တနင်္ဂနွေနေ့၊ ဇူလိုင် ၂၇
သူဟာ . . . အားပေးနိုင်ရုံမက . . . ပဲ့ပြင်နိုင် လိမ့်မယ်။—တိ. ၁:၉။
ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာဖို့ လက်တွေ့ အသုံးချပညာ တတ်ထားရမယ်။ လက်တွေ့ အသုံးချပညာ တတ်ထားရင် အသင်းတော် တာဝန်တွေ ယူနိုင်မယ်။ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်မယ်။ မိသားစုကို ရှာကျွေးနိုင်မယ်။ တခြားသူတွေနဲ့ ပြေပြေပြစ်ပြစ် ဆက်ဆံတတ်မယ်။ ဥပမာ၊ ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်အောင် သင်ပါ။ ပျော်ရွှင်အောင်မြင်သူဟာ နေ့တိုင်း ကျမ်းစာ ဖတ်ရွတ်ဆင်ခြင်တယ်လို့ ကျမ်းစာမှာ ဆိုတယ်။ (ဆာ. ၁:၁-၃) နေ့တိုင်း ကျမ်းစာ ဖတ်ရင် ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံ သိလာလို့ ကောင်းကောင်း ချင့်ချိန်သုံးသပ်တတ်လာမယ်။ (ပညာ. ၁:၃၊ ၄) ကျမ်းစာကို အခြေခံပြီး သွန်သင်၊ အကြံပေးနိုင်တဲ့ ညီအစ်ကိုတွေကို ညီအစ်ကို/မတွေ အားကိုးကြတယ်။ ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်ရင် မှတ်သားထိုက်တဲ့၊ ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ ဟောပြောချက်တွေ၊ မှတ်ချက်တွေ ပြင်ဆင်နိုင်မယ်။ ကိုယ့်ယုံကြည်ခြင်း ခိုင်ခံ့အောင် လုပ်ဖို့၊ တခြားသူတွေကို အားပေးဖို့ အထောက်အကူ ပြုတဲ့ မှတ်စုတွေ ယူနိုင်မယ်။ w23.12 ၂၆-၂၇ ¶၉-၁၁
တနင်္လာနေ့၊ ဇူလိုင် ၂၈
ခင်ဗျားတို့နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတဲ့ ဘုရားသခင်ဟာ လောကနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတဲ့ မာရ်နတ်ထက် တန်ခိုးကြီးတယ်။—၁ ယော. ၄:၄။
ကြောက်စိတ် ဝင်လာပြီဆိုရင် အနာဂတ်မှာ ယေဟောဝါ လုပ်ပေးမှာတွေကို တွေးလိုက်ပါ။ စာတန် မရှိတော့မယ့်အချိန်အကြောင်း စဉ်းစားကြည့်ပါ။ အနာဂတ်အကြောင်း ဘယ်လို တွေးကြည့်နိုင်တယ်ဆိုတာ ၂၀၁၄ ခုနှစ် ခရိုင်အစည်းအဝေး သရုပ်ပြ တင်ဆက်မှုတစ်ခုမှာ ပါတယ်။ ၂ တိမောသေ ၃:၁-၅ သာ ပရဒိသုအကြောင်း ကြိုဟောထားတာဆိုရင် အခု ကျမ်းစာမှာ ဖတ်ရတာနဲ့ ဘယ်လို ကွာသွားမလဲဆိုပြီး တင်ဆက်မှုမှာ ပါတဲ့ မိသားစုလို တွေးနိုင်တယ်။ “ကမ္ဘာသစ် အသက်တာဟာ အလွန် ပျော်စရာကောင်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ တခြားသူတွေကို ချစ်တဲ့သူ၊ ဘုရားရေးရာကို တန်ဖိုးထားသူ၊ ကျိုးနွံသူ၊ နှိမ့်ချသူ၊ ဘုရားကို ချီးမွမ်းသူ၊ မိဘကို နာခံသူ၊ ကျေးဇူးသိတတ်သူ၊ သစ္စာရှိသူ၊ မိသားစုကို ချစ်ခင်တွယ်တာသူ၊ ညှိနှိုင်းရလွယ်သူ၊ တခြားသူအကြောင်း အကောင်းချည်း ပြောတတ်သူ၊ ချုပ်တည်းသူ၊ နူးညံ့သူ၊ ကောင်းမြတ်ရာကို နှစ်သက်သူ၊ ယုံကြည်စိတ်ချထိုက်သူ၊ အလျှော့ပေးလိုက်လျောတတ်သူ၊ အောက်ကျို့တတ်သူ၊ အပျော်အပါးကို မနှစ်သက်ဘဲ ဘုရားသခင်ကို ချစ်သူ၊ ဘုရားတရား ကြည်ညိုသူ ဖြစ်ကြလိမ့်မယ်။ အဲဒီလူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းပါ” လို့ ဖတ်ရမှာ။ ကမ္ဘာသစ် အသက်တာအကြောင်း မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေနဲ့ သင် ပြောဖြစ်သလား။ w24.01 ၆ ¶၁၃-၁၄
အင်္ဂါနေ့၊ ဇူလိုင် ၂၉
မင်းဟာ ငါ မြတ်နိုးတဲ့ ငါ့ရဲ့ ချစ်သားပဲ။ —လု. ၃:၂၂။
“ယေဟောဝါက မိမိရဲ့ လူတွေကို နှစ်သက်တယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (ဆာ. ၁၄၉:၄) မိမိရဲ့ လူတွေကို အုပ်စုလိုက်အနေနဲ့ ယေဟောဝါ နှစ်သက်မြတ်နိုးကြောင်း သိရတာ စိတ်ချမ်းသာစရာပါပဲ။ ဒါပေမဲ့ ‘တစ်ယောက်ချင်းစီအနေနဲ့ဆိုရင်ကော ငါ့ကို နှစ်သက်မြတ်နိုးရဲ့လား’ လို့ တွေးပြီး တချို့ စိတ်ဓာတ်ကျမိနိုင်တယ်။ ကျမ်းစာမှာ ပါတဲ့ သစ္စာရှိ ဘုရားကျေးကျွန်များစွာ အဲဒီလို တွေးပြီး စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိတယ်။ (၁ ရှ. ၁:၆-၁၀။ ယောဘ ၂၉:၂၊ ၄။ ဆာ. ၅၁:၁၁) မစုံလင်သူတွေ ယေဟောဝါရဲ့ နှစ်သက်မှု ရနိုင်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ နှစ်သက်မှု ရဖို့ ဘာလုပ်ရမလဲ။ ယေရှုခရစ်ကို ယုံကြည်သက်ဝင်ပြီး နှစ်ခြင်းခံရမယ်။ (ယော. ၃:၁၆) ဒါက အပြစ်တွေအတွက် နောင်တယူပြီးကြောင်း၊ အလိုတော် ဆောင်ဖို့ ဘုရားကို ကတိပေးပြီးကြောင်း လူအများရှေ့ ဖော်ပြတာပဲ။ (တ. ၂:၃၈။ ၃:၁၉) မိမိနဲ့ ခင်မင်ရင်းနှီးချင်ကြောင်း ဒီနည်းတွေနဲ့ ပြတဲ့အခါ ယေဟောဝါ ဝမ်းသာတယ်။ ဆက်ကပ်အပ်နှံခြင်းကတိ တည်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေသရွေ့ နှစ်သက်မြတ်နိုးတယ်။ မိတ်ဆွေလို့ သတ်မှတ်တယ်။—ဆာ. ၂၅:၁၄။ w24.03 ၂၆ ¶၁-၂