တန်ဖိုးထားမှုကိုတည်ဆောက်ပေးရန် ပြန်လည်ပတ်ခြင်း
၁ အိမ်ရှင်တစ်ဦးထံ အဓိပ္ပာယ်ပါသောပြန်လည်ပတ်မှုများပြုလုပ်ခြင်းသည် သူ့အား ယုံကြည်သူ တစ်ဦးဖြစ်လာပြီးတိုးတက်စေရန် လှုံ့ဆော်အားပေးပါသည်။ စိတ်ဝင်စားမှုပြခဲ့သူတို့ထံ ပြန်လည်ပတ်သွားသည့်အခါ မှတ်ထားသင့်သည့် လက်တွေ့ကျအချက်အလက်များအချို့ကား အဘယ်နည်း။
၂ ဦးဆုံး ကောင်းစွာပြင်ဆင်ပါ။ ပထမလည်ပတ်ချိန်တွင်ပင် ယင်းသို့ပြုဖို့လိုသည်။ မည်သို့အားဖြင့်နည်း။ စိတ်ဝင်စားသူနှင့်စပ်လျဉ်း၍ တိတိကျကျ မှတ်တမ်းစာရင်းများရေးထားခြင်းအားဖြင့်ဖြစ်သည်။ အိမ်ရှင်အမည်၊ ဆွေးနွေးခဲ့သည့်အကြောင်း၊ တုံ့ပြန်ခဲ့ပုံနှင့် ဝေငှခဲ့သောစာပေများကို ရေးမှတ်ထားပါ။ ထိုနောက် ပြန်လည်ပတ်မှုမသွားမီ သင့်တစ်အိမ်မှတစ်အိမ်မှတ်တမ်းကို စစ်ဆေးပြီး ဆုတောင်းလျက် ပြောဆိုမည့်စကားများကိုပြင်ဆင်ပါ။
၃ ယခု သင်အသင့်ရှိချေပြီ။ ဘာပြောနိုင်သနည်း။ ပထမလည်ပတ်ချိန်တွင် အိမ်ရှင်အား မေးခွန်းမေးခဲ့မည်ဆိုလျှင် ပြန်လည်ပတ်သွားသည့်အခါ ယင်းကိုဆက်ဆွေးနွေးနိုင်သည်။ ဥပမာ၊ ပထမအကြိမ်၌ ဘုရားသခင့်နိုင်ငံတော်တွင်ရရှိမည့် ကောင်းချီးများအကြောင်း ဆွေးနွေးခဲ့လျှင် “ဆိုးသွမ်းမှုကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုသနည်း” ဟုသင်မေးမြန်းနိုင်သည်။
ပြန်လည်ပတ်သည့်အခါ ကိုယ်ကိုကိုယ်မိတ်ဆက်ပြီးနောက် ဤသို့ပြောနိုင်မည်–
▪ “နောက်ဆုံးစကားပြောခဲ့ကြတုန်းက မေတ္တာရှင်ဘုရားသခင်ဟာ ယနေ့ဆိုးသွမ်းမှုကို ဘာကြောင့်ခွင့်ပြုရတဲ့အကြောင်း ဆွေးနွေးခဲ့တယ်။ အဲ့ဒီအကြောင်းကို ဆက်စဉ်းစားကြည့်သေးသလား” [ဖြေဆိုခွင့်ပြုပါ။] လူကို ဘုရားသခင် တကယ် ဂရုစိုက်တယ်ထင်သလား။ [ဖြေဆိုခွင့်ပြုပါ။] ယောဟန် ၃:၁၆ မှာကျမ်းစာဘယ်လိုပြောထားတယ်ဆိုတာကို သုံးသပ်ကြည့်ပါ။” အခန်းငယ်ကိုဖတ်ရှုပြီးနောက် ယနေ့ ဆိုးသွမ်းမှုကို ဘုရားသခင်ခွင့်ပြုထားရသည့်အကြောင်းများကိုဖော်ပြသည့်ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရားစာအုပ်၊ အခန်း ၈ ပါအချက်အလက်အချို့ကို အာရုံစိုက်စေနိုင်ပါသည်။
