ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၉/၁ စာ. ၂၄-၂၈
  • ကျွန်တော်ယေဟောဝါကို မှီခိုအားထားတတ်လာခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်တော်ယေဟောဝါကို မှီခိုအားထားတတ်လာခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြင်းထန်သောစမ်းသပ်မှုများအစ
  • အလျှော့ပေးလိုက်လျောခြင်းဆိုင်ရာပြဿနာ
  • နှိပ်စက်ညှဉ်းပန်းခြင်းတိုးများလာ
  • အရှေ့ပိုင်းသို့ရွှေ့ပြောင်းခြင်း —ထို့နောက် လွတ်မြောက်ခြင်း
  • လွတ်လပ်မှု သို့သော် ထပ်ဆင့်ကြေကွဲဖွယ်ဖြစ်ရပ်
  • နောက်ဆုံးတွင် လွတ်လပ်မှု!
  • စလိုဗားကီးယားတွင် စမ်းသပ်မှုအောက် တည်ကြည်ခြင်း
    နိုးလော့!—၂၀၀၃
  • ဘုရားသခင့်အုပ်ချုပ်မှုအတွက် ကျွန်ုပ်တို့ အခိုင်အမာဆုံးဖြတ်ချက်ချခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • နှစ်ပေါင်း ၅၀ ကျော် ‘ကူးသွားခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ယေဟောဝါရှင်၏ မေတ္တာပါသော လက်တော်အောက်တွင် အမှုဆောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၉/၁ စာ. ၂၄-၂၈

ကျွန်တော်ယေဟောဝါကို မှီခိုအားထားတတ်လာခဲ့

ယန် ကော်ပါအွန်ဒိုပြောပြသည်

၁၉၄၂ မှာပေါ့၊ ရုရှားနိုင်ငံ၊ ကုစ်ခ်မြို့အနီးမှာ ဟန်ဂေရီစစ်သားတွေက ကျွန်တော့်ကိုစောင့်ကြပ်နေကြတယ်။ ကျွန်တော်တို့ဟာ ဒုတိယကမ္ဘာစစ်အတွင်း ရုရှားတွေကိုတိုက်ခိုက်နေကြတဲ့ ဝင်ရိုးတန်းနိုင်ငံများရဲ့ အကျဉ်းသားတွေပါ။ ကျွန်တော့်သင်္ချိုင်းတွင်းကိုတူးပြီးနေပြီ၊ ဆယ်မိနစ်အတွင်းမှာ ယေဟောဝါသက်သေမဟုတ်တော့ပါဘူးလို့ဆုံးဖြတ်ပြီး လက်မှတ်ထိုးခိုင်းထားတယ်။ အဲဒီနောက် ဘာဆက်ဖြစ်တယ်ဆိုတာ ပြန်မပြောပြခင် အဲဒီကိုကျွန်တော်ဘယ်လိုရောက်သွားတယ်ဆိုတာ ပြောပြပါရစေ။

၁၉၀၄ ခုနှစ်မှ အခုဆိုရင် အရှေ့ပိုင်းစလိုဗားကီးယားမှာရှိတဲ့ ဇာဟောရ်ဆိုတဲ့ရွာလေးမှာ ကျွန်တော့်ကိုမွေးခဲ့တယ်။ ပထမကမ္ဘာစစ်ပြီးတော့ ဇာဟောရ်ဟာ တည်ထောင်ခါစ ချက်ကိုစလိုဗားကီးယားနိုင်ငံပိုင်ဖြစ်သွားတယ်။ ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၂၀၀ လောက်ရှိပြီး ချာ့ချ်နှစ်ခုရှိတယ်၊ တစ်ခုကဂရိ . . . ၊ နောက်တစ်ခုက ကယ်လ်ဗင်နစ်ထ်ဖြစ်တယ်။

ကယ်လ်ဗင်နစ်ထ်ချာ့ချ်ကို ကျွန်တော်တက်ပေမဲ့ ကိုယ်ကျင့်တရားအထိန်းအကွပ်မရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်နဲ့အတော်လေးထူးခြားတဲ့လူတစ်ယောက် မလှမ်းမကမ်းမှာနေတယ်။ တစ်နေ့ကျတော့ ကျွန်တော့်နဲ့သူ စကားလက်ဆုံစပြောပြီး ကျမ်းစာတစ်အုပ်ငှားပေးတယ်။ အဲဒါဟာ ကျွန်တော်ကျမ်းစာကိုင်တဲ့ ပထမဦးဆုံးအကြိမ်ပဲ။ အဲဒီအချိန်လောက်မှာပဲ ၁၉၂၆ ခုနှစ်မှာ ဘာဘော်ရာကိုကျွန်တော်လက်ထပ်ခဲ့ပြီး မကြာခင် ဘာဘော်ရာနဲ့ ယန်ဆိုတဲ့ကလေးနှစ်ယောက်ရခဲ့တယ်။

