ယောဟန်
၆ ထို့နောက် ယေရှုသည် တိဗေရိအိုင် ဟုခေါ်သော ဂါလိလဲအိုင် တစ်ဖက်သို့ ကူးတော်မူ၏။ ၂ ဖျားနာသူတို့အား ကျန်းမာစေသော နိမိတ်လက္ခဏာများကို လူအုပ်ကြီးမြင်သောကြောင့် နောက်တော်သို့ လိုက်ကြ၏။ ၃ ယေရှုသည် တောင်ပေါ်သို့ တက်ကြွ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။ ၄ ထိုအခါ ဂျူးတို့၏ ပသခါပွဲခံချိန် ရောက်လုနီးလေပြီ။ ၅ ယေရှုသည် မျှော်ကြည့်၍ လူအုပ်ကြီးသည် အထံတော်သို့ လာနေကြသည်ကို မြင်လျှင် ဖိလိပ္ပုအား “ဤသူတို့အတွက် စားစရာမုန့်ကို အဘယ်မှာ ငါတို့ဝယ်ရမည်နည်း” ဟု မေးတော်မူ၏။ ၆ အဘယ်သို့ပြုမည်ကို သိတော်မူလျက်ပင် ဖိလိပ္ပုကို စမ်းသပ်ရန် ထိုသို့မေးခြင်းဖြစ်၏။ ၇ ဖိလိပ္ပုကလည်း “လူတိုင်း မုန့်အနည်းငယ်စီရရန် ဒေနာရိ* နှစ်ရာဖိုး မုန့်ကိုဝယ်လျှင်ပင် လောက်မည် မဟုတ်ပါ” ဟု လျှောက်၏။ ၈ တပည့်တော်တစ်ပါးဖြစ်သော ရှိမုန်ပေတရု၏ညီ အန္ဒြေက ၉ “မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တစ်ဦး ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များသောလူတို့အတွက် မည်သို့နည်း” ဟု လျှောက်လေ၏။
၁၀ ယေရှုက “လူတို့ကိုလျောင်းစေကြလော့” ဟုမိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပေါများသည်ဖြစ်၍ လျောင်းကြ၏။ ထိုလူအုပ်တွင် ယောက်ျားငါးထောင်ခန့် ပါရှိ၏။ ၁၁ ယေရှုသည် မုန့်များကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် လျောင်းနေသောသူတို့ကို ဝေငှတော်မူ၏။ ထိုနည်းတူ ငါးကလေးများကိုလည်း သူတို့လိုသမျှ ဝေငှလေ၏။ ၁၂ ထိုသူတို့သည် ဝစွာစားကြပြီးနောက် ကိုယ်တော်က “အလဟဿမဖြစ်စေရန် စားကြွင်းစားကျန်များကို ကောက်သိမ်းကြလော့” ဟုတပည့်တော်တို့အား မိန့်တော်မူသော်၊ ၁၃ သူတို့သည် ကောက်သိမ်းကြရာ မုယောမုန့်ငါးလုံးမှ စားကြွင်းစားကျန် တစ်ဆယ့်နှစ်တောင်းအပြည့် ရကြ၏။
၁၄ ကိုယ်တော်ပြတော်မူသော နိမိတ်လက္ခဏာများကို လူတို့မြင်သော်၊ “ဤသူသည် ဤလောကသို့ ကြွလာမည့် ပရောဖက်အမှန်ဖြစ်ပါသည်” ဟု ဆိုကြ၏။ ၁၅ ယေရှုသည် ထိုသူတို့လာ၍ မိမိအား အနိုင်အထက်ပြုကာ မင်းမြှောက်မည်ကို သိတော်မူသဖြင့် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွသွားပြန်၏။
