိုပြန်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ‘အဝတ်တစ်ထည်ကိုယ်တစ်ခုပဲ ကျန်ချင်ကျန်ပါစေ ဂရိနိုင်ငံကိုပြန်ကိုပြန်ရမယ်’ လို့ကိုယ့်ကိုကိုယ်ပြောခဲ့တာကို ကျွန်တော်မှတ်မိပါသေးတယ်။
ဂရိနိုင်ငံတွင် အချိန်ပြည့်ဓမ္မအမှုဆောင်
၁၉၃၄ ခုနှစ်၊ နွေဦးပေါက်ရာသီမှာ ကျွန်တော်ဟာ အီတလီပင်လယ်ကူးသင်္ဘော ဒွီးလီယို ပေါ်ရောက်နေပြီ။ ပြင်သစ်နိုင်ငံ၊ မာဆေးမြို့ကိုရောက်တဲ့အခါ အဲဒီမှာဆယ်ရက်နေပြီးတဲ့နောက် ခရီးသည်တင်သင်္ဘော ပါထရိစ် နဲ့ဂရိနိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ ကျွန်တော်တို့ပင်လယ်ထဲမှာရှိနေတဲ့အခါ သင်္ဘောစက်ချို့ယွင်းသွားလို့ ညကျတော့ အသက်ကယ်လှေတွေကို ပင်လယ်ထဲချကြဖို့ အမိန့်ပေးတယ်။ အဲဒီအခါ ဂရိနိုင်ငံကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြန်ဖို့ စဉ်းစားခဲ့တာကို ကျွန်တော်ပြန်အမှတ်ရနေတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ အီတလီဆွဲသင်္ဘောတစ်စင်းရောက်လာပြီး အီတလီနိုင်ငံ၊ နေပယ်မြို့အထိ ကျွန်တော်တို့ကို ဆွဲပို့ပေးပါတယ်။ မကြာခင်မှာ ဂရိနိုင်ငံ၊ ပီရဲအက်ဖ် (ပရီအက်စ်) မြို့ကို ကျွန်တော်တို့ ဆိုက်ရောက်လာတယ်။
အဲဒီကနေ အေသင်မြို့ကို ကျွန်တော်ဦးတည်သွားပြီး အဲဒီမှာရှိတဲ့ ကင်းမျှော်စင်အသင်း ဌာနခွဲရုံးကိုသွားရောက်လည်ပတ်ခဲ့တယ်။ ဌာနခွဲကြီးကြပ်မှူး အာသာနာစီးရော့စ် ကာရာနာစီးရော့စ် နဲ့စကားစမြည်ပြောဆိုတဲ့အခါ အချိန်ပြည့်ဟောပြောခြင်းတာဝန်တစ်ခုပေးဖို့ ကျွန်တော်တောင်းဆိုခဲ့ပါတယ်။ နောက်တစ်နေ့မှာ ဂရိနိုင်ငံပြည်မတောင်ပိုင်းမှာရှိတဲ့ ပဲလိုပေါ်နီးစော့စ်မြို့ကို ခရီးထွက်ခဲ့ပါတယ်။ အဲဒီခရိုင်တစ်ခုလုံးကို ကျွန်တော့်ကိုယ်ပိုင်ရပ်ကွက်အဖြစ် တာဝန်ရရှိလိုက်ပါတယ်!
