ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၄ ဇန်နဝါရီ စာ. ၈-၁၄
  • တစ်နှစ်တာရဲ့ အရေးကြီးဆုံး နေ့အတွက် အဆင်သင့် ဖြစ်ပြီလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်နှစ်တာရဲ့ အရေးကြီးဆုံး နေ့အတွက် အဆင်သင့် ဖြစ်ပြီလား
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အောက်မေ့ရာပွဲအတွက် စိတ်ကို ပြင်ဆင်ပါ
  • တခြားသူတွေ အကျိုးရဖို့ ကူညီပေးပါ
  • မလှုပ်မရှား ဖြစ်နေသူတွေကို ကူညီပေးပါ
  • ယေဟောဝါရဲ့ မေတ္တာကြောင့် ခံစားရတဲ့ ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ရွေးဖိုးကနေ သိနိုင်ရာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • အောက်မေ့ရာပွဲ ကျင်းပဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေး
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • အောက်မေ့ရာပွဲကာလအတွက် ပန်းတိုင်တွေ ချပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
က၂၄ ဇန်နဝါရီ စာ. ၈-၁၄

လေ့လာရန် ဆောင်းပါး ၂

သီချင်း ၁၉ သခင့်ညစာစားပွဲ

တစ်နှစ်တာရဲ့ အရေးကြီးဆုံး နေ့အတွက် အဆင်သင့် ဖြစ်ပြီလား

“ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲ လုပ်ကြပါ။”—လု. ၂၂:၁၉။

အာရုံစိုက်ရာ

အောက်မေ့ရာပွဲ ဘာကြောင့် အရေးကြီးသလဲ၊ အဲဒီပွဲအတွက် ဘယ်လို ပြင်ဆင်နိုင်သလဲ၊ တခြားသူတွေ လာတက်နိုင်ဖို့ ဘယ်လို ကူညီနိုင်သလဲ သုံးသပ်ကြည့်ပါ။

၁။ အောက်မေ့ရာပွဲဟာ ဘာကြောင့် တစ်နှစ်တာရဲ့ အရေးကြီးဆုံး ပွဲ ဖြစ်သလဲ။ (လုကာ ၂၂:၁၉၊ ၂၀)

ယေဟောဝါလူမျိုးအတွက် ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲဟာ တစ်နှစ်တာမှာ အရေးကြီးဆုံး ပွဲပါ။ နောက်လိုက်တွေ ကျင်းပဖို့ ယေရှု သတ်သတ်မှတ်မှတ် မှာခဲ့တဲ့ တစ်ခုတည်းသော ပွဲ ဖြစ်တယ်။ (လုကာ ၂၂:၁၉၊ ၂၀ ကို ဖတ်ပါ။) အောက်မေ့ရာပွဲကို စောင့်မျှော်ရတဲ့ အကြောင်းရင်း အများကြီး ရှိတယ်။ တချို့ သုံးသပ်ကြည့်ရအောင်။

၂။ အောက်မေ့ရာပွဲကို စောင့်မျှော်ရတဲ့ အကြောင်းရင်းတချို့က ဘာလဲ။

၂ ရွေးဖိုး ဘယ်လောက် တန်ဖိုးကြီးကြောင်း၊ ရွေးဖိုးကြောင့် ဘာကောင်းချီးတွေ ရကြောင်း၊ ကျေးဇူးတင်လေးမြတ်တယ်ဆိုတာ ဘယ်လို ပြနိုင်ကြောင်း အောက်မေ့ရာပွဲက စဉ်းစားမိစေတယ်။ (၂ ကော. ၅:၁၄၊ ၁၅) ညီအစ်ကို/မတွေနဲ့ “အပြန်အလှန် အားပေးခွင့်” ရစေတယ်။ (ရော. ၁:၁၂) နှစ်တိုင်း၊ မလှုပ်မရှား ဖြစ်နေသူ တော်တော်များများ အောက်မေ့ရာပွဲ လာတက်ကြတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခံရလို့ တချို့ ယေဟောဝါဆီ ပြန်လှည့်လာကြတယ်။ စိတ်ဝင်စားသူတွေလည်း လာတက်ကြတယ်။ အဲဒီနေ့မှာ မြင်ရ၊ ကြားရတာတွေကြောင့် အသက်လမ်းမှာ စလျှောက်ချင်လာကြတယ်။ ဒါကြောင့်လည်း တစ်နှစ် တစ်နှစ် အောက်မေ့ရာပွဲကို ကျွန်တော်တို့ မျှော်ကြတာ။

