ယောဟန်
၈ ၁၂ အဲဒီနောက် ယေရှုက “ကျွန်တော်ဟာ ဒီလောကရဲ့ အလင်းပဲ။+ ကျွန်တော့်ရဲ့ နောက်လိုက်တွေဟာ ဘယ်တော့မှ မှောင်မိုက်ထဲ သွားလာရမှာ မဟုတ်ဘူး။ အသက်ရစေတဲ့ အလင်းကို ပိုင်ဆိုင်ရလိမ့်မယ်”+ လို့ပြောတယ်။ ၁၃ အဲဒီအခါ ဖာရိရှဲတွေက “ခင်ဗျားက ကိုယ့်အကြောင်းကိုယ်ပဲ သက်သေခံနေတော့ ခင်ဗျားစကားတွေ ဘယ်မှန်မလဲ” လို့ပြောကြတယ်။ ၁၄ ယေရှုက “ကိုယ့်အကြောင်းကိုယ် သက်သေခံနေတာဆိုပေမဲ့ ကျွန်တော့်စကားတွေဟာ အမှန်ပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဘယ်ကလာတယ်၊ ဘယ်ကိုသွားနေတယ်ဆိုတာ ကျွန်တော်သိတယ်။+ ခင်ဗျားတို့ကတော့ ကျွန်တော် ဘယ်ကလာလို့ ဘယ်ကိုသွားနေမှန်း မသိကြဘူး။ ၁၅ ခင်ဗျားတို့က အပြင်ပန်းကိုပဲ ကြည့်ပြီး တရားစီရင်တတ်ကြတယ်။+ ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ မစီရင်ဘူး။ ၁၆ တရားစီရင်မယ်ဆိုရင်တောင် ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘဲ ကျွန်တော့်ကိုစေလွှတ်တဲ့ အဖပါ အတူရှိနေတဲ့အတွက် ကျွန်တော့်ရဲ့ တရားစီရင်ချက်ဟာ ဖြောင့်မှန်တယ်။+ ၁၇ ခင်ဗျားတို့ရဲ့ ပညတ်ကျမ်းမှာလည်း ‘လူနှစ်ဦး သက်သေထွက်ဆိုရင် မှန်တယ်’ ဆိုပြီး ရေးထားတာပဲ။+ ၁၈ ကျွန်တော်က ကိုယ့်အကြောင်းကိုယ် သက်သေခံသလို ကျွန်တော့်ကိုစေလွှတ်တဲ့ အဖကလည်း ကျွန်တော့်အကြောင်း သက်သေခံတယ်”+ လို့ပြောတော့၊ ၁၉ သူတို့က “ခင်ဗျားရဲ့ အဖဆိုတာ ဘယ်မှာလဲ” လို့မေးကြတယ်။ ယေရှုက “ကျွန်တော့်ကို မသိမှတော့ ကျွန်တော့်အဖကိုလည်း ခင်ဗျားတို့သိမှာ မဟုတ်ဘူး။+ ကျွန်တော့်ကိုသိရင် အဖကိုလည်း သိမှာပဲ”+ လို့ပြောလိုက်တယ်။ ၂၀ ဒီစကားတွေကို ဗိမာန်တော်ထဲက ဘဏ္ဍာတိုက်မှာ+ သွန်သင်နေတုန်း ယေရှုပြောခဲ့တာ။ ဒါပေမဲ့ အချိန်မကျသေးတဲ့အတွက် ဘယ်သူမှ သူ့ကို မဖမ်းဆီးကြဘူး။+
၂၁ ယေရှုက “ကျွန်တော် သွားရတော့မယ်။ ခင်ဗျားတို့ ကျွန်တော့်ကို ရှာကြမှာပဲ။ ဒါပေမဲ့ အပြစ်သားအဖြစ်နဲ့ပဲ ခင်ဗျားတို့ သေရလိမ့်မယ်။+ ကျွန်တော်သွားမယ့်နေရာကို ခင်ဗျားတို့ မလာနိုင်ဘူး”+ လို့ပြောပြန်တယ်။ ၂၂ ဒါနဲ့ ဂျူးတွေက “‘ကျွန်တော်သွားမယ့်နေရာကို ခင်ဗျားတို့ မလာနိုင်ဘူး” ဆိုတော့ သူ့ကိုယ်သူ သတ်သေမလားမသိဘူး” လို့ပြောတယ်။ ၂၃ ယေရှုက “ခင်ဗျားတို့ဟာ အောက်အရပ်က၊ ကျွန်တော်ကတော့ အထက်အရပ်က ဖြစ်တယ်။+ ခင်ဗျားတို့ဟာ ဒီလောကက၊ ကျွန်တော်ကတော့ ဒီလောကက မဟုတ်ဘူး။ ၂၄ ဒါကြောင့် ခင်ဗျားတို့ အပြစ်သားအဖြစ်နဲ့ပဲ သေရလိမ့်မယ်လို့ ကျွန်တော် ပြောတာ။ ကျွန်တော်ဟာ အဲဒီတစ်ယောက်ပဲဆိုတာကို မယုံရင် အပြစ်သားအဖြစ်နဲ့ပဲ ခင်ဗျားတို့ သေရလိမ့်မယ်” လို့ပြောတယ်။ ၂၅ အဲဒီအခါ သူတို့က “ဒါဆို ခင်ဗျား ဘယ်သူလဲ” လို့မေးတော့ ယေရှုက “ပြောပြရင်လည်း အချိန်ကုန်ရုံပဲ ရှိမယ်။ ၂၆ တကယ်တော့ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ပြောစရာအများကြီး ရှိတယ်။ စီရင်ချက်ချစရာလည်း အများကြီးရှိတယ်။ ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ဟာ အမှန်အတိုင်းပဲ ပြောတယ်။ ကျွန်တော်လည်း သူ့ဆီကကြားခဲ့တာတွေကိုပဲ ဒီလောကမှာ ပြန်ပြောတယ်”+ လို့ဖြေတယ်။ ၂၇ အဖဘုရားအကြောင်း သူပြောနေမှန်း သူတို့ မရိပ်မိကြဘူး။ ၂၈ ဒါကြောင့် ယေရှုက “လူသားကို သစ်တိုင်ပေါ် မြှောက်ထားတဲ့အခါကျမှ+ ကျွန်တော်ဟာ အဲဒီတစ်ယောက်ပဲ၊+ ကိုယ်တိုင်အစပြုပြီး ဘာတစ်ခုမှ မလုပ်ဘူး၊+ ကျွန်တော့်အဖ သင်ပေးတဲ့အတိုင်း ပြောတယ်ဆိုတာကို ခင်ဗျားတို့ သိရလိမ့်မယ်။ ၂၉ ကျွန်တော့်ကိုစေလွှတ်တဲ့အရှင်ဟာ ကျွန်တော်နဲ့အတူ ရှိတယ်။ သူနှစ်သက်တာကိုပဲ အမြဲလုပ်တဲ့အတွက် ကျွန်တော့်ကို တစ်ယောက်တည်း စွန့်ပစ်မှာ မဟုတ်ဘူး”+ လို့ပြောတယ်။ ၃၀ အဲဒီစကားတွေကို ကြားတဲ့အခါ လူအတော်များများ ယေရှုကို ယုံကြည်လာကြတယ်။
၃၁ အဲဒီနောက် ယေရှုက ယုံကြည်သူဂျူးတွေကို “ခင်ဗျားတို့သာ ကျွန်တော့်စကားကို အမြဲလိုက်နာရင် ကျွန်တော့်တပည့်အစစ် ဖြစ်ရုံမက၊ ၃၂ အမှန်တရားကိုပါ သိရလိမ့်မယ်။+ အဲဒီအမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်”+ လို့ပြောတယ်။ ၃၃ ဒါနဲ့ တခြားလူတွေက “ကျုပ်တို့ဟာ အာဗြဟံရဲ့ သားမြေးတွေပါ။ ဘယ်သူ့ဆီမှာမှ ကျွန်ခံဖူးတာ မဟုတ်ဘူး။ ကျုပ်တို့ လွတ်မြောက်လိမ့်မယ်လို့ ခင်ဗျား ဘာကြောင့်ပြောရတာလဲ” ဆိုပြီး မေးတော့၊ ၃၄ ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ အပြစ်လုပ်တဲ့သူဟာ အပြစ်ရဲ့ကျွန်ပဲ။+ ၃၅ ကျွန်ဆိုတာ သခင့်အိမ်မှာ အမြဲနေရမှာ မဟုတ်ဘူး။ သားကပဲ အမြဲနေရတာ။ ၃၆ ဒါကြောင့် သားတော်ကသာ လွှတ်ပေးရင် တကယ်လွတ်မြောက်ကြလိမ့်မယ်။ ၃၇ ခင်ဗျားတို့ဟာ အာဗြဟံရဲ့ သားမြေးတွေမှန်း ကျွန်တော်သိတာပေါ့။ ဒါပေမဲ့ ကျွန်တော့်ကိုသတ်ဖို့ ခင်ဗျားတို့ ကြိုးစားနေတယ်။ ကျွန်တော့်စကားကိုမှ လက်မခံနိုင်ကြတာ။ ၃၈ ကျွန်တော် အဖနဲ့အတူ ရှိတုန်းက မြင်ခဲ့ရတာတွေကို ပြောတယ်။+ ခင်ဗျားတို့လည်း ခင်ဗျားတို့အဖဆီက ကြားခဲ့ရတာတွေကို လုပ်တယ်” လို့ပြောတယ်။ ၃၉ သူတို့က “ကျုပ်တို့အဖဟာ အာဗြဟံပဲ” ဆိုတော့ ယေရှုက “အာဗြဟံရဲ့ သားသမီးမှန်ရင်+ အာဗြဟံရဲ့အကျင့်ကို ကျင့်မှာပေါ့။ ၄၀ အခုတော့ ဘုရားသခင်ဆီက ကြားခဲ့ရတဲ့ အမှန်တရားအကြောင်း+ ပြောပြနေတဲ့ ကျွန်တော့်ကို သတ်ဖို့ ခင်ဗျားတို့ ကြိုးစားနေကြတယ်။ အာဗြဟံက အဲဒီလိုမှ မလုပ်ခဲ့တာ။ ၄၁ ခင်ဗျားတို့က ခင်ဗျားတို့အဖရဲ့ အကျင့်တွေကို ကျင့်နေတာ” လို့ပြောတော့ သူတို့က “ကျုပ်တို့က အကျင့်ပျက်ပြားပြီး* ရလာတဲ့ သားသမီးတွေ မဟုတ်ဘူး။ ကျုပ်တို့မှာ အဖတစ်ယောက်ပဲ ရှိတာ။ အဲဒါ ဘုရားသခင်ပဲ” လို့ပြန်ပြောကြတယ်။
၄၂ အဲဒီအခါ ယေရှုက “ဘုရားသခင်သာ ခင်ဗျားတို့အဖမှန်ရင် ကျွန်တော့်ကို ချစ်ကြမှာပဲ။+ ဘာလို့လဲဆိုတော့ ဘုရားသခင် စေလွှတ်လိုက်လို့ ကျွန်တော် ဒီမှာရှိနေတာ။ ကိုယ့်သဘောနဲ့ကိုယ် လာတာ မဟုတ်ဘူး။ ဘုရားသခင်စေလွှတ်လို့ပါ။+ ၄၃ ကျွန်တော်ပြောနေတာကို ဘာလို့ နားမလည်ကြတာလဲ။ ကျွန်တော့်စကားကို လက်မခံနိုင်လို့ပေါ့။ ၄၄ ခင်ဗျားတို့ရဲ့အဖဟာ မာရ်နတ်ပဲ။ သူ့ဆန္ဒအတိုင်း ခင်ဗျားတို့ လုပ်ချင်ကြတာ။+ သူဟာ အစကတည်းက လူ့အသက်သတ်တဲ့သူပဲ။+ သူ့မှာ အမှန်တရား မရှိတဲ့အတွက် အမှန်တရားမှာ သူ တည်မြဲမနေဘူး။ မုသားပြောသူ၊ မုသားရဲ့အဖ ဖြစ်တဲ့အတွက် လိမ်ညာပြောတဲ့အခါ သူ့ရဲ့ပင်ကိုဉာဉ်အတိုင်း ပြောတတ်တယ်။+ ၄၅ ကျွန်တော်ကတော့ အမှန်တရားကိုပဲ ပြောတဲ့အတွက် ခင်ဗျားတို့ မယုံကြဘူး။ ၄၆ ကျွန်တော့်မှာ အပြစ်ရှိတယ်လို့ ခင်ဗျားတို့ထဲက ဘယ်သူ အထောက်အထား ပြနိုင်သလဲ။ အမှန်တရားကို ပြောတာပါဆိုတော့လည်း ဘာလို့ မယုံကြတာလဲ။ ၄၇ ဘုရားသခင်နဲ့ စပ်ဆိုင်တဲ့သူဟာ ဘုရားသခင်ရဲ့ တရားစကားကို နားထောင်တတ်တယ်။+ ခင်ဗျားတို့ကတော့ ဘုရားသခင်နဲ့ မစပ်ဆိုင်တဲ့အတွက် နားမထောင်ကြဘူး”+ လို့ပြောတယ်။
