ကောလောသဲ
၃ ခင်ဗျားတို့က ခရစ်တော်နဲ့အတူ အသက်ရှင်လာပြီဆိုရင်+ အထက်အရပ်နဲ့ဆိုင်တဲ့ အရာတွေကိုရဖို့ အမြဲအားထုတ်ကြပါ။ အထက်အရပ်ဟာ ဘုရားသခင်ရဲ့ လက်ယာဘက်၊ ခရစ်တော်ထိုင်တဲ့နေရာပဲ။+ ၂ မြေကြီးနဲ့ဆိုင်တဲ့ အရာတွေကို မစွဲလမ်းဘဲ+ အထက်အရပ်နဲ့ဆိုင်တဲ့ အရာတွေကို စိတ်စွဲလမ်းနေကြပါ။+ ၃ ခင်ဗျားတို့ သေဆုံးခဲ့ပြီဖြစ်လို့ ခင်ဗျားတို့ရဲ့ အသက်ဟာ ခရစ်တော်ရဲ့ လက်ထဲမှာ ရှိတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အလိုတော်နဲ့ ညီတယ်။ ၄ ကျွန်တော်တို့ကို အသက်ရစေတဲ့ ခရစ်တော်+ ဘုန်းထင်ရှားတဲ့အခါ ခင်ဗျားတို့လည်း ခရစ်တော်နဲ့အတူ ဘုန်းထင်ရှားလိမ့်မယ်။+
၅ ဒါကြောင့် လိင်အကျင့်ယိုယွင်းခြင်း၊* ညစ်ညူးစွာကျင့်ခြင်း၊ ရမ္မက်ဆန္ဒကို မချုပ်တည်းခြင်း၊+ မကောင်းတဲ့ လိုအင်ဆန္ဒရှိခြင်း၊ လောဘကြီးခြင်းကို ဖြစ်ပေါ်စေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို* သေစေကြပါ။+ လောဘကြီးခြင်းဟာ ရုပ်တုကိုးကွယ်ခြင်းပဲ။ ၆ အဲဒီအရာတွေကို လုပ်တဲ့သူတွေဟာ ဘုရားသခင့် အမျက်တော် ခံရလိမ့်မယ်။ ၇ ခင်ဗျားတို့ဟာ တစ်ချိန်က အဲဒီအကျင့်တွေအတိုင်း ကျင့်ကြံနေထိုင်ခဲ့ကြတယ်။+ ၈ အခုတော့ ဒေါသကြီးတာ၊ စိတ်ဆိုးတာ၊ ဆိုးသွမ်းတာ၊+ ဆဲဆိုတာ၊+ ညစ်ညမ်းတဲ့စကား ပြောတာတွေကို+ ရှောင်ရမယ်။ ၉ အချင်းချင်း မလိမ်ကြနဲ့။+ စရိုက်ဟောင်းကိုရော စရိုက်ဟောင်းရဲ့ အကျင့်တွေကိုပါ ချွတ်ပယ်ကြပါ။+ ၁၀ ဘုရားသခင် ပေးထားတဲ့ စရိုက်သစ်ကို ဝတ်ဆင်ကြပါ။+ အဲဒီစရိုက်သစ်ဟာ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်နဲ့ ကိုက်ညီတယ်။+ ဒါကြောင့် ဘုရားသခင်ကို တိကျမှန်ကန်စွာ သိလာတာနဲ့အမျှ လူသစ်တွေဖြစ်အောင် အမြဲလုပ်နေရမယ်။ ၁၁ စရိုက်သစ်ကို ဝတ်ဆင်မယ်ဆိုရင် ဂျူးလူမျိုး၊ ဂရိလူမျိုး၊ အရေဖျားဖြတ်ထားသူ၊ အရေဖျားမဖြတ်ထားသူ၊ တိုင်းတစ်ပါးသား၊ သကုသိလူ၊* အစေခံကျွန်၊ လွတ်လပ်သူဆိုပြီး ရှိတော့မှာ မဟုတ်ဘူး။ ခရစ်တော်က အရာအားလုံးကို ဆက်စပ်ပေါင်းစည်းပေးတယ်။ သူ့လက်အောက်မှာ ကျွန်တော်တို့ရှိနေတယ်။+
၁၂ ဒါကြောင့် ဘုရားသခင် ရွေးချယ်သူတွေ၊+ သန့်ရှင်းသူတွေ၊ ချစ်မြတ်နိုးခံရသူတွေအနေနဲ့ ချစ်ခင်စာနာခြင်း၊+ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊+ နူးညံ့သိမ်မွေ့ခြင်း၊+ စိတ်ရှည်ခြင်းတို့ကို+ ဝတ်ဆင်ကြပါ။ ၁၃ အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင်+ ဆက်ပြီးသည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။+ ယေဟောဝါက* ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ။+ ၁၄ အဲဒါတွေအပြင် မေတ္တာကိုလည်း ဝတ်ဆင်ကြပါ။+ ဘာလို့လဲဆိုတော့ မေတ္တာဟာ စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုးပဲ။+
