လုကာ
၁၂ အဲဒီအခါ လူထောင်နဲ့ချီ စုရုံးလာတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နင်းမိကြတယ်။ ယေရှုက တပည့်တွေကို အရင်ဆုံး ပြောတယ်– “အရေခြုံဟန်ဆောင်မှုဆိုတဲ့ ဖာရိရှဲတို့ရဲ့ တဆေးကို သတိထားကြ။+ ၂ အသေအချာ လျှို့ဝှက်ထားသမျှ ဖော်ထုတ်ခံရလိမ့်မယ်။ ဖုံးကွယ်ထားသမျှ သိလာရလိမ့်မယ်။+ ၃ အမှောင်ထဲမှာ ခင်ဗျားတို့ပြောတဲ့ စကားကို အလင်းမှာ ကြားရလိမ့်မယ်။ အခန်းထဲမှာ ခင်ဗျားတို့ တိုးတိုးလေးပြောတဲ့ စကားတွေကို အိမ်မိုးပေါ်ကနေ ကြေညာကြလိမ့်မယ်။ ၄ မိတ်ဆွေတို့၊+ ကျွန်တော်ပြောမယ်။ ကိုယ်ခန္ဓာကို သတ်ရုံကလွဲလို့ ဘာမှမလုပ်နိုင်တဲ့လူတွေကို မကြောက်ပါနဲ့။+ ၅ ဘယ်သူ့ကို ကြောက်ရမလဲဆိုတော့ ကိုယ်ခန္ဓာကို သတ်ပြီးတဲ့နောက် ဂေဟင်နာ* အရပ်ထဲ ချပိုင်ခွင့်ရှိတဲ့အရှင်ကို ကြောက်ပါ။+ ကျွန်တော်ပြောမယ်။ အဲဒီအရှင်ကိုပဲ ကြောက်ကြပါ။+ ၆ စာငှက်ငါးကောင်ကို ငွေနှစ်ပြားနဲ့* ဝယ်လို့ရတယ် မဟုတ်လား။ အဲဒီစာငှက်တစ်ကောင်ကိုမှ ဘုရားသခင် မမေ့ဘူး။+ ၇ ခင်ဗျားတို့ရဲ့ ဆံပင်တွေကိုတောင် အကုန်ရေတွက်ထားတယ်။+ ဒါကြောင့် မကြောက်ပါနဲ့။ ခင်ဗျားတို့ဟာ စာငှက်လေးတွေထက် ပိုတန်ဖိုးရှိပါတယ်။+
၈ “ကျွန်တော်ပြောမယ်။ လူတွေရှေ့မှာ ကျွန်တော့်ကို အသိအမှတ်ပြုသူတိုင်းကို+ လူသားက ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေရှေ့မှာ အသိအမှတ်ပြုမယ်။+ ၉ လူတွေရှေ့မှာ ကျွန်တော့်ကို ငြင်းပယ်သူကိုတော့ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေရှေ့မှာ ငြင်းပယ်မယ်။+ ၁၀ လူသားကို ဆန့်ကျင်ပြောဆိုရင် ခွင့်လွှတ်ခံရမယ်။ သန့်ရှင်းသော စွမ်းအားတော်ကို စော်ကားပြောဆိုရင်တော့ ခွင့်လွှတ်ခံရမှာ မဟုတ်ဘူး။+ ၁၁ ခင်ဗျားတို့ကို လူထုရှေ့၊ အစိုးရအရာရှိနဲ့ အာဏာပိုင်တွေရှေ့မှာ ခေါ်သွားတဲ့အခါ ဘယ်လိုချေပရမလဲ၊ ဘာပြောရမလဲဆိုပြီး တွေးပူမနေပါနဲ့။+ ၁၂ ပြောရမယ့်စကားကို အဲဒီအချိန်ကျရင် သန့်ရှင်းသော စွမ်းအားတော်က သင်ပေးလိမ့်မယ်”+ လို့ပြောတယ်။