စိတ်အားထက်သန်မှုအပြည့်နဲ့ ကျွန်တော်ဟာ ဟောပြောခြင်းလုပ်ငန်းမှာ စတင်ပါဝင်ပြီး တစ်မြို့ကနေတစ်မြို့၊ တစ်ရွာကနေတစ်ရွာ၊ ယာတောတစ်ခုကနေတစ်ခုနဲ့ သီးခြားအိမ်တစ်လုံးကနေတစ်လုံးကို သွားဟောပြောတယ်။ သိပ်မကြာခင်မှာ မိုက်ကယ် ထရီယန်းဒါးဖီလိုပူလော့စ်—အချိန်ပြည့်ဓမ္မအမှုဆောင်လုပ်ငန်းမှာ ကျွန်တော်စတင်ပါဝင်ပြီးနောက် တစ်နှစ်ကျော်ကျော်အချိန်၊ ၁၉၃၅ ခုနှစ်၊ နွေရာသီမှာ ကျွန်တော့်ကိုနှစ်ခြင်းပေးခဲ့သူ—ကကျွန်တော်နဲ့အတူတွဲပြီးအမှုဆောင်တယ်! အများသုံးသယ်ယူပို့ဆောင်ရေးစနစ် မရှိတဲ့အတွက်ကြောင့် နေရာတိုင်းကိုကျွန်တော်တို့ လမ်းလျှောက်ရပါတယ်။ ကျွန်တော်တို့ရဲ့အကြီးမားဆုံး အခက်အခဲကတော့ ကျွန်တော်တို့ကိုရပ်တန့်စေဖို့အတွက် ဘာမဆိုလုပ်မဲ့ဓမ္မဆရာတွေရဲ့ ဆန့်ကျင်မှုပဲဖြစ်တယ်။ အကျိုးဆက်အနေနဲ့ကတော့ ကျွန်တော်တို့ဟာ စိတ်စွန်းကွက်မှုတွေကိုတွေ့ကြုံရပါတယ်။ ဒါပေမဲ့ အတားအဆီးများကြားကနေ သက်သေခံခြင်းကိုပြုလုပ်နိုင်ပြီး ယေဟောဝါရဲ့နာမတော်ကို နေရာတကာမှာကြေညာခဲ့ရကြပါတယ်။
ဆန့်ကျင်မှုများကိုခံရပ်ခြင်း
တစ်မနက်မှာ တောတောင်ထူထပ်တဲ့ အာကေးဒီးယားခရိုင်မှာ ကျွန်တော်ဟောပြောနေရင်း မာဂူလျာနာဆိုတဲ့ရွာကို ရောက်သွားတယ်။ တစ်နာရီလောက် သက်သေခံပြီးတဲ့နောက်မှာ ချာ့ချ်ခေါင်းလောင်းတီးတာကို ကျွန်တော်ကြားလိုက်ရပြီး ကျွန်တော့်အတွက် သူတို့ခေါင်းလောင်းတီးနေကြတယ်ဆိုတာကို သိပ်မကြာခင်မှာသိလိုက်ရတယ်လေ! ဂရိသြသဒေါက်စ် ဓမ္မပညာကျောင်းအုပ်တစ်ယောက်က လူစုလိုက်တယ်။ ကျွန်တော့်ရဲ့အိတ်ကို အမြန်ပိတ်လိုက်ပြီး ယေဟောဝါကို တိတ်တိတ်လေးဆုတောင်းလိုက်တယ်။ ကလေးတစ်အုပ်လိုက်ပါလာတဲ့ ကျောင်းအုပ်က ကျွန်တော့်ဆီကိုတည့်တည့် ဦးတည်လာပြီး “သူပဲ! သူပဲ!” လို့စအော်ပြောပါတယ်။
ကလေးတွေက ကျွန်တော့်ကိုဝိုင်းပတ်လိုက်တယ်၊ ဓမ္မဆရာကရှေ့တိုးလာပြီးတော့ သူ့ရဲ့ဗိုက်ရွှဲကြီးနဲ့ကျွန်တော့်ကိုစတွန်းတော့တာပါပဲ၊ ပြီးတော့ ‘ကျုပ်ညစ်ပတ်သွားမှာစိုးလို့’ ကျွန်တော့်ကိုလက်နဲ့မထိချင်ဘူးလို့ပြောပါတယ်။ သူက “သူ့ကိုရိုက်! သူ့ကိုရိုက်!” ဆိုပြီးစူးစူးဝါးဝါးအော်တော့တာပါပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ရဲအရာရှိတစ်ယောက်ရောက်လာပြီး ကျွန်တော်တို့နှစ်ယောက်စလုံးကို ရဲစခန်းကိုခေါ်သွားပါတယ်။ ဓမ္မဆရာဟာ လူအုပ်ကိုသွေးထိုးလှုံ့ဆော်မှုနဲ့ရုံးတင်ခံရပြီး တရားရုံးစရိတ်အပြင် ဒဏ်ငွေ ၃၀၀ ဒရက်ခ်မာပေးဆောင်ရပါတယ်။ ကျွန်တော့်ကိုတော့ ပြန်လွှတ်လိုက်တယ်။
