လုကာ
၁၁ ကိုယ်တော်သည် တစ်ခုသောအရပ်တွင် ဆုတောင်းတော်မူ၍ ပြီးသောအခါ တပည့်တော်တစ်ဦးက “သခင်၊ ယောဟန်သည် မိမိ၏တပည့်တို့ကို သွန်သင်ပေးသကဲ့သို့ ကျွန်ုပ်တို့အား မည်သို့ဆုတောင်းရမည်ကို သွန်သင်ပေးတော်မူပါ” ဟု လျှောက်လေ၏။
၂ ထိုအခါသူတို့ကို ကိုယ်တော်က “သင်တို့ ဆုတောင်းသည့် အခါတိုင်း ‘ကျွန်ုပ်တို့၏အဖ၊ ကိုယ်တော်၏ နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်း ရှိပါစေ။ နိုင်ငံတော် လာပါစေ။ ၃ ယနေ့အတွက် အသက်မွေးလောက်သောအစာကို ကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။ ၄ အပြစ်ကြွေးတင်သူရှိသမျှကို ကျွန်ုပ်တို့ ဖြေလွှတ်သောကြောင့် ကျွန်ုပ်တို့၏ အပြစ်များကိုလည်း ဖြေလွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ လိုက်ပါစေတော်မမူပါနှင့်’” ဟု မိန့်တော်မူ၏။
၅ တစ်ဖန် ကိုယ်တော်က “သင်တို့တွင် တစ်စုံတစ်ယောက်သောသူ၌ မိတ်ဆွေတစ်ဦးရှိ၍ သန်းခေါင်အချိန်တွင် ထိုမိတ်ဆွေ၏အိမ်သို့ သွားပြီးလျှင် ‘အဆွေ၊ ကျွန်ုပ်ကို မုန့်သုံးလုံး ချေးပါ။ ၆ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးသည် ခရီးသွားရင်း ကျွန်ုပ်ထံ ရောက်လာရာ သူ့ကိုကျွေးစရာမရှိ ဖြစ်နေပါသည်’ ဟုဆိုသော်၊ ၇ ‘ကျွန်ုပ်ကို မနှောင့်ယှက်ပါနှင့်။ တံခါး ပိတ်ထားပြီးပြီ။ သားသမီးတို့သည် ကျွန်ုပ်နှင့်အတူ အိပ်နေကြပြီ။ ထ၍ သင့်အား အဘယ်အရာမျှ ကျွန်ုပ် မပေးနိုင်’ ဟု အိမ်ထဲက ပြန်ပြော၏။ ၈ ငါဆိုသည်ကား၊ မိတ်ဆွေဖြစ်သည်ကိုထောက်ပြီး ထ၍မပေး။ သို့သော် စွဲမြဲစွာတောင်းနေသောကြောင့် လိုသမျှကို ထ၍ပေးလိမ့်မည်။ ၉ သင်တို့အား ငါဆိုသည်ကား၊ တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ ရှာမြဲရှာကြလော့။ ရှာလျှင် တွေ့လိမ့်မည်။ ခေါက်မြဲခေါက်ကြလော့။ ခေါက်လျှင် တံခါးဖွင့်ပေးလိမ့်မည်။ ၁၀ အကြောင်းမူကား တောင်းသောသူတိုင်း ရ၏။ ရှာသောသူတိုင်းလည်း တွေ့၏။ ခေါက်သောသူတိုင်း ကိုလည်း တံခါးဖွင့်ပေးလိမ့်မည်။ ၁၁ သားသည် ငါးကိုတောင်းလျှင် ငါးအစား မြွေကိုပေးမည့်ဖခင် သင်တို့တွင်ရှိသလော။ ၁၂ ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။ ၁၃ ထို့ကြောင့်၊ သင်တို့သည် လူဆိုးဖြစ်လျက်ပင် ကိုယ့်သားသမီးတို့အား ကောင်းသောဆုလက်ဆောင်ကို ပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို သာ၍ပေးတော်မူမည်” ဟုမိန့်တော်၏။
