သင်ကြား၊ လှုံ့ဆော်၊ အားသစ်လောင်းပေးသည့် ကိရိယာများ
၁ ယင်းတို့သည် သမ္မာကျမ်းစာနှင့် ယေဟောဝါသက်သေများအကြောင်း လူတို့အား သင်ကြားပေးရာတွင်တန်ခိုးပါသည်။ ၎င်းတို့သည် များစွာသောသူတို့အား သမ္မာတရားအတွက် ခိုင်မြဲစွာရပ်တည်ရန် လှုံ့ဆော်ပေးခဲ့ပြီ။ ဘုရားသခင့်ဆက်ကပ်အပ်နှံထားသည့်လူမျိုး၏ ယုံကြည်ခြင်းနှင့် လေးမြတ်မှုကိုလည်း အားသစ်လောင်းပေးခဲ့ပြီ။ ယင်းတို့ကား အဘယ်အရာများနည်း။ ယေဟောဝါ၏အဖွဲ့အစည်းက စီစဉ်ထုတ်လုပ်ထားသည့် ဗီဒီယိုခွေများဖြစ်၏။ ၎င်းဆယ်ခွေစလုံးကို သင်ကြည့်ပြီးပြီလော။ မည်မျှကြာပြီနည်း။ သင့်ဓမ္မအမှုတွင် ယင်းတို့ကိုအသုံးပြုသလော။ ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး ဟူသည့် ၁၁ ခုမြောက်ဗီဒီယိုခွေကို ထုတ်ဝေလိုက်ကြောင်း ခရိုင်စည်းဝေးကြီးတွင် ကြေညာခဲ့ပါသည်။ ယင်းကို သင်မှာယူထားပြီလော။ သင်သည် ဤအလွန်ကောင်းမွန်သည့်ကိရိယာများမှ မည်သို့ပိုမိုအကျိုးခံစားနိုင်သနည်း။
၂ “မိသားစုလိုက် ဘုရားသခင့်စကားတော်ကို မှန်မှန်သင်အံလော့” ဟူသော ဇူလိုင် ၁၊ ၁၉၉၉၊ ကင်းမျှော်စင် ပါဆောင်းပါးက “အသင်းမ၏ အသိပညာပေးသောဗီဒီယိုခွေများကို ကြည့်ရှု . . . ပြီး ယင်းကိုဆွေးနွေးရန် အချိန်သတ်မှတ်” ဖို့အကြံပြုခဲ့သည်။ ထိုအကြံပြုချက်ကောင်းနှင့်အညီ တစ်လခြားလုပ်ငန်းတော်စည်းဝေး၌ ဗီဒီယိုတစ်ခွေစီကို သုံးသပ်သွားမည်ဖြစ်သည်။ လုပ်ငန်းတော်စည်းဝေးတွင် ယင်းကိုမဆွေးနွေးမီ အိမ်တွင် ၎င်းဗီဒီယိုခွေကိုကြည့်ထားရန် အသင်းတော်ရှိယောက်တိုင်းကို အားပေးပါသည်။
၃ ဤလတွင် ပထမဆုံးထုတ်လုပ်ခဲ့သည့် ယေဟောဝါသက်သေများ—နာမည်နောက်ဝယ်ရှိအဖွဲ့အစည်း ဟူသည့်ဗီဒီယိုခွေဖြင့် အစပြုပါသည်။ ဤမေးခွန်းများ၏အဖြေကိုရရှိရန် ကြည့်ရှုနားထောင်ပါ–
◼ ယေဟောဝါသက်သေများကို အဘယ်အရာများကြောင့် လူသိများကြသနည်း။
◼ ဗေသလတွင်လုပ်ဆောင်ပြီးမြောက်သမျှသည် မည်သည့်ကျမ်းချက်နှင့် ဆက်စပ်နေသနည်း။
◼ စာအုပ်စာတမ်းများတွင်အသုံးပြုရန်အတွက် တင်ဆက်၊ ဓာတ်ပုံရိုက်၊ ပန်းချီဆွဲနေသည့် အဘယ်ကျမ်းစာပြကွက်ကို သင် တွေ့ခဲ့ရသနည်း။
◼ ကျွန်ုပ်တို့၏စာပေများကိုပြင်ဆင်သည့်နည်းနှင့်ပတ်သက်၍ သင့်ကိုစွဲမှတ်စေသည့်အရာကား အဘယ်နည်း။
◼ အသင်းမသည် ၁၉၂၀ မှ ၁၉၉၀ အထိ စာပေမည်မျှပုံနှိပ်ထုတ်ဝေခဲ့ပြီနည်း။
◼ အထူးသဖြင့် ဘုရားသခင့်လူမျိုးတော်အလယ်တွင် မည်သူတို့သည် ဗေသလလုပ်ငန်းအတွက် အရည်အချင်းပြည့်မီရန် တက်လှမ်းသင့်သနည်း။—သု. ၂၀:၂၉။
◼ ဗေသလမိသားစုသည် ယေဟောဝါသက်သေများအားလုံးအတွက် ပုံသက်သေကောင်းတစ်ရပ်ကို မည်သည့်နည်းများဖြင့် ချမှတ်ပေးသနည်း။
◼ လူများနိုင်သလောက်များများထံ သတင်းကောင်းရောက်ရှိရန် ဗေသလ၌လုပ်ဆောင်နေသည့် လုပ်ငန်းနှင့်ပတ်သက်၍ သင့်ကိုစွဲမှတ်စေသည့်အရာကား အဘယ်နည်း။
◼ ကမ္ဘာချီလုပ်ငန်းကို မည်သို့ငွေကြေးထောက်ပံ့သနည်း။
◼ ကျွန်ုပ်တို့သည် အဘယ်လုပ်ငန်းကို စိတ်ထက်သန်စွာထောက်ပံ့နိုင်သနည်း၊ အဘယ်စိတ်ဓာတ်ဖြင့်နည်း။—ယော. ၄:၃၅; တ. ၁:၈။
◼ ကျွန်ုပ်တို့၏နာမည်နောက်ဝယ်ရှိ အဖွဲ့အစည်းနှင့်ပတ်သက်၍ သင်မည်သို့ခံစားရသနည်း။
◼ ဤဗီဒီယိုခွေကို ဓမ္မအမှုတွင် သင် မည်သို့အသုံးပြုနိုင်သနည်း။
ဒီဇင်ဘာတွင် သမ္မာကျမ်းစာ—တိကျမှန်ကန်သောသမိုင်း၊ ယုံကြည်စိတ်ချနိုင်သောပရောဖက်ပြုချက် ဟူသည့် ဗီဒီယိုခွေကိုသုံးသပ်ပါမည်။
[စာမျက်နှာ ၁ ပါ ရုပ်ပုံ]
(စ. ၇၊ ကော်. ၃ သို့ဆက်ရန်)
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သင်ကြား . . . ကိရိယာများ (အဆက်)