ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၁/၁၅ စာ. ၂၅-၂၈
  • မစ်ရှ်နာနှင့်မောရှေကို ဘုရားသခင်ပေးသည့်ပညတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မစ်ရှ်နာနှင့်မောရှေကို ဘုရားသခင်ပေးသည့်ပညတ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗိမာန်တော်မရှိသည့် ယုဒဘာသာတရား
  • နှုတ်တိုက်ပညတ်ကိုမြဲမြံလာစေခြင်း
  • မစ်ရှ်နာကိုပြုလုပ်ခြင်း
  • နှုတ်တိုက်ပညတ်—အဘယ်ကြောင့်ရေးသားခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • တာလ်မွဒ်ကျမ်း ကား အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခရစ်တော်မတိုင်မီက ပညတ်တရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • နှုတ်တိုက်ထုံးတမ်းစဉ်လာအရမဟုတ်သော ဖြောင့်မတ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၁/၁၅ စာ. ၂၅-၂၈

မစ်ရှ်နာနှင့်မောရှေကို ဘုရားသခင်ပေးသည့်ပညတ်

“ဘယ်တော့မှ နားလည်နိုင်မည်မဟုတ်သော အကြောင်းအရာများကို ကြာမြင့်စွာ ဆွေးနွေးနေကြသည့်အလယ်တွင် ကျွန်တော်တို့ရောက်သွား၍ ပါဝင်လိုက်ရသည့်ပုံစံရှိ၏။ . . . ဝေးလံသောနေရာရှိ လေဆိပ်တစ်ခု၏ အကူးအပြောင်းခရီးသည်ဧည့်ခန်းတစ်ခုတွင် ရောက်နေသကဲ့သို့ ကျွန်တော်တို့ခံစားရသည်။ လူများပြောနေသည့်စကားလုံးများကို ကျွန်တော်တို့နားလည်သော်လည်း သူတို့၏ဆိုလိုချက်များနှင့် သက်ဆိုင်ပုံများသာမက အထူးသဖြင့် သူတို့၏အလျင်စလိုလေသံကို ကျွန်တော်တို့နားမလည်နိုင်ကြပါ။” ဤသည်မှာ မစ်ရှ်နာကို ပထမဦးဆုံးဖတ်ရှုရာတွင် စာဖတ်သူများ၏ခံစားချက်ကို ဂျူးကျမ်းပညာရှင် ဂျေးကပ် နွိုင်စနာက ဖော်ပြပုံဖြစ်သည်။ နွိုင်စနာက “မစ်ရှ်နာသည် အထောက်အထားခိုင်လုံသော အစမရှိပါ။ ရုတ်တရက် အဆုံးသတ်သွားသည်” ဟုထပ်ဆင့်ဆိုသည်။

ယုဒဘာသာတရား၏သမိုင်း စာအုပ်တွင် မစ်ရှ်နာကို ဒယ်နီယယ် ဂျာရ်မီ စေးလ်ဗားက “ရဗ္ဗိဆရာများ၏ ယုဒဘာသာရေးအခြေခံတရား” ဟုခေါ်ဆိုထားသည်။ အမှန်မှာ သူက ဤသို့ထပ်၍မှတ်ချက်ချသည်– “အဆက်မပြတ်သည့် [ဂျူးလူမျိုး] ပညာရေးစနစ်၏ အဓိကသင်ရိုးညွှန်းတမ်းအဖြစ် သမ္မာကျမ်းစာအစား မစ်ရှ်နာကိုအသုံးပြုကြသည်။” ဤမျှမသဲမကွဲရေးသားထားသော စာအုပ်တစ်အုပ်သည် အဘယ်ကြောင့်ထိုမျှလောက် အရေးကြီးလာရသနည်း။

