တန်ဇန်းနီးယား– ဒါရက်စလန်မြို့မှာ လမ်းသွားလမ်းလာတွေက စာပေတွေကို စိတ်ဝင်စားကြ
ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ
တွေ့ဖို့ခက်တဲ့လူတွေဆီ သတင်းကောင်းရောက်ရှိ
တစ်အိမ်တက်ဆင်းလုပ်ငန်းဟာ ကျမ်းစာအမှန်တရား ဖြန့်ဝေရေးမှာ ယေဟောဝါသက်သေတွေသုံးတဲ့ အဓိကနည်းလမ်းဖြစ်တယ်။ ဒါပေမဲ့ စားပွဲတွေ၊ လက်တွန်းစင်တွေနဲ့ စာပေတွေကို ခင်းကျင်းပြသတဲ့နည်းကလည်း နိုင်ငံတော်သတင်းကောင်း ဟောပြောရာမှာ သိပ်ထိရောက်တဲ့နည်းလမ်းပါပဲ။ (မ. ၂၄:၁၄) နိုင်ငံတော်သတင်းကောင်း ဟောပြောသူတွေဟာ စာအုပ်စင်တွေ၊ စားပွဲတွေသုံးပြီး လူအများသွားလာတဲ့နေရာတွေမှာ ဟောပြောနေကြတယ်။ ကမ္ဘာတစ်လွှားက အသင်းတော်တွေဟာ လက်တွန်းစင်ပေါင်း ၂၅၀,၀၀၀ ခန့်ကိုလည်း အသုံးပြုခဲ့ကြတယ်။ ဘာအကျိုးရလဒ်ရရှိခဲ့သလဲ။
တန်ဇန်းနီးယားနိုင်ငံ၊ ဒါရက်စလန်မြို့မှာ ၂၀၁၄ ခုနှစ်ကစပြီး လူထုရှေ့သက်သေခံခြင်း အထူးအစီအစဉ်ကို စတင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျမ်းစာသင်အံမှုတောင်းဆိုသူ ၇၀၀ လောက် ရှိနေပြီ။ စိတ်ဝင်စားသူများစွာက စည်းဝေးတွေတက်နေပြီး ဘုရားနဲ့ပိုရင်းနှီးလာကြပြီ။ တစ်နှစ်အတွင်း အာဖရိကနိုင်ငံတွေနဲ့ နိုင်ငံရပ်ခြားကလူတွေ ယူသွားတဲ့စာပေပေါင်း ၂၅၀,၀၀၀ ကျော်ရှိတယ်။
ဆော်လမွန်ကျွန်းစုမှာ ၂,၀၀၀ လောက်တောင်မပြည့်တဲ့ ကြေညာသူတွေဟာ ကျွန်းပေါင်း ၃၀၀ ကျော်မှာ ဟောပြောနေကြတယ်။ တကယ်ကြီးမားတဲ့ရပ်ကွက်ပဲ။ ဒီကျွန်းစုမှာ လူထုရှေ့သက်သေခံခြင်း အထူးအစီအစဉ်ဟာ အမှန်တရားမျိုးစေ့ ကြဲဖြန့်ရာမှာ အရေးပါတဲ့နည်းလမ်းပါပဲ။ မြို့တော်ဟိုနီရာယာမှာ ညီအစ်ကိုတွေက မဂ္ဂဇင်း ၁၀၄,၀၀၀ ကျော်နဲ့ ဘရိုရှာ ၂၃,၆၀၀ ကျော် ဝေငှခဲ့ကြတယ်။ စာပေတွေကိုယူသွားသူ အများစုဟာ သက်သေခံမရှိတဲ့ ကျွန်းတွေ၊ ဝေးခေါင်တဲ့ရွာတွေကဖြစ်တယ်။ တစ်ညနေတည်းမှာပဲ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ပေါင်း ၄၀၀ ဝေငှရပြီး လူ ၆၀ က အိမ်တွင်းကျမ်းစာသင်အံမှု တောင်းဆိုခဲ့တယ်။
ဗင်နီဇွဲလားနိုင်ငံ၊ မာဂရီးတာကျွန်း ကမ်းခြေနားမှာ မှန်မှန်ရှေ့ဆောင်ဖြစ်တဲ့ မိုက်ကယ်နဲ့လင်ဒါတို့ဟာ လူထုရှေ့သက်သေခံခြင်းမှာ ပါဝင်နေကြတယ်။ ဒီအချိန်မှာ အာနီဘယ်လ်ဆိုတဲ့လူ ရောက်လာပြီး ကျမ်းစာသွန်သင်ရာ စာအုပ်ယူလိုက်တယ်။ လွန်ခဲ့တဲ့ခုနစ်နှစ်က ဒီကမ်းခြေမှာပဲ သူ့အဖေဆုံးသွားတာလို့ ပြောပြတယ်။ အဲဒီကစပြီး သူ့အမေဟာ စိတ်ကျဝေဒနာ ခံစားနေရတယ်။ နောက်တစ်ပတ်မှာ အာနီဘယ်လ် ပြန်ရောက်လာပြီး ဒီနေ့ဟာ သူ့အဖေသေဆုံးတဲ့ နှစ်ပတ်လည်နေ့ပဲလို့ မိုက်ကယ်နဲ့လင်ဒါကို ပြောပြတယ်။ ပြီးတော့ သူ့အမေဆီ ဖုန်းခေါ်ပြီး နှစ်သိမ့်စကားပြောပေးပါလို့ မိုက်ကယ်ကိုတောင်းဆိုတယ်။ အဲဒီအချိန်ကစပြီး သူ့အမေက မိုက်ကယ်နဲ့လင်ဒါဆီ မကြာမကြာဖုန်းဆက်တယ်။ သူတို့ကလည်း နှစ်သိမ့်မှုဖြစ်စေတဲ့ကျမ်းချက်တွေ ပြောပြတယ်။ တစ်ကြိမ်မှာတော့ သူ့အမေက “ဒီနေ့ ကျွန်မ တော်တော်နေလို့ကောင်းတယ်။ ရှင်တို့က ကျွန်မကိုနှစ်သိမ့်ပေးပြီး ယုံကြည်ခြင်းခိုင်ခံ့အောင် ကူညီပေးလို့လေ” ဆိုပြီး မက်ဆေ့ချ်ပို့တယ်။
အမေရိကန်နိုင်ငံ၊ မြို့ပေါင်း ၁၄ မြို့က ၁၂၇ နေရာမှာ လူထုရှေ့သက်သေခံခြင်း အထူးအစီအစဉ်ကို လုပ်ဆောင်နေတယ်။ ၂၀၁၅ လုပ်ငန်းတော်နှစ်ရဲ့ ပထမခုနစ်လမှာ ကျမ်းစာသင်အံမှု ၈,၄၄၅ ခု စတင်နိုင်ခဲ့တယ်။ ဒီအစီအစဉ်ဟာ တစ်ချိန်က စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်ခဲ့ဖူးသူတွေကို ကူညီပေးရာမှာလည်း တော်တော်အသုံးဝင်တယ်။ ဥပမာ၊ တယ်ရီက ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ လူထုရှေ့သက်သေခံတဲ့နေရာကိုလာပြီး စာပေတွေကို ကြည့်နေတယ်။ သက်သေခံမောင်နှံက စာပေတွေကို အရင်ကဖတ်ဖူးလားလို့ မေးကြည့်တော့ သူဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ကြောင်း၊ မလှုပ်မရှားဖြစ်နေတာ လေးနှစ်လောက်ရှိပြီဆိုတဲ့အကြောင်း ပြောပြတယ်။ ဒါနဲ့ သက်သေခံမောင်နှံက ‘ငါကိုယ်တိုင် ငါ့သိုးတွေကို လိုက်ရှာပြီး ဂရုတစိုက် စောင့်ရှောက်မယ်’ ဆိုတဲ့ ယေဇကျေလ ၃၄:၁၁ (ကဘ) ကိုဖတ်ပြတယ်။ အဖွဲ့အစည်းဝက်ဘ်ဆိုက်နဲ့ JW ရုပ်သံထုတ်လွှင့်မှုအကြောင်းလည်း ပြောပြတယ်။ နောက်နေ့မနက်မှာ တယ်ရီက ညီအစ်ကိုဆီ အီးမေးလ်ပို့ပြီး သူဟာ လူထုရှေ့သက်သေခံတဲ့နေရာကို မတွေ့ခင်လေးမှာ ဘုရားဆီဆုတောင်းပြီး စည်းဝေးတွေ ပျက်ခဲ့တာကို ခွင့်လွှတ်ပေးဖို့ တောင်းခံခဲ့တယ်လို့ ရှင်းပြတယ်။ ယေဟောဝါနဲ့ပိုရင်းနှီးလာအောင် ကူညီပေးပါလို့လည်း ဆုတောင်းခဲ့တယ်။ “ဆုတောင်းပြီးတာနဲ့ ခင်ဗျားတို့က ကျွန်တော့်ကို နှုတ်ဆက်စကားပြောခဲ့တာ။ အားရှိစရာကျမ်းချက် ဖတ်ပြတဲ့အပြင် ယေဟောဝါရဲ့အဖွဲ့အစည်းဆီ ပြန်လှည့်လာဖို့ လိုအပ်တဲ့အချက်အလက်တွေကိုလည်း ပြောပြခဲ့တယ်။ ဒါက ကျွန်တော့်ဆုတောင်းချက်ရဲ့ အဖြေပဲ” လို့တယ်ရီပြောတယ်။
