ဝမ်းမြောက်ခြင်း ဘုရားသခင်ဆီက ရရှိတဲ့ အရည်အသွေး
လူတွေဟာ ပျော်ပျော်ရွှင်ရွှင် နေချင်ကြတယ်။ ဒါပေမဲ့ “ခက်ခဲကျပ်တည်း” တဲ့ နောက်ဆုံးကာလမှာ လူတိုင်း အခက်အခဲတွေ ရင်ဆိုင်ရတယ်။ (၂ တိ. ၃:၁) မတရားမှု၊ ဖျားနာမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ပူဆွေးမှု၊ တခြား စိုးရိမ်စရာ၊ ဝမ်းနည်းစရာတွေက ပျော်ရွှင်မှုကို တဖြည်းဖြည်း ပျောက်ဆုံးသွားစေနိုင်တယ်။ ဘုရားသခင့်ကျေးကျွန်တွေတောင် စိတ်ဓာတ်ကျပြီး ပျော်ရွှင်မှု ပျောက်ဆုံးသွားနိုင်တယ်။ သင် အဲဒီလို ဖြစ်နေတယ်ဆိုရင် ပျော်ရွှင်မှု ဘယ်လို ပြန်ရနိုင်မလဲ။
အဲဒီမေးခွန်းကို ဖြေဖို့ အရင်ဆုံး စစ်မှန်တဲ့ ဝမ်းမြောက်မှုဆိုတာ ဘာလဲ၊ အခက်အခဲတွေကြားမှာ တခြားသူတွေ ဝမ်းမြောက်မှုကို ဘယ်လို ထိန်းသိမ်းထားသလဲဆိုတာ နားလည်ရမယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ဝမ်းမြောက်မှု ထိန်းသိမ်းနိုင်ဖို့၊ ပိုဝမ်းမြောက်နိုင်ဖို့ ဘာလုပ်ရမယ်ဆိုတာ သိလာပါလိမ့်မယ်။
ဝမ်းမြောက်ခြင်းဆိုတာ ဘာလဲ
ရယ်မောရွှင်မြူးနေရုံနဲ့ ဝမ်းမြောက်တယ်လို့ မပြောနိုင်ဘူး။ ဥပမာ၊ အရက်သမားဟာ အရက်တော်တော် သောက်ပြီးနောက် တစ်ချိန်လုံး မြူးပြီးရယ်နေမယ်။ ဒါပေမဲ့ အမူးပြေသွားတဲ့အခါ မရယ်တော့ဘူး။ ဝမ်းနည်းမှု၊ ပြဿနာတွေ ပြည့်နေတဲ့ဘဝကို ပြန်ရောက်သွားတယ်။ ခဏတာ ပျော်ရွှင်တာက စစ်မှန်တဲ့ ဝမ်းမြောက်ခြင်း မဟုတ်ဘူး။—ပညာ. ၁၄:၁၃။
ဝမ်းမြောက်ခြင်းကတော့ စိတ်နှလုံးထဲမှာ အခိုင်အမာ အမြစ်တွယ်နေတဲ့ အရည်အသွေး ဖြစ်တယ်။ “ကောင်းတာတွေ ရရှိခြင်းနဲ့ မျှော်လင့်ခြင်းကြောင့် ဖြစ်လာတဲ့ စိတ်ခံစားမှု” ဆိုပြီး အနက်ဖွင့်ထားတယ်။ ကိုယ့်ဝန်းကျင်မှာ အခြေအနေတွေ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဝမ်းသာပျော်ရွှင်နေခြင်း ဖြစ်တယ်။ (၁ သက်. ၁:၆) လူတစ်ယောက်ဟာ အကြောင်းတစ်ခုခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နိုင်ပေမဲ့ စိတ်ထဲမှာ ဝမ်းမြောက်မှု ရှိနေတယ်။ ဥပမာ၊ ခရစ်တော်အကြောင်း ဟောပြောလို့ တမန်တော်တွေ ရိုက်နှက်ခံရတယ်။ ဒါပေမဲ့ “ယေရှုရဲ့ နာမည်ကြောင့် အရှက်ခွဲခံရတာကို ဂုဏ်ယူစရာအဖြစ် ယူမှတ်ပြီး ဂျူးတရားရုံးချုပ်ကနေ ဝမ်းမြောက်ဝမ်းသာ ထွက်သွားကြတယ်။” (တ. ၅:၄၁) တမန်တော်တွေဟာ အရိုက်ခံရလို့ ဝမ်းမြောက်တာ မဟုတ်ဘူး။ ဘုရားသခင့် ကျေးကျွန်တွေအနေနဲ့ ဘုရားအပေါ် သမာဓိစောင့်ထိန်းလို့ ဝမ်းမြောက်ကြတာပါ။
ဝမ်းမြောက်ခြင်းဆိုတာ မွေးရာပါ အရည်အသွေး မဟုတ်သလို အလိုလို ဖြစ်လာတာလည်း မဟုတ်ဘူး။ ဘာကြောင့်လဲ။ စစ်မှန်တဲ့ ဝမ်းမြောက်ခြင်းဟာ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်ကြောင့် ရလာတဲ့ အရည်အသွေး ဖြစ်လို့ပါပဲ။ ဘုရားသခင့် စွမ်းအားတော် အကူအညီကြောင့် ဝမ်းမြောက်ခြင်း အပါအဝင် “စရိုက်သစ်” ကို အပြည့်အဝ တင်ပြနိုင်ပါတယ်။ (ဧ. ၄:၂၄။ ဂလ. ၅:၂၂) ဝမ်းမြောက်ခြင်းကို မွေးမြူမယ်ဆိုရင် ဘဝဖိစီးမှုတွေကို ကောင်းစွာ ကိုင်တွယ်တတ်လာမယ်။
တုပချင်တဲ့ စံနမူနာများ
ယေဟောဝါဟာ ကမ္ဘာပေါ်မှာ အခုမြင်နေရတဲ့ မကောင်းတာတွေ မဟုတ်ဘဲ ကောင်းတာတွေပဲ ဖြစ်စေဖို့ ရည်ရွယ်ခဲ့တယ်။ တခြားသူတွေရဲ့ ဆိုးသွမ်းတဲ့လုပ်ရပ်တွေက ယေဟောဝါရဲ့ ဝမ်းမြောက်မှုကို မပျောက်စေခဲ့ဘူး။ “စံမြန်းရာအရပ်မှာ အစွမ်းတန်ခိုးနဲ့ ဝမ်းမြောက်ခြင်း ရှိနေတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (၁ ရာ. ၁၆:၂၇) ဒီ့အပြင် ဘုရားသခင့် ကျေးကျွန်တွေ လုပ်ဆောင်နေတဲ့ ကောင်းမှုတွေကလည်း ယေဟောဝါရဲ့ “စိတ်ကို ရွှင်လန်းစေ” တယ်။—ပညာ. ၂၇:၁၁။
ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါ အစိုးရိမ်မလွန်ခြင်းအားဖြင့် ယေဟောဝါကို တုပနိုင်တယ်။ ဝမ်းမြောက်မှု ပျောက်ဆုံးသွားမယ့်အစား လောလောဆယ် ကိုယ့်မှာရှိနေတဲ့ ကောင်းမွန်ရာတွေကို အာရုံစိုက်ပြီး အနာဂတ်မှာရမယ့် ကောင်းမွန်ရာတွေကို စိတ်ရှည်ရှည် စောင့်ဆိုင်းနိုင်တယ်။a
