သတိရအောက်မေ့ပွဲတွင် သူတို့အား လှိုက်လှဲစွာ ကြိုဆိုပါ
၁ လွန်ခဲ့သောနှစ်အနည်းငယ်က သတိရအောက်မေ့ပွဲတက်ရောက်သူ ၃ ဦးအနက် ၁ ဦးသာလျှင် သတင်းကောင်းကြေညာသူဖြစ်သည်။ အလားတူဤနှစ်တွင် ထပ်တူပင်အမှန် ဖြစ်ပါလိမ့်မည်။ အခြားမြို့တစ်မြို့တွင် နေထိုင်သော ဆွေမျိုး၊ သို့မဟုတ် မိတ်ဆွေ၏တိုက်တွန်းမှုကြောင့် အချို့တက်ရောက်လာကြမည်ဖြစ်သည်နည်းတူ ဒေသခံကြေညာသူများ ဖိတ်ခေါ်သဖြင့် တက်ရောက်ကြသူများလည်းရှိမည်။ တက်ရောက်လာကြသည့် အခြားသူတို့မူ နှစ်ခြင်းခံပြီးဖြစ်သော်လည်း ဓမ္မအမှုကို တက်ကြွစွာ မဆောင်ရွက်ကြတော့သူများ ဖြစ်မည်။ “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟူသော ယေရှု၏မိန့်မှာချက်ကို တန်ဖိုးထားသူအားလုံးတို့အား စိတ်ရင်းမှန်ဖြင့် ကျွန်ုပ်တို့လှိုက်လှဲစွာ ကြိုဆိုပါသည်။—၁ ကော. ၁၁:၂၄; ရော. ၁၅:၇။
၂ ဧည့်ကြိုတာဝန်ရထားသူများသည် နိုင်ငံတော်ခန်းမသို့ ရောက်ရှိလာသူတိုင်း၊ အထူးသဖြင့် လူသစ်များကို ကြိုဆိုရန် အထူးသတိပြုသင့်သည်။ သို့ဖြစ်သော်လည်း ကျွန်ုပ်တို့အားလုံးပါ သတိရအောက်မေ့ပွဲတွင် ဧည့်ဝတ်ပျူငှာကြရမည်။ (ရော. ၁၂:၁၃) မည်သို့ပြုနိုင်ကြမည်နည်း။
၃ ထိုညနေချိန်တွင် ကြေညာသူအချို့သည် သူတို့၏ကျမ်းစာသင်အံမှုများနှင့် စိတ်ဝင်စားသူများကို သတိရအောက်မေ့ပွဲသို့ ခေါ်ဆောင်လာရန် အလုပ်များနေကြပါမည်။ အချို့သူတို့မူ စောစောရောက်ရှိပြီး မိမိတို့ဘာသာလာကြသော ဧည့်သည်များကို ကြိုဆိုနိုင်ကြပေမည်။ သူစိမ်းတစ်ဦး ခန်းမထဲဝင်လာသည့်အခါ လှိုက်လှဲစွာ ကြိုဆိုပြီး သူနှင့် စကားစမြည်ပြောဆိုပါ။ ဒေသခံ ညီအစ်ကိုတစ်ဦးတစ်ယောက်ကို သိသလောဟု မေးမြန်းပါ။ သိမည်ဆိုလျှင် ထိုသူမလာမချင်း သူ့ကို ဂရုစိုက်ပါ။ (လုကာ ၁၀:၃၅ နှိုင်းယှဉ်။) အသိမရှိလျှင် စည်းဝေးချိန်အတွင်း မိမိနှင့်ထိုင်ဖို့ စကားကမ်းလှမ်းပါ။ ညနေအစီအစဉ်တွင် စပျစ်ရည်နှင့်မုန့်ကို မည်သို့အသုံးပြုလိမ့်မည်အကြောင်း သူ့အား ရှင်းပြပါ။ ဟောပြောသူကိုးကားသည့် ကျမ်းချက်များကို ဖွင့်ဖတ်ကြည့်ရန် အကူအညီလိုပေမည်။