ဒေသအသစ်တစ်ခုကို ကျွန်တော်တို့ရောက်တဲ့အခါ ပိုပြီးကြီးတဲ့မြို့တစ်မြို့ကို လုပ်ငန်းအခြေစိုက်ဖို့နေရာအဖြစ်ရွေးချယ်ပြီး အဲဒီကနေလေးနာရီခရီး လမ်းလျှောက်ရတဲ့ရပ်ကွက်အားလုံးကို ကျွန်တော်တို့သွားဟောပြောပါတယ်။မနက်မိုးမလင်းခင်အိမ်ကထွက်ပြီး ညမိုးချုပ်မှအိမ်ပြန်ကြတယ်၊ အများအားဖြင့် တစ်ရက်ကိုရွာတစ်ရွာ ဒါမှမဟုတ် နှစ်ရွာကို သွားရောက်ဟောပြောကြပါတယ်။ အနီးအနားပတ်ဝန်းကျင်ကရွာတွေကို ရောက်ပြီးတဲ့နောက် အခြေစိုက်မြို့မှာ ကျွန်တော်တို့ဟောပြောပြီးတာနဲ့ နောက်ဒေသတစ်ခုကို ပြောင်းကြတယ်။ ကျွန်တော်တို့ကိုဆန့်ကျင်ဖို့ ဓမ္မဆရာတွေက လူတွေကိုလှုံ့ဆော်ပေးတဲ့အတွက် မကြာခဏအဖမ်းခံရကြတယ်။ ဂရိအလယ်ပိုင်း ပါနက်စစ္စဒေသမှာ ရဲတွေကကျွန်တော့်ကို လနဲ့ချီပြီးရှာဖွေကြတယ်။ ဒါပေမဲ့ ကျွန်တော့်ကို သူတို့တစ်ခါမှဖမ်းလို့မမိကြဘူး။
တစ်နေ့ကျတော့ ညီအစ်ကို ထရီယန်းဒါးဖီလိုပူလော့စ်နဲ့ကျွန်တော်ဟာ ဘီအိုရှီးယားခရိုင်မှာရှိတဲ့ မူရီကီဆိုတဲ့ရွာမှာ ဟောပြောနေကြပါတယ်။ ရွာကိုကျွန်တော်တို့နှစ်ပိုင်းပိုင်းပြီး ကျွန်တော်ကအသက်ပိုငယ်တဲ့အတွက် မတ်စောက်တဲ့ဆင်ခြေလျှောမှာရှိတဲ့ အိမ်တွေကိုသွားဟောပါတယ်။ ရုတ်တရက်အောက်ဘက်ကအော်သံကို ကျွန်တော်ကြားလိုက်ရတယ်။ ကျွန်တော်ပြေးဆင်းသွားရင်းနဲ့ ‘ညီအစ်ကို ထရီယန်းဒါးဖီလိုပူလော့စ်တစ်ယောက်တော့ အရိုက်ခံနေရပြီ’ လို့တွေးမိတယ်။ ရွာသားတွေက ဒေသခံကော်ဖီဆိုင်မှာစုရုံးနေကြပြီး ဓမ္မဆရာတစ်ယောက်ဟာ ဒေါသထွက်နေတဲ့နွားတစ်ကောင်လိုပဲ ဆောင့်ကြီးအောင့်ကြီးနဲ့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေပါတယ်။ “ဒီလူတွေကကျုပ်တို့ကို ‘မြွေအမျိုးအနွယ်’ လို့ပြောတယ်” ဆိုပြီးအော်ကြီးဟစ်ကျယ်ပြောနေတယ်။
ဓမ္မဆရာဟာ သူ့ရဲ့တုတ်ကောက် ကျိုးတဲ့အထိ ညီအစ်ကို ထရီယန်းဒါးဖီလိုပူလော့စ်ရဲ့ခေါင်းကို ရိုက်ထားတဲ့အတွက် မျက်နှာပေါ်ကို သွေးတွေစီးကျနေပါတယ်။ သွေးတွေကိုသုတ်ပေးပြီးတဲ့နောက် ကျွန်တော်တို့ထွက်လာနိုင်ခဲ့တယ်။ သိဘ်စ်မြို့ကိုရောက်တဲ့အထိ သုံးနာရီကြာ လမ်းလျှောက်ကြရတယ်။ အဲဒီကဆေးခန်းတစ်ခုမှာ ဒဏ်ရာကိုကုသလိုက်တယ်။ အဖြစ်အပျက်တွေကို ရဲကိုအကြောင်းကြားလိုက်ပြီး အမှုဖွင့်လိုက်ပါတယ်။ ဒါပေမဲ့ ဓမ္မဆရာမှာ အကပ်ရှိတဲ့အတွက် နောက်ဆုံးတရားသေလွှတ်ခံရတယ်။
ကျွန်တော်တို့ လူးကပ်စ်မြို့မှာ ဟောပြောနေတုန်း အဲဒီဒေသ . . . ခေါင်းဆောင်တစ်ယောက်ရဲ့ နောက်လိုက်တွေကကျွန်တော်တို့ကို “ဖမ်းသွား” ပြီး ရွာကကော်ဖီဆိုင်မှာ ဖြစ်ကတတ်ဆန်းဖွဲ့လိုက်တဲ့ ပြည်သူ့တရားရုံးမှာ တရားစွဲဆိုပါလေရော။ အဲဒီ . . . ခေါင်းဆောင်နဲ့ သူ့လူတွေက ကျွန်တော်တို့အနား ရစ်သီရစ်သီနေပြီး အော်ကြီးဟစ်ကျယ်ပြောဆိုစွပ်စွဲကြ၊ လက်သီးနဲ့ရွယ်ပြီးခြိမ်းခြောက်ကြတယ်။ သူတို့အားလုံးအရက်မူးနေကြတယ်။ နေ့လယ်ပိုင်းကနေစပြီး ကျွန်တော်တို့ကို ပြစ်တင်ပုတ်ခတ်ပြောဆိုကြတာ နေဝင်ချိန်အထိပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့မတုန်မလှုပ်ဘဲ ပြုံးမြဲပြုံးနေပြီးတော့ အပြစ်မရှိကြောင်းချေပပြောဆိုပြီး ယေဟောဝါဘုရားသခင်ရဲ့အကူအညီကို တိတ်တိတ်လေးဆုတောင်းကြပါတယ်။