ခက်ခဲတဲ့ အခြေအနေတွေကြား ဝမ်းမြောက်မှု ထိန်းသိမ်းခဲ့တဲ့ ကျမ်းစာပုံနမူနာများစွာ ရှိတယ်။ အာဗြဟံဟာ တခြားသူတွေကြောင့် အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေ၊ အခက်အခဲတွေ ကြုံခဲ့ရတယ်။ (က. ၁၂:၁၀-၂၀။ ၁၄:၈-၁၆။ ၁၆:၄၊ ၅။ ၂၀:၁-၁၈။ ၂၁:၈၊ ၉) ဒါတောင် ဝမ်းမြောက်မှုကို ထိန်းသိမ်းခဲ့တယ်။ ဘယ်နည်းအားဖြင့်လဲ။ မေရှိယအုပ်ချုပ်မှုအောက် ကမ္ဘာသစ်မှာ နေထိုင်ရမယ့် မျှော်လင့်ချက်ကို အသေအချာ စိတ်စွဲမှတ်ထားတယ်။ (က. ၂၂:၁၅-၁၈။ ဟီ. ၁၁:၁၀) “ခင်ဗျားတို့ရဲ့ ဘိုးဘေး အာဗြဟံက ကျွန်တော် လာမယ့်နေ့ကို မြင်ရဖို့ မျှော်လင့်ပြီး သိပ်ပျော်ခဲ့တာ” လို့ ယေရှု ပြောခဲ့တယ်။ (ယော. ၈:၅၆) ရှေ့မှာရှိတဲ့ ဝမ်းမြောက်စရာတွေကို တွေးတောခြင်းအားဖြင့် အာဗြဟံကို တုပနိုင်ပါတယ်။—ရော. ၈:၂၁။
အာဗြဟံလိုပဲ တမန်တော်ပေါလုနဲ့ သိလတို့လည်း ဘုရားသခင့်ကတိတွေကို အာရုံစိုက်ခဲ့ကြတယ်။ ယုံကြည်ခြင်း ခိုင်မာပြီး စိတ်ပျက်စရာ အခြေအနေတွေကြား ဝမ်းမြောက်ခဲ့ကြတယ်။ ဥပမာ၊ သူတို့ဟာ သေလုမျောပါး ရိုက်နှက်ခံရပြီး ထောင်ကျနေချိန် ‘သန်းခေါင်ယံလောက်မှာ ဆုတောင်းပြီး ဘုရားသခင်ကို ချီးမွမ်းသီချင်းဆို’ ခဲ့ကြတယ်။” (တ. ၁၆:၂၃-၂၅) မျှော်လင့်ချက်ကြောင့် ခွန်အားရခဲ့တဲ့အပြင် ခရစ်တော်ရဲ့ နာမည်ကြောင့် နှိပ်စက်ခံရတာဖြစ်လို့ ဝမ်းမြောက်ခဲ့ကြတယ်။ ဘုရားသခင်ကို သစ္စာရှိရှိ ဝတ်ပြုခြင်းကနေ ရရှိတဲ့ ကောင်းမွန်ရာတွေကို စိတ်စွဲမှတ်ထားခြင်းအားဖြင့် ပေါလုနဲ့ သိလကို တုပနိုင်ပါတယ်။—ဖိ. ၁:၁၂-၁၄။
ဒီနေ့လည်း အခက်အခဲတွေကြား ဝမ်းမြောက်မှု ထိန်းသိမ်းထားတဲ့ ညီအစ်ကို/မများစွာ ရှိပါတယ်။ ဥပမာ၊ ၂၀၁၃၊ နိုဝင်ဘာလတုန်းက ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ဟိုင်ယန်မုန်တိုင်း တိုက်ခတ်ခဲ့လို့ သက်သေခံမိသားစု ၁,၀၀၀ ကျော်ရဲ့ အိမ်တွေ ပျက်စီးသွားတယ်။ တာကလိုဘန်မြို့မှာ နေအိမ် ပျက်စီးသွားတဲ့ ဂျော့ချ် ဒီလို ပြောတယ်– “ဘာပဲဖြစ်ဖြစ် ညီအစ်ကိုတွေ ပျော်နေကြတယ်။ ခံစားရတဲ့ ဝမ်းမြောက်မှုကို မဖော်ပြနိုင်လောက်အောင်ပါပဲ။” ကျွန်တော်တို့လည်း အခက်အခဲတွေ ကြုံရတိုင်း ယေဟောဝါ လုပ်ဆောင်ပေးထားတာတွေကို ကျေးဇူးတင်လေးမြတ်စွာ တွေးတောမယ်ဆိုရင် ဆက်ဝမ်းမြောက်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ ဝမ်းမြောက်ဖို့ ယေဟောဝါ ဘာတွေ ပြင်ဆင်ပေးထားသေးသလဲ။
