မာကု
၁၂ အဲဒီနောက် ယေရှုက ပုံဥပမာတွေသုံးပြီး လူတွေကို ဟောပြောတယ်– “လူတစ်ယောက်က စပျစ်ခြံကို စိုက်ပျိုးပြီး+ ခြံစည်းရိုးခတ်တယ်။ စပျစ်သီးနယ်ဖို့ ကျင်းကိုတူးပြီး လင့်စင်ဆောက်တယ်။+ ပြီးတော့ ခြံလုပ်သားတွေကို သီးစားချပြီးတဲ့နောက် ခရီးထွက်သွားတယ်။+ ၂ အသီးခူးချိန်ရောက်တဲ့အခါ ခြံလုပ်သားတွေဆီ ကျွန်တစ်ယောက် လွှတ်ပြီး သူရမယ့်ဝေစုကို တောင်းခိုင်းတယ်။ ၃ ဒါပေမဲ့ ခြံလုပ်သားတွေက ကျွန်ကို ဖမ်းဆီးရိုက်နှက်ပြီး လက်ဗလာနဲ့ ပြန်လွှတ်လိုက်တယ်။ ၄ ကျွန်နောက်တစ်ယောက်ကို လွှတ်တဲ့အခါ ခြံလုပ်သားတွေက သူ့ခေါင်းကို ရိုက်ပြီး အရှက်ခွဲလိုက်တယ်။+ ၅ နောက်တစ်ယောက်ကို ထပ်လွှတ်တော့လည်း သတ်လိုက်ပြန်တယ်။ ဒါနဲ့ ကျွန်အများကြီးကို လွှတ်တဲ့အခါ တချို့ကို ရိုက်နှက်ပြီး တချို့ကို သတ်ပစ်တယ်။ ၆ ခြံပိုင်ရှင်မှာ ချစ်ရတဲ့သားတစ်ယောက် ရှိတယ်။+ နောက်ဆုံးမှာ ‘ငါ့သားကိုတော့ လေးစားကြမှာပါ’ လို့တွေးပြီး သားကို လွှတ်လိုက်တယ်။ ၇ ဒါပေမဲ့ ခြံလုပ်သားတွေက ‘ဒီခြံကို အမွေဆက်ခံမယ့် သူပဲ။+ သူ့ကို သတ်ပစ်ရအောင်။ ဒါဆိုရင် သူ့အမွေကို ငါတို့ရပြီ’ လို့တိုင်ပင်ကြတယ်။ ၈ ဒါနဲ့ သူ့ကို ဖမ်းဆီးသတ်ဖြတ်ပြီး ခြံပြင်ဆွဲထုတ်တယ်။+ ၉ ဒီတော့ ခြံပိုင်ရှင် ဘာလုပ်မလဲ။ သူကိုယ်တိုင် စပျစ်ခြံကိုလာ၊ ခြံလုပ်သားတွေကို သတ်ပစ်ပြီးတဲ့နောက် တခြားလူတွေဆီ ခြံကို ငှားမှာပေါ့။+ ၁၀ ဒီကျမ်းစကားကို ခင်ဗျားတို့ မဖတ်ဖူးကြဘူးလား– ‘တိုက်ကို တည်ဆောက်သူတွေ ပယ်ထားတဲ့ ကျောက်ဟာ ထိပ်ဆုံးက ထောင့်ချုပ်ကျောက် ဖြစ်လာပြီ။+ ၁၁ ဒီကျောက်ဟာ ယေဟောဝါ* ဆီက လာတယ်။ ငါတို့အမြင်မှာ အံ့သြစရာပဲ’”+ ဆိုတဲ့စကားပဲ။
၁၂ ကျမ်းတတ်နဲ့ ပုရောဟိတ်ကြီးတွေက ယေရှုပြောတဲ့ ပုံဥပမာတွေကို ကြားတဲ့အခါ သူတို့ကို ပြောနေမှန်း ရိပ်မိပြီး ယေရှုကို ဖမ်းချင်တယ်။ ဒါပေမဲ့ လူတွေကို ကြောက်တဲ့အတွက် ယေရှုဆီက ထွက်သွားကြတယ်။+