၁၄ ထို့နောက် ကိုယ်တော်သည် ဆွံ့အစေသောနတ်ဆိုးကို နှင်ထုတ်တော်မူ၍ ထိုနတ်ဆိုးထွက်သွားပြီးနောက် ဆွံ့အသောသူသည် စကားပြောလေ၏။ လူအုပ်သည်လည်း အံ့သြကြ၏။ ၁၅ သို့သော် အချို့က “သူသည် နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟု ပြောဆိုကြ၏။ ၁၆ အခြားသော သူတို့မှာမူကိုယ်တော်အားအကဲစမ်းရန် ကောင်းကင်မှ နိမိတ်လက္ခဏာကို တောင်းကြ၏။ ၁၇ သူတို့၏ စိတ်ကူးကိုသိ၍ မိန့်တော်မူသည်မှာ၊ “တိုင်းနိုင်ငံသည် အတွင်း၌ မသင့်မတင့်ကွဲပြားနေလျှင် ပျက်စီးသွားမည်။ အိမ်သည် အတွင်း၌ မသင့်မတင့်ကွဲပြားလျှင် ပြိုလဲလိမ့်မည်။ ၁၈ ထို့ကြောင့် စာတန်သည် အတွင်း၌ မသင့်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် မည်သို့တည်နိုင်မည်နည်း။ ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု သင်တို့ဆိုကြ၏။ ၁၉ ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် သင်တို့၏သားတပည့်တို့သည် မည်သူ့ကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကို တရားစီရင်သူ ဖြစ်ကြလိမ့်မည်။ ၂၀ ငါသည် ဘုရားသခင်၏လက်ညှိုးတော်ဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ကို အမှန်ပင် ကျော်လွန်သွားလေပြီ။ ၂၁ ခွန်အားကြီးသူသည် လက်နက်အစုံဖြင့် မိမိအိမ်ကို စောင့်နေစဉ်အခါ သူ၏ ပစ္စည်းဥစ္စာသည် လုံခြုံစွာရှိ၏။ ၂၂ သူ့ထက် ခွန်အားကြီးသောသူသည် လာ၍ သူ့ကိုအနိုင်ယူပြီးမှ သူကိုးစားသော လက်နက်စုံကိုသိမ်းယူ၍ လက်ရဥစ္စာများကို ခွဲဝေတတ်၏။ ၂၃ ငါ့ဘက်၌ မရှိသူသည် ငါ့ကိုဆန့်ကျင်သူဖြစ်၏။ ငါနှင့်အတူ မစုသိမ်းသူသည် ကြဲဖြန့်သူဖြစ်၏။
၂၄ “ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင် ခြောက်ကပ်သောအရပ်များ၌ နားစရာနေရာကို ရှာတတ်၏။ မတွေ့သည်ရှိသော် ‘ငါထွက်ခဲ့ရာအိမ်သို့ ပြန်သွားမည်’ ဟု ဆို၏။ ၂၅ ထိုနေရာသို့ ရောက်သောအခါ ရှင်းလင်းပြင်ဆင်လျက် ရှိသည်ကို တွေ့လေ၏။ ၂၆ ထိုအခါ မိမိထက်ဆိုးညစ်သော နတ်ဆိုးခုနစ်ကောင်ကို သွား၍ခေါ်လာပြီးနောက် ထိုသူ၌ ဝင်နေကြ၏။ သို့ဖြစ်၍ ထိုသူ၏နောက်ဆုံးဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ပို၍ဆိုးလေ၏။”
၂၇ ထိုသို့ မိန့်တော်မူစဉ် လူအုပ်ထဲမှ အမျိုးသမီးတစ်ဦးသည် အသံကိုလွှင့်၍ “ကိုယ်တော်ကိုဝမ်းနှင့်လွယ်၍ နို့တိုက်ခဲ့သောသူသည်ပျော်ရွှင်၏” ဟုလျှောက်လျှင်၊ ၂၈ ကိုယ်တော်က “ဘုရားသခင်၏တရားစကားတော်ကို ကြားနာ၍ စောင့်ရှောက်သောသူသည် သာ၍ပျော်ရွှင်၏” ဟုမိန့်တော်မူ၏။