အဖြေ၏တစ်စိတ်တစ်ပိုင်းကို မစ်ရှ်နာတွင်ပါသော ဤစကားများ၌ တွေ့ရှိရသည်– “မောရှေသည် သိနာတောင်ပေါ်တွင် တိုရာကိုရရှိခဲ့ပြီး ယောရှုထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယောရှုသည် အကြီးအကဲများ၊ အကြီးအကဲများက ပရောဖက်များထံ လွှဲပြောင်းပေးခဲ့ကြသည်။ ပရောဖက်များကလည်း လွှတ်အရာရှိများထံ လွှဲပြောင်းပေးခဲ့ကြသည်။” (အဗော့ ၁:၁) မစ်ရှ်နာသည် သိနာတောင်ပေါ်တွင် မောရှေကိုပေးသည့် ဘုရားသခင့်ပညတ္တိကျမ်းနှင့်ပတ်သက်သည်ဟုဆိုသည်—ဣသရေလကို ဘုရားသခင်ပေးသည့်ပညတ်၏ ရေးသားထားခြင်းမရှိသောအပိုင်းဖြစ်သည်။ (နောက်ပိုင်းတွင် ဆဲန်ဟီဒရင်ဟုခေါ်သည့်) အစည်းအဝေးကြီး၏ အမျိုးသားများကို နှစ်များတစ်လျှောက်ရှိခဲ့သော ပညာတတ်များ သို့မဟုတ် ကဝိများအဝင်အဖြစ် ယူမှတ်ခဲ့ကြကာ သူတို့သည် သွန်သင်ချက်အချို့ကို လူမျိုးတစ်ဆက်ပြီးတစ်ဆက် နှုတ်တိုက်လက်ဆင့်ကမ်းလာခဲ့ရာ နောက်ဆုံးတွင် ယင်းတို့ကို မစ်ရှ်နာ၌ မှတ်တမ်းတင်လိုက်ကြသည့် အချိန်အထိဖြစ်သည်။ သို့သော် ယင်းသည် မှန်ကန်ပါသလော။ မစ်ရှ်နာကို အမှန်အားဖြင့် မည်သူရေးခဲ့သနည်း၊ အဘယ်ကြောင့်ရေးခဲ့သနည်း။ ယင်းတွင်ပါသော အကြောင်းအရာများသည် သိနာတောင်တွင် မောရှေထံမှအရင်းခံပါသလော။ ယင်းသည် ယနေ့ ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်ရှိသလော။

ဗိမာန်တော်မရှိသည့် ယုဒဘာသာတရား

ကျမ်းစောင်များကို မှုတ်သွင်းခံလျက် ရေးသားခဲ့ချိန်တွင် ရေးသားထားသော မောရှေ၏ပညတ်အပြင် မြင့်မြတ်သည့်နှုတ်တိုက်ပညတ်တစ်ခုပေးခဲ့သည်ဟူသော ယုံကြည်ချက်မရှိခဲ့ချေ။a (ထွက်မြောက်ရာ ၃၄:၂၇) ရာစုနှစ်များစွာ ကုန်လွန်လာလေသော် ဖာရိရှဲတို့သည် အဆိုပါအယူအဆကို ဖြစ်ပေါ်မြှင့်တင်ပေးသည့် ယုဒဘာသာအတွင်းထဲမှ အုပ်စုဖြစ်သည်။ စီ.အီး. ပထမရာစုအတွင်း သမ္မာကျမ်းစာတွင်မပါသော ဤသွန်သင်ချက်ကို ဇဒ္ဒုကဲတို့နှင့်အခြားဂျူးတို့သည် ကန့်ကွက်ကြသည်။ သို့သော် ယေရုရှလင်ရှိဗိမာန်တော်သည် ဂျူးလူမျိုး၏ ဝတ်ပြုရာဗဟိုဌာနဖြစ်နေချိန်တွင် နှုတ်တိုက်ပညတ် အရေးကိစ္စသည် အရေးပါမှုတွင် ဒုတိယနေရာ၌ရှိခဲ့သည်။ ဗိမာန်တော်၌ ဝတ်ပြုကိုးကွယ်မှုသည် ဂျူးတိုင်း၏ဘဝတွင် ဖွဲ့စည်းမှုနှင့်တည်ငြိမ်မှု အတော်အတန်ရှိစေခဲ့သည်။

သို့ဖြစ်စေကာမူ စီ.အီး. ၇၀ ၌ဂျူးလူမျိုးသည် လုံးဝမထင်မမှတ်သော အတိုင်းအတာဖြင့် ဘာသာရေးဆိုင်ရာ အကျပ်အတည်းတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။ ရောမဗိုလ်ခြေတို့၏လက်ချက်ကြောင့် ယေရုရှလင်မြို့ဖျက်ဆီးခံခဲ့ရကာ ဂျူးတစ်သန်းကျော်အသတ်ခံခဲ့ရသည်။ သူတို့၏ဝိညာဉ်ရေးအသက်တာဗဟိုဖြစ်သော ဗိမာန်တော်မရှိတော့ချေ။ ဗိမာန်တော်တွင် ယဇ်ပူဇော်ခြင်းနှင့် ယဇ်ပုရောဟိတ်ဆိုင်ရာ လုပ်ငန်းတော်ကို တောင်းဆိုထားသော မောရှေ၏ပညတ်အတိုင်း အသက်မရှင်နိုင်တော့ချေ။ ယုဒဘာသာ၏အခြေခံအုတ်မြစ်သည် ပျက်စီးသွားပေပြီ။ တာလ်မွဒ်ကျမ်းပညာရှင် အေဒင် စတိန်းစော့လ်တ်ဇ်က ဤသို့ရေးသားသည်– “စီ.အီး. ၇၀ တွင် . . . ဖျက်ဆီးခြင်းက ဘာသာရေးအသက်တာဖွဲ့စည်းမှုတစ်ခုလုံးကို ပြန်လည်ထူထောင်ပေးဖို့ အရေးတကြီးလိုအပ်လာစေခဲ့သည်။” သူတို့ပြန်လည်ထူထောင်ခဲ့ကြသည်။