မှောင်စပျိုးချိန်မှာ ရဲနှစ်ယောက်ကကျွန်တော်တို့ကို လာကယ်တယ်၊ ရဲစခန်းခေါ်သွားပြီး ကောင်းကောင်းဆက်ဆံကြတယ်။ နောက်တစ်နေ့မှာ . . . ခေါင်းဆောင်ကလိုက်လာပြီး သူ့ရဲ့လုပ်ရပ်မှန်ကြောင်းပြတဲ့အနေနဲ့ ကျွန်တော်တို့ဟာ ဂရိဘုရင်ကိုဆန့်ကျင်ဝါဒဖြန့်တယ်လို့ စွပ်စွဲပြန်တယ်။ ဒါကြောင့် ရဲတွေက ကျွန်တော်တို့ကို နောက်ထပ်စစ်ဆေးဖို့အတွက် လမီးယားမြို့ကို လူနှစ်ယောက်စောင့်ကြပ်ပြီးပို့လိုက်ပါတယ်။ ကျွန်တော်တို့ကိုအချုပ်ထဲမှာ ခုနစ်ရက်လောက်ချုပ်ထားပြီး စစ်ဆေးဖို့အတွက်လရစ္စာမြို့ကို လက်ထိတ်ခတ်ပြီးခေါ်သွားကြတယ်။
ကြိုတင်အသိပေးထားခံရတဲ့ လရစ္စာမြို့ရှိ ခရစ်ယာန်ညီအစ်ကိုတွေက ကျွန်တော်တို့ရောက်လာမှာကို စောင့်နေကြတယ်။ သူတို့ပြတဲ့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာက အစောင့်တွေအတွက် ကောင်းတဲ့သက်သေခံချက်တစ်ခုဖြစ်ခဲ့ပါတယ်။ ယေဟောဝါသက်သေတစ်ဦးဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်ခဲ့ဖူးတဲ့ ကျွန်တော်တို့ရဲ့ရှေ့နေဟာ မြို့ထဲမှာလူသိများပါတယ်။ တရားရုံးမှာ ကျွန်တော်တို့ရဲ့အမှုကို သူလျှောက်လဲတင်ပြတဲ့အခါ စွပ်စွဲချက်တွေအားလုံး မှားကြောင်းပေါ်လာပြီး ကျွန်တော်တို့ကိုပြန်လွှတ်လိုက်ပါတယ်။
ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းဆိုင်ရာ ယေဘုယျအောင်မြင်မှုများက ဆန့်ကျင်မှုကိုတိုးများလာစေပါတယ်။ ၁၉၃၈ ခုနှစ်နဲ့ ၁၉၃၉ ခုနှစ်မှာ ဘာသာပြောင်းစေခြင်းကို တားမြစ်တဲ့ဥပဒေကိုချမှတ်လိုက်ပြီး မိုက်ကယ်နဲ့ကျွန်တော်ဟာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမှုတော်တော်များများကို ရင်ဆိုင်ရပါတယ်။ အဲဒီနောက် ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုတွေကို သိပ်အာရုံမစိုက်မိစေဖို့အတွက် သီးခြားခွဲအမှုဆောင်ဖို့ ဌာနခွဲရုံးကကျွန်တော်တို့ကို အကြံပေးတယ်။ အဖော်မပါဘဲ အလုပ်လုပ်ရတာမလွယ်ဘူးဆိုတာ ကျွန်တော်သိလာတယ်။ ဒါပေမဲ့ ယေဟောဝါကိုယုံကြည်ကိုးစားပြီး အတီကား၊ ဘီအိုရှီးယား၊ သိုင်အိုတက်စ်၊ ယူဘီယား၊ အီတိုလီးယား၊ အကာနေနီးယား၊ ယူရတေးနီးယားနဲ့ ပလပေါနီးစော့စ်ခရိုင်တွေကို ခြေလျင်သွားရောက်ခဲ့တယ်။
အဲဒီအချိန်အတောအတွင်းမှာ ကျွန်တော့်ကိုကူညီခဲ့တဲ့အရာကတော့ ယေဟောဝါကိုယုံကြည်ကိုးစားဖို့ ဆာလံဆရာရဲ့လှပတဲ့ ဒီစကားတွေပဲဖြစ်ပါတယ်– “အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု၍၊ တပ်ကိုဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကိုအမှီပြုလျက် မြို့ရိုးကိုကျော်၍ဝင်ပါပြီ။ ထိုဘုရားသခင်သည် ငါ့ကိုခွန်အားခါးပန်းနှင့်စည်း၍ ငါသွားရာလမ်းကိုဖြောင့်စေတော်မူ၏။ ငါ့ခြေကိုသမင်ခြေကဲ့သို့လျင်မြန်စေ၍၊ ငါ၏မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။”—ဆာလံ ၁၈:၂၉၊ ၃၂၊ ၃၃။
၁၉၄၀ ပြည့်နှစ်မှာ အီတလီနိုင်ငံက ဂရိနိုင်ငံကိုစစ်ကြေညာလိုက်ပြီး မကြာခင် ဂျာမန်စစ်တပ်တွေကျူးကျော် ဝင်ရောက်လာပါတယ်။ စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာလိုက်ပြီး ကင်းမျှော်စင်အသင်းရဲ့ စာအုပ်တွေကိုပိတ်ပင်လိုက်တယ်။ အဲဒီအချိန်ဟာ ဂရိနိုင်ငံမှာရှိတဲ့ယေဟောဝါသက်သေများအတွက် ခက်ခဲတဲ့အချိန်တွေဖြစ်ခဲ့ပေမဲ့ သူတို့ရဲ့အရေအတွက်ဟာ—၁၉၄၀ ပြည့်နှစ်မှာ သက်သေခံ ၁၇၈ ယောက်ရှိရာကနေ ၁၉၄၅ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါမှာ ၁,၇၇၀ အထိသိသိသာသာ တိုးများလာပါတယ်!
ဗေသလ၌အမှုထမ်းဆောင်ခြင်း
၁၉၄၅ ခုနှစ်မှာ ကျွန်တော်ဟာ အေသင်မြို့မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးမှာအမှုထမ်းဖို့ ဖိတ်ခေါ်ခံရတယ်။ “ဘုရားသခင်၏အိမ်တော်” လို့အဓိပ္ပာယ်ရှိတဲ့ ဗေသလအိမ်ဟာ အဲဒီအချိန်တုန်းက လော်မ်ဘားရ်ဒူးလမ်းမှာ ငှားထားတဲ့အိမ်တစ်လုံးမှာ တည်ရှိပါတယ်။ ရုံးခန်းတွေက မြေညီထပ်မှာရှိပြီး ပုံနှိပ်တိုက်ကိုမြေအောက်ခန်းမှာ ထားပါတယ်။ အဲဒီမှာ အသေးစားပုံနှိပ်စက်တစ်လုံးနဲ့ အနားဖြတ်စက်တစ်လုံးရှိတယ်။ အစပိုင်းမှာ ပုံနှိပ်တိုက်အမှုထမ်းနှစ်ယောက်ပဲရှိတယ်၊ ဒါပေမဲ့ မကြာခင်မှာ ဒီလုပ်ငန်းကိုအကူအညီပေးဖို့အတွက် တခြားစေတနာ့ဝန်ထမ်းတွေဟာ သူတို့ရဲ့အိမ်ကနေ စပြီးအလုပ်ဆင်းကြပါတယ်။
၁၉၄၅ ခုနှစ်မှာ နယူးယောက်မြို့၊ ဘရွတ်ကလင်မှာရှိတဲ့ ကင်းမျှော်စင်အသင်းဌာနချုပ်နဲ့ပြန်ဆက်သွယ်မိပြီး အဲဒီနှစ်မှာပဲ ဂရိဘာသာနဲ့ ကင်းမျှော်စင်ကို ပုံမှန်ပြန်လည်ထုတ်ဝေခဲ့ကြတယ်။ ဒါနဲ့ ၁၉၄၇ ခုနှစ်ရောက်တဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ဌာနခွဲကို ၁၆၊ တဲန်နဒူးလမ်းကိုပြောင်းရွှေ့လိုက်တယ်၊ ဒါပေမဲ့ ပုံနှိပ်တိုက်ကိုတော့ လောမ်ဘားရ်ဒူးလမ်းမှာပဲ ဆက်ထားတယ်။ နောက်ပိုင်းမှာ အဲဒီပုံနှိပ်တိုက်ကို လောမ်ဘားရ်ဒူးလမ်းကနေ သုံးမိုင်လောက်ဝေးတဲ့နေရာမှာရှိတဲ့ သက်သေခံတစ်ယောက်ပိုင်တဲ့ စက်ရုံတစ်ခုဆီပြောင်းရွှေ့လိုက်တယ်။ ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့ဟာ နေရာသုံးခုကိုသွားချည်ပြန်ချည် ပြေးနေရတယ်။
ပုံနှိပ်တိုက်ကိုသွားဖို့ ကျွန်တော်တို့နေတဲ့နေရာ တဲန်နဒူးလမ်းကနေ မနက်ဝေလီဝေလင်းမှာထွက်ရတာကို ကျွန်တော်မှတ်မိပါသေးတယ်။ အဲဒီမှာ မွန်းလွဲ ၁:၀၀ နာရီအထိလုပ်ပြီးတဲ့နောက် ပုံနှိပ်ထားတဲ့စာရွက်တွေထားတဲ့ လောမ်ဘားရ်ဒူးလမ်းကို သွားရပါတယ်။ အဲဒီနေရာမှာ ဒီစာရွက်တွေကိုမဂ္ဂဇင်းများအဖြစ်ခေါက်ချုပ်ပြီး ညီအောင်လက်နဲ့ညှပ်ပေးရတယ်။ အဲဒီနောက် အဆင်သင့်ဖြစ်နေတဲ့မဂ္ဂဇင်းတွေကို စာတိုက်တတိယအထပ်ကိုသယ်သွားရတယ်၊ စာတိုက်ဝန်ထမ်းက အမျိုးအစားခွဲတာကိုဝိုင်းကူပေးပြီး စာပို့ဖို့အတွက် စာအိတ်တွေပေါ်မှာ တံဆိပ်ခေါင်းဝိုင်းကပ်ပေးရတယ်။