၁၃ နောက်တော့ သူတို့က ဖာရိရှဲတချို့နဲ့ ဟေရုဒ်ရဲ့ နောက်လိုက်တွေကို ယေရှုဆီ လွှတ်လိုက်တယ်။ ယေရှု စကားပြောမှားတာနဲ့ ဖမ်းဆီးဖို့ပဲ။+ ၁၄ အဲဒီလူတွေ ရောက်လာပြီး “ဆရာ၊ ဆရာဟာ ရိုးဖြောင့်သူ၊ မျက်နှာမလိုက်သူ၊ အပြင်ပန်းကို မကြည့်သူ၊ ဘုရားသခင်ရဲ့ လမ်းစဉ်အကြောင်း အမှန်အတိုင်း သွန်သင်သူဆိုတာ ကျွန်တော်တို့ သိပါတယ်။ တစ်ခုလောက် မေးပါရစေ။ ဆီဇာကို* အခွန်ဆောင်သင့်သလား၊ မဆောင်သင့်ဘူးလား။ ၁၅ ကျွန်တော်တို့ အခွန်ဆောင်ရမလား၊ မဆောင်ရဘူးလား” လို့မေးတယ်။ ယေရှုက သူတို့ရဲ့ပရိယာယ်ကို သိတဲ့အတွက် “ကျွန်တော့်ကို ဘာလို့ အကဲစမ်းနေတာလဲ။ ဒေနာရိ* တစ်ပြား ယူလာခဲ့” လို့ပြောတော့၊ ၁၆ ဒေနာရိတစ်ပြား ယူလာပေးကြတယ်။ ယေရှုက “ဒီမှာ ဘယ်သူ့ပုံလဲ။ ဘယ်သူ့နာမည်လဲ” လို့မေးတဲ့အခါ “ဆီဇာပါ” ဆိုတော့၊ ၁၇ ယေရှုက “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ။+ ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ”+ လို့ဖြေတယ်။ အဲဒီအခါ သူတို့ အံ့သြသွားကြတယ်။
၁၈ ရှင်ပြန်ထမြောက်ခြင်း မရှိဘူးလို့ ပြောကြတဲ့ ဇဒ္ဒုကဲတွေက*+ ယေရှုဆီ လာပြီး၊+ ၁၉ “ဆရာ၊ လူတစ်ယောက်ဟာ သားသမီးမရှိဘဲ ကွယ်လွန်သွားခဲ့ရင် သူ့အစ်ကို ဒါမှမဟုတ် ညီဖြစ်သူက ကျန်ရစ်သူဇနီးကို လက်ထပ်ပြီး ကွယ်လွန်သူရဲ့မျိုးဆက် မပြတ်အောင် ထိန်းသိမ်းရမယ်လို့ မောရှေ ရေးခဲ့ပါတယ်။+ ၂၀ ကျွန်တော်တို့ဆီမှာ ညီအစ်ကို ခုနစ်ယောက် ရှိပါတယ်။ အကြီးဆုံးက အိမ်ထောင်ကျပြီး သားသမီးမရဘဲ သေဆုံးသွားတယ်။ ၂၁ ဒုတိယတစ်ယောက်က ကျန်ရစ်သူဇနီးနဲ့ လက်ထပ်တယ်။ သူလည်း သားသမီးမရဘဲ သေသွားပြန်တယ်။ တတိယတစ်ယောက်လည်း အဲဒီအတိုင်းပဲ။ ၂၂ ဒီလိုနဲ့ ညီအစ်ကို ခုနစ်ယောက်စလုံး သားသမီးမရဘဲ သေဆုံးသွားတယ်။ နောက်ဆုံး အဲဒီအမျိုးသမီးလည်း သေဆုံးသွားတယ်။ ၂၃ သူက ညီအစ်ကို ခုနစ်ယောက်စလုံးနဲ့ လက်ထပ်ခဲ့တဲ့အတွက် ရှင်ပြန်ထမြောက်လာတဲ့အခါ ဘယ်သူ့ဇနီး ဖြစ်မှာလဲ” လို့မေးတယ်။ ၂၄ ယေရှုက “ခင်ဗျားတို့ မှားနေပြီ။ ကျမ်းစကားကိုရော ဘုရားသခင်ရဲ့တန်ခိုး လုပ်ဆောင်ပုံကိုပါ နားမလည်ကြဘဲကိုး။+ ၂၅ လူတွေ သေရာကနေ အသက်ပြန်ရှင်လာတဲ့အခါ ထိမ်းမြားပေးစားတာမျိုး မရှိတော့ဘူး။ ကောင်းကင်တမန်တွေလို ဖြစ်လိမ့်မယ်။+ ၂၆ မီးလောင်နေတဲ့ ချုံပုတ်အကြောင်း မောရှေရေးခဲ့တဲ့ မှတ်တမ်းကို ခင်ဗျားတို့ မဖတ်ဖူးဘူးလား။ အဲဒီမှာ ‘ငါဟာ အာဗြဟံရဲ့ဘုရား၊ အိဇက်ရဲ့ဘုရား၊ ယာကုပ်ရဲ့ဘုရား’ ဆိုပြီး မောရှေကို ဘုရားသခင် ပြောတာဟာ သေလွန်သူတွေ ရှင်ပြန်ထမြောက်တဲ့အကြောင်းပဲ။+ ၂၇ ဘုရားသခင်ဟာ သေလွန်သူတွေရဲ့ဘုရား မဟုတ်ဘူး။ အသက်ရှင်သူတွေရဲ့ဘုရား ဖြစ်တယ်။ ခင်ဗျားတို့ အမှားကြီး မှားနေပြီ”+ လို့ဖြေတယ်။
၂၈ သူတို့ဆွေးနွေးတာကို လာနားထောင်နေတဲ့ ကျမ်းတတ်တစ်ယောက်က ယေရှု ချက်ကျလက်ကျ ဖြေတာကို ကြားတဲ့အခါ “ပညတ်တွေထဲမှာ ဘယ်ပညတ်ဟာ အရေးကြီးဆုံးလဲ”+ လို့မေးတယ်။ ၂၉ ယေရှုက “‘အစ္စရေးတို့၊ နားထောင်ကြပါ။ ကျွန်တော်တို့ရဲ့ဘုရားသခင် ယေဟောဝါဟာ* တစ်ဆူတည်းသော ယေဟောဝါပဲ။* ၃၀ ယေဟောဝါ* ဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်ပါ’+ ဆိုတဲ့ပညတ်ဟာ အရေးကြီးဆုံးပဲ။ ၃၁ ဒုတိယကတော့ ‘လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ’+ ဆိုတဲ့ပညတ်ပဲ။ ဒီထက်အရေးကြီးတဲ့ပညတ် မရှိဘူး” လို့ဖြေတယ်။ ၃၂ ကျမ်းတတ်က “ဆရာပြောတာ မှန်လိုက်တာ။ ‘ဘုရားသခင်ဟာ တစ်ဆူတည်းသော ဘုရားပဲ။ ကိုယ်တော့်လို ဘုရားမျိုး မရှိဘူး။’+ ၃၃ ဘုရားသခင်ကို စိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်တာ၊ လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်တာဟာ အကုန်အစင် မီးရှို့ပူဇော်တဲ့အလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သတာထက် ပိုအရေးကြီးပါတယ်”+ လို့ပြောတယ်။ ၃၄ ဉာဏ်သုံးပြီး သူပြောလိုက်မှန်း ယေရှုသိတဲ့အတွက် “ခင်ဗျားဟာ ဘုရားသခင့် နိုင်ငံတော်နဲ့ မဝေးဘူး” လို့ပြောတယ်။ ဒါနဲ့ ယေရှုကို ဘယ်သူမှ ထပ်မမေးရဲကြတော့ဘူး။+
