မဿဲ
၄ အဲဒီနောက် စွမ်းအားတော်က ယေရှုကို တောထဲ သွားဖို့ လမ်းညွှန်တယ်။ အဲဒီမှာ မာရ်နတ်က* သူ့ကို သွေးဆောင်တယ်။+ ၂ ယေရှုဟာ ရက်ပေါင်း ၄၀ အစာရှောင်ထားတဲ့အတွက် ဆာလောင်နေတယ်။ ၃ အဲဒီအခါ ဖြားယောင်းသွေးဆောင်သူ+ ရောက်လာပြီး “မင်း ဘုရားသခင်ရဲ့ သား မှန်ရင် ဒီကျောက်ခဲတွေကို မုန့်ဖြစ်စေလို့ အမိန့်ပေးလိုက်လေ” ဆိုပြီး ပြောတော့၊ ၄ ယေရှုက “‘လူဟာ အစားအစာနဲ့ပဲ အသက်ရှင်ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့* နှုတ်ထွက်စကား မှန်သမျှနဲ့ အသက်ရှင်ရမယ်’ လို့ ကျမ်းစာမှာ ရေးထားတယ်”+ ဆိုပြီး ပြောတယ်။
၅ ဒါနဲ့ မာရ်နတ်က ယေရှုကို သန့်ရှင်းတဲ့ မြို့ဆီ ခေါ်သွားတယ်။+ ဗိမာန်တော်အမိုးပေါ်မှာ ရပ်ခိုင်းပြီး၊+ ၆ “မင်း ဘုရားသခင်ရဲ့ သား မှန်ရင် ဒီကနေ ခုန်ချလိုက်ပါလား။ ‘ဘုရားက ကောင်းကင်တမန်တွေကို မိန့်မှာထားလိမ့်မယ်၊’ ‘သူတို့ လက်နဲ့ ပင့်ထားမှာ ဖြစ်လို့ မင်း ကျောက်တုံးနဲ့ ထိမိခိုက်မိမှာ မဟုတ်ဘူး’+ လို့ ကျမ်းစာမှာ ရေးထားတာပဲ” ဆိုပြီး ပြောတယ်။ ၇ ယေရှုက “‘ယေဟောဝါ* ဘုရားကို အကဲမစမ်းရ’+ လို့လည်း ကျမ်းစာမှာ ရေးထားတယ်” ဆိုပြီး ပြောတယ်။
၈ မာရ်နတ်က ယေရှုကို မြင့်မားလှတဲ့ တောင်ပေါ် ခေါ်သွားပြန်တယ်။ လောကတိုင်းနိုင်ငံတွေနဲ့ ဘုန်းစည်းစိမ်အားလုံးကို ပြပြီးနောက်၊+ ၉ “ငါ့ကို တစ်ကြိမ်ပဲ ရှိခိုးဦးချမယ်ဆိုရင် ဒါတွေအားလုံး မင်းကို ပေးမယ်” လို့ ပြောတယ်။ ၁၀ ယေရှုက “စာတန်၊ ထွက်သွားစမ်း။ ‘ယေဟောဝါ* ဘုရားကို ကိုးကွယ်ရမယ်။+ ကိုယ်တော် တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်’ လို့ ကျမ်းစာမှာ ရေးထားတယ်”+ ဆိုပြီး ပြန်ပြောတယ်။ ၁၁ အဲဒီအခါ မာရ်နတ် ထွက်သွားတယ်။+ ကောင်းကင်တမန်တွေ ရောက်လာပြီး ယေရှုကို အလုပ်အကျွေးပြုကြတယ်။+