ဗိမာန်တော်မပျက်စီးမီကပင် ဖာရိရှဲခေါင်းဆောင်ဟိလေလ၏ လေးစားခံရသောတပည့်ဖြစ်သူ ယိုဟာနန် ဘယ်န် ဇာကိုင်သည် ယုဒဘာသာတရား၏ ဝိညာဉ်ရေးဗဟိုဌာနနှင့် ဆဲန်ဟီဒရင်တို့ကို ယေရုရှလင်မြို့မှ ဂျာနာရွာသို့ ပြောင်းရွှေ့ဖို့ ဗက်စပါဆီယန် (မကြာမီ ဧကရာဇ်ဖြစ်လာမည့်သူ) ထံမှအခွင့်ရထားသည်။ ယေရုရှလင်မြို့ပျက်စီးပြီးနောက် ယိုဟာနန် ဘယ်န် ဇာကိုင်သည် “လူတို့အတွက် ဗဟိုဌာနသစ်တစ်ခု တည်ထောင်ပေးခြင်းနှင့် ယခု ဗိမာန်တော်ပျက်စီးသွားပြီဖြစ်ရာ အခြားအာရုံစိုက်ရာတစ်ခုအပေါ်သို့ ဘာသာရေးစိတ်ထက်သန်မှုကို လွှဲပြောင်းပေးခြင်းဖြင့် အခြေအနေသစ်များတွင် နေသားကျအောင် သူတို့ကို ကူညီပေးရန် စိန်ခေါ်ချက်ကို ရင်ဆိုင်ခဲ့ရသည်” ဟုစတိန်းစော့လ်တ်ဇ်က ရှင်းပြသည်။ ထိုအာရုံစိုက်ချက်အသစ်ကား နှုတ်တိုက်ပညတ်ဖြစ်သည်။

ဗိမာန်တော်ပျက်စီးနေပြီဖြစ်၍ ဇဒ္ဒုကဲတို့နှင့် အခြားဂျူးဂိုဏ်းဂဏတို့သည် အစားထိုးယုံကြည်စိတ်ချနိုင်ဖွယ်ရာတစ်ခုကို မကမ်းလှမ်းခဲ့ကြချေ။ ဖာရိရှဲတို့သည် အတိုက်အခံအဖွဲ့အစည်းများကို သိမ်းသွင်းကာ ဂျူးလူမျိုးတွင် ပင်မရေစီးကြောင်းဖြစ်လာလေသည်။ စည်းလုံးမှုကိုအသားပေးသော ဦးဆောင်နေသည့်ရဗ္ဗိများသည် မိမိတို့ကိုယ်ကို ဖာရိရှဲများဟုအခေါ်မခံတော့ပေ၊ ယင်းသည် ဂိုဏ်းဂဏနှင့်ဆိုင်ကာ ဝေဖန်ပိုင်းခြားမှုမရှိသည့် အကြွင်းမဲ့ယုံကြည်သော အဓိပ္ပာယ်သက်ရောက်သည့် ဝေါဟာရတစ်ခုဖြစ်သည်။ သူတို့ကို “အစ္စရေးကဝိ” ရဗ္ဗိများဟူ၍သာ လူသိများလာကြသည်။ ဤကဝိတို့သည် နှုတ်တိုက်ပညတ်နှင့်ပတ်သက်၍ သူတို့၏အမြင်ကို ထိန်းသိမ်းထားရန် အဆောက်အဦတစ်ခုဖန်တီးပေးရပေမည်။ ယင်းသည် ဗိမာန်တော်လောက် လူတို့၏တိုက်ခိုက်မှုကိုခံရဖို့ အကြောင်းနည်းသော ဝိညာဉ်ရေးဖွဲ့စည်းမှုတစ်ခုဖြစ်ရပေမည်။