၃။ အောက်မေ့ရာပွဲဟာ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေကို ဘယ်လို စည်းလုံးစေသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၃ အောက်မေ့ရာပွဲဟာ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေကို စည်းလုံးစေတယ်။ ကမ္ဘာ့ဒေသ တစ်ခုပြီး တစ်ခုမှာ နေဝင်ပြီဆိုတာနဲ့ အောက်မေ့ရာပွဲ တက်ဖို့ စုဆုံကြတယ်။ ရွေးဖိုး အရေးပါပုံအကြောင်း အလေးပေးတဲ့ ဟောပြောချက် နားထောင်ကြတယ်။ ချီးမွမ်းသီချင်း နှစ်ပုဒ် ဆိုကြတယ်။ အောက်မေ့ရာ အထိမ်းအမှတ်တွေ လက်ဆင့်ကမ်းကြတယ်။ ဆုတောင်းချက် လေးချက်စလုံးကို “အာမင်” လို့ ခံစားချက်အပြည့် ပြောကြတယ်။ အသင်းတော်အားလုံး ၂၄ နာရီအတွင်း တစ်ပုံစံတည်း ကျင်းပကြတာ။ ကျွန်တော်တို့အားလုံး ဒီလိုတစ်စည်းတစ်လုံးတည်း ဂုဏ်တင်နေတာ မြင်တဲ့အခါ ယေဟောဝါနဲ့ ယေရှု ဘယ်လောက် ဝမ်းသာမလဲ စဉ်းစားကြည့်ပါ။

ရုပ်ပုံ– အောက်မေ့ရာနေ့ကို ကမ္ဘာ့ဒေသအသီးသီးက ညီအစ်ကို/မတွေ ကျင်းပနေ။ တချို့ တက်ရောက်ဖို့ ပြင်ဆင်နေ။ ၁။ ပွာတိုရီကိုမှာ မိသားစုတစ်စု အောက်မေ့ရာနေ့ နံနက်ဝတ်ပြုမှု အထူးအစီအစဉ်ကို ကြည့်နေ။ ၂။ အီတလီမှာ မောင်နှံတစ်စုံ အမှုဆောင်ထွက်ရင်း ဖိတ်စာ ပေးနေ။ ၃။ ကင်ညာမှာ ညီအစ်ကိုနှစ်ယောက် ကျမ်းစာ ဖတ်ပြနေ။ ၄။ ဂျော်ဂျီယာမှာ သားအမိနှစ်ယောက် “အောက်မေ့ရာပွဲ မုန့်လုပ်နည်း” ဗီဒီယိုမှာ ပါတဲ့အတိုင်း မုန့် လုပ်နေ။ ၅။ အိန္ဒိယမှာ ညီအစ်ကို/မတွေ နိုင်ငံတော်ခန်းမ သန့်ရှင်းရေး လုပ်နေ။ အောက်မေ့ရာပွဲ အထိမ်းအမှတ်တွေ ပြင်ဆင်နေ။ ၆။ ထိုင်းမှာ နိုင်ငံတော်ခန်းမ လာတဲ့ လူတစ်ယောက်ကို ညီအစ်ကိုတစ်ယောက် ကြိုဆိုနေ။ ၇။ ဂျပန်မှာ အောက်မေ့ရာ အစီအစဉ်အတွင်း ညီအစ်ကိုတစ်ယောက် တဆေးမဲ့ မုန့်ကို ညီအစ်မဆီ ကမ်းပေးနေ။

အောက်မေ့ရာပွဲဟာ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေကို စည်းလုံးစေ (စာပိုဒ် ၃ ကို ကြည့်ပါ)f


၄။ ဒီဆောင်းပါးမှာ ဘာဆွေးနွေးကြမလဲ။

၄ အောက်မေ့ရာပွဲအတွက် စိတ်ကို ဘယ်လို ပြင်ဆင်နိုင်မလဲ။ တခြားသူတွေပါ အကျိုးရဖို့ ဘယ်လို ကူညီပေးနိုင်မလဲ။ မလှုပ်မရှား ဖြစ်နေသူတွေကို ဘယ်လို ကူညီပေးနိုင်မလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားကြမယ်။ အထူး အခါသမယအတွက် အသင့်ဖြစ်နေဖို့ ဒီမေးခွန်းတွေရဲ့ အဖြေက ကူညီပေးပါလိမ့်မယ်။