၁၉၅၄ ခုနှစ်ရောက်တော့ ဂရိနိုင်ငံမှာရှိတဲ့ သက်သေခံအရေအတွက်ဟာ ၄,၀၀၀ ကျော်အထိတိုးများလာတဲ့အတွက် အဆောက်အဦတွေကို တိုးချဲ့ဖို့လိုအပ်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အေသင်မြို့လယ်ခေါင်က ကာတာလီလမ်းမှာရှိတဲ့ အထပ်သုံးထပ်ရှိတဲ့ဗေသလအိမ်အသစ်ကို ပြောင်းရွှေ့လိုက်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ စားဖိုဆောင်ကိုတာဝန်ယူဖို့ တောင်းဆိုခံရပြီး ၁၉၈၃ ခုနှစ်အထိ အဲဒီတာဝန်ကိုကျွန်တော်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအချိန်အတောအတွင်း ၁၉၅၉ ခုနှစ်မှာ၊ ယေဟောဝါရှင်ရဲ့လုပ်ငန်းတော်မှာ သစ္စာရှိစွာကူညီပေးခဲ့သူ အက်လက်ဖ်သယ်ရီးယားကို ကျွန်တော်လက်ထပ်ခဲ့တယ်။
ဆန့်ကျင်မှုများကို တစ်ဖန်ခံရပ်ခြင်း
၁၉၆၇ ခုနှစ်မှာ စစ်အုပ်စုတစ်စုက အာဏာသိမ်းလိုက်တော့ ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းဟာ တစ်ခါကန့်သတ်ထားခြင်းခံရပြန်တယ်။ ဒါပေမဲ့ အရင်က ကျွန်တော်တို့ရဲ့လုပ်ငန်း ပိတ်ပင်ခံရတဲ့အတွေ့အကြုံရှိထားတဲ့အတွက် ကျွန်တော်တို့ချက်ချင်းအပြောင်းအလဲပြုလုပ်ပြီး မြေအောက်လုပ်ငန်းကို အောင်မြင်စွာနဲ့ဆက်လုပ်ခဲ့ပါတယ်။
အစည်းအဝေးကို ကိုယ်ပိုင်အိမ်တွေမှာပြုလုပ်ပြီး တစ်အိမ်မှတစ်အိမ်ဓမ္မအမှုလုပ်ငန်းကို သတိနဲ့ပြုလုပ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ညီအစ်ကိုတွေဟာ မကြာမကြာအဖမ်းခံရပြီး တရားရုံးအမှုတွေကတိုးများလာပါတယ်။ ကျွန်တော်တို့ရဲ့ရှေ့နေတွေဟာ နိုင်ငံရဲ့ဒေသအသီးသီးမှာရှိတဲ့ အမှုတွေကိုအမြဲပဲအပြေးအလွှားကိုင်တွယ်နေရတယ်။ ဆန့်ကျင်မှုတွေရှိပေမဲ့ အထူးသဖြင့် သီတင်းပတ်အဆုံးမှာ သက်သေခံအများစုဟာ ဟောပြောခြင်းလုပ်ငန်းမှာ မှန်မှန်ပါဝင်ကြတယ်။
စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မျိုးတွေဆိုရင် ကျွန်တော်တို့ရဲ့ တစ်နေ့တာဟောပြောခြင်းပြီးသွားတဲ့အခါ အုပ်စုထဲကဘယ်သူပျောက်နေတယ်ဆိုတာကို စစ်ဆေးရပါတယ်။ အများအားဖြင့် ပျောက်နေတဲ့သူတွေဟာ အနီးဆုံးရဲစခန်းမှာ ထိန်းသိမ်းထားခြင်းခံနေရတတ်တယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့အတွက် စောင်တွေ၊ အစားအစာတွေယူသွားပေးပြီး သူတို့ကိုအားပေးကြတယ်။ ပြီးတော့ အချုပ်ခံနေရတဲ့သူတွေကိုကာကွယ်ပေးဖို့အတွက် တနင်္လာနေ့မှာအစိုးရရှေ့နေနဲ့ တရားဆိုင်ဖို့ ကျွန်တော်တို့ရဲ့ရှေ့နေတွေကို အသိပေးထားရပါတယ်။ သမ္မာတရားကြောင့် ဒီအခြေအနေတွေကိုတွေ့ကြုံရတဲ့အတွက် ကျွန်တော်တို့ပျော်ရွှင်စွာရင်ဆိုင်ကြပါတယ်!