နှုတ်တိုက်ပညတ်ကိုမြဲမြံလာစေခြင်း

ဂျာနာရွာ (ယေရုရှလင်၏အနောက်ဘက် ၂၅ မိုင်) ရှိရဗ္ဗိတက္ကသိုလ်သည် ယခုအခါ အဓိကဌာနဖြစ်နေသော်လည်း အစ္စရေးတစ်ခွင်သာမက ဝေးလံသောဗာဗုလုန်နှင့် ရောမအထိပင် နှုတ်တိုက်ပညတ်ကို သွန်သင်ပေးသော အခြားတက္ကသိုလ်များ စ၍ပေါ်ထွက်လာပါသည်။ သို့သော် ယင်းက ပြဿနာဖြစ်ပေါ်လာစေခဲ့သည်။ စတိန်းစော့လ်တ်ဇ်က ဤသို့ရှင်းပြသည်– “ပညာရှင်ကဝိများအားလုံးပေါင်းစည်းပြီး ပညာရပ်ဆိုင်ရာအဓိကလုပ်ငန်းကို [ယေရုရှလင်ရှိ] အုပ်စုတစ်စုတည်းကသာ ဆောင်ရွက်နေသမျှကာလပတ်လုံး ထုံးတမ်းစဉ်လာသည် တစ်ပုံစံတည်းဖြစ်ရအောင် ထိန်းသိမ်းထားပေးနိုင်ကြပါသည်။ သို့သော် သွန်သင်ပေးသူတိုးပွားများပြားခြင်းနှင့် သီးသန့်ကျောင်းများ တည်ထောင်ခြင်းတို့သည် . . . ပြဋ္ဌာန်းချက်များနှင့် အသုံးအနှုန်းနည်းစနစ်များ ဖောင်းပွလာခြင်းကို ဖြစ်ပေါ်စေသည်။”

နှုတ်တိုက်ပညတ်သွန်သင်သူများကို “လေ့လာရန်၊” သို့မဟုတ် “ထပ်ခါရွတ်ဆိုရန်၊” သို့မဟုတ် “သွန်သင်ရန်” ဟုအဓိပ္ပာယ်ရှိသော အာရမိတ်အရင်းခံစကားလုံးတစ်ခုမှ ဆင်းသက်သောဝေါဟာရဖြစ်သည့် တန်းနိမ်ဟုခေါ်ခဲ့ကြသည်။ ယင်းသည် အပြန်ပြန်အလှန်လှန်ရွတ်ဆို၍ အာဂုံဆောင်ခြင်းဖြင့် နှုတ်တိုက်ပညတ်ကို သူတို့သင်ယူခြင်းနှင့်သင်ကြားခြင်းနည်းလမ်းကို ထင်ရှားသိသာစေ၏။ နှုတ်တိုက်ထုံးတမ်းစဉ်လာများကို အာဂုံဆောင်လွယ်ကူစေရန် ပြဋ္ဌာန်းချက် သို့တည်းမဟုတ် ထုံးတမ်းစဉ်လာတစ်ခုစီကို ကျစ်လစ်ပြည့်စုံသော စကားစုတစ်ခုအဖြစ်သို့ အကျဉ်းချုပ်လိုက်ကြသည်။ စကားလုံးနည်းလေကောင်းလေဖြစ်၏။ ထုံးတမ်းစဉ်လာနှင့်ကိုက်ညီသော ကဗျာဆန်ဆန်ပုံစံကို ကြိုးစားရှာဖွေကာ စကားစုများကို မကြာခဏရွတ်ဆို၊ သို့မဟုတ် သီဆိုခဲ့ကြရသည်။ သို့တိုင် ဤပြဋ္ဌာန်းချက်များသည် စနစ်တကျဖွဲ့စည်းထားခြင်းမရှိဘဲ ဆရာတစ်ဦးမှတစ်ဦး လွန်စွာကွာခြားသည်။

အမျိုးမျိုးသောနှုတ်တိုက်ထုံးတမ်းစဉ်လာများစွာကို တိကျသည့်အသွင်အပြင်နှင့် ဖွဲ့စည်းပုံပေးခဲ့သော ပထမဆုံးရဗ္ဗိမှာ အခေဗား ဘင် ဂျိုးဇက် (စီ.အီး. ၅၀-၁၃၅ ခန့်) ဖြစ်သည်။ သူနှင့်ပတ်သက်၍ စတိန်းစော့လ်တ်ဇ်က ဤသို့ရေးသားသည်– “သူ၏တစ်ခေတ်တည်းသားများက သူ၏ဆောင်ရွက်ပုံကို လယ်ကွင်းထဲသွား၊ တွေ့သမျှအားလုံးကို ခြင်းတောင်းထဲထည့်ပြီးနောက် အိမ်ပြန်ပြီး အမျိုးအစားတစ်ခုစီကို သီးခြားခွဲထားသည့် အလုပ်ကြမ်းသမားတစ်ဦး၏ လုပ်ကိုင်ပုံနှင့်နှိုင်းယှဉ်ကြသည်။ အခေဗားသည် စနစ်တကျဖွဲ့စည်းမထားသောအကြောင်းအရာများစွာကို လေ့လာခဲ့ပြီး ကွဲပြားသောအမျိုးအစားများသို့ ခွဲခြားခဲ့သည်။”