အောက်မေ့ရာပွဲအတွက် စိတ်ကို ပြင်ဆင်ပါ

၅။ (က) ရွေးဖိုး ဘယ်လောက် တန်ဖိုးကြီးကြောင်း ဘာကြောင့် စဉ်းစားသင့်သလဲ။ (ဆာလံ ၄၉:၇၊ ၈) (ခ) ယေရှု ဘာဖြစ်လို့ အသေခံရတာလဲ ဗီဒီယိုကနေ ဘာသိရသလဲ။

၅ အောက်မေ့ရာပွဲအတွက် စိတ်ကို ပြင်ဆင်နိုင်တဲ့ အရေးကြီးဆုံး တစ်နည်းကတော့ ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာ ဘယ်လောက် တန်ဖိုးကြီးကြောင်း စဉ်းစားခြင်းပါ။ အပြစ်နဲ့ သေခြင်းကနေ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မရွေးနိုင်ဘူး။ (ဆာလံ ၄၉:၇၊ ၈ ကို ဖတ်ပါ။ ယေရှု ဘာဖြစ်လို့ အသေခံရတာလဲ ဗီဒီယိုကိုလည်း ကြည့်ပါ။)a ဒါကြောင့် ကျွန်တော်တို့အတွက် ယေရှု အသေခံဖို့ ယေဟောဝါ စီစဉ်တယ်။ ယေဟောဝါနဲ့ ယေရှု တကယ် စွန့်လွှတ်အနစ်နာခံခဲ့ကြတာပဲ။ (ရော. ၆:၂၃) ယေဟောဝါနဲ့ ယေရှု စွန့်လွှတ်အနစ်နာခံခဲ့တာတွေ တွေးလေ ရွေးဖိုးကို ပိုတန်ဖိုးထားတတ်လေ ဖြစ်လာမယ်။ ဘာတွေ စွန့်လွှတ်အနစ်နာခံခဲ့ကြသလဲ။ ဦးဆုံး၊ ရွေးဖိုးဆိုတာ ဘာလဲ လေ့လာကြရအောင်။

၆။ ရွေးဖိုးဆိုတာ ဘာလဲ။

၆ ရွေးဖိုးဆိုတာ တစ်ခုခုကို ပြန်ရွေးဖို့ ပေးရတဲ့ အခ ဖြစ်တယ်။ ပထမ လူသား အာဒံဟာ စုံလင်သူအဖြစ် ဖန်ဆင်းခံရတယ်။ ဒါပေမဲ့ အပြစ် လုပ်လို့ ကိုယ်တိုင်ကော သားစဉ်မြေးဆက်အားလုံးပါ ထာဝစဉ် အသက်ရှင်ခွင့် ဆုံးရှုံးသွားတယ်။ အာဒံကြောင့် ဆုံးရှုံးသွားတာကို ပြန်ရွေးဖို့ မိမိရဲ့ ပြည့်ဝစုံလင်တဲ့ အသက်ကို ယေရှု ပေးဆက်တယ်။ မြေကြီးအသက်တာ တစ်လျှောက်လုံး “အပြစ် မကျူးလွန်ခဲ့ဘူး။ လှည့်စားတဲ့ စကားတွေ မပြောခဲ့ဘူး။” (၁ ပေ. ၂:၂၂) သေဆုံးချိန်မှာ စုံလင်နေတုန်းပဲ။ အာဒံ အပြစ်မလုပ်ခင်က အခြေအနေအတိုင်းပဲ။ ဒါကြောင့် ယေရှု ပေးတဲ့ အသက်ဟာ အာဒံ ဆုံးရှုံးခဲ့တဲ့ အသက်နဲ့ ညီမျှတယ်။—၁ ကော. ၁၅:၄၅။ ၁ တိ. ၂:၆။

၇။ မြေကြီးပေါ်မှာ ယေရှု ကြုံရတဲ့ စမ်းသပ်မှုတချို့က ဘာလဲ။

၇ မြေကြီးပေါ်မှာ စမ်းသပ်မှု အများကြီး ကြုံရပေမဲ့ ကောင်းကင်ဘုံစံ ဖခင်ကို ယေရှု အပြည့်အဝ နာခံတယ်။ စမ်းသပ်မှုတချို့က ဘာလဲ။ စုံလင်သူအဖြစ် မွေးလာပေမဲ့ မစုံလင်သူ မိဘတွေကို လက်အောက်ခံရတယ်။ (လု. ၂:၅၁) မိဘစကား နားမထောင်ဖို့၊ ဘုရားကို သစ္စာဖောက်ဖို့ ဖိအားတွေ ဆယ်ကျော်သက်အရွယ်မှာ တွန်းလှန်ရတယ်။ အရွယ်ရောက်လာပြန်တော့ စာတန် မာရ်နတ်ရဲ့ သွေးဆောင်မှုတွေ တွန်းလှန်ရတယ်။ တစ်ခေါက်ဆိုရင် ဘုရားကို သစ္စာဖောက်ဖို့ စာတန် တဲ့ကို ပြောတာ။ (မ. ၄:၁-၁၁) ယေရှု အပြစ် လုပ်မိအောင် သွေးဆောင်ဖို့ စာတန် ဆုံးဖြတ်ထားတယ်။ ဒါမှ ရွေးဖိုး မပေးနိုင်မှာကိုး။

