ဧဖက်
၅ ခင်ဗျားတို့ဟာ ဘုရားသခင်ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ။+ ၂ မေတ္တာလမ်းစဉ်မှာ လျှောက်လှမ်းနေကြပါ။+ ခရစ်တော်က ကျွန်တော်တို့ကို* ချစ်လို့+ ကျွန်တော်တို့အတွက်* မွှေးကြိုင်တဲ့ ပူဇော်သက္ကာအလှူအဖြစ် သူ့ကိုယ်သူ ဘုရားသခင်ဆီ ဆက်သခဲ့သလိုပဲပေါ့။+
၃ လိင်အကျင့်ယိုယွင်းခြင်း၊* အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်းအကြောင်းတွေကို စကားနဲ့တောင် မပြောကြနဲ့။+ ဒါတွေဟာ သန့်ရှင်းသူတွေနဲ့ လုံးဝ မအပ်စပ်ဘူး။+ ၄ မသင့်လျော်တဲ့အရာတွေ ဖြစ်တဲ့ ရှက်စရာကောင်းတဲ့အကျင့်၊ အဓိပ္ပာယ်မရှိတဲ့စကား၊ ညစ်ညမ်းတဲ့ပြက်လုံးတွေကို မပြောကြနဲ့။+ ကျေးဇူးတော်ကိုပဲ ချီးမွမ်းကြပါ။+ ၅ လိင်အကျင့်ယိုယွင်းသူ၊+ မသန့်ရှင်းသူ၊ ရုပ်တုကိုးကွယ်သူဖြစ်တဲ့ လောဘကြီးသူ+ တစ်ယောက်မှ ခရစ်တော်နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရမှန်း+ ခင်ဗျားတို့ ကောင်းကောင်း သိထားတာပဲ။
၆ အဓိပ္ပာယ်မဲ့စကားတွေနဲ့ ခင်ဗျားတို့ကို ဘယ်သူမှ မလှည့်ဖြားပါစေနဲ့။ အဲဒါတွေကြောင့် နာခံမှုမရှိသူတွေအပေါ် ဘုရားသခင်ရဲ့ အမျက်တော် သက်ရောက်တတ်လို့ပဲ။ ၇ ဒါကြောင့် သူတို့နဲ့ မပတ်သက်ကြနဲ့။ ၈ ခင်ဗျားတို့ဟာ တစ်ချိန်က အမှောင်ထဲမှာ ရှိခဲ့ကြတယ်။ အခုတော့ သခင်ယေရှုနဲ့ စပ်ဆိုင်ပြီဖြစ်လို့+ အလင်းထဲ ရောက်နေပြီ။+ အလင်းရဲ့ သားသမီးတွေအဖြစ် လျှောက်လှမ်းနေကြပါ။ ၉ ဘာကြောင့်လဲဆိုတော့ အလင်းဟာ ကောင်းမြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနဲ့ အမှန်တရားကို ဖြစ်ထွန်းစေလို့ပဲ။+ ၁၀ ဘုရားသခင် လက်ခံတဲ့အရာကို+ သိနိုင်ဖို့ အမြဲဆန်းစစ်ကြပါ။ ၁၁ အမှောင်နဲ့ဆိုင်တဲ့ အကျိုးမဲ့အကျင့်တွေကို မကျင့်ကြနဲ့တော့။+ အဲဒီအကျင့်တွေ မှားတယ်ဆိုတာ ဖော်ထုတ်ကြပါ။ ၁၂ ဆိတ်ကွယ်ရာမှာ သူတို့လုပ်တာတွေဟာ စကားနဲ့ထုတ်ပြောဖို့တောင် ရှက်စရာပဲ။ ၁၃ ဖော်ထုတ်ခံရတဲ့ အရာအားလုံးဟာ အလင်းကြောင့် ထင်ရှားလာတာပါ။ အရာအားလုံးကို ထင်ရှားစေတာ အလင်းပဲ။ ၁၄ ဒါကြောင့် “အိပ်ပျော်နေသူ၊ နိုးထပါ။ သေရာကနေ အသက်ပြန်ရှင်လာပါ။+ ခရစ်တော်က မင်းကို အလင်းပေးလိမ့်မယ်”+ ဆိုပြီး ကျမ်းစာထဲမှာ ရေးထားတာပေါ့။