စီ.အီး. ဒုတိယရာစု—ယေရုရှလင်ဖျက်ဆီးခံရပြီးနောက် နှစ်ပေါင်း ၆၀ ကျော်—၌ ရောမနိုင်ငံကို ဂျူးလူမျိုးတို့ ဒုတိယအကြိမ် ကြီးကျယ်သောဆန့်ကျင်ပုန်ကန်မှုကို ဘားရ် ခေါ့ဘားက ဦးဆောင်ခဲ့သည်။ ပုန်ကန်မှုသည် နောက်တစ်ကြိမ် ဘေးဒုက္ခဖြစ်စေခဲ့ပါသည်။ အခေဗားနှင့် သူ၏တပည့်များစွာတို့သည် ဂျူးဒုက္ခသည် တစ်သန်းနီးပါးထဲတွင်ပါဝင်ခဲ့သည်။ ရောမဧကရာဇ်ဟေ့ဒရင်းန်က ဂျူးတို့ကို ဗိမာန်တော်ပျက်စီးခြင်း နှစ်ပတ်လည်အထိမ်းအမှတ်ပွဲမှလွဲ၍ ယေရုရှလင်မြို့ထဲမဝင်ရဟု ကန့်သတ်ချက်ချ၍ ကြေညာလိုက်သောကြောင့် ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန် မျှော်လင့်ချက်ပျက်ပြားခဲ့တော့သည်။

အခေဗားသေဆုံးပြီးနောက် အသက်ရှင်ခဲ့သောတန်းနိမ်သည် ယေရုရှလင်တွင် ဗိမာန်တော်ကို တစ်ခါမျှမမြင်ဖူးခဲ့ပေ။ သို့သော် နှုတ်တိုက်ပညတ်ထုံးတမ်းစဉ်လာ၌ လေ့လာခြင်းဖွဲ့စည်းမှုပုံစံက သူတို့၏ “ဗိမာန်တော်” သို့တည်းမဟုတ် ဝတ်ပြုရာဗဟိုဌာနဖြစ်လာလေသည်။ နှုတ်တိုက်ပညတ်ဖွဲ့စည်းပုံကို ခိုင်မြဲအောင် အခေဗားနှင့်သူ၏တပည့်များ စတင်ခဲ့သောအလုပ်ကို နောက်ဆုံးတန်းနိမ်ဖြစ်သည့် ယုဒ ဟာနာစီးက ဆက်၍လုပ်ဆောင်ခဲ့သည်။

မစ်ရှ်နာကိုပြုလုပ်ခြင်း

ယုဒ ဟာနာစီးသည် ဟိလေလနှင့်ဂါမလျေလတို့၏ သားစဉ်မြေးဆက်တစ်ဦးဖြစ်သည်။b သူသည် ဘားရ် ခေါ့ဘားတော်လှန်ခဲ့ချိန်တွင် မွေးဖွားခဲ့ပြီး အစ္စရေးနိုင်ငံတွင် စီ.အီး. ဒုတိယရာစုကုန်ခါနီးနှင့် တတိယရာစုအစောပိုင်း၌ ဂျူးရပ်ကွက်မှူးဖြစ်လာခဲ့သည်။ ဟာနာစီးအမည်၏အဓိပ္ပာယ်မှာ “မင်းသား” ဖြစ်ကာ ဂျူးအမျိုးသားချင်းအလယ်တွင် သူရရှိထားသည့်ရာထူးကို ဖော်ပြနေခြင်းဖြစ်သည်။ သူ့ကို မကြာခဏ ရဗ္ဗိအဖြစ် ပေါ်ပေါ်ထင်ထင် ရည်ညွှန်းခေါ်ဆိုခဲ့ကြသည်။ ယုဒ ဟာနာစီးသည် ဂါလိလဲနယ်တွင် ဦးစွာ ဘက်ရှီအာရီမ်ရွာ၊ ၎င်းနောက် စက်ဖိုရီစ်ရွာတွင် သူ၏ကိုယ်ပိုင်တက္ကသိုလ်နှင့် ဆဲန်ဟီဒရင်တို့ကို ဦးဆောင်ခဲ့သည်။

နောက်တွင် ရောမနိုင်ငံနှင့် ပဋိပက္ခများဖြစ်ခဲ့လျှင် နှုတ်တိုက်ပညတ်ကို လွှဲပြောင်းခြင်းအတွက် အန္တရာယ်ရှိနိုင်ကြောင်း ယုဒ ဟာနာစီးကသိမြင်သဖြင့် ယင်း၏တည်တံ့မှုကို အာမခံမည့် ဖွဲ့စည်းမှုတစ်ခုကိုစီစဉ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ သူသည် မိမိခေတ်ရှိ အကျော်ကြားဆုံးသော ပညာရှင်များကို မိမိ၏တက္ကသိုလ်တွင် စုရုံးစေခဲ့သည်။ နှုတ်တိုက်ပညတ်၏အချက်တိုင်းနှင့် ထုံးတမ်းစဉ်လာတိုင်းကို အချေအတင်ဆွေးနွေးခဲ့ကြသည်။ ဤဆွေးနွေးပွဲများ၏ အကျဉ်းချုပ်သုံးသပ်ချက်များကို ကဗျာဆန်သောဟေဗြဲစကားပြေ၏ တင်းကျပ်သောပုံစံအတိုင်း မယုံနိုင်လောက်အောင် လိုရင်းတိုရှင်းစကားစုများအဖြစ် ဖွဲ့စည်းခဲ့သည်။