၈။ နောက်ထပ် ဘာစမ်းသပ်မှုတွေ ယေရှု ကြုံရသလဲ။

၈ မြေကြီးပေါ် အမှုဆောင်ချိန်အတွင်းမှာလည်း နောက်ထပ် စမ်းသပ်မှုတွေ ယေရှု ကြုံရတယ်။ လိုက်နှောင့်ယှက် ခံရတယ်။ အသက် အန္တရာယ် ခြိမ်းခြောက်ခံရတယ်။ (လု. ၄:၂၈၊ ၂၉။ ၁၃:၃၁) နောက်လိုက်တွေရဲ့ မစုံလင်မှုကို သည်းခံရတယ်။ (မာ. ၉:၃၃၊ ၃၄) မြေကြီးအသက်တာ နောက်ဆုံး စမ်းသပ်မှုမှာ ညှဉ်းဆဲခံရတယ်။ အလှောင်ခံရတယ်။ နာနာကျင်ကျင် အရှက်တကွဲ အသတ်ခံရတယ်။ (ဟီ. ၁၂:၁-၃) ယေဟောဝါ ကာကွယ်မပေးလို့ နောက်ဆုံး စမ်းသပ်မှုတွေကို တစ်ယောက်တည်း ခါးစည်းခံခဲ့ရတယ်။b—မ. ၂၇:၄၆။

၉။ ယေရှုရဲ့ ပူဇော်သက္ကာနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။ (၁ ပေတရု ၁:၈)

၉ ရွေးဖိုး ပေးနိုင်ဖို့ ယေရှု အကြီးအကျယ် အနစ်နာခံခဲ့တာ ရှင်းနေပါတယ်။ ကိုယ့်အတွက် ယေရှု ဘယ်လောက် လိုလိုလားလား အနစ်နာခံခဲ့တယ်ဆိုတာ စဉ်းစားလိုက်တော့ ပိုချစ်လာတယ် မဟုတ်လား။—၁ ပေတရု ၁:၈ ကို ဖတ်ပါ။

၁၀။ ရွေးဖိုး ပေးနိုင်ဖို့ ယေဟောဝါ ဘာတွေ အနစ်နာခံရသလဲ။

၁၀ ယေဟောဝါကော ဘာတွေ လိုလိုလားလား အနစ်နာခံသလဲ။ ယေဟောဝါနဲ့ ယေရှုရဲ့ သားအဖ နှောင်ကြိုးလောက် ခိုင်မြဲတဲ့ နှောင်ကြိုး မရှိဘူး။ (ပညာ. ၈:၃၀) မြေကြီးပေါ် ယေရှု ဝေဒနာ အလူးအလဲ ခံစားရချိန် ယေဟောဝါ ဘယ်လို ဖြစ်နေမလဲ။ သားတော် မတရား ဆက်ဆံခံရတာ၊ ငြင်းပယ်ခံရတာ၊ ဝေဒနာ တမြည့်မြည့် ခံစားရတာ ကြည့်ပြီး ရင်ကွဲနေမှာပဲ။

၁၁။ ယေရှု အသတ်ခံရချိန်မှာ ယေဟောဝါ ဘယ်လောက် နာကျင်မယ်ဆိုတာ ဥပမာ ပေးပါ။

၁၁ သားသမီး ဆုံးရှုံးဖူးတဲ့ မိဘဆိုရင် ကိုယ်ချင်းစာတတ်မှာပါ။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ယုံပေမဲ့ ချစ်ရသူ သေဆုံးလို့ မနာကျင်တဲ့သူ မရှိဘူး။ ဒါဆိုရင် အေဒီ ၃၃၊ နိသန်လ ၁၄ ရက်မှာ ချစ်သား ဝေဒနာ ခံစားပြီး သေသွားတာကို ကြည့်နေရတဲ့ ယေဟောဝါ ဘယ်လို ခံစားရမလဲ နားလည်မှာပါ။c—မ. ၃:၁၇။