ပိတ်ပင်ထားတဲ့အတောအတွင်းမှာ ဗေသလမှာရှိတဲ့ကျွန်တော်တို့ရဲ့ ပုံနှိပ်လုပ်ငန်းတွေကိုရပ်နားထားရတယ်။ ဒါကြောင့် အေသင်မြို့ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ အက်လက်မ်သယ်ရီးယားနဲ့ကျွန်တော် နေတဲ့အိမ်ခန်းဟာ ပုံနှိပ်တိုက်တစ်ခုလိုဖြစ်လာတယ်။ အက်လက်မ်သယ်ရီးယားက လေးလံတဲ့လက်နှိပ်စက်တစ်လုံးနဲ့ ကင်းမျှော်စင်ဆောင်းပါးမိတ္တူတွေကို ရိုက်နှိပ်ပါတယ်။ လက်နှိပ်စက်ထဲ တစ်ကြိမ်ကိုစာရွက်ဆယ်ရွက်ထည့်ပြီး ပုံနှိပ်စာလုံးတွေဆယ်ရွက်စလုံးမှာ ပုံနှိပ်မိဖို့အတွက် လက်နှိပ်စက်ခလုတ်ကို ပြင်းပြင်းရိုက်ပေးရတယ်။ အဲဒီနောက် ကျွန်တော်က စာရွက်တွေကိုစုပြီး ချုပ်ရပါတယ်။ ညနေပိုင်းကနေ ညသန်းခေါင်အထိ နေ့တိုင်းပြုလုပ်ကြတယ်။ ကျွန်တော်တို့အောက်ထပ်မှာနေတဲ့သူဟာ ရဲတစ်ယောက်ဖြစ်တယ်၊ သူဘာဖြစ်လို့များ သံသယမဖြစ်ခဲ့သလဲဆိုတာကို ကျွန်တော်အခုထိနားမလည်နိုင်ဘူး။
ဆက်လက်တိုးချဲ့မှုကြောင့် ပျော်ရွှင်ဝမ်းမြောက်ခြင်း
၁၉၇၄ ခုနှစ်ရောက်တော့ ဂရိနိုင်ငံမှာ ဒီမိုကရေစီပြန်ရရှိလာပြီး ဟောပြောခြင်းလုပ်ငန်းကို ပွင့်ပွင့်လင်းလင်းပြန်လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်းကို ကန့်သတ်ထားတဲ့ခုနစ်နှစ်အတွင်းမှာ သက်သေခံအသစ် ၆,၀၀၀ မကအံ့ဖွယ်ကောင်းလောက်အောင်တိုးလာတဲ့အတွက် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ အရေအတွက်ဟာစုစုပေါင်း ၁၇,၀၀၀ ကျော်အထိရောက်သွားပါတယ်။
ပုံမှန်ပုံနှိပ်လုပ်ငန်းကိုလည်း ဌာနခွဲအဆောက်အအုံမှာ ပြန်လုပ်ခဲ့တယ်။ အကျိုးဆက်တစ်ခုကတော့ မကြာခင် ကာတာလီလမ်းမှာရှိတဲ့ ဗေသလအဆောက်အအုံတွေဟာ သိပ်ကျဉ်းလာတယ်။ ဒါကြောင့် အေသင်မြို့ရဲ့ဆင်ခြေဖုံး မာရူစီအရပ်မှာ ၂.၅ ဧကရှိတဲ့ မြေကွက်တစ်ခုကိုဝယ်ယူလိုက်တယ်။ ဗေသလအဆောက်အအုံသစ်မှာ အိပ်ခန်း ၂၇ ခန်း၊ စက်ရုံတစ်ရုံ၊ ရုံးခန်းနဲ့ တခြားအဆောက်အအုံတွေပါ ဆောက်လုပ်ထားပါတယ်။ ဒီအဆောက်အအုံတွေကို ၁၉၇၉ ခုနှစ်၊ အောက်တိုဘာလမှာ အပ်နှံခဲ့ကြတယ်။
