ကျမ်းစာသင်အံမှုများကို စိတ်ထက်သန်စွာ ရှာဖွေခြင်း
၁ ဤကမ္ဘာဟောင်း၏အချိန်သည် အလျင်အမြန် ကုန်ခမ်းနေကြောင်း သာဓကတိုးပွားနေပါသည်။ (၂ တိ၊ ၃:၁-၅) အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဆိုလိုသည်မှာ လူတို့သည် သေရေးရှင်ရေးအကြောင်းနှင့် ကြုံတွေ့နေပါသည်။ သို့ရာတွင် အချို့သောသူများကို ကျွန်ုပ်တို့ ကယ်တင်နိုင်ခွင့်ရှိသည်။ (သု၊ ၃:၂၇) ယင်းအတွက်ကြောင့် ကျမ်းစာသင်အံမှုများစ၍ ကျင်းပပေးရန် စိတ်အားထက်သန်စွာ ကြိုးစားသင့်ပါသည်။
၂ ကျွန်ုပ်တို့၏ ကျမ်းစာအခြေခံသောစာပေများကို ဝေငှဖြန့်ဖြူးပေးခြင်းအားဖြင့် အကျိုးများစွာဖြစ်ထွန်းခဲ့ပြီ။ သို့သော် လူများ အလိုအပ်ဆုံးအရာကား မှန်မှန်ကျင်းပသော အိမ်တွင်းကျမ်းစာသင်အံမှုအားဖြင့် ကိုယ်ထိလက်ရောက် ကူညီပေးမှုဖြစ်သည်။ ယင်းကို လူတို့အား မည်သို့သဘောပေါက်စေနိုင်မည်နည်း။
၃ လူအများနှင့်သက်ဆိုင်သောမေးခွန်းများ မေးမြန်းပေးနိုင်ပါသည်။ ဤမေးခွန်းများသည် စာရိတ္တ အဘယ်ကြောင့်ဤမျှယိုယွင်းရသနည်း၊ မိသားစုဘဝသည် အဘယ်ကြောင့် မတည်မြဲရသနည်း၊ အဓမ္မမှုနှင့်ရာဇဝတ်မှုသည် အဘယ်ကြောင့်ဤမျှစိုးရိမ်စရာဖြစ်ရသနည်း၊ လက်ရှိအခြေအနေများကို မေတ္တာရှင်ဘုရားသခင်သည် အဘယ်ကြောင့်ခွင့်ပြုရသနည်း၊ အစရှိသည်တို့ဖြစ်နိုင်ပါသည်။ သင့်ရပ်ကွက်ရှိသူများ အထူးစိတ်ဝင်စားပုံရှိသော အရေးကိစ္စများ၊ ပြဿနာများကို သတိပြုပါလေ။ ဤမေးခွန်းများအတွက် ကျမ်းစာ၏ ရှင်းလင်းပြတ်သားသော အဖြေများကို ညွှန်ပြပါ။ ကျွန်ုပ်တို့အားလုံးနှင့်သက်ဆိုင်သည့် ဤအရေးကိစ္စများနှင့် အခြားအရေးကြီးသောအကြောင်းများကို ကျမ်းစာ မည်သို့ဖော်ပြထားကြောင်း ကျွန်ုပ်တို့ဝေငှသောစာပေကူညီပေးပုံကို တင်ပြပါ။
၄ အိမ်ရှင်နှင့် အပြန်အလှန်စကားပြောဆိုနိုင်ရန် အရေးကြီးသည်။ သူစိတ်ဝင်စားမည့်အရာကို သိရှိနိုင်ရန် ကြိုးစားပါ။ သူ၏စိတ်ဝင်စားရာ၊ စိုးရိမ်ဖွယ်ရာများအကြောင်း စကားစမြည်ပြောဆိုပါ။ လူ့ပြဿနာများဆိုင်ရာ သမ္မာကျမ်းစာ၏အဖြေကို ရှင်းပြသည့် စာအုပ်၊ ဘရိုရှာ၊ မဂ္ဂဇင်း၊ သို့မဟုတ် ဝေစာတစ်ခုခုပါအကြောင်းကို ညွှန်ပြပါ။ ထိုအိမ်မှမထွက်ခွာမီ နောက်တစ်ကြိမ်လည်ပတ်မည့်အခါကို အိမ်ရှင်စောင့်မျှော်နေစေရန် မေးခွန်းတစ်ခု၊ နှစ်ခုမေးမြန်းထားပါ။ ပြန်လာသည့်အခါ ဤမေးခွန်းများကို ပြန်သတိပေးကာ သမ္မာကျမ်းစာအဖြေများတွေ့ရှိရန် သူ့အားကူညီရာ၌ စာပေများကိုအသုံးပြုပါ။
၅ သင်အံမှုများစ၍ ယင်းတို့ကိုမှန်မှန်ကျင်းပခြင်းသည် လူတို့၏ဘဝအသက်တာကို ပြုပြင်ပြောင်းလဲပေးနိုင်ပါသည်။ လယ်ကွင်း၊ သို့မဟုတ် အမှတ်မထင်သည့်အခြေအနေများတွင်တွေ့ဆုံသူများ၏အရေးကိစ္စကို တကယ်စိတ်ဝင်စားကြောင်း တင်ပြသင့်သည်။ သူတို့၏စိတ်ဝင်စားမှု တိုးများလာစေရန် နှိုးဆော်ပေးဖို့ ကောင်းစွာပြင်ဆင်မှုလိုပါသည်။ ဝိညာဏအစာကို မှန်မှန်စားသုံးသူများဖြစ်လာစေရန် စိတ်ရှည်ရှည်နှင့် အကြိမ်ကြိမ်ပြန်လည်ပတ်သွားရန်လိုပါသည်။ ပုဂ္ဂိုလ်ရေးအရ ထိုသူတို့ကိုစိတ်ဝင်စားရန်လိုပါသည်။ လာလတ္တံ့သော ပျက်စီးခြင်းဘေးမှ ကယ်တင်ခြင်းရရှိစေရန် ကူညီပေးလိုစိတ် ထက်သန်ရမည်။ ကျွန်ုပ်တို့၏ ကျမ်းစာသင်အံမှုလုပ်ငန်းအတွက် စိတ်အားထက်သန်စွာ မှန်မှန်ဆုတောင်းပေးသင့်ပါသည်။—၁ သက်၊ ၅:၁၇။
၆ လွန်ခဲ့သောသုံးနှစ်အတွင်း တစ်သန်းနီးပါးရှိသောသူတို့သည် နှစ်ခြင်းခံတပည့်တော်များဖြစ်လာကြခြင်းက အမှန်အားရှိစရာဖြစ်သည်။ (မ၊ ၂၈:၁၉၊ ၂၀) လစဉ် ကျမ်းစာသင်အံမှုပေါင်း လေးသန်းခွဲ ကျင်းပနေဆဲရှိသည်။ ယင်းက လူတို့အသက်ရရေးကို ကျွန်ုပ်တို့စိတ်ဝင်စားကြောင်း ဖော်ပြသည်။ အသင်ကော။ အိမ်တွင်းကျမ်းစာသင်အံမှုလုပ်ငန်းတွင် ပါဝင်ရန် စိတ်ထက်သန်စွာ ကြိုးစားနေပါသလော။ ယင်းအမှုကို ကျွန်ုပ်တို့သစ္စာရှိရှိဆောင်ရွက်မှ ကျွန်ုပ်တို့နှင့် အခြားသူတို့ပါ အသက်ချမ်းသာရနိုင်မည်ကို သတိရပါ။—ယေဇ၊ ၃:၁၇-၁၉။