အဆိုပါအကျဉ်းချုပ်သုံးသပ်ချက်များကို အဓိကအကြောင်းအရာများအတိုင်း အပိုင်းကြီးခြောက်ပိုင်း သို့တည်းမဟုတ် အမျိုးအစားများသို့ စီစဉ်ဖွဲ့စည်းခဲ့သည်။ ယုဒသည် ၎င်းတို့ကို ၆၃ ပိုင်း သို့မဟုတ် ဋီကာကျမ်းများအဖြစ်သို့ ထပ်ဆင့်ခွဲခြားလိုက်လေသည်။ ဝိညာဉ်ရေးအဆောက်အအုံသည် ယခုပြီးစီးသွားခဲ့ပြီဖြစ်သည်။ အဆိုပါအချိန်အထိ ဤထုံးတမ်းစဉ်လာများကို နှုတ်အားဖြင့်သာ အစဉ်အမြဲလက်ဆင့်ကမ်းခဲ့ကြသည်။ သို့သော် ထပ်ဆင့်ကာကွယ်မှုတစ်ခုအနေဖြင့် တစ်ခါမျှမပြုလုပ်ခဲ့သော ပညတ်အားလုံးကို ရေးသားမှတ်တမ်းတင်ခြင်းဖြစ်သော နောက်ဆုံးအခြေခံပြောင်းလဲမှုကို ပြုလုပ်ခဲ့ကြသည်။ နှုတ်တိုက်ပညတ်ကို မှတ်တမ်းတင်ရေးသားသည့် ဤစွဲမှတ်ဖွယ်ဖွဲ့စည်းမှုအသစ်ကို မစ်ရှ်နာဟုခေါ်ကြသည်။ မစ်ရှ်နာသည် ဟေဗြဲမူရင်း ရှာနာဟ်မှဆင်းသက်ကာ “ထပ်ခါရွတ်ဆိုရန်၊” “လေ့လာရန်၊” သို့မဟုတ် “သွန်သင်ရန်” ဟုအဓိပ္ပာယ်ရသည်။ ယင်းသည် အာရမိတ်စကားလုံး တဲန်နာနှင့်တူညီသည်။ ၎င်းမှ တန်းနိမ်ဆင်းသက်လာပြီး မစ်ရှ်နာသွန်သင်သူများကို ရည်ညွှန်းသောအသုံးအနှုန်းဖြစ်သည်။

မစ်ရှ်နာ၏ရည်ရွယ်ချက်သည် အပြီးသတ်ပညတ်ချမှတ်ပေးရန်မဟုတ်ပေ။ ယင်းသည် အခြေခံမူများကို စာဖတ်သူက သိရှိပြီးသားဟုယူဆကာ ထူးခြားချက်များကို ဖော်ပြခြင်းနှင့်ပိုသက်ဆိုင်ပါသည်။ အမှန်အားဖြင့် ယုဒ ဟာနာစီးခေတ်က ရဗ္ဗိကျောင်းများတွင် ဆွေးနွေးသင်ကြားခဲ့သောအကြောင်းကို ယင်းကအတိုချုပ်ဖော်ပြခဲ့ခြင်းဖြစ်သည်။ မစ်ရှ်နာကို ယင်းအပေါ်တည်ဆောက်ရန် နောက်ထပ်အချေအတင် ဆွေးနွေးဖို့အတွက် နှုတ်တိုက်ပညတ်၏ မူကြမ်း၊ အဖြူထည်သဘောပုံစံ၊ အခြေခံဖွဲ့စည်းမှုဖြစ်ဖို့ ရည်ရွယ်ခဲ့သည်။

မစ်ရှ်နာသည် မောရှေအား သိနာတောင်ပေါ်တွင် ပေးခဲ့သည့်တစ်စုံတစ်ရာကို ဖော်ပြမည့်အစား ဖာရိရှဲတို့အစပြုခဲ့သောအယူအဆဖြစ်သည့် နှုတ်တိုက်ပညတ်ဖြစ်ပေါ်လာပုံကို ထိုးထွင်းသိမြင်စေပါသည်။ မစ်ရှ်နာတွင် မှတ်တမ်းတင်ထားသော အကြောင်းအရာသည် ခရစ်ယာန်ဂရိကျမ်းစောင်၌ ဖော်ပြထားသည့်အချို့သောအချက်များနှင့် ယေရှုခရစ်နှင့်ဖာရိရှဲတို့စပ်ကြား တစ်စုံတစ်ရာသောဆွေးနွေးချက်များအပေါ် အလင်းဖြာပေးသည်။ သို့ဖြစ်စေကာမူ မစ်ရှ်နာတွင် တွေ့ရှိရသည့်အချက်အလက်များသည် စီ.အီး. ဒုတိယရာစုမှ ဂျူးလူမျိုး၏ထင်မြင်ယူဆချက်များကို ထင်ဟပ်နေသည့်အတွက်ကြောင့် သတိထားဖို့လိုသည်။ မစ်ရှ်နာသည် ဒုတိယဗိမာန်တော်ကာလနှင့် တာလ်မွဒ်တို့၏စပ်ကြားတွင် ပေါင်းကူးတံတားဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