ဝမ်းမြောက်ရခြင်း အကြောင်းရင်းများ
ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိခြင်းထက် ပိုဝမ်းမြောက်စေတာ ဘာရှိဦးမှာလဲ။ စဉ်းစားကြည့်ပါ– စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင်ကို ကျွန်တော်တို့ သိထားတယ်။ ကိုယ်တော်က ကျွန်တော်တို့ရဲ့ ဘုရား၊ ဖခင်၊ မိတ်ဆွေ ဖြစ်တယ်။—ဆာ. ၇၁:၁၇၊ ၁၈။
အသက်ဆုနဲ့ အသက်တာ မွေ့လျော်နိုင်စွမ်းကို ကျွန်တော်တို့ တန်ဖိုးထားကြတယ်။ (ဒေ. ၃:၁၂၊ ၁၃) ယေဟောဝါ သွေးဆောင်ထားတဲ့ အသိဉာဏ်ရှိလူသားတွေအနေနဲ့ ဘုရားသခင့် အလိုတော်ကိုလည်း သိထားကြတယ်။ (ကော. ၁:၉၊ ၁၀) ဒါကြောင့် ဘဝမှာ စစ်မှန်တဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက် ရှိကြတယ်။ လူအများစုမှာတော့ ဘဝရည်ရွယ်ချက် ရေရေရာရာ မရှိကြဘူး။ အဲဒီကွာခြားချက်ကို ပေါလု ဒီလို ရေးခဲ့တယ်– “‘ဘုရားသခင်က လူတွေ မမြင်ဖူး၊ မကြားဖူး၊ မစဉ်းစားဖူးတဲ့ အရာတွေကို မိမိကိုချစ်တဲ့သူတွေအတွက် ပြင်ဆင်ပေးထားတယ်။’ . . . ဘုရားသခင်က ကျွန်တော်တို့ကို စွမ်းအားတော်အားဖြင့် အဲဒီအကြောင်း ဖော်ပြတယ်။” (၁ ကော. ၂:၉၊ ၁၀) ယေဟောဝါရဲ့ အလိုတော်နဲ့ ရည်ရွယ်ချက်ကို နားလည်ထားတဲ့အတွက် ဝမ်းမြောက်ကြတယ် မဟုတ်လား။
မိမိလူမျိုးအတွက် ယေဟောဝါ ဘာလုပ်ဆောင်ထားသေးတယ်ဆိုတာ စဉ်းစားကြည့်ပါ။ အပြစ်တွေ ခွင့်လွှတ်ခံရလို့ ပျော်ရွှင်ကြတယ် မဟုတ်လား။ (၁ ယော. ၂:၁၂) ဘုရားသခင့် ကရုဏာကြောင့် မကြာခင် ကမ္ဘာသစ် ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက် ရှိထားကြတယ်။ (ရော. ၁၂:၁၂) အခုချိန်မှာတောင် နှစ်သက်စရာကောင်းတဲ့ ယုံကြည်သူချင်းတွေကို ယေဟောဝါ စီစဉ်ပေးထားတယ်။ (ဆာ. ၁၃၃:၁) စာတန်နဲ့ နတ်ဆိုးတွေရဲ့ ရန်ကနေ မိမိလူမျိုးကို ယေဟောဝါ ကာကွယ်ပေးတယ်လို့ ကျမ်းစာမှာ ကတိပေးထားတယ်။ (ဆာ. ၉၁:၁၁) ဘုရားသခင် ပေးတဲ့ အဲဒီကောင်းချီးတွေကို တွေးတောဆင်ခြင်မယ်ဆိုရင် ဝမ်းမြောက်မှု တိုးများလာပါလိမ့်မယ်။—ဖိ. ၄:၄။