ကျမ်းစာစဖတ်ခဲ့ပေမဲ့ နားမလည်တာကများတယ်။ ဒါနဲ့ ပါစတာကိုသွားအကူအညီတောင်းတယ်။ သူက “ကျမ်းစာဟာ ပညာတတ်တွေအတွက်ပဲ၊ နားလည်ဖို့ကြိုးစားမနေနဲ့” လို့ပြောပြီး ဖဲကစားကြရအောင်တဲ့။

အဲဒီနောက် ကျွန်တော့်ကိုကျမ်းစာငှားပေးတဲ့သူဆီသွားတယ်။ သူက အဲဒီအချိန်တုန်းက ကျမ်းစာကျောင်းသားလို့ခေါ်တဲ့ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တယ်။ ဝမ်းသာအားရနဲ့ပဲ ကျွန်တော့်ကို သူကူညီပေးပြီးတဲ့နောက် တဖြည်းဖြည်း ကျွန်တော်မျက်စိပွင့်လာတယ်။ အရက်ကိုအရမ်းမသောက်တော့တဲ့အပြင် ကိုယ်ကျင့်တရားရှိလာပြီး တခြားသူတွေကိုတောင် ယေဟောဝါအကြောင်းစပြောလာတယ်။ ၁၉၂၀ ပြည့်လွန်နှစ်အစောပိုင်းမှာ ဇာဟောရ်မှာ ကျမ်းစာသမ္မာတရားအမြစ်စွဲလာပြီး မကြာခင်မှာ တက်ကြွတဲ့ကျမ်းစာကျောင်းသားအဖွဲ့တစ်ဖွဲ့ရှိလာတယ်။

ဒါပေမဲ့ ဘာသာရေးအတိုက်အခံ အကြီးအကျယ်လုပ်လာကြပါရော။ ဒေသခံ . . . ဆရာက ကျွန်တော်ရူးသွားပြီဆိုပြီး မိသားစုထဲကအများနဲ့ မသင့်မြတ်အောင်လုပ်တယ်။ ဒါပေမဲ့ ကျွန်တော့်ဘဝမှာ ရည်ရွယ်ချက်ရှိလာပြီး စစ်မှန်တဲ့ဘုရားသခင်ယေဟောဝါကို ဝတ်ပြုဖို့စိတ်ပိုင်းဖြတ်လိုက်တယ်။ ဒါနဲ့ ၁၉၃၀ မှာ ယေဟောဝါကိုဆက်ကပ်အပ်နှံလိုက်ပြီး နှစ်ခြင်းခံခဲ့တယ်။

ပြင်းထန်သောစမ်းသပ်မှုများအစ

၁၉၃၈ မှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံကိုထောက်ခံတဲ့ ဟန်ဂေရီနိုင်ငံက ကျွန်တော်တို့ဒေသကိုအုပ်ချုပ်တယ်။ အဲဒီတုန်းက လူဦးရေတစ်သောင်းနီးပါးရှိတဲ့ ကျွန်တော်တို့ရွာမှာ သက်သေခံ ၅၀ လောက်ရှိတယ်။ ကျွန်တော်တို့ရဲ့အသက်နဲ့ လွတ်လပ်မှုကိုဘေးဖြစ်စေပေမဲ့ ဆက်ဟောပြောကြတယ်။

၁၉၄၀ ပြည့်နှစ်မှာ ကျွန်တော့်ကို ဟန်ဂေရီစစ်တပ်ထဲဝင်ခိုင်းတယ်။ ကျွန်တော်ဘာဆက်လုပ်မလဲ။ လူတွေဟာ သူတို့ရဲ့စစ်လက်နက်တွေကို ငြိမ်းချမ်းရေးပစ္စည်းကိရိယာတွေအဖြစ် ထုလုပ်ကြမယ်ဆိုတဲ့ ကျမ်းစာပရောဖက်ပြုချက်တွေကို ကျွန်တော်ဖတ်ခဲ့ရတော့ အချိန်တန်ရင် ဘုရားသခင်ဟာ မြေကြီးပေါ်ကစစ်မက်အားလုံးကို အဆုံးသတ်ပစ်မယ်လို့ ကျွန်တော်သိထားတယ်။ (ဆာလံ ၄၆:၉; ဟေရှာယ ၂:၄) ဒီအတွက်ကြောင့် စစ်ကိုမုန်းပြီး ဘာပဲဖြစ်ဖြစ် စစ်ထဲမဝင်ဖို့ကျွန်တော်ဆုံးဖြတ်ထားတာ။