၁၂ ယေရှုက ယောဟန် အဖမ်းခံရတဲ့+ သတင်းကို ကြားတော့ ဂါလိလဲပြည်ကို ထွက်သွားတယ်။+ ၁၃ အဲဒီနောက် နာဇရက်မြို့ကနေ ထွက်ခွာပြီး ဇာဗုလုန်နဲ့ နဿလိနယ်၊ အိုင်ကမ်းနားက ကပေရနောင်မြို့မှာ+ သွားနေတယ်။ ၁၄ ဒါကြောင့် ပရောဖက် ဟေရှာယကတစ်ဆင့် ပြောခဲ့တဲ့ ဒီစကားတွေ ပြည့်စုံလာတယ်– ၁၅ “ပင်လယ်ဘက်ကို သွားတဲ့ လမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ် အနောက်ဘက်ခြမ်းက ဇာဗုလုန်နဲ့ နဿလိနယ်သားတို့၊ ဂါလိလဲနယ်သား လူမျိုးခြားတို့၊ ၁၆ မှောင်မိုက်မှာ နေထိုင်သူတွေ တောက်ပတဲ့ အလင်းကို မြင်ရပြီ။ သေခြင်းအရိပ်အောက်မှာ နေထိုင်သူတွေအပေါ် အလင်း+ ထွန်းလင်းပြီ။”+ ၁၇ အဲဒီအချိန်ကစပြီး ယေရှုက “နောင်တရကြပါ။ ကောင်းကင်နိုင်ငံ နီးနေပြီ” လို့ ဟောပြောတယ်။+
၁၈ ယေရှုက ဂါလိလဲအိုင်တစ်လျှောက် သွားနေတုန်း ပေတရုလို့ ခေါ်တဲ့ ရှိမုန်နဲ့+ သူ့ညီ အန္ဒြေကို တွေ့တယ်။ အဲဒီတံငါသည်နှစ်ယောက် ပိုက်ကွန်ချနေတာကို မြင်တဲ့အခါ၊+ ၁၉ “ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ ခင်ဗျားတို့ကို လူဖမ်းတဲ့ တံငါသည်တွေ ဖြစ်စေမယ်”+ လို့ ပြောတယ်။ ၂၀ သူတို့လည်း ပိုက်ကွန်တွေကို ချက်ချင်း ထားရစ်ပြီး ယေရှုနောက်ကို လိုက်ကြတယ်။+ ၂၁ အဲဒီကနေ ဆက်သွားတော့ ယာကုပ်နဲ့ ယောဟန်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ကို တွေ့တယ်။+ သူတို့က ဖခင်ဇေဗေဒဲနဲ့အတူ လှေထဲမှာ ပိုက်ကွန် ဖာနေတယ်။ ယေရှု ခေါ်လိုက်တဲ့အခါ၊+ ၂၂ သူတို့လည်း ချက်ချင်းပဲ ဖခင်နဲ့ လှေကို ထားရစ်ပြီး လိုက်ကြတယ်။
၂၃ အဲဒီနောက် ယေရှုက ဂါလိလဲနယ်တစ်လျှောက်လုံး လှည့်လည်ပြီး+ တရားဇရပ်တွေမှာ+ သွန်သင်ပေးတယ်။ နိုင်ငံတော်သတင်းကောင်းကို ဟောပြောပြီး လူတွေရဲ့ ရောဂါဝေဒနာ အမျိုးမျိုးကို ကုသပေးတယ်။+ ၂၄ အဲဒီသတင်းဟာ ဆီးရီးယားတစ်ပြည်လုံးကို ပျံ့နှံ့သွားတယ်။ နတ်ဆိုးပူးသူ၊+ ဝက်ရူးပြန်သူ၊+ လေဖြတ်သူတွေကအစ ရောဂါဝေဒနာ အမျိုးမျိုး စွဲကပ်နေသူတွေကို+ ခေါ်လာကြတဲ့အတွက် ယေရှု ကုသပေးတယ်။ ၂၅ ဒါကြောင့် ဂါလိလဲနယ်၊ ဒေကာပေါလိနယ်၊ ယုဒနယ်၊ ဂျေရုဆလင်မြို့နဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းက လူတွေ အုပ်လိုက်ကြီး ယေရှုနောက်ကို လိုက်ကြတယ်။