ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
အလာစကာပြည်နယ်တွင် ဘုရားသခင်ကြီးပွားစေတော်မူသည်
ဆီနှင်းခဲနှင့် ရေခဲအလွှာအောက်တွင် သေးငယ်သောအစေ့လေးတစ်စေ့သည် အညှောက်ထွက်ကြီးထွားလာဖို့အခွင့်အရေးကို စောင့်ဆိုင်းနေလေသည်။ အလာစကာပြည်နယ်၏ တိုတောင်းသော နွေရာသီသုံးလအတွင်း အချင်း တစ်လက်မ၏ရှစ်ပုံတစ်ပုံသာရှိသော ဂေါ်ဖီထုပ်အစေ့တစ်စေ့သည် ပေါင် ၉၀ နီးပါးအထိကြီးထွားနိုင်ပါသည်။ မြေသြဇာညံ့ဖျင်း၍ အေးစိမ့်သောလွင်တီးခေါင်ဒေသဟု တစ်ချိန်ကလူတို့ထင်မှတ်ခဲ့သော ဤနယ်မြေသည် အသီးလှိုင်လှိုင်သီးနိုင်ပါသည်။
အလာစကာ၏ဝိညာဉ်ရေးရာလယ်ကွင်း၌ ယင်းသည် အထူးသဖြင့်မှန်ကန်ပါသည်။ ဆောင်းရာသီကာလရှည်လျားသော ထိုပြည်နယ်တွင် ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်မျိုးစေ့ကို ဆက်၍ဖြန့်ကြဲနေကြပါသည်။ ကမ္ဘာ့အခြားဒေသများမှာကဲ့သို့ ဘုရားသခင်သည် မြေသြဇာကောင်းသောနှလုံးများတွင် မျိုးစေ့ကိုကြီးပွားစေတော်မူပါသည်။—၁ ကောရိန္သု ၃:၆၊ ၇။
● ဗနက်စာအမည်ရှိ သက်သေခံသူငယ်မတစ်ဦးသည် ကျောင်းကားပေါ်ထိုင်နေစဉ် တစ်သီးပုဂ္ဂလအမြဲထိုင်တတ်သည့် ကျောင်းနေဖက်အဲန်းကို သတိပြုမိလေသည်။ အဲန်းမှာ ဝမ်းနည်းကြေကွဲနေဟန်ရှိသောကြောင့် မိမိနံဘေးတွင်ထိုင်ရန် ဗနက်စာကခေါ်ဖိတ်လိုက်သည်။ အဲန်းဝမ်းနည်းနေခြင်းမှာ အဆန်းမဟုတ်ပါ! သူမ၏မိခင်သည် နှလုံးရောဂါဖြင့်ကွယ်လွန်ပြီး မကြာမီဖခင်မှာ ကင်ဆာရောဂါနှင့် သေဆုံးသွားပြန်သည်။ ထို့ကြောင့် အဲန်းမှာအလာစကာပြည်နယ်ရှိ ဆွေမျိုးများနှင့်နေထိုင်ရခြင်းဖြစ်သည်။
တစ်နေ့သောစနေနေ့ လယ်ကွင်းလုပ်ငန်း၌ပါဝင်နေစဉ် ဗနက်စာသည် သူမ၏အသိအကျွမ်းသစ် နေထိုင်သောအိမ်သို့ရောက်ခဲ့ပြီး သူမအတွက် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှန်ပင်ဂရုစိုက်တော်မူသလော ဟူသည့်ဘရိုရှာကိုထားခဲ့ပေးသည်။ နောက်တနင်္လာနေ့တွင် အဲန်းသည် သက်သေခံသူငယ်မကို ကျောင်းတွင်ရှာဖွေလေသည်။ အဲန်းသည် ကျမ်းစာဆိုင်ရာမေးခွန်းများစွာကိုမေးမြန်းခဲ့ပြီး ဗနက်စာလည်းကောင်းစွာဖြေဆိုပေးနိုင်ခဲ့သည်။ “မင်းတို့ရဲ့ဝတ်ပြုဆုတောင်းပွဲကို ဘယ်မှာလုပ်ကြသလဲ” ဟုသူမမေးလေသည်။ ထိုညနေပိုင်းတွင် အဲန်းသည် ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ ကျင်းပသောအစည်းအဝေးကို ပထမဆုံးအကြိမ်တက်ရောက်လေသည်။
ယေရှုကတိပြုထားသည့်အတိုင်း ဤ ၁၇ နှစ်အရွယ်မိဘမဲ့ကလေးအတွက် ‘ဖခင်များ’ နှင့် ‘မိခင်များ’ ကိုရှာတွေ့ရန်မကြာလှပါ။ (မဿဲ ၁၉:၂၉) “ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ” ခရိုင်စည်းဝေးကြီး၌ ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ယေဟောဝါထံ သူမဆက်ကပ်အပ်နှံခြင်းကိုပြသခဲ့သော ပြုံးပျော်နေသည့်အဲန်းကို တွေ့မြင်ရခြင်းသည် အလွန်ဝမ်းမြောက်ဖွယ်အခါသမယပါတကား!
