မဿဲ
၂၈ ဥပုသ်နေ့လွန်၍ သီတင်းပတ်တွင် ပထမနေ့ မိုးလင်းစအချိန်၌ မာဂဒလမာရိနှင့် အခြားသောမာရိသည် သင်္ချိုင်းဂူကို အကြည့်အရှု လာကြ၏။
၂ ထိုအခါ ပြင်းထန်စွာ ငလျင်လှုပ်လေ၏။ အကြောင်းမူကား ယေဟောဝါဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်မှဆင်းလာ၍ ကျောက်ကိုလှိမ့်ဖယ်ပြီးလျှင် ထိုကျောက်ပေါ်မှာ ထိုင်နေ၏။ ၃ သူ၏အဆင်းသဏ္ဌာန်သည် လျှပ်စီးနှင့်တူ၏။ အဝတ်သည် ဆီးနှင်းကဲ့သို့ဖြူ၏။ ၄ အစောင့်အကြပ်တို့သည် ကြောက်ရွံ့တုန်လှုပ်၍ ကြက်သေသေနေကြ၏။
၅ သို့သော် ကောင်းကင်တမန်က ထိုအမျိုးသမီးတို့အား “မကြောက်ကြနှင့်။ သစ်တိုင်တွင် အသတ်ခံရသောယေရှုကို သင်တို့ရှာနေကြောင်း ငါသိ၏။ ၆ ဤနေရာ၌ ကိုယ်တော်မရှိ။ မိန့်တော်မူခဲ့သည့်အတိုင်း ထမြောက်တော်မူပြီ။ လျောင်းတော်မူခဲ့ရာအရပ်ကို လာကြည့်ကြလော့။ ၇ သေခြင်းမှ ကိုယ်တော်ထမြောက်တော်မူကြောင်းကို တပည့်တော်တို့ထံ အလျင်အမြန်သွား၍ ပြောကြလော့။ သင်တို့ထက်အလျင် ဂါလိလဲပြည်သို့ ကြွနှင့်တော်မူပြီ။ ထိုပြည်၌ ကိုယ်တော်ကို တွေ့ရလိမ့်မည်။ သင်တို့အား ငါပြောကြားပြီ” ဟုမိန့်ဆို၏။
၈ ထို့ကြောင့် သူတို့သည် ကြောက်ရွံ့သော်လည်း အလွန်ဝမ်းမြောက်လျက် သင်္ချိုင်းမှ ချက်ချင်းထွက်သွား၍ တပည့်တော်တို့အား ပြောကြားရန် ပြေးသွားကြ၏။ ၉ ထိုအခါ ယေရှုသည် သူတို့ကိုကြိုဆို၍ “မင်္ဂလာရှိပါစေ” ဟုမိန့်တော်မူ၏။ အမျိုးသမီးတို့သည်လည်း ကိုယ်တော်ထံချဉ်းကပ်ပြီး ခြေတော်ကိုဖက်၍ ပျပ်ဝပ်ကြ၏။ ၁၀ ယေရှုကလည်း “မကြောက်ကြနှင့်။ ဂါလိလဲပြည်သို့ သွားရန် ငါ့ညီအစ်ကိုတို့ကို သွား၍ ပြောကြားလော့။ ထိုပြည်၌ သူတို့သည် ငါ့ကိုတွေ့မြင်ကြရလိမ့်မည်” ဟုမိန့်တော်မူ၏။
၁၁ ထိုအမျိုးသမီးတို့ ထွက်သွားကြစဉ် အစောင့်အချို့သည် မြို့ထဲသို့ဝင်၍ ဖြစ်ပျက်လေသမျှကို ယဇ်ပုရောဟိတ်ကြီးတို့အား ပြောကြားကြ၏။ ၁၂ ယဇ်ပုရောဟိတ်ကြီးတို့သည် လူကြီးများနှင့် စုဝေးတိုင်ပင်ပြီးမှ စစ်သူရဲတို့ကို ငွေများစွာပေး၍၊ ၁၃ “‘ညအခါ ကျွန်ုပ်တို့ အိပ်ပျော်နေစဉ် ထိုသူ၏တပည့်တို့သည် လာ၍ အလောင်းကို ခိုးသွားကြသည်’ ဟူ၍ ပြောကြလော့။ ၁၄ ထိုအကြောင်းသည် ဘုရင်ခံ၏နားသို့ ပေါက်ကြားလျှင် သင်တို့ကို အမှုမပတ်စေရန် ငါတို့ ဖျောင်းဖျပေးမည်” ဟု ဆိုကြ၏။ ၁၅ ထိုအခါ သူတို့သည် ငွေများကိုယူ၍ ညွှန်ကြားသည့်အတိုင်း ပြုကြ၏။ ထိုစကားကို ဂျူးတို့သည် ယနေ့တိုင်အောင် အနှံ့အပြား ပြောဆိုကြ၏။
၁၆ တပည့်တော် တစ်ဆယ့်တစ်ပါးမူကား ဂါလိလဲပြည်သို့ ထွက်သွား၍ ယေရှုချိန်းချက်ထားတော်မူသော တောင်ပေါ်သို့ တက်သွားကြ၏။ ၁၇ ကိုယ်တော်ကို တွေ့မြင်သော်၊ ဦးညွှတ်ကြ၏။ အချို့မှာမူ ယုံမှားသံသယဖြစ်ကြ၏။ ၁၈ ယေရှုသည် သူတို့ထံ ချဉ်းကပ်၍ “ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အခွင့်အာဏာရှိသမျှကို ငါ့အား အပ်နှင်းထားပြီ။ ၁၉ ထို့ကြောင့် သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောစွမ်းအားတော်၏နာမ၌ နှစ်ခြင်းပေးကြလော့။ ၂၀ သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့။ ငါသည်လည်း ဤလောကစနစ် နိဂုံးပိုင်းတိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်” ဟုမိန့်တော်မူ၏။