a ထပ်ဆင့်အချက်အလက်များအတွက် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မြို့မှ ထုတ်ဝေသော စစ်မဲ့ကမ္ဘာတစ်ခု တစ်နေ့နေ့ဖြစ်လာမည်လော ဘရိုရှာ [လိပ်] စာမျက်နှာ ၈-၁၁ တွင်ရှု။

b ၁၉၉၆၊ ဇူလိုင် ၁၅၊ ကင်းမျှော်စင်တွင် “ဂါမလျေလ—တာရှုမြို့သားရှောလုကို သူသွန်သင်ပေးခဲ့” ဆောင်းပါးကိုရှု။

[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]

မစ်ရှ်နာ၏အပိုင်းကြီးများ

မစ်ရှ်နာကို အမျိုးအစားခြောက်ခုခွဲထားသည်။ ၎င်းတို့တွင် စာအုပ်ငယ် သို့မဟုတ် ဋီကာကျမ်းများ ၆၃ အုပ်ပါရှိကာ အခန်းကြီးများနှင့် မစ်ရှ်နာရော့များ သို့မဟုတ် အပိုဒ်များ (အခန်းငယ်များမဟုတ်) သို့ပိုင်းခြားထားသည်။

၁။ ဇာရာအင်မ် (စိုက်ပျိုးရေးပညတ်များ)

ဤဋီကာကျမ်းများတွင် အစားအစာနှင့် စိုက်ပျိုးရေးတို့နှင့်စပ်လျဉ်းသည့် ဆုတောင်းချက်များကို ဆွေးနွေးခြင်းများပါရှိသည်။ ယင်းတို့တွင် ဆယ်ဖို့တစ်ဖို့၊ ယဇ်ပုရောဟိတ်ကဏ္ဍများ၊ ကောက်သင်းကောက်ခြင်းများနှင့် ဥပုသ်နှစ်များဆိုင်ရာ စည်းမျဉ်းများလည်း ပါရှိသည်။

၂။ မိုးဒ် (သန့်ရှင်းသော အခါသမယများ၊ ပွဲတော်များ)

ဤအမျိုးအစားရှိ ဋီကာကျမ်းတွင် ဥပုသ်၊ အပြစ်ဖြေရာနေ့နှင့် အခြားပွဲတော်များနှင့်ဆက်နွှယ်သည့် ပညတ်များကို ဆွေးနွေးထားသည်။

၃။ နာရှင်မ် (အမျိုးသမီးများ၊ ထိမ်းမြားမင်္ဂလာပညတ်)

ယင်းတို့သည် အိမ်ထောင်ပြုခြင်းနှင့်ကွာရှင်းခြင်း၊ ကတိကဝတ်များ၊ နာဇရိများနှင့် သူ့မယားပြစ်မှားခြင်းကို သံသယဖြစ်စေသည့်ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးထားသော ဋီကာကျမ်းများဖြစ်သည်။

၄။ နီဇီကင် (နစ်နာကြေးနှင့် တရားမဥပဒေ)

ဤအမျိုးအစားရှိ ဋီကာကျမ်းများတွင် တရားမနှင့်ပစ္စည်းဥစ္စာဆိုင်ရာဥပဒေ၊ တရားရုံးနှင့်ပြစ်ဒဏ်များ၊ ဆဲန်ဟီဒရင်၏လုပ်ငန်းဆောင်တာများ၊ ရုပ်ပုံကိုးကွယ်ခြင်း၊ ကျမ်းကျိန်ခြင်းနှင့် ဦးစီးဦးဆောင်များ၏ကျင့်ဝတ်တို့နှင့်ပတ်သက်သည့် အကြောင်းအရာများပါရှိသည်။ (အဗော့)

၅။ ကိုဒါရှင်မ် (ယဇ်ပူဇော်ခြင်းများ)

ဤကျမ်းများတွင် ဗိမာန်တော်၏အတိုင်းအတာများသာမက တိရစ္ဆာန်နှင့်ကောက်ပဲသီးနှံပူဇော်ခြင်းနှင့်ပတ်သက်သည့် စည်းမျဉ်းများကို ဆွေးနွေးထားသည်။

၆။ တိုဟာရော့တ် (သန့်စင်ရေးထုံးတမ်းစဉ်လာများ)