၁၃ အဲဒီအခါ လူအုပ်ထဲက တစ်ယောက်က “ဆရာ၊ ကျွန်တော့်ကို အမွေခွဲပေးဖို့ ကျွန်တော့်အစ်ကိုကို ပြောပေးပါ” လို့တောင်းဆိုတော့၊ ၁၄ ယေရှုက “ကျွန်တော့်ကို ခင်ဗျားတို့ရဲ့ တရားသူကြီးအဖြစ်၊ ဆုံးဖြတ်ပေးသူအဖြစ် ဘယ်သူခန့်လို့လဲ” လို့ ပြောပြီးနောက်၊ ၁၅ “ခင်ဗျားတို့ မျက်စိရှင်ရှင်ထားပြီး လောဘကြီးခြင်း အမျိုးမျိုးကို သတိနဲ့ရှောင်ကြပါ။+ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ စည်းစိမ်ကြွယ်ဝနေရင်တောင် သူ့စည်းစိမ်က အသက်မပေးနိုင်ဘူး”+ လို့ပြောတယ်။ ၁၆ အဲဒီနောက် ယေရှုက ပုံဥပမာသုံးပြီး ပြောတယ်– “သူဌေးတစ်ယောက်ရဲ့လယ်က သီးနှံအထွက်တိုးတဲ့အတွက်၊ ၁၇ သူက ‘သီးနှံတွေကို ထားစရာနေရာ မရှိတော့ဘူး။ ငါဘာလုပ်ရင် ကောင်းမလဲ’ လို့ စဉ်းစားပြီးတဲ့နောက်မှာ၊ ၁၈ ‘ကောင်းပြီ၊ ဒီလိုလုပ်မယ်။+ ငါ့ရဲ့ကျီတွေကို ဖျက်ပြီး ပိုကြီးတဲ့ကျီတွေကို ဆောက်မယ်။ အဲဒီမှာ ငါ့ရဲ့ကောက်နှံရှိသမျှ၊ ဥစ္စာရှိသမျှ သိမ်းထားမယ်။ ၁၉ ပြီးတော့ “ငါက နှစ်ပေါင်းများစွာအတွက် ဥစ္စာအများကြီး စုဆောင်းထားပြီဆိုတော့ အေးအေးဆေးဆေး စားသောက်ပြီး ဇိမ်နဲ့ပဲ နေတော့မယ်”’ လို့ပြောတယ်။ ၂၀ ဒါပေမဲ့ ဘုရားသခင်က ‘ဆင်ခြင်ဉာဏ်မဲ့သူ၊ ဒီညမှာပဲ မင်းရဲ့အသက်ကို ရုပ်သိမ်းလိမ့်မယ်။ ဒါဆိုရင် မင်းစုဆောင်းထားသမျှကို ဘယ်သူရမှာလဲ’+ လို့ အဲဒီသူဌေးကို ပြောတယ်။ ၂၁ အလားတူပဲ၊ ကိုယ့်အတွက် ဘဏ္ဍာစုဆောင်းထားပေမဲ့ ဘုရားသခင်ရှေ့မှာ ဆင်းရဲတဲ့သူဟာ အဲဒီသူဌေးနဲ့တူတယ်။”+
၂၂ ယေရှုက တပည့်တွေကို “ဒါကြောင့် ကျွန်တော်ပြောမယ်– အသက်ရှင်ရေးအတွက် ဘာစားရမလဲဆိုပြီး မစိုးရိမ်ကြနဲ့တော့။ ခန္ဓာကိုယ်အတွက် ဘာဝတ်ရမလဲဆိုပြီး မစိုးရိမ်ကြနဲ့တော့။+ ၂၃ အစာထက် အသက်က ပိုအရေးကြီးတယ်။ အဝတ်ထက် ကိုယ်ခန္ဓာက ပိုအရေးကြီးတယ်။ ၂၄ ကျီးအတွေကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ မျိုးစေ့ကြဲတာ၊ ရိတ်သိမ်းတာ မလုပ်ဘူး။ သူတို့မှာ ကျီတွေ၊ သိုလှောင်ခန်းတွေ မရှိဘူး။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို ကျွေးထားတာပဲ။+ ခင်ဗျားတို့ဟာ အဲဒီငှက်တွေထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား။+ ၂၅ စိုးရိမ်ပူပန်နေလို့ကော ခင်ဗျားတို့သက်တမ်း တစ်တောင်လောက် ပိုရှည်လာလို့လား။ ၂၆ အဲဒါလေးတောင် မလုပ်နိုင်ဘူးဆိုရင် ကျန်တာတွေအတွက် ဘာလို့ စိုးရိမ်နေသေးလဲ။+ ၂၇ တောနှင်းပန်းတွေ ရှင်သန်နေပုံကို စဉ်းစားကြည့်ပါ။ နှင်းပန်းတွေဟာ ပင်ပင်ပန်းပန်း မလုပ်ဘူး။ ချည်လည်း မငင်ဘူး။ ကျွန်တော်ပြောမယ်။ ခံ့ခံ့ညားညား ဝတ်ဆင်တဲ့ ရှောလမုန်မင်းတောင် အဲဒီနှင်းပန်းတစ်ပင်လို လှလှပပဖြစ်အောင် မဆင်မြန်းနိုင်ဘူး။+ ၂၈ ယုံကြည်ခြင်းနည်းသူတို့၊ ဒီနေ့ ရှင်သန်ပြီး မနက်ဖြန် မီးထဲရောက်သွားမယ့် တောပင်တွေကိုတောင် ဘုရားသခင်က အဲဒီလိုဆင်မြန်းပေးတယ်ဆိုရင် ခင်ဗျားတို့ကို ဒီထက်မက ဆင်မြန်းပေးမယ် မဟုတ်လား။ ၂၉ ဒါကြောင့် ဘာစားရမလဲ၊ ဘာသောက်ရမလဲဆိုပြီး မစိုးရိမ်ကြနဲ့တော့။ အစိုးရိမ်လွန်တာမျိုး မဖြစ်ကြနဲ့တော့။+ ၃၀ ဒါတွေအားလုံးကို လူမျိုးခြားတွေ အသည်းအသန် ရှာဖွေတတ်ကြတယ်။ အဲဒါတွေကို ခင်ဗျားတို့လိုအပ်မှန်း အဖဘုရား သိပါတယ်။+ ၃၁ ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်ကို အမြဲဦးစားထားကြပါ။ နောက်မှ အဲဒါတွေကို ဖြည့်ဆည်းပေးလိမ့်မယ်။+
၃၂ “သိုးစုငယ်၊+ မကြောက်နဲ့။ အဖဘုရားက ခင်ဗျားတို့ကို နိုင်ငံတော်ပေးဖို့ ဆုံးဖြတ်ပြီးပြီ။+ ၃၃ ကိုယ့်ပစ္စည်းတွေကို ရောင်းပြီး ပေးကမ်းစွန့်ကြဲကြပါ။+ မဆွေးမြေ့နိုင်တဲ့ ငွေအိတ်ကိုရယူပါ၊ တစ်နည်းပြောရရင် မပျက်စီးနိုင်တဲ့ ကောင်းကင်ဘဏ္ဍာကို စုဆောင်းပါ။+ အဲဒီဘဏ္ဍာကို သူခိုး ဝင်မခိုးနိုင်ဘူး။ ပိုးမွှား မဖျက်ဆီးနိုင်ဘူး။ ၃၄ ကိုယ့်ဘဏ္ဍာရှိတဲ့နေရာမှာ ကိုယ့်စိတ် ရောက်နေတတ်တယ်။