၁၂။ အောက်မေ့ရာနေ့ မတိုင်ခင် ဘာတွေ လုပ်နိုင်သလဲ။

၁၂ အခုကစပြီး အောက်မေ့ရာပွဲ မတိုင်ခင် ကိုယ်ပိုင်လေ့လာမှုမှာ၊ မိသားစု ဝတ်ပြုမှုမှာ ရွေးဖိုးအကြောင်း လေ့လာပါ။ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် ဒါမှမဟုတ် တခြား လေ့လာမှု အထောက်အကူပြု ကိရိယာတွေ သုံးပြီး အသေးစိတ် လေ့လာပါ။d ခရစ်ယာန် အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်း စာစောင် မှာ ပါတဲ့ အောက်မေ့ရာပွဲ ကျမ်းစာ ဖတ်ရှုခြင်း ဇယားအတိုင်း ဖတ်ပါ။ အောက်မေ့ရာနေ့မှာ နံနက်ဝတ်ပြုမှု အထူး အစီအစဉ် ကြည့်ဖို့လည်း မမေ့ပါနဲ့။ အောက်မေ့ရာနေ့အတွက် စိတ်ကို ပြင်ဆင်ထားရင် ကိုယ်တိုင် အကျိုးရမယ်။ တခြားသူတွေ အကျိုးရဖို့လည်း ကူညီပေးနိုင်မယ်။—ဧဇ. ၇:၁၀။

ရှာဖွေလေ့လာစရာများ

ရွေးဖိုးအကြောင်း ရှာဖွေလေ့လာတဲ့အခါ ဒီလိုမေးခွန်းတွေရဲ့ အဖြေ ရှာနိုင်တယ်–

  • ရွေးဖိုး ဘာကြောင့် လိုသလဲ။ အာဒံနဲ့ ဧဝကို ခွင့်လွှတ်လိုက်ရင် ပြီးတာကို ယေဟောဝါ ဘာကြောင့် ခွင့်မလွှတ်သလဲ။

  • မြေကြီးပေါ် လာပြီး ရွေးဖိုး ပေးဖို့ ယေရှုဟာ ဘာကြောင့် အသင့်တော်ဆုံး ဖြစ်သလဲ။

  • ရွေးဖိုးကြောင့် အခု ဘာကောင်းချီးတွေ ရသလဲ။

  • ရွေးဖိုးကြောင့် အနာဂတ်မှာ ဘာကောင်းချီးတွေ ရမလဲ။

တခြားသူတွေ အကျိုးရဖို့ ကူညီပေးပါ

၁၃။ အောက်မေ့ရာနေ့ အစီအစဉ်ကနေ တခြားသူတွေ အကျိုးရဖို့ ဦးဆုံး ဘာလုပ်နိုင်သလဲ။

၁၃ အောက်မေ့ရာနေ့ အစီအစဉ်ကနေ တခြားသူတွေ အကျိုးရဖို့ ဘယ်လို ကူညီပေးနိုင်မလဲ။ ဦးဆုံး လုပ်နိုင်တာကတော့ ဖိတ်စာ ပေးတာပါ။ အမှုဆောင်မှာ ဖိတ်စာ ဝေတဲ့အပြင် ဆွေမျိုး၊ အလုပ်ဖော်၊ အတန်းဖော်၊ အသိတွေကို ဖိတ်ဖို့ စာရင်း လုပ်ပါ။ ပုံနှိပ် ဖိတ်စာ မလောက်ရင် လင့်ခ် ပို့ပေးနိုင်တယ်။ ဘယ်နှယောက် လာတက်မလဲ မပြောနိုင်ဘူး။ —ဒေ. ၁၁:၆။

၁၄။ အဖိတ်ခံရတဲ့ ခံစားချက်ကို ဘာကြောင့် လျှော့မတွက်သင့်သလဲ။

၁၄ အဖိတ်ခံရတဲ့ ခံစားချက်ကို လျှော့မတွက်ပါနဲ့။ အောက်မေ့ရာပွဲ လိုက်တက်မယ်ဆိုပြီး မယုံကြည်သူ ခင်ပွန်း ပြောလာလို့ ညီအစ်မတစ်ယောက် အံ့ဩသွားတယ်။ ဘာကြောင့် အံ့ဩသွားသလဲ။ အရင်က အကြိမ်ကြိမ် ဖိတ်ပေမဲ့ တစ်ခါမှ လိုက်မတက်ဘူး။ ဒီနှစ်မှ ဘာကြောင့် လိုက်တက်ချင်သလဲ။ “ဖိတ်စာ ရထားတယ်” လို့ ခင်ပွန်း ပြောတယ်။ သူနဲ့ ခင်တဲ့ အကြီးအကဲ ပေးသွားတာ။ အဲဒီနှစ်က စပြီး နှစ်တိုင်း အောက်မေ့ရာပွဲ လိုက်တက်တယ်။