၄ သတိရအောက်မေ့ပွဲကျင်းပပြီးသည့်အခါ သူလာသည့်အတွက် ဝမ်းသာကြောင်း ပြောပါ။ ကျွန်ုပ်တို့လုပ်ငန်းနှင့်စပ်လျဉ်း၍ သူသိလိုရာများကို ဖြေဆိုပေးနိုင်ပါသည်။ သင်၏စိတ်ဝင်စားကြောင်းပြသမှုသည် ကျမ်းစာအကြောင်းတစ်ခုခုကို နိုင်ငံတော်ခန်းမ၊ သို့မဟုတ် အခြားတစ်နေရာရာတွင် သူနှင့် ဆွေးနွေးခွင့် ရကောင်းရပေမည်။ ဤသို့ချီးမွမ်းဖွယ် စတင်ချဉ်းကပ်ခဲ့သောညီအစ်ကိုများ၏ နိုးကြားမှုကြောင့် အလွန်ကောင်းသော ကျမ်းစာသင်အံမှုများကို စတင်နိုင်ခဲ့ပါပြီ။ နိုင်ငံတော်ခန်းမမှ သူမထွက်ခွာမီ အခြားသူများနှင့်လည်း မိတ်ဆက်ပေးပါ။ နောက်တစ်ခါပြန်လာ၍ အစည်းအဝေးလာတက်ဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်ပါ။
၅ အစည်းအဝေးများကို မှန်မှန်မတက်ခဲ့သော၊ သို့မဟုတ် ဓမ္မအမှုတွင် မလှုပ်ရှားကြသည်မှာ အချိန်ကြာမြင့်သွားခဲ့သော ကျွန်ုပ်တို့ချစ်ရသည့် ညီအစ်ကို၊ ညီအစ်မများကို ကြိုဆိုခွင့်ရခြင်းသည်လည်း မည်မျှဝမ်းသာအားရစရာပါတကား! စည်းဝေးများကို အဘယ်ကြောင့် လာမတက်ကြောင်း မေးမြန်းမည့်အစား ယခုလာတက်ရောက်သည့်အတွက် ဝမ်းသာကြောင်းပြောပြပါ။ သတိရအောက်မေ့ပွဲ ဟောပြောချက်၌ပါသော အကြောင်းတစ်ခုခုက သူတို့၏ ဆက်ကပ်အပ်နှံပြီးသားအဖြစ်ကို ပြန်သုံးသပ်ဆင်ခြင်ရန် လှုံ့ဆော်ခံရကောင်းခံရပေမည်။ ခင်မင်ရင်းနှီးစွာ ကြိုဆိုခြင်းနှင့် သူတို့ကိုစိတ်ဝင်စားမှုပြခြင်းက သူတို့နှလုံးကို ထိမိပေလိမ့်မည်။ သူတို့နှင့် ပြန်တွေ့ဆုံလိုကြောင်း အသိပေးပါ။—ရော. ၁:၁၁၊ ၁၂။
၆ အထူးလူထုဟောပြောချက်မှာ “စစ်မှန်သောဘာသာသည် လူ့အဖွဲ့အစည်း၏လိုအပ်ချက်များကို ဖြည့်စွက်ပေးခြင်း” ဖြစ်သည်။ သတိရအောက်မေ့ပွဲ တက်ရောက်လာသူအားလုံးကို ဖိတ်ခေါ်ဖို့နှင့် ရောက်ရှိနိုင်ရန် အကူအညီပေးဖို့ ဂရုပြုပါ။ ဤအထူးအစည်းအဝေးများကို တက်ရောက်ကြသူများသည် လှိုက်လှဲစွာ ကြိုဆိုခံရပြီး ယေဟောဝါလူများ၏ ရင်းနှီးခင်မင်သောစိတ်ဓာတ်ကို ခံစားရလိမ့်မည်ဟု မျှော်လင့်ပါသည်။—ဆာ. ၁၃၃:၁။