ထောင်ဒဏ် ၁၄ လချမှတ်ခံရပြီး ဟန်ဂေရီနိုင်ငံ၊ ပေ့ချ်မြို့မှာအကျဉ်းကျခဲ့တယ်။ အဲဒီထောင်မှာ တခြားသက်သေခံငါးယောက်ရှိပြီး ပေါင်းသင်းနိုင်ခွင့်ရလို့ ကျေးဇူးတင်မိတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုခြေကျင်းခတ်ပြီး တစ်ယောက်ထဲအတော်ကြာကြာ တိုက်ပိတ်ထားခဲ့ကြတယ်။ စစ်နဲ့ဆိုင်တဲ့အလုပ်တွေကိုမလုပ်လို့ ကျွန်တော်တို့အရိုက်ခံခဲ့ကြရတယ်။ ပြီးတော့လည်း နေ့လယ်ပိုင်းနှစ်နာရီကလွဲလို့ တစ်နေကုန်သတိအနေအထားနဲ့ရပ်နေခဲ့ကြရတယ်။ အဲဒီလို လနဲ့ချီခံခဲ့ရတယ်။ ဒါပေမဲ့လည်း ဘုရားသခင်ရှေ့ ကြည်လင်တဲ့ကိုယ်ကိုကိုယ်သိတဲ့စိတ်ရှိလို့ ပျော်နေကြတာပါပဲ။

အလျှော့ပေးလိုက်လျောခြင်းဆိုင်ရာပြဿနာ

တစ်ရက်ကျတော့ . . . ဆရာ ၁၅ ယောက်အဖွဲ့ကလာပြီး စစ်ဝင်တိုက်တာဟာ အရေးကြီးကြောင်း ကြိုးစားနားချပေးခဲ့ကြတယ်။ ဆွေးနွေးကြတဲ့အခါ ကျွန်တော်တို့က “စိုးလ်မသေနိုင်ဘူး၊ စစ်ထဲမှာကျွန်တော်တို့သေရင် ကောင်းကင်သွားမယ်ဆိုတာကို ကျမ်းစာထဲကပြနိုင်မယ်ဆိုရင် ကျွန်တော်တို့စစ်ထဲဝင်မယ်” လို့ပြောလိုက်တယ်။ သူတို့ဘယ်ပြနိုင်မလဲ၊ ဒါနဲ့ပဲ ဆက်မဆွေးနွေးချင်ကြတော့ဘူး။

၁၉၄၁ မှာ ထောင်ဒဏ်ကုန်ဆုံးလို့ မိသားစုနဲ့ပြန်ဆုံဖို့ ကျွန်တော်မျှော်နေမိတယ်။ အဲလိုဖြစ်မယ့်အစား ကျွန်တော့်ကို ဟန်ဂေရီနိုင်ငံ၊ ရှားရပ်ရှ်ပါတပ်ခ်လို့ခေါ်တဲ့ စစ်အခြေစိုက်စခန်းကို ချုပ်နှောင်ပြီးခေါ်သွားကြတယ်။ ဟိုရောက်တော့ လွတ်ဖို့အခွင့်အရေးတစ်ခုပေးတယ်။ “မင်းလုပ်ရမှာက မင်းအိမ်ပြန်ရောက်တဲ့အခါ ပဲန်ဂို ၂၀၀ ပေးပါမယ်ဆိုတဲ့ ကတိကိုလက်မှတ်ထိုးရုံပဲ” လို့ပြောကြတယ်။

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘာအတွက်ငွေလိုချင်တာလဲ” လို့ကျွန်တော်မေးတယ်။

“ငွေပေးရင် မင်းဟာ စစ်ထဲဝင်ဖို့ဆေးစစ်ချက်မအောင်ဘူးဆိုတဲ့ ထောက်ခံချက်ရမယ်” လို့ပြောတယ်။

အဲဒါ ကျွန်တော့်အတွက် ဆုံးဖြတ်ရခက်စေတယ်။ တစ်နှစ်ကျော်ကျော်လောက် လူမဆန်တဲ့ပြုကျင့်မှုတွေခံခဲ့ရလို့ အားအင်ကုန်ခန်းလာပြီ။ ငွေနည်းနည်းပေးဖို့သဘောတူလိုက်ရင် အခုလွတ်နိုင်ပြီ။ “ငါစဉ်းစားဦးမယ်လို့” ရေရွတ်လိုက်တယ်။