၁၅။ အောက်မေ့ရာပွဲ ဖိတ်တဲ့အခါ ဘယ်အချက် သတိရ,ရမလဲ။

၁၅ အစည်းအဝေး တစ်ခါမှ မတက်ဖူးသူတွေမှာ မေးစရာ အများကြီး ရှိနိုင်တယ်ဆိုတာ သတိရပါ။ ဘာတွေ မေးလာနိုင်သလဲ၊ ဘယ်လို ပြန်ဖြေမလဲ ကြိုစဉ်းစားထားပါ။ (ကော. ၄:၆) ‘ဘာတွေ လုပ်ကြမလဲ။ ဘယ်လောက် ကြာမလဲ။ ဘယ်လို ဝတ်လာရမလဲ။ ဝင်ကြေး ကောက်မလား။ အလှူငွေ ထည့်ရမလား’ စသဖြင့် တချို့ တွေးမိနိုင်တယ်။ ဖိတ်စာ ပေးတဲ့အခါ “သိချင်တာ ရှိသလား” လို့ ရိုးရိုးလေး မေးကြည့်ပါ။ သူတို့ သိချင်တာ ဖြေပေးပါ။ လူအားလုံးနဲ့ဆိုင်တဲ့ ယေရှုရဲ့ သေခြင်း၊ နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ ဗီဒီယိုတွေ သုံးပြီး အစည်းအဝေး ကျင်းပပုံ ရှင်းပြပါ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ သင်ခန်းစာ ၂၈ ထဲက အချက်တချို့ ပြောပြပါ။

၁၆။ အောက်မေ့ရာပွဲ တက်သူတွေ ဘာမေးခွန်းတွေ မေးနိုင်သလဲ။

၁၆ အောက်မေ့ရာပွဲ တက်ပြီးနောက် စိတ်ဝင်စားသူ လူသစ်တွေမှာ မေးစရာတွေ ထပ်ရှိနိုင်တယ်။ ဥပမာ၊ ‘ဘာကြောင့် မုန့်နဲ့ ဝိုင်ကို လူနည်းနည်းပဲ သုံးဆောင်သလဲ၊ ဘယ်သူမှ မသုံးဆောင်သလဲ။ တစ်နှစ် ဘယ်နှကြိမ် ကျင်းပသလဲ။ အစည်းအဝေးအားလုံး ဒီအတိုင်း ကျင်းပသလား’ ဆိုပြီး မေးလာနိုင်တယ်။ အောက်မေ့ရာပွဲ ဟောပြောချက်မှာ ဒီအချက်တွေ ပြောသွားရင်တောင် လူသစ်တွေကို ထပ်ရှင်းပြရနိုင်တယ်။ jw.org မှာ တင်ထားတဲ့ “ယေဟောဝါသက်သေတွေ သခင့်ညစာစားပွဲ ကျင်းပပုံက တခြားဘာသာရေးအဖွဲ့တွေ ကျင်းပပုံနဲ့ ဘာကြောင့် မတူတာလဲ” ဆောင်းပါးကနေ အဖြေ ရှာနိုင်တယ်။ ‘စိတ်ရင်းမှန်သူတွေ’ အကျိုးရဖို့ အောက်မေ့ရာပွဲ မကျင်းပခင်ကော၊ ကျင်းပနေစဉ်ကော၊ ကျင်းပပြီးနောက်မှာပါ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပေးချင်ကြတယ်။—တ. ၁၃:၄၈။

မလှုပ်မရှား ဖြစ်နေသူတွေကို ကူညီပေးပါ

၁၇။ မလှုပ်မရှား ဖြစ်နေသူတွေကို အကြီးအကဲတွေ ဘယ်လို ကူညီပေးနိုင်သလဲ။ (ယေဇကျေလ ၃၄:၁၂၊ ၁၆)