၂၉ လူအုပ် စုဝေးလာသောအခါ ကိုယ်တော် မိန့်တော်မူသည်မှာ၊ “ဤလူမျိုးဆက်သည် ဆိုးညစ်သောလူမျိုးဆက်ဖြစ်၍၊ နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ သို့သော် ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်။ ၃၀ ယောနသည် နိနေဝေမြို့သားတို့အတွက် နိမိတ်လက္ခဏာဖြစ်သည့် နည်းတူ လူသားသည်လည်း ဤလူမျိုးဆက်အတွက် နိမိတ်လက္ခဏာ ဖြစ်လိမ့်မည်။ ၃၁ တရားစီရင်ရာအချိန်တွင် တောင်ပြည်၏ဘုရင်မသည် ဤလူမျိုးနှင့်အတူထ၍ သူတို့ကို အပြစ်စီရင်လိမ့်မည်။ အကြောင်းမူကား ထိုဘုရင်မသည် ရှောလမုန်၏ ပညာရှိစကားကို ကြားနာရန် မြေကြီးစွန်းမှလာ၏။ ဤနေရာ၌ကား ရှောလမုန်ထက် သာ၍ကြီးမြတ်သူရှိ၏။ ၃၂ တရားစီရင်ရာအချိန်တွင် နိနေဝေမြို့သားတို့သည် ဤလူမျိုးဆက်နှင့် အတူထ၍ သူတို့ကို အပြစ်စီရင်လိမ့်မည်။ အကြောင်းမူကား ထိုမြို့သားတို့သည် ယောနဟောသော စကားကြောင့် နောင်တရခဲ့ကြ၏။ ဤနေရာ၌ကား ယောနထက် သာ၍ကြီးမြတ်သူရှိ၏။ ၃၃ လူတစ်ဦးသည် မီးခွက်ကို ထွန်းပြီးလျှင် မြေအောက်ခန်း၌ဖြစ်စေ၊ တင်းတောင်းအောက်၌ဖြစ်စေ ထားလေ့မရှိ။ ဝင်လာသောသူတို့ အလင်းကိုမြင်နိုင်ရန် မီးခုံပေါ်တွင်သာ တင်ထားလေ့ရှိ၏။ ၃၄ ခန္ဓာကိုယ်၏မီးခွက်ကား သင်၏ မျက်စိဖြစ်၏။ သင်၏ မျက်စိ ရိုးရှင်းလျှင် တစ်ကိုယ်လုံး လင်းလိမ့်မည်။ သင်၏မျက်စိ ဆိုးညစ်လျှင် တစ်ကိုယ်လုံး မှောင်လိမ့်မည်။ ၃၅ ထို့ကြောင့် နိုးကြားလျက်နေကြလော့။ သင်၌ရှိသော အလင်းသည် အမှောင်ဖြစ်နေဦးမည်။ ၃၆ ထို့ကြောင့် သင်၏ကိုယ်အင်္ဂါတစ်ခုမျှ မမှောင်ဘဲ တစ်ကိုယ်လုံး လင်းနေလျှင် မီးခွက်အလင်းပေးသည့်နည်းတူ တစ်ကိုယ်လုံး လင်းလိမ့်မည်။”
၃၇ ထိုသို့မိန့်တော်မူစဉ် ဖာရိရှဲတစ်ဦးသည် အစာကိုသုံးဆောင်ရန် ကိုယ်တော်ကိုခေါ်ပင့်ရာ သူ၏အိမ်သို့ကြွဝင်၍ စားပွဲ၌ လျောင်းတော်မူ၏။ ၃၈ သို့ရာတွင် ကိုယ်တော်သည် ဦးစွာ မဆေးကြောဘဲ အစာစားသဖြင့် ထိုဖာရိရှဲက အံ့သြလေ၏။ ၃၉ သို့သော် သခင် မိန့်တော်မူသည်မှာ “ဖာရိရှဲတို့၊ သင်တို့သည် အိုးခွက်အပြင်ဘက်ကို စင်ကြယ်စေသော်လည်း သင်တို့၏အတွင်း၌ကား လုယက်ခြင်း၊ ဆိုးညစ်ခြင်းတို့နှင့် ပြည့်လျက်ရှိကြ၏။ ၄၀ အချင်းလူမိုက်တို့၊ အပြင်ပိုင်းကို ဖန်ဆင်းသောအရှင်သည် အတွင်းပိုင်းကိုလည်း ဖန်ဆင်းသည် မဟုတ်လော။ ၄၁ အတွင်း၌ ရှိသောအရာများကို ပေးကမ်းစွန့်ကြဲကြလော့။ သို့ပြုလျှင် အခြားသောအရာရှိသမျှသည် သင်တို့အတွက် စင်ကြယ်လိမ့်မည်။ ၄၂ အချင်းဖာရိရှဲတို့၊ သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည်ပင်စိမ်း၊လျူရွက်နှင့် ဟင်းရွက်အမျိုးမျိုးကို ဆယ်ဖို့တစ်ဖို့ လှူကြသော်လည်း တရားမျှတခြင်း၊ ဘုရားသခင်ကို ချစ်ခြင်းတို့ကိုမူ ချန်လှပ်ထားကြ၏။ ဆယ်ဖို့တစ်ဖို့ ပေးလှူရမည့်တာဝန်ရှိသော်လည်း တရားမျှတခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းတို့ကိုလည်း မချန်မလှပ်သင့်။ ၄၃ ဖာရိရှဲတို့၊သင်တို့၌အမင်္ဂလာရှိ၏။ အကြောင်းမူကား တရားဇရပ်များ၌ ရှေ့ဆုံးနေရာများကိုလည်းကောင်း၊ ဈေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။ ၄၄ သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် မထင်ရှားသော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် သင်္ချိုင်းတွင်း ရှိမှန်းကိုပင် မသိကြ။”
၄၅ ပညတ်ကျမ်းကို နှံ့စပ်သူတစ်ဦးက “ဆရာ၊ ထိုသို့ဆိုခြင်းသည် ကျွန်ုပ်တို့ကိုလည်း စော်ကားရာရောက်ပါသည်”ဟုဆိုသော်၊ ၄၆ ကိုယ်တော် ဤသို့မိန့်တော်မူ၏။ “ကျမ်းတတ်တို့၊ သင်တို့၌လည်း အမင်္ဂလာရှိ၏။ အကြောင်းမူကား ထမ်းခဲသောဝန်များကို သူတစ်ပါးအပေါ်မှာ တင်တတ်ကြ၏။ ကိုယ်တိုင်မူကား လက်ဖျားနှင့်ပင် မတို့ကြ။
၄၇ “သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် ပရောဖက်များ၏သင်္ချိုင်းဂူများကို တည်ဆောက်ကြ၏။ သို့သော် သင်တို့၏ ဘိုးဘေးများက သူတို့ကို သတ်ကြ၏။ ၄၈ အမှန်စင်စစ်၊ သင်တို့သည် သင်တို့ ဘိုးဘေးများ၏ လုပ်ရပ်များကို သိမြင်၍ သဘောတူကြ၏။ သူတို့သည် ပရောဖက်များကိုသတ်၍ သင်တို့မူကား ပရောဖက်များအတွက် သင်္ချိုင်းဂူတို့ကို တည်ဆောက်ကြ၏။ ၄၉ ထို့ကြောင့် ဘုရားသခင်သည် ဉာဏ်ပညာအားဖြင့် မိန့်တော်မူသည်ကား ‘ပရောဖက်များ၊ တမန်တော်များကို သူတို့ရှိရာသို့ ငါစေလွှတ်မည်။ သူတို့သည် ထိုသူတို့အနက် အချို့ကို ညှဉ်းဆဲသတ်ဖြတ် ကြလိမ့်မည်။ ၅၀ ထို့ကြောင့် ဤလောကတည်ချိန်မှစ၍ သွန်းခဲ့သော ပရောဖက်အပေါင်းတို့၏ အသွေးကို ဤလူမျိုးဆက်ထံမှ တောင်းရမည်။ ၅၁ ထိုသူအပေါင်းတို့၏ အသွေးတွင် အာဗေလ၏အသွေးမှစ၍ ယဇ်ပလ္လင်နှင့် အိမ်တော်အကြား၌ အသတ်ခံခဲ့ရသော ဇာခရိ၏အသွေးအထိ ပါဝင်၏။’ ထိုသူတို့၏ အသွေးကို ဤလူမျိုးဆက်ထံမှ တောင်းရလိမ့်မည်ဟု ငါဆို၏။
၅၂ “ပညတ်ကျမ်းကို နှံ့စပ်သူတို့၊ သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် အသိပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ ကိုယ်တိုင်လည်းမဝင်၊ ဝင်မည့်သူတို့ကိုလည်း တားဆီးကြ၏။”
၅၃ ကိုယ်တော်သည် ထိုအရပ်မှထွက်ကြွတော်မူလျှင် ကျမ်းတတ်များနှင့် ဖာရိရှဲတို့သည် ဝိုင်းအုံပိတ်ဆို့၍ အမျိုးမျိုး မေးမြန်းကြ၏။ ၅၄ ကိုယ်တော်၏ နှုတ်ထွက်စကားအမှားကို စောင့်ဖမ်းရန် မေးမြန်းကြခြင်းဖြစ်၏။