၁၆ ညနေခင်းတွင် တပည့်တော်တို့သည် အိုင်သို့ ဆင်းသွားကြ၏။ ၁၇ လှေပေါ်သို့ တက်ပြီးလျှင် အိုင်တစ်ဖက်ကမ်းရှိ ကပေရနောင်မြို့သို့ ကူးကြ၏။ မိုးချုပ်နေပြီဖြစ်သော်လည်း ယေရှုသည် သူတို့ထံသို့ ကြွလာတော်မမူသေး။ ၁၈ ထိုအခါ လေပြင်းမုန်တိုင်းလာ၍ လှိုင်းတံပိုးထလေ၏။ ၁၉ တပည့်တော်တို့သည် သုံးလေးမိုင်*ခန့် လှော်ခတ်ပြီးသော် ယေရှုသည် ရေပေါ်မှာ လမ်းလျှောက်၍ လှေအနီးသို့ ရောက်လာသည်ကို မြင်လျှင် ကြောက်လန့်ကြ၏။ ၂၀ ကိုယ်တော်က “ငါပင်ဖြစ်သည်။ မကြောက်ကြနှင့်” ဟု မိန့်တော်မူ၏။ ၂၁ ထို့ကြောင့် ဝမ်းသာအားရဖြင့် ကိုယ်တော်ကို လှေပေါ်သို့ တက်စေကြ၏။ ထိုခဏချင်းတွင် လှေသည် ရောက်လိုသော အရပ်သို့ ဆိုက်လေ၏။
၂၂ နောက်တစ်နေ့၌ အိုင်တစ်ဖက်မှာရပ်နေသော လူအုပ်သည် ထိုအရပ်တွင် လှေငယ်တစ်စင်းမှတစ်ပါး အခြားသောလှေ မရှိသည်ကိုလည်းကောင်း၊ ယေရှုသည် လှေ၌ပါတော်မမူဘဲ တပည့်တော်တို့သာ ထွက်သွားကြောင်းကိုလည်းကောင်း မြင်ကြ၏။ ၂၃ ထိုအခါ တိဗေရိမြို့မှ လှေများသည် သခင်ယေရှု ကျေးဇူးတော်ကို ချီးမွမ်း၍ သူတို့ မုန့်စားခဲ့ရာအရပ်အနီးသို့ ဆိုက်လာကြ၏။ ၂၄ ထိုအရပ်၌ ယေရှုနှင့် တပည့်တော်များ မရှိကြောင်း သိမြင်သောအခါ လူအုပ်သည် မိမိတို့၏လှေငယ်များကိုစီး၍ ယေရှုကိုရှာရန် ကပေရနောင်မြို့သို့ သွားကြ၏။
၂၅ အိုင်တစ်ဖက်၌ ကိုယ်တော်ကိုတွေ့လျှင် “ရဗ္ဗိ၊ အဘယ်အချိန်တွင် ဤအရပ်သို့ ရောက်လာတော်မူပါသနည်း” ဟု မေးလျှောက်ကြသော်၊ ၂၆ ယေရှုက “ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာများကို မြင်သောကြောင့် ငါ့ကိုရှာသည် မဟုတ်၊ မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ၂၇ ပျက်စီးတတ်သော အစာအတွက် မဟုတ်၊ ထာဝရအသက် ရစေသော အစာအတွက် လုပ်ဆောင်ကြလော့။ ထိုအစာကို လူသားသည် သင်တို့ကိုပေးတော်မူမည်။ ထိုလူသားသည် ခမည်းတော်ဘုရားသခင် နှစ်သက်တော်မူကြောင်း တံဆိပ်ခတ်ခြင်း ခံရသူဖြစ်၏” ဟု မိန့်တော်မူ၏။