ကျွန်တော်ဘယ်လိုဆုံးဖြတ်ရမလဲ။ ကျွန်တော့်မိန်းမနဲ့ ကလေးတွေလည်းရှိသေးတယ်။ အဲဒီအချိန်မှာ ခရစ်ယာန်ချင်းတစ်ယောက်ဆီက အားပေးစာတစ်စောင်ရရှိခဲ့တယ်။ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကိုအားရနှစ်သက်ခြင်းမရှိ” ဆိုတဲ့ယေဟောဝါရဲ့စကားကို တမန်တော်ပေါလုကိုးကားထားတဲ့ ဟေဗြဲ ၁၀:၃၈ ကိုသူဖော်ပြခဲ့တယ်။ အဲဒီနောက်သိပ်မကြာခင် စစ်တန်းလျားက ဟန်ဂေရီအရာရှိနှစ်ယောက်နဲ့ စကားပြောဖြစ်တယ်၊ တစ်ယောက်က “ကျမ်းစာမူတွေကို မင်းလက်စွဲပြုတဲ့အတွက် မင်းကိုတို့ဘယ်လောက်လေးစားတယ်ဆိုတာ မင်းမသိဘူး! အဲလိုပဲဆက်လုပ်!” ဆိုပြီးပြောတယ်။

နောက်တစ်နေ့မှာ ပဲန်ဂို ၂၀၀ နဲ့ကျွန်တော်လွတ်ဖို့ ကမ်းလှမ်းတဲ့သူတွေဆီသွားပြီး “ကျွန်တော်ထောင်ကျဖို့ ယေဟောဝါဘုရားသခင်ခွင့်ပြုတယ်ဆိုတော့ လွတ်ဖို့လည်းကိုယ်တော်လုပ်ပေးမှာပါ။ ကျွန်တော်လွတ်ဖို့ငွေပေးမှာမဟုတ်ဘူး” လို့ပြောလိုက်တယ်။ ဒါနဲ့ ထောင်ဒဏ်ဆယ်နှစ်ချမှတ်ခံရပြန်ရော။ ဒါပေမဲ့ ကျွန်တော်အလျှော့ပေးလိုက်ဖို့ သူတို့ကြိုးပမ်းတာ ဒါနဲ့တင်အဆုံးမသတ်သေးပါဘူး။ လက်နက်တစ်ခုတောင် သယ်စရာမလိုဘဲ စစ်တပ်မှာနှစ်လလောက်သာ စစ်မှုထမ်းဖို့သဘောတူမယ်ဆိုရင် လွတ်ငြိမ်းခွင့်ပြုမယ်လို့ တရားရုံးကဆိုတယ်။ အဲဒီကမ်းလှမ်းချက်ကိုလည်း ကျွန်တော်ငြင်းတာနဲ့ ထောင်ဒဏ်စတင်တော့တာပဲ။

နှိပ်စက်ညှဉ်းပန်းခြင်းတိုးများလာ

ကျွန်တော့်ကို ပေ့ချ်အကျဉ်းထောင်ကို တစ်ခါပြန်ခေါ်သွားကြတယ်။ ဒီတစ်ခေါက်နှိပ်စက်တာ ပိုပြင်းထန်လာတယ်။ ကျွန်တော့်ကို လက်ပြန်ကြိုးတုပ်ပြီး နှစ်နှာရီလောက်တွဲလွဲဆွဲထားကြတယ်။ ရလဒ်ကတော့ ကျွန်တော့်ပခုံးရိုးနှစ်ခုစလုံး နေရာလွဲကုန်ရော။ ခြောက်လကျော်ကျော်လောက်မှာ အဲဒီလိုပြန်နှိပ်စက်ကြတယ်။ ကျွန်တော်အရှုံးမပေးခဲ့တာကို ယေဟောဝါကိုပဲကျေးဇူးတင်ရမယ်။

၁၉၄၂ ခုမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ ဂျူးတွေနဲ့ ယေဟောဝါသက်သေ ၂၆ ယောက်အဖွဲ့ကို ဂျာမန်စစ်သားတွေသိမ်းပိုက်ထားတဲ့ ကုစ်ခ်မြို့ကဒေသတစ်ခုကို ခေါ်သွားကြတယ်။ ကျွန်တော်တို့ကို ဂျာမန်တွေလက်ထဲအပ်လိုက်ပြီး သူတို့ကအကျဉ်းသားတွေကို ရှေ့တန်းမှာရှိတဲ့စစ်သားတွေအတွက် အစားအစာ၊ လက်နက်နဲ့ အဝတ်အစားတွေသယ်သွားစေခဲ့တယ်။ အဲဒီအလုပ်က ကျွန်တော်တို့ရဲ့ခရစ်ယာန်ကြားနေမှုကို ချိုးဖောက်တဲ့အတွက် သက်သေခံတွေငြင်းဆိုခဲ့ကြတယ်။ ဒါနဲ့ကျွန်တော်တို့ကို ဟန်ဂေရီလူမျိုးတွေလက်ထဲ ပြန်ပို့ခဲ့ကြတယ်။