၁၇ မလှုပ်မရှား ဖြစ်နေသူတွေကို အောက်မေ့ရာပွဲ ကာလအတွင်း အကြီးအကဲတွေ ဘယ်လို ကူညီပေးနိုင်သလဲ။ ဂရုစိုက်ကြောင်း ပြပါ။ (ယေဇကျေလ ၃၄:၁၂၊ ၁၆ ကို ဖတ်ပါ။) အောက်မေ့ရာနေ့ မတိုင်ခင် များနိုင်သမျှ များများကို ဆက်သွယ်ပါ။ သူတို့ကို ဂရုစိုက်ကြောင်း၊ တတ်နိုင်တဲ့ဘက်က ကူညီပေးချင်ကြောင်း ပြောပါ။ အောက်မေ့ရာပွဲ လာတက်ဖို့ ဖိတ်ပါ။ လာတက်တဲ့အခါ နွေးနွေးထွေးထွေး ကြိုဆိုပါ။ အောက်မေ့ရာနေ့ ပြီးနောက်မှာလည်း သူတို့နဲ့ အဆက်အသွယ် မပြတ် ရှိပါ။ ယေဟောဝါဆီ ပြန်လှည့်လာဖို့ ကူညီပေးနိုင်သမျှ ကူညီပေးပါ။—၁ ပေ. ၂:၂၅။

၁၈။ မလှုပ်မရှား ဖြစ်နေသူတွေကို ကျွန်တော်တို့အားလုံး ဘယ်လို ကူညီပေးနိုင်သလဲ။ (ရောမ ၁၂:၁၀)

၁၈ အောက်မေ့ရာပွဲ လာတက်တဲ့ မလှုပ်မရှား ဖြစ်နေသူတွေကို အသင်းတော်တစ်ခုလုံး ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ နွေးနွေးထွေးထွေး၊ ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံခြင်းအားဖြင့်ပါ။ (ရောမ ၁၂:၁၀ ကို ဖတ်ပါ။) မလှုပ်မရှား ဖြစ်နေသူတွေဟာ အစည်းအဝေး ပြန်တက်ဖို့ ရှိန်နေနိုင်တယ်။ ညီအစ်ကို/မတွေ ဟက်ဟက်ပက်ပက် မရှိကြမှာ စိုးရိမ်နိုင်တယ်။e ဒါကြောင့် စိတ်ကသိကအောက် ဖြစ်စေမယ့် မေးခွန်းတွေ မမေးပါနဲ့။ အရှိုက်ထိစေမယ့် စကားတွေ မပြောပါနဲ့။ (၁ သက်. ၅:၁၁) မလှုပ်မရှား ဖြစ်နေသူတွေလည်း ညီအစ်ကို/မတွေပါပဲ။ သူတို့နဲ့အတူ ပြန်ဝတ်ပြုရလို့ ကျွန်တော်တို့ ပျော်ကြတယ်။—ဆာ. ၁၁၉:၁၇၆။ တ. ၂၀:၃၅။

ရုပ်ပုံ– ၁။ သီချင်းစာအုပ်အဟောင်းနဲ့ ကျမ်းစာအဟောင်း ကိုင်ထားတဲ့ မလှုပ်မရှား ညီအစ်ကိုတစ်ယောက် နိုင်ငံတော်ခန်းမ လာဖို့ ရှိန်နေ။ အောက်မေ့ရာပွဲ လာနေတဲ့ ညီအစ်ကို/မတွေကို ခပ်လှမ်းလှမ်းကနေပဲ ကြည့်နေ။ ၂။ နောက်ပိုင်း၊ မလှုပ်မရှား ညီအစ်ကိုနဲ့ တခြားညီအစ်ကိုတစ်ယောက် နိုင်ငံတော်ခန်းမထဲမှာ ရယ်ရယ်မောမော စကားပြောနေ။

ညီအစ်ကို/မတွေ ဘယ်လို ဆက်ဆံကြသလဲ

“အသင်းတော်က သူငယ်ချင်းတွေ ကျွန်တော့်ကို ဘယ်လိုများ မြင်မလဲဆိုပြီး စိုးရိမ်လို့ ခန်းမကို မသွားရဲဘူး။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကတည်းက အသင်းတော်မှာ ရှိနေတဲ့ သက်ကြီး ညီအစ်မတစ်ဦး ကျွန်တော့်ကိုလည်း တွေ့ရော ‘ခုလို ပြန်လာတာ ဝမ်းသာလိုက်တာ၊ သားရယ်’ တဲ့။ သူ့စကားကြောင့် ကျွန်တော် စိတ်ထိမိသွားတယ်။ အခုမှပဲ ရင်ထဲ ပေါ့သွားတော့တယ်။”—ဂါဗီရာ။