၂၈ ထို့ကြောင့် သူတို့က “ဘုရားသခင် နှစ်သက်သောအမှုကို ဆောင်ရွက်ရန် မည်သို့ ပြုရပါမည်နည်း” ဟု မေးလျှောက်ကြ၏။ ၂၉ ယေရှုကလည်း၊ “ဘုရားသခင် စေလွှတ်တော်မူသောသူကို ယုံကြည်ကြောင်း တင်ပြခြင်းသည် ဘုရားသခင် နှစ်သက်သောအမှုဖြစ်၏” ဟု မိန့်တော်မူရာ၊ ၃၀ ထိုသူတို့က “ကျွန်ုပ်တို့သည် ကိုယ်တိုင်မြင်၍ ယုံမည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူမည်နည်း။ အဘယ်အမှုကို ပြုတော်မူမည်နည်း။ ၃၁ ‘သူတို့စားရန် ကောင်းကင်မှ မုန့်ကိုပေးတော်မူသည်’ ဟု ကျမ်းစာ၌ ရေးထားသည်နှင့်အညီ ကျွန်ုပ်တို့၏ ဘိုးဘေးများသည် တော၌မန္နမုန့်ကို စားကြပါ၏” ဟု လျှောက်ဆို၏။ ၃၂ ထို့ကြောင့် ယေရှုက “ငါအမှန်အကန်ဆိုသည်ကား၊ မောရှေသည် သင်တို့အား ကောင်းကင်မှမုန့်ကို မပေး။ ငါ့ခမည်းတော်မူကား ကောင်းကင်မှ မှန်သောမုန့်ကို သင်တို့အား ပေးတော်မူ၏။ ၃၃ အကြောင်းမူကား ဘုရားသခင်ပေးသောမုန့်သည် ကောင်းကင်မှဆင်းသက်၍ လောကကို အသက်ပေးသောသူဖြစ်၏” ဟု မိန့်တော်မူ၏။ ၃၄ ထို့ကြောင့် သူတို့က “သခင်၊ ထိုမုန့်ကို ကျွန်ုပ်တို့အား အစဉ်မပြတ် ပေးတော်မူပါ” ဟု လျှောက်ကြ၏။
၃၅ ယေရှုက “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် ဆာမွတ်ခြင်း အလျှင်းမရှိရ။ ငါ့ကို ယုံကြည်ကြောင်း တင်ပြသောသူသည်လည်း ရေငတ်ခြင်း အလျှင်းမရှိရ။ ၃၆ သင်တို့မူကား ငါ့ကိုမြင်လျက်ပင် မယုံကြဟု ငါဆိုခဲ့ပြီ။ ၃၇ ငါ့အား ခမည်းတော် ပေးတော်မူသမျှသည် ငါ့ထံသို့ လာကြလိမ့်မည်။ လာသောသူကိုလည်း ငါသည် အလျှင်းမမောင်းထုတ်။ ၃၈ အကြောင်းမူကား ငါသည် ငါ့အလိုအတိုင်း ဆောင်ရွက်ရန်ကောင်းကင်မှ ဆင်းသက်သည် မဟုတ်။ ငါ့ကို စေလွှတ်တော်မူသော အရှင်၏အလိုတော်ကို ဆောင်ရန် ဆင်းသက်လာ၏။ ၃၉ ငါ့ကို စေလွှတ်တော်မူသော အရှင်၏ အလိုတော်ကား ငါ့အား ပေးအပ်ထားသောသူတို့တွင် မည်သူ့ကိုမျှ မပျက်စီးစေဘဲ နောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက်စေရန်ဖြစ်၏။ ၄၀ ငါ့ခမည်းတော်၏ အလိုတော်ကား သားတော်ကိုမြင်၍ ယုံကြည်ကြောင်း တင်ပြသောသူတိုင်း ထာဝရအသက်ရစေသည့်ပြင် နောက်ဆုံးသောနေ့၌ ထိုသူကို ငါရှင်ပြန်ထမြောက်စေရန်ဖြစ်၏” ဟု မိန့်တော်မူ၏။