၃၅ အဲဒီအခါ ဗိမာန်တော်မှာသွန်သင်နေတဲ့ ယေရှုက “ကျမ်းတတ်တွေက ခရစ်တော်ကို ဒါဝိဒ်ရဲ့သားဆိုပြီး ဘာဖြစ်လို့ခေါ်တာလဲ။+ ၃၆ ‘ယေဟောဝါက* “ရန်သူတွေကို မင်းရဲ့ခြေအောက်မှာ မချခင်အထိ ငါ့ညာဘက်မှာ ထိုင်နေပါ” လို့ ငါ့သခင်ကို ပြောတယ်’+ ဆိုပြီး ဒါဝိဒ်ကိုယ်တိုင် စွမ်းအားတော်ရရှိပြီး+ ပြောခဲ့တာပဲ။ ၃၇ ဒါဝိဒ်ကတောင် သခင်လို့ ခေါ်တယ်ဆိုတော့ ခရစ်တော်ဟာ ဘယ်လိုလုပ်ပြီး ဒါဝိဒ်ရဲ့သား ဖြစ်နိုင်မှာလဲ”+ လို့ပြောတယ်။
လူအုပ်က ယေရှုပြောတာကိုသဘောကျပြီး နားထောင်နေကြတယ်။ ၃၈ ယေရှုက “ကျမ်းတတ်တွေကို သတိထားကြ။ သူတို့က ဝတ်လုံရှည်တွေ ဝတ်ပြီး သွားလာချင်တယ်။ စျေးမှာ ရိုရိုသေသေ နှုတ်ဆက်တာကို ခံချင်တယ်။+ ၃၉ တရားဇရပ်ဆိုရင် ရှေ့ဆုံးခုံမှာ၊ စားသောက်ပွဲဆိုရင်လည်း အထင်ပေါ်ဆုံးနေရာမှာပဲ သူတို့ထိုင်ချင်တယ်။+ ၄၀ မုဆိုးမတွေရဲ့အိမ်ကို မတရား သိမ်းယူတတ်တယ်။ လူမြင်ကောင်းအောင်အရှည်ကြီး ဆုတောင်းတတ်တယ်။ ဒါကြောင့် ပိုကြီးလေးတဲ့ ပြစ်ဒဏ်ကို သူတို့ခံရလိမ့်မယ်” လို့သွန်သင်တယ်။
၄၁ ယေရှုက အလှူငွေပုံးတွေကို+ လှမ်းမြင်ရတဲ့နေရာမှာ ထိုင်ပြီး လူတွေ အလှူငွေ ထည့်တာကို ကြည့်နေတယ်။ ချမ်းသာသူတွေက ဒင်္ဂါးအများကြီး ထည့်ကြတယ်။+ ၄၂ အဲဒီအခါ ဆင်းရဲတဲ့ မုဆိုးမတစ်ယောက် ရောက်လာပြီး တန်ဖိုးသိပ်မရှိတဲ့ ဒင်္ဂါးငယ်နှစ်ပြားကို* ထည့်လိုက်တယ်။+ ၄၃ ယေရှုက တပည့်တွေကို ခေါ်ပြီး “ကျွန်တော် မှန်တာကိုပြောမယ်။ ဆင်းရဲတဲ့ ဒီမုဆိုးမရဲ့ အလှူငွေဟာ တခြားသူအားလုံးရဲ့ အလှူငွေထက် ပိုများတယ်။+ ၄၄ ဘာလို့လဲဆိုတော့ တခြားသူတွေက ပိုလျှံတဲ့ငွေကို ထည့်ကြတာ။ ဒီမုဆိုးမကတော့ ဆင်းရဲပေမဲ့ ရှိစုမဲ့စု ဝမ်းစာကို အကုန်ထည့်လိုက်တာ”+ လို့ပြောတယ်။