ဤအမျိုးအစားတွင် ထုံးတမ်းစဉ်လာအရ သန့်စင်ခြင်း၊ ရေချိုးခြင်း၊ လက်ဆေးကြောခြင်း၊ အရေပြားရောဂါများနှင့် အရာဝတ္တုအမျိုးမျိုး၏မသန့်ရှင်းခြင်းတို့ကို ဆွေးနွေးထားသည့် ဋီကာကျမ်းများပါရှိသည်။

[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်]

မစ်ရှ်နာနှင့် ခရစ်ယာန်ဂရိကျမ်းစောင်များ

မဿဲ ၁၂:၁၊ ၂– “ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။ ဖာရိရှဲတို့သည်မြင်လျှင်၊ ‘ကိုယ်တော်၏တပည့်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို ပြုကြပါသည်တကား’ ဟုလျှောက်ကြ”၏။ ယေရှု၏တပည့်များ ပြုလုပ်ခဲ့သောအရာကို ဟေဗြဲကျမ်းစောင်များက မတားမြစ်ထားချေ။ သို့သော် မစ်ရှ်နာ၌ ဥပုသ်နေ့တွင်မပြုလုပ်ရန် ရဗ္ဗိတို့တားမြစ်ထားသောအမှု ၃၉ ခုကိုကျွန်ုပ်တို့တွေ့ရသည်။—ရှာဗတ် ၇:၂။

မဿဲ ၁၅:၃– “ကိုယ်တော် [ယေရှု] က၊ ‘သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကိုအမှီပြု၍ ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။’” ယင်းသဘောထားကို မစ်ရှ်နာကသေချာစေသည်။ (ဆဲန်ဟီဒရင် ၁၁:၃) ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “[အက္ခရာတင်] ပညတ်တရား၏စကားရပ်များ [ကို လိုက်လျှောက်] ရန်ထက်ကျမ်းပြုဆရာများ၏စကားရပ်များ [ကို လိုက်လျှောက်] ရန်သာ၍စည်းကမ်းတင်းကျပ်ပါသည်။ အကယ်၍ လူတစ်ဦးက ပညတ်တရား၏စကားရပ်ကို ကျူးလွန်ရန်အလို့ငှာ ‘အဆောင်လက်ဖွဲ့များဝတ်ဆင်ဖို့ တာဝန်မရှိပါ’ ဟုပြောလျှင် သူသည် အပြစ်တင်မခံထိုက်ချေ။ [သို့သော် သူက] ကျမ်းပြုဆရာများ၏စကားရပ်ကို ဖြည့်စွက်ရန်အလို့ငှာ ‘ယင်းတွင်အကန့်ငါးကန့်ရှိသင့်သည်’ ဟုပြောလျှင် သူသည် အပြစ်တင်ခံထိုက်သည်။”—ဟားဘတ်ဒင်ဘီရေးသော မစ်ရှ်နာ၊ စာမျက်နှာ ၄၀၀။

ဧဖက် ၂:၁၄ [သမ္မာ]– “ထိုအရှင် [ယေရှု] သည် ငါတို့၏ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ . . . ပိုင်းခြားလျက်ရှိသော စပ်ကြားတံတိုင်းနံရံကိုဖြိုဖျက်၍ လူမျိုးနှစ်စုကို တစ်စုတည်း ဖြစ်စေတော်မူ၏။” မစ်ရှ်နာက ဤသို့ဆိုသည်– “ဗိမာန်တော်ရှိ ဝင်းခတ်ထားသော ရာဇမတ်ကွက်ပုံစောင်ရန်း (စိုရက်ဂ်) မှာဆယ်လံအမြင့်ရှိ၏။” (မစ်ဒေါ့တ် ၂:၃) ယင်းစောင်ရန်းကို ကျော်လွှားရန်နှင့် တံတိုင်းတော်အတွင်း ဝင်ရောက်ရန် တစ်ပါးအမျိုးသားများအား တားမြစ်ထားသည်။ ၎င်းနံရံရှိနေသေးသောအချိန် စီ.အီး. ၆၀ သို့မဟုတ် ၆၁ ၌ဧဖက်လူတို့ထံ တမန်တော်ပေါလုစာရေးစဉ်က ပုံဆောင်စကားအားဖြင့် ယင်းကို ရည်ညွှန်းဖော်ပြခဲ့ခြင်းဖြစ်ပေမည်။ ပုံဆောင်နံရံသည် ဂျူးများနှင့် တစ်ပါးအမျိုးသားများကို ကြာမြင့်စွာကတည်းက ခွဲခြားထားခဲ့သည့် ပညတ်ပဋိညာဉ်ဖြစ်သည်။ သို့ဖြစ်စေကာမူ စီ.အီး. ၃၃ ၌ခရစ်တော်သေခြင်းကို အခြေခံ၍ ၎င်းနံရံကို ပယ်ဖျက်ခဲ့သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