“ကျွန်တော် အခိုင်အမာရပ်တည်သည်! ကျွန်တော် အခိုင်အမာရပ်တည်သည်! ကျွန်တော် အခိုင်အမာရပ်တည်သည်!”
၁ မီးလောင်တိုက်သွင်းခြင်းကို လွတ်မြောက်ခဲ့သည့် သစ္စာရှိခရစ်ယာန်တစ်ဦး၏ ထိုစကားများက နာဇီရက်စက်မှုခံရသည့်ကြား မိမိတို့၏ယုံကြည်ခြင်းတွင် စွဲစွဲမြဲမြဲရှိခဲ့ကြသည့် ထောင်နှင့်ချီသော—အသက်ရှင်နေသော၊ သေဆုံးသွားသော—သက်သေခံများ၏သန္နိဋ္ဌာန်ကို ပဲ့တင်ထပ်စေသည်။ (ဧ. ၆:၁၁၊ ၁၃) ၎င်းတို့၏သတ္တိနှင့်အောင်ပွဲဆိုင်ရာ သည်းထိတ်ရင်ဖိုဖွယ်အဖြစ်အပျက်ကို နှလုံးကိုလှုံ့ဆော်ပေးသည့် ယေဟောဝါသက်သေတို့ နာဇီထိုးနှက်မှုကို အခိုင်အမာရပ်တည် ဗီဒီယိုခွေတွင် ဖော်ပြထားသည်။ ယင်းကိုကြည့်ကာ မိမိတို့၏စိတ်စွဲမှတ်မှုများနှင့် ခံစားချက်များကို အချင်းချင်းဝေမျှရန် အသင်းတော်ရှိသူတိုင်းကို အားပေးပါသည်။
၂ ဤမေးခွန်းများက သင့်စဉ်းစားတွေးခေါ်မှုကို လှုံ့ဆော်ပေးပါစေ– (၁) မည်သည့်အကြောင်းများကြောင့် ယေဟောဝါသက်သေတို့သည် နာဇီတို့၏တစ်ဖက်တွင် ရဲရဲရင့်ရင့်ရပ်တည်ခဲ့ကြသနည်း။ (၂က) နှုတ်ဆက်စကားတစ်ခွန်းကြောင့် အဘယ်ဆန့်ကျင်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာသနည်း၊ အဘယ်ကြောင့်နည်း။ (၂ခ) ယင်းက သက်သေခံမိသားစုများကိုမည်သို့ထိခိုက်ခဲ့သနည်း။ (၃) ချွေးတပ်စခန်းများသို့ သက်သေခံဘယ်နှစ်ယောက်အပို့ခံရသနည်း၊ ထိုတွင် သူတို့သည် မည်သို့ခွဲခြားသတ်မှတ်ခံရသနည်း၊ ဂက်စတာပိုသည် သူတို့ကို မည်သို့ပြုမူဆက်ဆံခဲ့သနည်း။ (၄) ကျွန်ုပ်တို့၏ညီအစ်ကိုများသည် လွတ်မြောက်ဖို့အတွက် အဘယ်အဖိုးအခကိုပေးရန် လိုလိုလားလားမရှိခဲ့ကြသနည်း။ (၅က) ယေဟောဝါသက်သေတို့သည် ဟစ်တလာအစိုးရ၏ရက်စက်ယုတ်မာမှုများကို မည်သို့နှင့် မည်သည့်အချိန်တွင် ရဲရင့်စွာဖော်ထုတ်ပြောဆိုခဲ့သနည်း။ (၅ခ) ဟစ်တလာက မည်သို့တုံ့ပြန်ခဲ့သနည်း။ (၆) ယေဟောဝါလူမျိုးတော်၏စည်းလုံးညီညွတ်မှုသည် ၎င်းတို့အတွက်နှင့် အခြားသူတို့အတွက် ကာယရေးနှင့်ဝိညာဉ်ရေးအရ အသက်ချမ်းသာရာရစေကြောင်းမည်သို့ထင်ရှားခဲ့သနည်း။ (၇) ချွေးတပ်စခန်းတစ်ခုတွင် မည်သည့်နိုင်ငံတော်သီချင်းကို ရေးစပ်ခဲ့သနည်း။ (၈) အခြေအနေမည်သို့ပင်ဖြစ်လာစေကာမူ ယေဟောဝါအပေါ် သမာဓိစောင့်သိနေရန် သစ္စာရှိအမျိုးသား၊ အမျိုးသမီးနှင့်လူငယ်များ၏ အဘယ်ပုံသက်သေများက သင့်အားလှုံ့ဆော်ပေးသနည်း။ (၁၉၉၉ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၁၄၄-၇ ကိုလည်းရှု။) (၉) ယေဟောဝါသက်သေတစ်ဦးအနေနှင့် ဤဗီဒီယိုခွေက လောက၏အစိတ်အပိုင်းမဖြစ်ခြင်းနှင့်ပတ်သက်၍ သင့်အားမည်သို့ခံစားရစေသနည်း။
၃ အခိုင်အမာရပ်တည် ဗီဒီယိုခွေတွင်ဖော်ပြထားသည့် ယေဟောဝါသက်သေတို့၏ အပြုသဘောပါပုံသက်သေက သည်းမခံနိုင်ခြင်း၊ ရွယ်တူချင်းဖိအားနှင့် ဩတ္တပ္ပစိတ်အစရှိသော အရေးကြီးကိစ္စများကိုရင်ဆိုင်နိုင်ရန် လူငယ်များကိုသာမက သက်သေခံမဟုတ်သူများကိုပင် ကူညီနိုင်သည်။ သင်သည် အလယ်တန်း သို့မဟုတ် အထက်တန်းကျောင်းတက်နေသည့် လူငယ်တစ်ဦးဖြစ်လျှင် သင့်ဆရာများအား အတန်းထဲတွင် ဤအခွေကိုအသုံးပြုရန် အခွင့်အရေးပေးနိုင်မည်လော။ သူတို့အား ဤဗီဒီယိုခွေတစ်ခုပေးထားနိုင်ပြီး ၎င်းသည် လူသိနည်းသောသမိုင်းတစ်စိတ်တစ်ဒေသဖြစ်ကြောင်း သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာသင်ခန်းစာတစ်ခုပါသည့် မှတ်တမ်းမှတ်ရာတစ်ခုဖြစ်ကြောင်း ဖော်ပြပါ။
၄ အခိုင်အမာရပ်တည် ဗီဒီယိုခွေသည် မှန်ကန်ရာဘက် မြဲမြံနေခြင်းအားဖြင့် ဘုရားသခင်နှစ်သက်ရာကိုပြုရန် မြင့်မြတ်သောသွန်သင်ခြင်းက ကျွန်ုပ်တို့အား မည်သို့ဝိညာဉ်ခွန်အားပေးကြောင်းဖော်ပြဖို့ အလွန်ကောင်းသည့်ကိရိယာတစ်ခုဖြစ်သည်။ (၁ ကော. ၁၆:၁၃) သမ္မာတရားစိတ်ဝင်စားသူတိုင်းအား ယင်းကိုဝေမျှပါ။