နောက်ဆုံးတော့ ကျွန်တော်တို့ကိုကုစ်ခ်မြို့က အကျဉ်းထောင်ထဲထည့်လိုက်ကြတယ်။ ရာဘာလက်ကိုင်တုတ်တွေနဲ့ တစ်ရက်ကိုသုံးကြိမ် ရက်အတော်ကြာကြာ ကျွန်တော်တို့အရိုက်ခံကြရတယ်။ ကျွန်တော့်နားထင်ကိုထိုးလိုက်တာ ကျွန်တော်လဲကျသွားတော့တာပဲ။ ကျွန်တော်အရိုက်ခံနေရတုန်း ‘သေဖို့မခက်ပါဘူး’ လို့တွေးမိတယ်။ တစ်ကိုယ်လုံးထုံလာပြီး ဘာမှမခံစားရတော့ဘူး။ သုံးရက်လုံးလုံး ဘာဆိုဘာမှမစားရဘူး။ အဲဒီနောက် ကျွန်တော်တို့ကိုတရားရုံးခေါ်သွားပြီး ခြောက်ယောက်ကိုသေဒဏ်ပေးလိုက်တယ်။ သေဒဏ်စီရင်ပြီးတဲ့နောက်မှာ လူ ၂၀ ကျန်ခဲ့တယ်။

၁၉၄၂ အောက်တိုဘာလမှာ ကုစ်ခ်မြို့မှာကြုံခဲ့ရတဲ့ ယုံကြည်ခြင်းစမ်းသပ်မှုတွေဟာ ကျွန်တော်ကြုံခဲ့ရသမျှထဲမှာ အပြင်းထန်ဆုံးပါပဲ။ ကျွန်တော်တို့ရဲ့ ခံစားချက်တွေဟာ ရှေးအချိန်က ရန်သူအလုံးအရင်းနဲ့ မိမိလူမျိုးရင်ဆိုင်ခဲ့ကြရတဲ့အခါက ဘုရင်ယောရှဖတ်ပြောခဲ့တဲ့အတိုင်းပဲ– “အကျွန်ုပ်တို့ကို တိုက်အံ့သောငှာလာသော ဤအလုံးအရင်းကြီးကို၊ အကျွန်ုပ်တို့သည် ဆီးတားခြင်းငှာမတတ်နိုင်ပါ။ အဘယ်သို့ပြုရမည်ကိုမသိပါ။ ကိုယ်တော်ကိုသာမျှော်ကြည့်လျက် နေကြပါသည်။”—၂ ရာဇဝင်ချုပ် ၂၀:၁၂။

ကျွန်တော်တို့လူ ၂၀ ကိုဟန်ဂေရီစစ်သား ၁၈ ယောက်ကစောင့်ကြပ်ပြီး ကိုယ့်သင်္ချိုင်းတွင်းကိုစုတူးခိုင်းတယ်။ တူးပြီးတဲ့အခါ စာရွက်စာတမ်းတစ်ခုကိုလက်မှတ်ထိုးဖို့ ဆယ်မိနစ်အချိန်ပေးတယ်၊ စာတမ်းထဲပါတဲ့စကားတချို့က ဒီလို– “ယေဟောဝါသက်သေများ၏ သွန်သင်ချက်သည် မှားသည်။ ယင်းကို ကျွန်တော်မယုံကြည်တော့ပါ၊ မထောက်ခံတော့ပါ။ ဟန်ဂေရီအမိနိုင်ငံအတွက် ကျွန်တော်တိုက်ခိုက်ပါမည် . . . ရိုမန် . . . ချာ့ချ်နှင့် ကျွန်တော်ပူးပေါင်းပါမည်ဟု အတည်ပြုလက်မှတ်ရေးထိုးပါသည်။”