၃၅ “ခင်ဗျားတို့၊ ခါးကိုစည်းပြီးအသင့်ရှိနေပါ။+ မီးခွက်တွေကို ထွန်းထားကြပါ။+ ၃၆ မင်္ဂလာပွဲကနေ+ သခင် ပြန်လာပြီး တံခါးခေါက်တဲ့အခါ ချက်ချင်းဖွင့်ပေးဖို့ စောင့်နေတဲ့ ကျွန်တွေလို ဖြစ်ကြပါ။+ ၃၇ သခင်ပြန်လာလို့ သတိနဲ့စောင့်နေတဲ့ ကျွန်တွေကို တွေ့ရင် အဲဒီကျွန်တွေဟာ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။ ကျွန်တော် မှန်တာကို ပြောမယ်။ အဲဒီကျွန်တွေကို စားပွဲမှာ ထိုင်ခိုင်း၊ သခင်ကိုယ်တိုင် ခါးကိုစည်းပြီး အလုပ်အကျွေးပြုလိမ့်မယ်။ ၃၈ ညဉ့်နက်မှ* ဖြစ်စေ၊ သန်းခေါင်ကျော်မှ* ဖြစ်စေ သခင်ရောက်လာပြီး သူတို့အသင့်ဖြစ်နေတာကို တွေ့ရင် အဲဒီကျွန်တွေဟာ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။ ၃၉ တစ်ခုတော့ သိထားကြပါ– အိမ်ရှင်က သူခိုးလာမယ့်အချိန်ကို သိရင် အိမ်ဖောက်ထွင်းမခံရအောင် မအိပ်ဘဲ စောင့်နေမှာပဲ။+ ၄၀ ခင်ဗျားတို့လည်း အသင့်ရှိနေကြပါ၊+ လူသားဟာ ခင်ဗျားတို့ မထင်မှတ်တဲ့အချိန်မှာ လာလိမ့်မယ်” လို့ပြောတယ်။
၄၁ အဲဒီအခါ ပေတရုက “သခင်၊ ဒီပုံဥပမာကို ကျွန်တော်တို့ကိုပဲ ပြောတာလား ဒါမှမဟုတ် လူအားလုံးကို ပြောတာလား” လို့ မေးတော့၊ ၄၂ ယေရှုက “သစ္စာနဲ့သတိပညာရှိတဲ့ ဘဏ္ဍာစိုးဟာ တကယ်တော့ ဘယ်သူလဲ။ အစေခံတွေကို အုပ်ချုပ်ဖို့၊ အချိန်တန်ရင် အစားအစာ မှန်မှန်ဝေပေးဖို့ သူ့ကို သခင် ခန့်အပ်ထားတယ်။+ ၄၃ သခင်ပြန်လာတဲ့အခါ အဲဒီအတိုင်းလုပ်နေတဲ့ ကျွန်ကို တွေ့ရင် အဲဒီကျွန်ဟာ ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်။ ၄၄ ကျွန်တော် မှန်တာကိုပြောမယ်။ သခင်က မိမိပိုင်ဆိုင်သမျှကို အဲဒီကျွန်ဆီ အပ်လိမ့်မယ်။ ၄၅ တကယ်လို့ အဲဒီကျွန်က ‘ငါ့သခင် ပြန်လာဖို့ ကြာဦးမယ်’ လို့တွေးပြီး ကျွန်ယောက်ျား၊ ကျွန်မိန်းမတွေကို ရိုက်နှက်မယ်၊ စားသောက်မူးယစ်နေမယ် ဆိုပါစို့။+ ၄၆ သူ မျှော်လင့်မထားတဲ့နေ့၊ ထင်မထားတဲ့အချိန်မှာ သခင်ရောက်လာလိမ့်မယ်။ အဲဒီအခါ သူ့ကို အပြင်းအထန် ဒဏ်စီရင်ပြီး သစ္စာမရှိသူတွေဆီ ပို့ထားလိမ့်မယ်။ ၄၇ အဲဒီကျွန်ဟာ သခင့်အလိုကို သိလျက်နဲ့ အသင့်မပြင်ထားတဲ့အတွက်၊ သခင်တောင်းဆိုတဲ့အတိုင်း မလုပ်ထားတဲ့အတွက် အချက်များစွာ ရိုက်နှက်ခံရလိမ့်မယ်။+ ၄၈ သခင့်အလိုကို မသိဘဲ ရိုက်နှက်ခံထိုက်တဲ့အမှုကို လုပ်မိတဲ့သူကတော့ အနည်းငယ်ပဲ ရိုက်နှက်ခံရလိမ့်မယ်။ အများကြီး ပေးအပ်ခံရသူဆီကနေ အများကြီး ပြန်တောင်းလိမ့်မယ်။ တာဝန်များများရသူဆီက များများတောင်းဆိုလိမ့်မယ်။+
