ဩဂုတ်လသည် ထူးခြားသောလဖြစ်မည်လော
၁ ၁၉၆၃ ခုနှစ်သည် ယေဟောဝါ၏လူမျိုးတော်အတွက် ထူးခြားသောနှစ်တစ်နှစ်ဖြစ်ခဲ့၏။ အဘယ်ကြောင့်ဖြစ်ကြောင်း သင်သိသလော။ ထိုအချိန်တွင် ကမ္ဘာတစ်ဝန်းရှိကြေညာသူအရေအတွက်သည် တစ်သန်းအမှတ်ကိုရောက်ရှိခဲ့သည်။ ထိုအချိန်၌ သင်သည် သမ္မာတရားတွင်ရှိခဲ့မည်ဆိုလျှင် နိုင်ငံတော်သတင်းဟောပြောရာတွင် ဤမျှလောက်များစွာသောသူတို့ရှိနေခြင်းအတွက် အလွန်အားရဝမ်းသာဖြစ်ခဲ့ရသည်ကို သင်သတိရပေမည်! ယခုအခါ ယူ.အက်စ်.အေ တစ်နိုင်ငံတည်း၌ပင် ကြေညာသူများစွာရှိနေပေပြီ။ သို့သော် သူတို့ထဲမှ လစဉ်ပျမ်းမျှအားဖြင့် ၉၀,၀၀၀ သောသူတို့သည် ဓမ္မအမှုတွင် တစ်နည်းနည်းဖြင့်ပါဝင်ခြင်းကို မှတ်တမ်းမပေးကြပါ။ မြန်မာပြည်တွင်လည်း လစဉ် ၃၀ ခန့် သို့မဟုတ် ထိုထက်မကသောကြေညာသူတို့သည် လယ်ကွင်းလုပ်ငန်းမှတ်တမ်းမပေးကြပါ။
၂ စိန်ခေါ်ချက်ကိုလက်ခံပါ– ဩဂုတ်လအတွင်း မြန်မာပြည်၌ တစ်ခါမျှမရဖူးသည့် အများဆုံးကြေညာသူ ၂,၅၀၀ ရရှိရန် ကျွန်ုပ်တို့ကြိုးစားနေကြပါသည်။ ကျွန်ုပ်တို့၏ကြိုးစားမှုအောင်မြင်ပါက ဩဂုတ်လသည် အမှန်ပင်ထူးခြားသောလဖြစ်မည်! ကျွန်ုပ်တို့အားလုံး မိမိတို့၏အပိုင်းကဏ္ဍကို လုပ်ဆောင်ကြမည်ဆိုလျှင် ယင်းကိုပြုလုပ်နိုင်ပါသည်။
၃ အားလပ်ရက်ခရီးထွက်ရန်စီစဉ်သူများသည် မထွက်ခွာမီ ဓမ္မအမှုတွင် အချိန်အတော်အတန်အသုံးပြုနိုင်သည်။ သင့်ခရီးစဉ်အတွင်း တွေ့သည့်လူများကိုသက်သေခံနိုင်ရန် သင်နှင့်အတူ ဝေစာ၊ ဘရိုရှာ သို့မဟုတ် မဂ္ဂဇင်းများကိုယူသွားပါ။ ထို့ပြင် သင်သွားလိုသည့်ဒေသ၌လည်း ဒေသခံကြေညာသူများနှင့်အတူ ဓမ္မအမှုတွင်ပါဝင်နိုင်ပါသည်။
၄ သင်သည် မသန်မစွမ်းဖြစ်မည်ဆိုလျှင် ဓမ္မအမှုတွင် ပါဝင်နိုင်တုန်းပင်ဖြစ်၏။ သင်သည် ဆရာဝန်များ၊ သူနာပြုများ သို့မဟုတ် အလည်လာသူများကို သက်သေခံနိုင်ပါသည်။ စာဖြင့်ဖြစ်စေ သို့မဟုတ် တယ်လီဖုန်းဖြင့်ဖြစ်စေ သက်သေခံနိုင်သည်။
၅ အချို့သောသူတို့သည် ဩဂုတ်လတွင် လယ်ကွင်းလုပ်ငန်း၌ပါဝင်နိုင်ရန် ကူညီပေးသည်ကို တန်ဖိုးထားကြမည်မှာ ယုံမှားဖွယ်မရှိပေ။ အကြီးအကဲများ၊ ဓမ္မအမှုထမ်းများနှင့် သင်အံမှုကျင်းပသူများသည် ဤအကူအညီများကိုပေးရန် စီစဉ်သင့်သည်။ မည်သည့်နည်းဖြင့်မဆို လကုန်လျှင် သင့်လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို ချက်ချင်းပေးရန်မမေ့ပါနှင့်၊ ဤသို့ဖြင့် သင်သည် ဩဂုတ်လတွင် ကြေညာသူတစ်ဦးအဖြစ် ရေတွက်ခံရမည်ဖြစ်သည်။
၆ အခွင့်ထူးကိုမြတ်နိုးပါ– ဓမ္မအမှုသည် “အပ်ထားသောအရာမြတ်” ဖြစ်၏။ (၂ တိ. ၁:၁၄) သတင်းကောင်းဟောပြောရန် ကျွန်ုပ်တို့အား ပေးအပ်ထားသောအခွင့်ထူးကို ကျွန်ုပ်တို့လေးမြတ်ကြပါသည်။ (၁ သက်. ၂:၄) ကျွန်ုပ်တို့အတွက် ယေဟောဝါပြုလုပ်ထားတော်မူသမျှကို သုံးသပ်သောအခါ ဤအရေးအကြီးဆုံးလုပ်ငန်းတွင် တစ်နှစ်ပတ်လုံး အဆက်မပြတ်ပါဝင်ရန် လှုံ့ဆော်ခံရသင့်သည်။ မှန်မှန်ဟောပြောခြင်းမှ ကျွန်ုပ်တို့ကိုဟန့်တားရန် ဘာကိုမျှခွင့်မပြုသင့်ပါ။ ယေဟောဝါ၏လုပ်ငန်းတော်တွင် ဤသြဂုတ်လကို ထူးခြားသောလတစ်လဖြစ်စေကာ ယင်းနောက်ပိုင်းလတိုင်းတွင်လည်း ကိုယ်တော်အကြောင်းသက်သေခံရန် စိတ်ပိုင်းဖြတ်ထားကြစို့။—ဆာ. ၃၄:၁။