ဝမ်းမြောက်ခြင်း တိုးများစေနိုင်ပုံ
ဝမ်းမြောက်နေပြီးသား ခရစ်ယာန်တစ်ယောက် ဝမ်းမြောက်မှု တိုးများနိုင်ဦးမလား။ “ကျွန်တော့်မှာရှိတဲ့ ရွှင်လန်းမှုမျိုးကို ခင်ဗျားတို့ အပြည့်အဝ ခံစားနိုင်ဖို့ ဒီအကြောင်းတွေကို ကျွန်တော် ပြောနေတာ” လို့ ယေရှု ပြောခဲ့တယ်။ (ယော. ၁၅:၁၁) ဒီအချက်က ဝမ်းမြောက်မှု တိုးများနိုင်ကြောင်း ဖော်ပြတယ် မဟုတ်လား။ ဝမ်းမြောက်မှု တိုးများဖို့ ကြိုးစားတာကို မီးတောက်ဖို့ လောင်စာ ဖြည့်တာနဲ့ နှိုင်းယှဉ်နိုင်တယ်။ မီးပိုတောက်ဖို့ ထင်းထပ်ထည့်ပေးရမယ်။ အလားတူပဲ ဝမ်းမြောက်မှု တိုးများဖို့ ဘုရားသခင့် စွမ်းအားတော် လိုအပ်တယ်။ ဒါကြောင့် ယေဟောဝါရဲ့ စွမ်းအားတော် ရဖို့ ပုံမှန်ဆုတောင်းခြင်း၊ စွမ်းအားတော်လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာကို ဆုတောင်းပြီး တွေးတောဆင်ခြင်ခြင်းအားဖြင့် ဝမ်းမြောက်မှု တိုးများလာပါလိမ့်မယ်။—ဆာ. ၁:၁၊ ၂။ လု. ၁၁:၁၃။
ယေဟောဝါ နှစ်သက်တဲ့ အလုပ်တွေမှာ တက်ကြွစွာ ပါဝင်ခြင်းအားဖြင့်လည်း ဝမ်းမြောက်မှု တိုးများစေနိုင်တယ်။ (ဆာ. ၃၅:၂၇။ ၁၁၂:၁) ဘာကြောင့်လဲ။ “စစ်မှန်တဲ့ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး ပညတ်ချက်တွေကို လိုက်နာ” ဖို့ ကျွန်တော်တို့ ဖန်ဆင်းခံထားရလို့ပဲ။ “ဒါဟာ လူတွေ မပျက်မကွက် လိုက်နာရမယ့်တာဝန်ပဲ။” (ဒေ. ၁၂:၁၃) နောက်တစ်နည်း ပြောရရင် ဘုရားအလိုတော် ဆောင်ဖို့ ကျွန်တော်တို့ ပုံစံပြုခံထားရတယ်။ ဒါကြောင့် ယေဟောဝါရဲ့ အမှုတော် ဆောင်တဲ့အခါ အလိုလို ကျေနပ်ပျော်ရွှင်မှု ခံစားရတယ်။b
ဝမ်းမြောက်ခြင်းကြောင့် ခံစားရတဲ့ ကောင်းကျိုးများ