ဆယ်မိနစ်ပြည့်တဲ့နောက် “ညာဘက်ကွေ့! တွင်းနားကိုလျှောက်!” ဆိုတဲ့အမိန့်ရတယ်။ အဲဒီနောက် “နံပါတ်တစ်နဲ့ နံပါတ်သုံးအကျဉ်းသား တွင်းထဲဝင်!” ဆိုပြီးအမိန့်ပေးတယ်။ စာတမ်းကိုလက်မှတ်ထိုးဖို့ သူတို့နှစ်ယောက်ကို နောက်ထပ်ဆယ်မိနစ်အချိန်ပေးတယ်။ စစ်သားတစ်ယောက်က “မင်းတို့ရဲ့ယုံကြည်ခြင်းကိုစွန့်ပြီး တွင်းထဲကထွက်ခဲ့ပါ!” လို့တောင်းပန်တယ်။ တစ်ယောက်မှမဖြေဘူး။ ဒါနဲ့တာဝန်ခံအရာရှိက သူတို့နှစ်ယောက်စလုံးကိုပစ်သတ်လိုက်တယ်။

စစ်သားတစ်ယောက်က တာဝန်ခံအရာရှိကို “ကျန်တဲ့သူတွေကိုကော” လို့မေးတယ်။

“သူတို့ကိုကြိုးတုပ်လိုက်၊ ထပ်နှိပ်စက်ပြီး မနက်ခြောက်နာရီမှပစ်သတ်မယ်” လို့သူဖြေတယ်။

ချက်ချင်းဆိုသလို ကျွန်တော်သေရမှာကိုမဟုတ်ဘဲ နှိပ်စက်တာကိုမခံနိုင်ဘဲ အလျှော့ပေးလိုက်မိမှာကို စိုးရိမ်ခဲ့တယ်။ ဒါနဲ့ ရှေ့တိုးပြီး “ဆရာ၊ ခုနကပစ်သတ်လိုက်တဲ့ ကျွန်တော်တို့ညီအစ်ကိုတွေလိုပဲ ကျွန်တော်တို့ချိုးဖောက်ခဲ့တာပဲ။ ကျွန်တော်တို့ကိုလည်း ဘာဖြစ်လို့မသတ်တာလဲ” လို့ပြောလိုက်တယ်။

ဒါပေမဲ့ သူတို့မသတ်ပါဘူး။ ကျွန်တော်တို့ကိုနောက်ပြန်ကြိုးတုပ်ပြီး လက်ကနေတွဲလွဲဆွဲထားကြတယ်။ ကျွန်တော်တို့သတိမေ့သွားကြတဲ့အခါ ရေနဲ့လောင်းကြမယ်။ ကိုယ်ခန္ဓာရဲ့အလေးချိန်က ကျွန်တော်တို့ရဲ့ပခုံးရိုးတွေကို လွဲစေတဲ့အတွက် မချိမဆန့်ခံခဲ့ကြရတယ်။ အဲဒီလိုသုံးနာရီလောက် ဆက်နှိပ်စက်ကြတယ်။ ဒါနဲ့ ယေဟောဝါသက်သေတွေကို ထပ်မပစ်သတ်ဖို့အမိန့် ရုတ်တရက်ရောက်လာတယ်။

အရှေ့ပိုင်းသို့ရွှေ့ပြောင်းခြင်း —ထို့နောက် လွတ်မြောက်ခြင်း

သုံးပတ်အကြာမှာ ဒေါန်မြစ်ကမ်းခြေရောက်တဲ့အထိ ကျွန်တော်တို့တန်းစီပြီး သုံးလေးရက်ချီတက်ခဲ့ကြရတယ်။ ကျွန်တော်တို့အရှင်လတ်လတ် ပြန်လာကြရမှာမဟုတ်ဘူးလို့ တာဝန်ခံတွေကပြောတယ်။ နေ့အချိန်မှာ ကျင်းတွေတူး၊ ပြီးရင်ကျင်းတွေကိုပြန်ဖို့စတဲ့ အကျိုးမရှိတဲ့အလုပ်တွေလုပ်ရတယ်။ ညနေပိုင်းမှာတော့ ဟိုနားဒီနားလျှောက်ခွင့် နည်းနည်းရတယ်။