● တစ်ရွာနှင့်တစ်ရွာ မိုင်ပေါင်းရာချီပြီးဝေးကွာသော ကျယ်ပြောသည့် အလာစကာအာတိတ်ဒေသ၏ ဝေးလံသည့်ဒေသများရှိ ရပ်ကွက် ၁၅၀ ကျော်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြဲဖြန့်ရန် ကင်းမျှော်စင်အသင်း၏ စက်နှစ်လုံးတပ်လေယာဉ်ကို အသုံးပြုခဲ့ကြသည်။ သို့သော် ကျမ်းစာကိုမှန်မှန်လေ့လာခြင်းဖြင့် ဝိညာဉ်ရေးကြီးထွားဖို့ဆိုရာတွင် စာရေးဆက်သွယ်မှုကို အားထားနေရသည်။ စာရေးခြင်းသည် လူများစွာတို့အတွက် ခက်ခဲသည့်အလုပ်တစ်ခုဖြစ်ခြင်းကြောင့် သင်သား၏စိတ်ဝင်စားမှု သက်ဝင်ရှင်သန်နေစေဖို့အတွက် ကျမ်းစာကိုသွန်သင်ပို့ချသူတစ်ဦးသည် တီထွင်ဖန်တီးတတ်ဖို့လိုသည်။ ယင်းကို မည်သို့ပြီးမြောက်အောင်မြင်နိုင်မည်နည်း။
ကေသီသည် မိုင် ၄၀၀ ကျော်ဝေးကွာသည့်အရပ်တွင်နေထိုင်သော အက်ဒ်နာနှင့် တိုးတက်သည့်ကျမ်းစာသင်အံမှုတစ်ခုကို ကျင်းပခဲ့သည်! သင်အံမှုအထောက်အကူပြုစာစောင်မှ မေးခွန်းများကိုကူးချရုံပြုမည့်အစား ကေသီသည် မေးခွန်းရေးထားသောစာရွက်တွင် အဖြေရေးဖို့ကွက်လပ်ထားပေးသည်။ အဖြေများကိုအက်ဒ်နာဖြည့်စွက်ပြီးနောက် ကေသီသည် အရေးပါသည့်အချက်တစ်ချက်ကိုရှင်းပြဖို့လိုအပ်သောအခါ မှတ်ချက်များရေးပြီး စာပြန်ထည့်သည်။ ကေသီဤသို့ဖော်ပြသည်– “ဗုဒ္ဓဟူးနေ့ညနေပိုင်းကို ကျွန်မတို့ရဲ့ ‘သင်အံမှု’ အတွက် သီးသန့်ဖယ်ထားတယ်၊ တခြားကျမ်းစာသင်အံမှုတွေလိုပဲ မပျက်ကွက်အောင် ကျွန်မကြိုးစားတယ်။ အဲဒီအပြင် ကျွန်မရဲ့လိပ်စာ၊ တံဆိပ်ခေါင်းအပြည့်အစုံပါတဲ့စာတစ်စောင်ကို အက်ဒ်နာဆီပို့လိုက်တယ်။ စာရောက်ဖို့နှစ်ပတ်လောက်ကြာတဲ့အတွက် စာရေးဆက်သွယ်ပြီးသင်အံမှုလုပ်တာ နှေးတယ်လို့ထင်ရပါတယ်။”
ကေသီနှင့် အက်ဒ်နာတို့သည် ဆယ်လကြာ စာနှင့်သင်အံမှုပြုပြီးနောက် အဲန်ခိုရိတ်ဂ်ျမြို့တွင်ကျင်းပသော ခရိုင်စည်းဝေးကြီး၌ လူချင်းတွေ့ကြသောအခါ ဖြစ်ပေါ်လာသောစိတ်လှုပ်ရှားမှုကို စဉ်းစားကြည့်ပါလေ! သက်သေခံများသည် အလာစကာပြည်နယ်ရှိ ဝေးလံလှသောကျေးရွာများမှ ကျမ်းစာသင်သားများနှင့် အခြားစိတ်ဝင်စားသူများပါ တက်ရောက်လာခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသည်။
တစ်ခါတစ်ရံ ကြီးထွားမှုနှေးသည်ဟု ထင်မှတ်ရသော်လည်း အမှန်တရားအလင်းကို ရရှိကြသောအခါ အချို့ “ပျိုးပင်များ” သည်လျင်မြန်စွာ အညှောက်ပေါက်လာလေသည်။ အလာစကာပြည်နယ်တွင် နှစ်စဉ်ပျမ်းမျှအားဖြင့် ယေဟောဝါကိုချီးမွမ်းသူလူသစ် တစ်ရာကျော်တို့သည် နှစ်ခြင်းခံကြသည်! ကြီးပွားစေသည့်အတွက် “ကျေးဇူးတင်ပါ၏ ယေဟောဝါ” ဟုကျွန်ုပ်တို့ပြောကြပါသည်!