၄၉ “ကမ္ဘာပေါ်မှာ မီးလောင်စေဖို့ ကျွန်တော်လာတာ။ မီးစွဲပြီဖြစ်တဲ့အတွက် ကျွန်တော် ဖြစ်စေချင်တာ ဖြစ်လာပြီ။ ၅၀ ကျွန်တော်ခံယူမယ့် နှစ်ခြင်းတစ်မျိုး ရှိသေးတယ်။ အဲဒါမပြီးမချင်း ကျွန်တော် စိတ်ဆင်းရဲတယ်။+ ၅၁ ကမ္ဘာမြေပေါ်မှာ ငြိမ်သက်မှုရှိအောင်လုပ်ဖို့ ကျွန်တော်လာတယ်လို့ ခင်ဗျားတို့ ထင်နေသလား။ လုံးဝမဟုတ်ဘူး။ စိတ်ဝမ်းကွဲပြားစေဖို့ ကျွန်တော်လာတာ။+ ၅၂ အခုချိန်ကစပြီး လူငါးယောက်ရှိတဲ့ အိမ်ထောင်မှာ သုံးယောက်က ကျန်တဲ့နှစ်ယောက်နဲ့၊ နှစ်ယောက်က ကျန်တဲ့သုံးယောက်နဲ့ စိတ်ဝမ်းကွဲလိမ့်မယ်။ ၅၃ အဖေနဲ့သား၊ သားနဲ့အဖေ၊ အမေနဲ့သမီး၊ သမီးနဲ့အမေ၊ ယောက္ခမနဲ့ချွေးမ၊ ချွေးမနဲ့ယောက္ခမ အချင်းချင်း စိတ်ဝမ်းကွဲကြလိမ့်မယ်”+ လို့ဖြေတယ်။
၅၄ အဲဒီနောက် ယေရှုက လူအုပ်ကို အခုလိုပြောတယ်– “ခင်ဗျားတို့ဟာ အနောက်အရပ်ကနေ မိုးတိမ်တက်လာတာကို မြင်တဲ့အခါ ‘မုန်တိုင်းလာတော့မယ်’ လို့ပြောတတ်ကြတယ်။ ပြောတဲ့အတိုင်းလည်း ဖြစ်တတ်တယ်။ ၅၅ တောင်လေ တိုက်ခတ်တာကို မြင်တဲ့အခါ ‘အရမ်းပူလိမ့်မယ်’ လို့ပြောတတ်ကြတယ်။ ပြောတဲ့အတိုင်းလည်း ဖြစ်တတ်တယ်။ ၅၆ သူတော်ကောင်းယောင်ဆောင်သူတို့၊ ခင်ဗျားတို့က ရာသီဥတုကို ခန့်မှန်းတတ်ပေမဲ့ ဒီအချိန်ကာလအကြောင်းကို ဘာလို့ မဆန်းစစ်တတ်တာလဲ။+ ၅၇ မှန်တာကိုလုပ်ဖို့ ဘာလို့ ကိုယ်တိုင် မဆုံးဖြတ်ကြတာလဲ။ ၅၈ ခင်ဗျားကို တရားစွဲတဲ့သူနဲ့အတူ အာဏာပိုင်လူကြီးဆီ သွားနေတုန်းမှာပဲ ပြေလည်အောင် ချက်ချင်းလုပ်ပါ။ အဲဒီလိုမလုပ်ရင် ခင်ဗျားကို တရားသူကြီးလက်ထဲ အပ်လိမ့်မယ်။ တရားသူကြီးကလည်း အရာရှိလက်ထဲ အပ်ပြီး ခင်ဗျားကို ထောင်ချလိမ့်မယ်။+ ၅၉ ကျွန်တော်ပြောမယ်။ ခင်ဗျားဟာ ငွေ* တစ်ပြားမကျန် မပေးမချင်း ထောင်ကနေ ထွက်ရမှာ မဟုတ်ဘူး။”