ကျွန်တော့်အမြင်မှာ ဖြစ်နိုင်ခြေနှစ်ခုရှိတယ်။ ကျွန်တော်တို့ အဲဒီနေရာမှာသေရင်သေ၊ ဒါမှမဟုတ် ဂျာမန်တွေလက်ကလွတ်ပြီး ရုရှားတွေဆီအညံ့ခံလိုက်ဖို့ဖြစ်တယ်။ ကျွန်တော်တို့ထဲက သုံးယောက်ပဲ အေးခဲနေတဲ့ဒေါန်မြစ်ကို ဖြတ်ကူးပြီးထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ၁၉၄၂၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ယေဟောဝါကိုဆုတောင်းပြီး ကျွန်တော်တို့ထွက်ပြေးခဲ့ကြတယ်။ ရုရှားရှေ့တန်းကိုရောက်တာနဲ့ ချက်ချင်းပဲ အကျဉ်းသား ၃၅,၀၀၀ လောက်ရှိတဲ့ အကျဉ်းထောင်ထဲထည့်လိုက်ခဲ့ကြတယ်။ နွေဦးပေါက်မှာ အကျဉ်းသား ၂,၃၀၀ လောက်ပဲ အသက်ရှင်ကျန်တော့တယ်။ ကျန်တာတွေက အစာငတ်ပြီးသေကုန်ကြတယ်။

လွတ်လပ်မှု သို့သော် ထပ်ဆင့်ကြေကွဲဖွယ်ဖြစ်ရပ်

စစ်အပြီး အတော်ကြာကြာပဲ ရုရှားအကျဉ်းသားအနေနဲ့ဆက်နေခဲ့ရသေးတယ်။ နောက်ဆုံးတော့ ၁၉၄၅၊ နိုဝင်ဘာလမှာ ဇာဟောရ်ကိုပြန်ရောက်ပါရော။ ကျွန်တော်တို့ခြံဟာ အခြေအနေဆိုးနေတာကြောင့် အစကနေပြန်စခဲ့ရတယ်။ စစ်အတွင်း ကျွန်တော့်ဇနီးနဲ့ ကလေးတွေ ခြံအလုပ်ကိုလုပ်ခဲ့ကြပေမဲ့ ၁၉၄၄ အောက်တိုဘာလမှာ ရုရှားတွေချီတက်လာတဲ့အခါ အရှေ့ပိုင်းကို သူတို့ရွှေ့ပြောင်းသွားခဲ့ကြရတယ်။ ကျွန်တော်တို့ပစ္စည်းအားလုံးကို လုယူသွားခဲ့ကြတယ်။

အဆိုးဆုံးကတော့ ကျွန်တော်အိမ်ပြန်ရောက်ချိန်မှာ ကျွန်တော့်ဇနီးက အပြင်းဖျားနေတာပါပဲ။ ၁၉၄၆၊ ဖေဖော်ဝါရီလမှာ သူမကွယ်လွန်သွားတယ်။ အသက် ၃၈ နှစ်ပဲရှိသေးတယ်။ အခက်အခဲတွေ အကြီးအကျယ်ကြုံခဲ့ရတဲ့ ငါးနှစ်ကျော်ကျော် ခွဲခွာနေခဲ့ရပြီးနောက် ပြန်ဆုံစည်းနေထိုင်ရတဲ့အချိန်က တိုလိုက်တာ။

အစည်းအဝေးတွေတက်၊ အမှုဆောင်ထွက်ပြီး ဝိညာဉ်ရေးညီအစ်ကိုတွေနဲ့ပေါင်းပြီးတော့ပဲ နှစ်သိမ့်မှုရှာခဲ့ရတယ်။ ၁၉၄၇ ခုနှစ်မှာ မိုင် ၂၅၀ လောက်ဝေးတဲ့ ဘာနိုမြို့မှာ စည်းဝေးကြီးသွားတက်ဖို့ ငွေချေးယူနိုင်ခဲ့တယ်။ အဲဒီမှာ ဟိုအချိန်က ကင်းမျှော်စင်သမ္မာကျမ်းစာနဲ့ဝေစာအသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ နေသန် အိပ်ချ်. နောရ်အပြင် တခြားခရစ်ယာန်ညီအစ်ကိုတွေနဲ့ ပေါင်းသင်းခဲ့ရတာကနေ နှစ်သိမ့်အားပေးမှုအများကြီးရရှိခဲ့တယ်။

စစ်ပြီးကာလရဲ့လွတ်လပ်မှုကို ကြာကြာမခံစားခဲ့ကြရပါဘူး။ ၁၉၄၈ မှာကွန်မြူနစ်တွေက ကျွန်တော်တို့ကိုစဖိနှိပ်ကြတော့တယ်။ ၁၉၅၂ မှာ ချက်ကိုစလိုဗားကီးယားနိုင်ငံက ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ဦးဆောင်နေကြတဲ့ညီအစ်ကိုအတော်များများ အဖမ်းခံခဲ့ရပြီး အသင်းတော်တွေကိုကြည့်ရှုဖို့ ကျွန်တော့်ကိုတာဝန်ပေးတယ်။ ၁၉၅၄ မှာကျွန်တော်လည်းအဖမ်းခံရပြီး ထောင်ဒဏ်လေးနှစ်ချမှတ်ခံရတယ်။ ကျွန်တော့်သားယန်နဲ့ သူ့သားယူရိုင်းတို့လည်း သူတို့ရဲ့ခရစ်ယာန်ကြားနေမှုကို ဆက်ထိန်းတဲ့အတွက် ထောင်ချခံရတယ်။ ပန်ကရိတ်စ်ပြည်နယ်မှာရှိတဲ့ ပရားဂ်မြို့ကစံပြထောင်မှာ ကျွန်တော်နှစ်နှစ်နေရတယ်။ ၁၉၅၆ မှာလွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်တော့ ကျွန်တော်လွတ်လာတယ်။