၁၅ ဒါ့အပြင် ခင်ဗျားတို့ရင်ထဲမှာ ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း စိုးမိုးပါစေ။+ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ခန္ဓာကိုယ်တစ်ခုတည်း ဖြစ်လာအောင်၊ အဲဒီငြိမ်သက်ခြင်းကို ခံစားနိုင်အောင် ခင်ဗျားတို့ကို ဘုရားသခင် ရွေးချယ်ထားလို့ပဲ။ ပြီးတော့ ကျေးဇူးသိတတ်ကြပါ။ ၁၆ ခရစ်တော်ရဲ့ တရားစကားက ခင်ဗျားတို့ရင်ထဲမှာ အပြည့်အဝ ကိန်းအောင်းပြီး ခင်ဗျားတို့ကို ဉာဏ်ပညာရှိလာအောင် လုပ်ပေးပါစေ။ ဆာလံသီချင်းတွေ၊+ ဘုရားသခင်ကို ချီးမွမ်းတဲ့ သီချင်းတွေ သီဆိုပြီး၊ ဓမ္မသီချင်းတွေကို ကျေးဇူးတင်စိတ်နဲ့သီဆိုပြီး အချင်းချင်း သွန်သင်အားပေးကြပါ။ ယေဟောဝါကို* လှိုက်လှိုက်လှဲလှဲ သီဆိုချီးမွမ်းကြပါ။+ ၁၇ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် သခင်ယေရှုရဲ့နာမည်ကို ထောက်ပြီး ပြောဆိုပြုမူကြပါ။ ယေရှုကတစ်ဆင့် အဖဘုရားသခင်ကို ကျေးဇူးတင်ကြပါ။+
၁၈ ဇနီးတို့၊ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြပါ။+ ခရစ်ယာန်တွေဟာ အဲဒီလိုပဲ လက်အောက်ခံသင့်တယ်။ ၁၉ ခင်ပွန်းတို့၊ ဇနီးကို ချစ်မြဲချစ်ကြပါ။+ သူတို့ကို တရားလွန် ဒေါသမထွက်ပါနဲ့။*+ ၂၀ သားသမီးတို့၊ မိဘစကားကို အရာရာမှာ နာခံကြပါ။+ အဲဒီလိုနာခံတာကို သခင်နှစ်သက်တယ်။ ၂၁ ဖခင်တို့၊ သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။+ အဲဒီလိုလုပ်ရင် သူတို့ စိတ်ပျက်သွားလိမ့်မယ်။ ၂၂ အစေခံကျွန်တို့၊ ကိုယ့်သခင်ကို အရာရာမှာ နာခံကြပါ။+ မျက်နှာလိုမျက်နှာရ လုပ်တတ်သူတွေလို လူမြင်ကောင်းဖို့လောက်သာ မဟုတ်ဘဲ စိတ်ရင်းမှန်နဲ့၊ ယေဟောဝါကို* ကြောက်ရွံ့တဲ့စိတ်နဲ့ နာခံကြပါ။ ၂၃ ဘာပဲလုပ်လုပ် လူတွေအတွက် မဟုတ်ဘဲ ယေဟောဝါ* အတွက် လုပ်နေတယ်လို့ သဘောထားပြီး စိတ်ရောကိုယ်ပါ လုပ်ဆောင်ကြပါ။+ ၂၄ ဆုကျေးဇူးအနေနဲ့ ယေဟောဝါ* ဆီကနေ အမွေရရှိမယ်ဆိုတာ+ ခင်ဗျားတို့ သိနေတာပဲ။ သခင်ခရစ်တော်အတွက် အစေခံကြပါ။ ၂၅ မကောင်းတာလုပ်တဲ့သူဟာ မကောင်းတဲ့လုပ်ရပ်ရဲ့ အကျိုးဆက်ကို ပြန်ခံရလိမ့်မယ်။+ ဘုရားသခင်ဟာ မျက်နှာမလိုက်တတ်ဘူး။+