၁၅ ဒါကြောင့် ဉာဏ်ပညာမဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ။ ၁၆ ဆိုးယုတ်တဲ့အချိန်မှာ အသက်ရှင်နေရတဲ့အတွက် အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။*+ ၁၇ ဆင်ခြင်ဉာဏ်မဲ့သူတွေ မဖြစ်ကြနဲ့တော့။ ယေဟောဝါရဲ့* အလိုတော်ကို သိနားလည်အောင် အမြဲကြိုးစားပါ။+ ၁၈ ဒါ့အပြင် သောက်စားမူးယစ် မနေပါနဲ့။+ ဒါဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်စေလို့ပဲ။ ဘုရားသခင့် စွမ်းအားတော်နဲ့ပဲ ပြည့်နေကြပါ။ ၁၉ ဆာလံသီချင်းတွေ၊ ဘုရားသခင်ကို ချီးမွမ်းတဲ့သီချင်းတွေ၊ ဓမ္မသီချင်းတွေ သီဆိုပြီး+ အချင်းချင်း* အားပေးကြ။ ယေဟောဝါကို* တေးသံနဲ့တကွ+ လှိုက်လှိုက်လှဲလှဲ သီဆိုချီးမွမ်းကြပါ။+ ၂၀ သခင်ယေရှုခရစ်ရဲ့ နာမည်ကို အမှီပြုပြီး+ အရာအားလုံးအတွက် အဖဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အမြဲချီးမွမ်းကြပါ။+
၂၁ ခရစ်တော်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ အချင်းချင်း လက်အောက်ခံကြပါ။+ ၂၂ ဇနီးတို့၊ သခင်ယေရှုကို လက်အောက်ခံသလို ခင်ပွန်းကို လက်အောက်ခံကြပါ။+ ၂၃ ခရစ်တော်ဟာ အသင်းတော်ရဲ့ ဦးခေါင်းဖြစ်သလို+ ခင်ပွန်းကလည်း ဇနီးရဲ့ ဦးခေါင်းဖြစ်လို့ပဲ။+ ခရစ်တော်က မိမိရဲ့ခန္ဓာကိုယ်ဖြစ်တဲ့ အသင်းတော်ကို ကယ်တင်ခဲ့တယ်။ ၂၄ အသင်းတော်က ခရစ်တော်ကို လက်အောက်ခံသလို ဇနီးက ခင်ပွန်းကို အရာရာမှာ လက်အောက်ခံရမယ်။ ၂၅ ခင်ပွန်းတို့၊ ဇနီးကို ချစ်မြဲချစ်ကြပါ။+ ခရစ်တော်က အသင်းတော်ကိုချစ်ပြီး အသင်းတော်အတွက် အသက်စွန့်ခဲ့သလိုပေါ့။+ ၂၆ ခရစ်တော်က အသင်းတော်ကို တရားစကားတော်ရေနဲ့ ဆေးကြောပြီး သန့်စင်စေခဲ့တယ်။+ ၂၇ အစက်အပြောက်တွေ၊ အသားအရေ တွန့်တာတွေမရှိဘဲ သန့်ရှင်းပြီး အပြစ်အနာအဆာကင်းတဲ့၊+ လှပတင့်တယ်တဲ့ အသင်းတော် ဖြစ်စေချင်လို့ပဲ။+
၂၈ အလားတူ၊ ခင်ပွန်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကိုချစ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူပဲ။ ၂၉ ကိုယ့်ခန္ဓာကိုယ်ကို မုန်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ လူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို ကျွေးမွေးပြီး မြတ်နိုးတတ်တယ်။ ခရစ်တော်ကလည်း အသင်းတော်ကို ကျွေးမွေးပြီး မြတ်နိုးတယ်။ ၃၀ ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်နေလို့ပဲ။+ ၃၁ “ဒါကြောင့် ယောက်ျားက မိဘကိုထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။”+ ၃၂ ဒီမြင့်မြတ်တဲ့ လျှို့ဝှက်ချက်ဟာ+ သိပ်အရေးကြီးတယ်။ ခရစ်တော်နဲ့ အသင်းတော်အကြောင်း ကျွန်တော် ပြောနေတာမှန်ပေမဲ့၊+ ၃၃ ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။+ ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်။+