၄၁ ကိုယ်တော်က “ငါသည် ကောင်းကင်မှ ဆင်းသက်သောမုန့်ဖြစ်၏” ဟု မိန့်တော်မူသောကြောင့် ဂျူးတို့က ကိုယ်တော်အား ညည်းညူကြ၏။ ၄၂ ထို့ပြင် “ဤသူသည် ယောသပ်၏သား ယေရှုမဟုတ်လော။ သူ၏မိဘကို ငါတို့ သိသည် မဟုတ်လော။ ‘ငါသည် ကောင်းကင်မှ ဆင်းသက်၏’ ဟူ၍ သူသည် ယခု အဘယ်သို့ဆိုရသနည်း” ဟုပြောကြသော်၊ ၄၃ ယေရှု ဤသို့ မိန့်တော်မူ၏။ “သင်တို့အချင်းချင်း မညည်းညူကြနှင့်တော့။ ၄၄ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်။ လာသောသူကို နောက်ဆုံးသော နေ့၌ ငါရှင်ပြန်ထမြောက်စေမည်။ ၄၅ ပရောဖက်ကျမ်းများ၌ ‘ထိုသူအပေါင်းတို့သည် ယေဟောဝါဘုရား ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်’ ဟု ရေးထားသည်နှင့်အညီ ခမည်းတော်ထံမှ ကြားနာ၍ နည်းခံသူရှိသမျှသည် ငါ့ထံသို့လာကြ၏။ ၄၆ ဘုရားသခင့်အထံတော်က ကြွလာသောသူမှတစ်ပါး ခမည်းတော်ကို မည်သူမျှ မြင်ဖူးသည်မဟုတ်။ ကြွလာသောသူသာ ခမည်းတော်ကို မြင်ဖူး၏။ ၄၇ ငါအမှန်အကန်ဆိုသည်ကား ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။
၄၈ “ငါသည် အသက်မုန့်ဖြစ်၏။ ၄၉ သင် တို့၏ဘိုးဘေးများသည် တော၌ မန္နမုန့်ကို စားကြသော်လည်း သေရကြ၏။ ၅၀ ဤမုန့်ကား ကောင်းကင်မှဆင်းသက်၍ စားသောသူ မည်သူ့ကိုမဆို သေခြင်းနှင့် ကင်းလွတ်စေသောမုန့် ဖြစ်၏။ ၅၁ ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ မည်သူမဆို ဤမုန့်ကိုစားလျှင် ထာဝစဉ် အသက်ရှင်လိမ့်မည်။ လောကသားတို့ အသက်ရှင်ရန် ငါပေးမည့်မုန့်ကား ငါ့အသားဖြစ်၏။”
၅၂ ထို့ကြောင့် ဂျူးတို့က “ဤသူသည် မိမိအသားကိုစားရန် မည်သို့ ပေးနိုင်မည်နည်း” ဟု အချင်းချင်း ငြင်းခုံကြလေ၏။ ၅၃ ထိုအခါ ယေရှုက “ငါအမှန်အကန်ဆိုသည်ကား လူသား၏ အသားကိုမစား၊ အသွေးကို မသောက်လျှင် သင်တို့၌ အသက်မရှိ။ ၅၄ ငါ၏ အသားကိုစား၍ အသွေးကိုသောက်သောသူသည် ထာဝရအသက်ရ၏။ ငါသည် နောက်ဆုံးသောနေ့တွင် သူ့ကို ရှင်ပြန်ထမြောက်စေမည်။ ၅၅ ငါ၏ အသားသည် မှန်သောစားစရာဖြစ်၏။ ငါ၏ အသွေးသည် မှန်သောသောက်စရာဖြစ်၏။ ၅၆ ငါ၏ အသားကိုစား၍ ငါ၏ အသွေးကို သောက်သောသူနှင့် ငါသည် တစည်းတလုံးတည်း ဖြစ်၏။ ၅၇ အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍ ငါသည် ခမည်းတော်ကြောင့် အသက်ရှင်သည့်နည်းတူ ငါ၏ အသားကို စားသောသူသည်လည်း ငါ့ကြောင့် အသက်ရှင်လိမ့်မည်။ ၅၈ ဤမုန့်ကား ကောင်းကင်မှ ဆင်းသက်သောမုန့် ဖြစ်၏။ သင်တို့၏ ဘိုးဘေးများ စား၍ သေခဲ့ရသောမုန့်မျိုး မဟုတ်။ ဤမုန့်ကို စားသောသူသည် ထာဝစဉ်အသက်ရှင် လိမ့်မည်” ဟု မိန့်တော်မူ၏။ ၅၉ ကပေရနောင်မြို့ရှိ လူတို့စုဝေးရာ တရားဇရပ်၌ သွန်သင်ပေးစဉ် ဤအကြောင်းအရာများကို မိန့်တော်မူ၏။