ဝမ်းမြောက်မှု တိုးများလာတဲ့အခါ တခြားကောင်းကျိုးတွေလည်း ခံစားရပါလိမ့်မယ်။ ဥပမာ၊ ဘယ်ပြဿနာပဲ ကြုံရပါစေ ဝမ်းမြောက်စွာ အမှုဆောင်ခြင်းအားဖြင့် ကောင်းကင်ဘုံစံ ဖခင်ရဲ့ နှစ်သက်မှု ပိုရရှိပါလိမ့်မယ်။ (တရား. ၁၆:၁၅။ ၁ သက်. ၅:၁၆-၁၈) စစ်မှန်တဲ့ ဝမ်းမြောက်မှု ရှိထားတဲ့အတွက် ရုပ်ပစ္စည်းလိုက်စားမှုကို ငြင်းပယ်ပြီး ဘုရားနိုင်ငံတော်အတွက် ပိုစွန့်လွှတ်အနစ်နာခံ ပါလိမ့်မယ်။ (မ. ၁၃:၄၄) စွန့်လွှတ်အနစ်နာခံခြင်းရဲ့ ကောင်းကျိုးတွေ မြင်ရတဲ့အခါ ပိုကျေနပ်ဝမ်းမြောက်လာမယ်။ တခြားသူတွေကိုလည်း ဝမ်းမြောက်စေနိုင်မယ်။—တ. ၂၀:၃၅။ ဖိ. ၁:၃-၅။
“လောလောဆယ် ပျော်ရွှင်ကျေနပ်နေရင် အနာဂတ်မှာ ပိုကျန်းမာနိုင်ဖွယ်ရှိတယ်” လို့ အမေရိကန်နိုင်ငံ၊ နာဘရာစကာတက္ကသိုလ်က ကျန်းမာရေး သုတေသနပညာရှင်တစ်ယောက် ပြောတယ်။ ဒါက “ရွှင်လန်းတဲ့စိတ်ဟာ ဆေးစွမ်းကောင်းတစ်လက်ပဲ” ဆိုတဲ့ ကျမ်းစကားနဲ့ ကိုက်ညီတယ်။ (ပညာ. ၁၇:၂၂) ဝမ်းမြောက်မှု တိုးများလာရင် ကျန်းမာရေး ပိုကောင်းလာဖွယ် ရှိတယ်။
ဒါကြောင့် ဖိစီးမှုများတဲ့အချိန်မှာ အသက်ရှင်နေရပေမဲ့ ဆုတောင်းခြင်း၊ ယေဟောဝါရဲ့ စကားတော်ကို လေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်းအားဖြင့် သန့်ရှင်းသောစွမ်းအားတော် ရရှိမယ်ဆိုရင် စစ်မှန်တည်မြဲတဲ့ ဝမ်းမြောက်မှု ရရှိနိုင်ပါတယ်။ လက်ရှိကောင်းချီးတွေကို တွေးတောခြင်း၊ တခြားသူတွေရဲ့ ယုံကြည်ခြင်းကို တုပခြင်း၊ ဘုရားသခင့်အလိုတော် ဆောင်ဖို့ ကြိုးစားခြင်းအားဖြင့်လည်း ဝမ်းမြောက်မှု တိုးများစေနိုင်တယ်။ ဒီနည်းတွေအားဖြင့် “ဖြောင့်မတ်သူက ယေဟောဝါကြောင့် ဝမ်းမြောက်ပြီး ဘုရားဆီ ခိုလှုံလိမ့်မယ်” ဆိုတဲ့ ဆာလံ ၆၄:၁၀ ပါ အမှန်တရားကို ဝေမျှခံစားနိုင်ပါတယ်။
a စိတ်ရှည်ခြင်း အရည်အသွေးကို လာမယ့် “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး” ဆောင်းပါးတွဲမှာ ဆွေးနွေးပါမယ်။
b ဝမ်းမြောက်မှု တိုးများစေနိုင်တဲ့ ထပ်ဆင့်နည်းတွေကို “ဝမ်းမြောက်ခြင်း တိုးများစေတဲ့ တခြားနည်းလမ်းများ” လေးထောင့်ကွက်မှာ ကြည့်ပါ။