အချိန်တန်တော့ ကျွန်တော်တို့ဟာ နေရာပိုပြီးကျယ်ကျယ်လိုခဲ့ပြန်ပါတယ်။ ဒါကြောင့် အေသင်မြို့မြောက်ဘက်မိုင် ၄၀ အကွာလောက်မှာရှိတဲ့ ၅၄ ဧကရှိတဲ့မြေကွက်ကို ဝယ်ယူလိုက်တယ်။ အဲဒီနေရာက တောင်တန်းတွေနဲ့ ရေပေါများတဲ့ချိုင့်ဝှမ်းရှုခင်းတွေပါရှိတဲ့ တောင်ကုန်းဒေသဖြစ်တဲ့ အယ်လီရောနားမှာတည်ရှိတယ်။ ၁၉၉၁ ခုနှစ်မှာ လူနေအိမ် ၂၂ လုံးပါဝင်တဲ့ ပိုပြီးကြီးမားသောအဆောက်အအုံကို အပ်နှံလိုက်တယ်၊ အဲဒီအိမ်တစ်လုံးစီမှာ လူရှစ်ဦးနေနိုင်တယ်။
အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်းမှာ နှစ်ပေါင်း ၆၀ မကပါဝင်ခဲ့ပြီးတဲ့နောက် အခုအချိန်ထိ ကျွန်တော်ဟာ ကျန်းကျန်းမာမာပါပဲ။ ပျော်ပျော်ရွှင်ရွှင်နဲ့ “အသက်ကြီးသောကာလတွင်ပင် အသီးကိုသီး” နေဆဲပါပဲ။ (ဆာလံ ၉၂:၁၄) ကိုယ်တော်ရဲ့စစ်မှန်တဲ့ဝတ်ပြုကိုးကွယ်သူများ အရေအတွက်တိုးများလာခြင်းကို အသက်ရှင်လျက်ကိုယ်မျက်စိနဲ့မြင်ရတဲ့အတွက် ယေဟောဝါကိုအထူးကျေးဇူးတင်မိပါတယ်။ ပရောဖက်ဟေရှာယက ဒီလိုတိုးတက်မှုနဲ့ပတ်သက်ပြီး “တစ်ပါးအမျိုးသားတို့၏စည်းစိမ်ကို သင့်ထံသို့ဆောင်ခဲ့၍ . . . သင်၏တံခါးတို့ကို နေ့ညဉ့်မပိတ်ဘဲအစဉ်ဖွင့်ထားရလိမ့်မည်” လို့တင်ကူးပြောကြားခဲ့ပါတယ်။—ဟေရှာယ ၆၀:၁၁။
လူမျိုးအသီးသီးမှ သန်းပေါင်းများစွာသောလူတွေဟာ ယေဟောဝါရဲ့အဖွဲ့အစည်းကိုစုရုံးရောက်ရှိလာပြီး ကြီးစွာသောဒုက္ခကိုကပ်ကျော်ပြီးတဲ့နောက် ဘုရားသခင့်ကမ္ဘာသစ်ထဲ ကပ်ကျော်ဝင်ရောက်နိုင်ဖို့ သွန်သင်ခံနေရခြင်းကို မြင်တွေ့ရတာတကယ့်ကို အံ့မခန်းဖွယ်ရာပါပဲ! (၂ ပေတရု ၃:၁၃) အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်းဟာ ဒီလောကမှပေးနိုင်တဲ့ဘယ်အရာထက်မဆို ပိုပြီးအဖိုးထိုက်တယ်ဆိုတာကို ကျွန်တော်အမှန်ပြောနိုင်ပါတယ်။ ကျွန်တော်ဟာရွှေကိုမတွေ့ဘဲ ကျွန်တော့်ဘဝကို အတိုင်းထက်အလွန်ကြွယ်ဝပြည့်စုံစေတဲ့ ဝိညာဉ်ဏရေးစိန်များကိုတွေ့ရှိခဲ့တာအမှန်ပါပဲ။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
မီကာလစ္စ နှင့် အက်လက်ဖ်သယ်ရီးယား ကာမီနာရစ္စ (ယာ)လောမ်ဘားရ်ဒူးလမ်းရှိ ပုံနှိပ်တိုက်