နောက်ဆုံးတွင် လွတ်လပ်မှု!

နောက်ဆုံး ၁၉၈၉ မှာ ချက်ကိုစလိုဗားကီးယားနိုင်ငံအပေါ် ကွန်မြူနစ်တွေ ဩဇာမလွှမ်းမိုးနိုင်တော့တဲ့နောက်မှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို တရားဝင်မှတ်ပုံတင်ခဲ့ရတယ်။ အဲဒါနဲ့ လွတ်လွတ်လပ်လပ်စည်းဝေးပြီး ထင်ထင်ပေါ်ပေါ်ဟောပြောနိုင်ကြရော။ အဲဒီအချိန်ကျတော့ ဇာဟောရ်မှာ သက်သေခံတစ်ရာနီးပါးလောက်ရှိနေတဲ့အတွက် ရွာထဲကလူဆယ်ယောက်မှာ တစ်ယောက်လောက်က သက်သေခံဖြစ်နေတာပေါ့။ ပြီးခဲ့တဲ့နှစ်နှစ်သုံးနှစ်က ဇာဟောရ်မှာ ထိုင်ခုံ ၂၀၀ လောက်ဆန့်ပြီး လှပ၊ ကျယ်ဝန်းတဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်လုံးကို ကျွန်တော်တို့ဆောက်ခဲ့ကြတယ်။

ကျွန်တော့်ကျန်းမာရေးက သိပ်မကောင်းတော့တဲ့အတွက် ညီအစ်ကိုတွေက ဘုရားသခင့်နိုင်ငံတော်ခန်းမကို ကားမောင်းပို့ပေးကြတယ်။ အဲဒီမှာရှိနေရတာနဲ့ ကင်းမျှော်စင်သင်တန်းမှာ အဖြေတွေပေးရတာကို ကျွန်တော်ပျော်တယ်။ ကျွန်တော့်မိသားစု လူမျိုးဆက်သုံးဆက်ကလူတွေနဲ့ မြေးများစွာဟာ ယေဟောဝါကိုဝတ်ပြုနေကြတာကို တွေ့ရတဲ့အတွက် ကျွန်တော်အထူးဝမ်းသာမိတယ်။ သူတို့ထဲကတစ်ယောက်ဟာ လုပ်ငန်းကိုမလုပ်နိုင်လောက်အောင် မိသားစုတာဝန်တွေ ကြီးမားလာတဲ့အချိန်အထိ ချက်ကိုစလိုဗားကီးယားနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်အနေနဲ့ အမှုထမ်းခဲ့တယ်။

ကျွန်တော်စမ်းသပ်ခံရတဲ့အချိန်အတော်များများမှာ ခွန်အားပေးခဲ့တဲ့အတွက် ယေဟောဝါကိုကျေးဇူးတင်တယ်။ ကျွန်တော့်ကိုကူညီပေးခဲ့တာက “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့” ကိုယ်တော်ကို အာရုံစူးစိုက်ခဲ့ခြင်းပါပဲ။ (ဟေဗြဲ ၁၁:၂၇) ကိုယ်တော့်တန်ခိုးကြီးလက်တော်ရဲ့ ကယ်မမှုကိုကျွန်တော်ခံစားခဲ့ရတာ တကယ်ပါ။ ဒါကြောင့် အခုအချိန်ထိ အသင်းတော်အစည်းအဝေးတွေကိုတက်ဖို့၊ အမှုဆောင်ထွက်ပြီး ကိုယ်တော့်နာမတော်ကို လူအများရှေ့ကြေညာဖို့ အတတ်နိုင်ဆုံးဆက်ကြိုးစားနေပါတယ်။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဇာဟောရ်ရွာမှ ဘုရားသခင့်နိုင်ငံတော်ခန်းမ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကင်းမျှော်စင်သင်တန်းတွင် အဖြေပေးရသည့်အခွင့်ကို ကျွန်တော်တန်ဖိုးထားသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