၄၈ အဲဒီအခါ ဂျူးတွေက “‘ခင်ဗျားဟာ ရှမာရိလူပဲ။+ နတ်ဆိုးပူးနေတာပဲ’+ လို့ ကျုပ်တို့ပြောတာ မှန်နေတယ်မဟုတ်လား” ဆိုပြီး ပြောတော့၊ ၄၉ ယေရှုက “ကျွန်တော် နတ်ဆိုးပူးနေတာ မဟုတ်ဘူး။ ကျွန်တော့်အဖကို ဂုဏ်တင်နေတာ။ ခင်ဗျားတို့ကတော့ ကျွန်တော်ဂုဏ်ပျက်အောင် လုပ်နေတာ။ ၅၀ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဂုဏ်တက်အောင် မလုပ်ဘူး။+ ကျွန်တော့်ကို အကဲဖြတ်တဲ့ အရှင်၊ ဂုဏ်တက်စေတဲ့အရှင် ရှိတယ်။ ၅၁ ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်းပြောမယ်။ ကျွန်တော့်စကားကို လိုက်နာသူဟာ သေခြင်းကို ဘယ်တော့မှ မြင်တွေ့ရမှာ မဟုတ်ဘူး”+ လို့ပြောတယ်။ ၅၂ အဲဒီအခါ ဂျူးတွေက “အခု ကျုပ်တို့သိပြီ။ ခင်ဗျား နတ်ဆိုးပူးနေတာပဲ။ အာဗြဟံရော ပရောဖက်တွေပါ သေဆုံးကုန်ပြီ။ ‘ကျွန်တော့်စကားကို လိုက်နာတဲ့သူဟာ သေခြင်းကို ဘယ်တော့မှ ကြုံတွေ့ရမှာ မဟုတ်ဘူး’ လို့ ခင်ဗျားပြောနေပါလား။ ၅၃ ခင်ဗျားက ဘိုးဘေးအာဗြဟံထက် ပိုကြီးမြတ်လို့လား။ သူ သေဆုံးသွားပြီ။ ပရောဖက်တွေလည်း သေဆုံးသွားကြပြီ။ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဘယ်သူများ မှတ်နေလဲ” လို့ပြောတော့၊ ၅၄ ယေရှုက “ကိုယ့်ကိုယ်ကိုယ် ဂုဏ်တက်အောင်သာ လုပ်နေရင် ကျွန်တော့်ဂုဏ်အသရေဟာ အချည်းနှီးပဲ။ ကျွန်တော့်ကို ဂုဏ်တက်အောင် လုပ်တဲ့သူကတော့ ကျွန်တော့်ရဲ့အဖပဲ။+ ကျုပ်တို့ရဲ့ ဘုရားသခင်ပါလို့ ခင်ဗျားတို့ပြောနေတဲ့ အရှင်ပဲလေ။ ၅၅ အဲဒီအရှင်ကို ခင်ဗျားတို့ မသိပေမဲ့+ ကျွန်တော်ကတော့ သိတယ်။+ မသိဘူးလို့ ကျွန်တော်ပြောလိုက်ရင် ခင်ဗျားတို့လို လူလိမ်ဖြစ်သွားလိမ့်မယ်။ ကျွန်တော် အဲဒီအရှင်ကို တကယ်သိတယ်။ သူ့စကားကိုလည်း လိုက်နာတယ်။ ၅၆ ခင်ဗျားတို့ရဲ့ဘိုးဘေး အာဗြဟံက ကျွန်တော်လာမယ့်နေ့ကို မြင်ရဖို့ မျှော်လင့်ပြီး သိပ်ပျော်ခဲ့တာ။ သူ မြင်ခဲ့ရတယ်၊ ပျော်လည်းပျော်ခဲ့တယ်”+ လို့ပြောတယ်။ ၅၇ “အသက် ၅၀ တောင် မရှိသေးဘဲနဲ့ အာဗြဟံကို ခင်ဗျား မြင်ဖူးတယ်ပေါ့” လို့ ဂျူးတွေမေးတော့၊ ၅၈ ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်းပြောမယ်။ အာဗြဟံ မမွေးခင်ကတည်းက ကျွန်တော်ရှိနေပြီ”+ လို့ပြောတယ်။ ၅၉ အဲဒီအခါ သူတို့ ကျောက်ခဲတွေကောက်ပြီး ပေါက်မယ်လုပ်တော့ ယေရှုက ပုန်းရှောင်ပြီး ဗိမာန်တော်ကနေ ထွက်သွားတယ်။