၆၀ တပည့်တော်အများတို့သည် ကြားလျှင် “ထိုစကားကို လက်ခံရန်ခက်လှ၏။ မည်သူ နာယူနိုင်မည်နည်း” ဟု ဆိုကြ၏။ ၆၁ တပည့်တော်တို့ ထိုသို့ ညည်းညူသည်ကို ယေရှုသိလျှင် “ဤစကားသည် သင်တို့၌ တိုက်မိ၍ လဲစရာအကြောင်း ဖြစ်သလော။ ၆၂ လူသားသည် ယခင်နေခဲ့သောနေရာသို့ ပြန်တက်ကြွသွားသည်ကို သင်တို့မြင်ရလျှင် မည်သို့ ယူမှတ်ကြမည်နည်း။ ၆၃ စွမ်းအားတော်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသော စကားသည် စွမ်းအားတော်နှင့်ဆိုင်၍ အသက်ရှင်စေ၏။ ၆၄ သို့သော် သင်တို့တွင် မယုံကြည်သောသူ အချို့ရှိ၏” ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူခြင်းမှာ မယုံကြည်သူတို့ကိုလည်းကောင်း၊ မိမိအား အပ်နှံမည့်သူကိုလည်းကောင်း အစကပင် သိတော်မူသောကြောင့် ဖြစ်၏။ ၆၅ ကိုယ်တော်က “ထိုအကြောင်းကြောင့် ငါ့ခမည်းတော် အခွင့်ပေးတော်မမူလျှင် ငါ့ထံသို့ မည်သူမျှမလာနိုင်ဟု ငါဆိုခဲ့ပြီ” ဟူ၍ မိန့်တော်မူ၏။
၆၆ ထိုစကားကြောင့် တပည့်တော်အများတို့သည် ဆုတ်ခွာ၍ နောက်တော်သို့ မလိုက်ကြတော့ချေ။ ၆၇ ထိုအခါ ယေရှုက “သင်တို့သည်လည်း ထွက်သွားလို ကြသလော” ဟု တစ်ဆယ့်နှစ်ပါးကို မေးတော်မူလျှင်၊ ၆၈ ရှိမုန်ပေတရုက “သခင်၊ မည်သူ့ထံ ကျွန်ုပ်တို့သွားရပါမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သော စကားသည် ကိုယ်တော်၌ ရှိပါ၏။ ၆၉ ကိုယ်တော်သည် ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါပြီ” ဟု လျှောက်ဆို၏။ ၇၀ ယေရှုကလည်း “သင်တို့ တစ်ဆယ့်နှစ်ပါးကို ငါရွေးကောက်သည် မဟုတ်လော။ သို့သော်လည်း သင်တို့တွင် အသရေဖျက်သူ တစ်ပါးပါသည်” ဟု မိန့်တော်မူ၏။ ၇၁ ထိုသို့ မိန့်တော်မူသောအခါ ရှိမုန်ရှကာရုတ်၏သား ယုဒ ကိုဆိုလို၏။ အကြောင်းမူကား သူသည် တစ်ဆယ့်နှစ်ပါးအဝင်ဖြစ်သော်လည်း ကိုယ်တော်ကို အပ်နှံမည့်သူဖြစ်၏။