၄ ပထမအကြိမ်လည်ပတ်ချိန်တွင် အိမ်ရှင်စဉ်းစားစရာဖြစ်ဖို့ ဤသို့မေးနိုင်သည်– “လူကို ထာဝစဉ်အသက်ရှင်စေချင်တယ်ဆိုရင် ဘာကြောင့် အိုပြီးသေကြရတာလဲ။” ပြန်လည်ပတ်ချိန်တွင် ရောမ ၅:၁၂ တွင်ပါသည့် ထိုမေးခွန်း၏ကျမ်းစာအဖြေကို ဖော်ပြနိုင်ပါသည်။ ကျမ်းချက်ကိုဖတ်ပြပြီးနောက် လူသည် အဘယ်ကြောင့်အိုပြီးသေရသည့်အကြောင်းရင်းကို ဆွေးနွေးတင်ပြသည့် ဘဝဟူသည် ဤမျှသာလောစာအုပ် စာမျက်နှာ ၃၅ ပါပထမအပိုဒ်ကို ညွှန်ပြပါ။
၅ သင်ပထမအကြိမ်လည်ပတ်ချိန်တွင် အိမ်ထောင်၌ စစ်မှန်ပျော်ရွှင်မှုရရှိရေးအကြောင်းဆွေးနွေးပြီး သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်းစာအုပ် ထားခဲ့လျှင် ပြန်လည်ပတ်မှုအတွက် ပလ္လင်ခံရန် ကောင်းသည့်မေးခွန်းကား ဤသို့ဖြစ်နိုင်သည်– “ယနေ့ အိမ်ထောင်များစွာတွင် ရွှင်လန်းမှု အဘယ်ကြောင့် မရှိပါသနည်း။” ပြန်လည်ပတ်သည့်အခါ ယင်းစာအုပ်၏ အခန်း ၂ ပါအချက်အလက်အချို့ကို ဖော်ပြပြောဆိုနိုင်ပါသည်။
၆ သတိပြုစရာ။ ပြန်လည်ပတ်သည့်အခါ သတိပြု၍ မေးခွန်းများမေးမြန်းပါ။ “ကျွန်တော်ထားခဲ့တဲ့စာပေကို ဖတ်ကြည့်သေးသလား” သို့မဟုတ် “ကျွန်တော့်ကို မှတ်မိသလား” သို့မဟုတ် “နောက်ဆုံးအခေါက်က ဘာအကြောင်းပြောဆိုခဲ့ကြတယ်ဆိုတာကို မှတ်မိသေးသလား” ဟူ၍မေးမြန်းခြင်းသည် အိမ်ရှင်အား အကြပ်ရိုက်စေသည်။ ဤကဲ့သို့သောမေးခွန်းများသည် အကျိုးမဖြစ်ထွန်းစေပါ။ ထိုသို့ ပြုမည့်အစား ခင်မင်ရင်းနှီးမှုတင်ပြပြီး လိုက်လျောညီထွေပြုတတ်၍ လိုရင်းတိုရှင်းပြောဆိုရန် ကြိုးစားပါ။ ဤအရည်အချင်းများက သတင်းတရားကို ပိုတန်ဖိုးရှိစေပါမည်။
၇ စိတ်ဝင်စားသူများနှလုံးတွင် တန်ဖိုးထားလေးမြတ်သောစိတ် မွေးမြူပေးခြင်းငှာ ဤနည်းနှင့် အခြားနည်းများဖြင့် ချဉ်းကပ်ပြောဆိုနိုင်ပါသည်။ ပတ်စဉ် အနည်းဆုံး ပြန်လည်ပတ်မှုတစ်ခု ပြုလုပ်နိုင်ရန် ပန်းတိုင်ထားပါလေ။ အထက်ပါ လက်တွေ့ကျအကြံပြုချက်များကို အသုံးပြုပါ။ အတွေ့အကြုံရှိကြေညာသူများအကူအညီကို တောင်းဆိုပါ။ ထိရောက်သောပြန်လည်ပတ်မှုများပြုလုပ်ခြင်းအားဖြင့် အစကနဦးတင်ပြခဲ့ပြသည့် စိတ်ဝင်စားမှုကို တိုးများလာစေသည့်အခါ သင့်ပျော်ရွှင်မှုပါ တိုးပွားလာပါလိမ့်မည်။