“ဘယ်သူမှ သတိမပြုမိအောင် ခန်းမထဲက နောက်ဆုံးခုံမှာ သွားထိုင်လိုက်တယ်။ ဒါပေမဲ့ ကလေးဘဝကတည်းက သိခဲ့တဲ့သူတွေ ကျွန်တော့်ကိုလည်း မြင်ရော မှတ်မိသွားကြတယ်။ ကျွန်တော့်ကို ဝမ်းသာအားရ ပွေ့ဖက်နှုတ်ဆက်ကြတော့ ဘယ်လို ပျော်သွားမှန်း မသိဘူး။ ကိုယ့်အိမ်ကိုယ် ပြန်ရောက်သွားသလိုပဲ။”—မာကို။

၁၉။ ယေရှုရဲ့ သေခြင်းကို သတိရအောက်မေ့ခြင်းကနေ ဘာအကျိုးတွေ ရသလဲ။

၁၉ အောက်မေ့ရာပွဲ ဘယ်လောက် အရေးကြီးကြောင်း သိခဲ့ကြပြီ။ အောက်မေ့ရာပွဲ တက်တဲ့အခါ ကိုယ်တိုင်ကော တခြားသူတွေပါ အကျိုး အများကြီး ရတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါနဲ့ ယေရှုကို ပိုချစ်လာတယ်။ သူတို့ လုပ်ပေးတာတွေအတွက် ဘယ်လောက် ကျေးဇူးတင်ကြောင်း ပြခွင့် ရတယ်။ ညီအစ်ကို/မတွေနဲ့ ပိုရင်းနှီးလာတယ်။ ရွေးဖိုးကနေ တခြားသူတွေ အကျိုးရဖို့ ကူညီပေးခွင့် ရတယ်။ နှစ်တိုင်း မိမိသေခြင်းကို သတိရဖို့ ယေရှု မှာခဲ့တာ ကျေးဇူးတင်စရာပါပဲ။ ဒါကြောင့် တစ်နှစ်တာရဲ့ အရေးကြီးဆုံး နေ့ ဖြစ်တဲ့ အောက်မေ့ရာနေ့အတွက် အခုကတည်းက ပြင်ဆင်ထားကြရအောင်။

၂၀၂၄ ခုနှစ်အတွက် အောက်မေ့ရာနေ့ဟာ တနင်္ဂနွေနေ့ ကျတယ်။ တနင်္ဂနွေနေ့ ကျတဲ့ နှစ်တွေမှာ ခါတိုင်း စနေ/တနင်္ဂနွေ ကျင်းပတဲ့ အသင်းတော် အစည်းအဝေး မရှိဘူး။ ဒါကြောင့် နောက်အပတ်အတွက် လေ့လာရန် ဆောင်းပါး မရှိပါဘူး။

သင် ဘယ်လို ဖြေမလဲ

  • အောက်မေ့ရာနေ့အတွက် စိတ်ကို ဘယ်လို ပြင်ဆင်ထားနိုင်သလဲ။

  • တခြားသူတွေ အကျိုးရဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

  • မလှုပ်မရှား ဖြစ်နေသူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

သီချင်း ၁၈ ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်ပါ

a ဒီဆောင်းပါးမှာ ညွှန်းထားတဲ့ ဆောင်းပါး၊ ဗီဒီယိုတွေကို jw.org ရှာဖွေမှု အသွင်အပြင် သုံးပြီး ရှာပါ။

b ၂၀၂၁၊ ဧပြီလ ကင်းမျှော်စင် မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ဆောင်းပါးကို ကြည့်ပါ။

c ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ်၊ အခန်း ၂၃၊ စာပိုဒ် ၈-၉ ကို ကြည့်ပါ။

d “ရှာဖွေလေ့လာစရာများ” လေးထောင့်ကွက်ကို ကြည့်ပါ။

e ရုပ်ပုံနဲ့ “ညီအစ်ကို/မတွေ ဘယ်လို ဆက်ဆံကြသလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။ နိုင်ငံတော်ခန်းမထဲ ဝင်ဖို့ မလှုပ်မရှား ညီအစ်ကို ရှိန်နေပေမဲ့ ဝင်လာ။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခံရ။ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်းရလို့ ပျော်သွား။

f ပုံအညွှန်း– ကမ္ဘာ့ဒေသတစ်ခုမှာ ယေဟောဝါရဲ့ လူမျိုး အောက်မေ့ရာပွဲ ကျင်းပနေချိန် တခြားဒေသတွေမှာ အောက်မေ့ရာပွဲ ကျင်းပဖို့ ညီအစ်ကို/မတွေ ပြင်ဆင်နေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