အီသီယိုးပီးယားနိုင်ငံ၊ အက်ဒစ္စ အဘာဘာမြို့မှာ လူထုရှေ့သက်သေခံခြင်း အထူးအစီအစဉ် လေးနေရာရှိတယ်။ သုံးလအတွင်း ညီအစ်ကိုတွေဟာ စာပေ ၃၇,၂၇၅ စောင် ဝေငှခဲ့ပြီး ၆၂၉ ယောက်က ပြန်လည်ပတ်မှုလက်ခံခဲ့တယ်။ ကျမ်းစာသွန်သင်ရာ စာအုပ်လက်ခံသူတွေထဲမှာ သက်ကြီးအမျိုးသားတစ်ယောက်လည်းပါတယ်။ သူက စာအုပ်ကို ချက်ချင်းဖွင့်ဖတ်တော့တာပဲ။ အရင်တုန်းက သူ ကျမ်းစာကျောင်းတက်ဖူးတယ်။ ယေရှုနဲ့ ဘုရားနိုင်ငံတော်အကြောင်း သူသိချင်တာအများကြီးပဲ။ နောက်တစ်နေ့မှာ သူပြန်လာပြီး မေးခွန်းတွေမေးတယ်။ နောက်တစ်နေ့ကျတော့ ကျမ်းစာသင်အံမှု လက်ခံလိုက်ပြီး တနင်္ဂနွေနေ့မှာ ဦးဆုံးအကြိမ် စည်းဝေးလာတက်တယ်။ အခုဆိုရင် စည်းဝေးတွေကို မှန်မှန်တက်နေပြီး ကောင်းကောင်းတိုးတက်နေပါတယ်။
အီသီယိုးပီးယား– အက်ဒစ္စ အဘာဘာမြို့မှာ အမ်ဟာရစ်စကားနဲ့စာပေတွေကို ပြထား
မက္ကဆီကိုနိုင်ငံမှာ ဂျူးအမျိုးသားတစ်ယောက်က လူထုရှေ့သက်သေခံနေတဲ့ ညီအစ်ကိုနှစ်ယောက်ဆီလာပြီး သေခြင်းနဲ့ပတ်သက်တဲ့စာပေ ရှိသလားလို့မေးတယ်။ သူတို့က သေခြင်းအကြောင်း ဆွေးနွေးထားတဲ့မဂ္ဂဇင်း မရှိတော့ဘူး၊ ဒါပေမဲ့ အနာဂတ်အကြောင်း ပြောထားတဲ့စာအုပ်တော့ ရှိတယ်လို့ပြောလိုက်တယ်။ ဒီအခါ အမျိုးသားက ညီအစ်ကို့လက်ကိုကိုင်ပြီး “ကျွန်တော် အနာဂတ်အကြောင်း မသိချင်ဘူး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတယ်” လို့ပြောပြီးနောက် ငိုတော့တာပဲ။ ညီအစ်ကိုက ဘာဖြစ်လို့လဲဆိုပြီးမေးတော့ “ကျွန်တော့်သား ဆုံးသွားတာ မကြာသေးဘူး” လို့ ငိုပြီးပြောတယ်။ ဒါနဲ့ သွန်သင်ရာ စာအုပ်၊ အခန်း ၇ ကိုပြပြီး “ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားတဲ့အခါ” ခေါင်းစဉ်ငယ်အောက်က အပိုဒ်နှစ်ပိုဒ်ကို ဖတ်ပြတယ်။ အခန်းအဆုံးပိုင်းမှာပါတဲ့ လူသေတွေအတွက် မျှော်လင့်ချက်အကြောင်းကိုလည်း ရှင်းပြတယ်။ ဒီအခါ သူအရမ်းစိတ်လှုပ်ရှားသွားပြီး ညီအစ်ကို့လက်ကို ထပ်ကိုင်ရင်း “အဲဒါ တကယ်ပဲလား” လို့မေးတယ်။ ယေဟောဝါက ဒီကတိအတိုင်း ကျိန်းသေလုပ်ပေးမယ်ဆိုပြီး ညီအစ်ကိုရှင်းပြတယ်။ သူက “သားလေးကိုတွေ့ရဖို့ ကျွန်တော်ဘာလုပ်ရမလဲ” လို့မေးတော့ ညီအစ်ကိုတွေလည်း သူ့အိမ်ကိုသွားလည်ဖို့ စီစဉ်လိုက်တယ်။ အိမ်ရောက်တဲ့အခါ ကျမ်းစာလေ့လာဖို့ ထက်ထက်သန်သန် စောင့်မျှော်နေတဲ့ အဲဒီအမျိုးသားကို သူတို့တွေ့လိုက်ရတယ်။
နယူးယောက်မြို့မှာ လူထုရှေ့သက်သေခံခြင်း အထူးအစီအစဉ်ကို အစပြုဖို့ကူညီပေးခဲ့တဲ့ နယ်လှည့်ကြီးကြပ်မှူးက “ဒီအစီအစဉ်ကို ယေဟောဝါ တကယ်ကောင်းချီးပေးနေတယ်။ ဒါက လူထောင်ပေါင်းများစွာဆီကို သတင်းကောင်းရောက်ရှိစေတဲ့ အထိရောက်ဆုံးနည်းလမ်းပဲ။ ဒါ့အပြင် ‘ပျောက်တဲ့သိုးတွေ’ ဖြစ်တဲ့ မလှုပ်မရှားဖြစ်နေသူတွေ၊ နှင်ထုတ်ခံရသူတွေကိုလည်း သိုးတော်စုဆီ ပြန်လာနိုင်အောင် ကူညီပေးတယ်” လို့ပြောတယ်။