ယေရမိ
၁ ဒါဟာ ဗင်ယာမိန်နယ်မြေ၊ အာနသုတ်မြို့က+ ပုရောဟိတ်တစ်ယောက်ဖြစ်တဲ့ ဟိလခိရဲ့သား ယေရမိ* ပြောတဲ့စကားတွေပဲ။ ၂ အာမုန်ရဲ့သား+ ယုဒဘုရင်ယောရှိ+ နန်းစံ ၁၃ နှစ်မှာ ယေရမိဆီ ယေဟောဝါရဲ့စကားတော် ရောက်လာတယ်။ ၃ ယောရှိရဲ့သား ယုဒဘုရင်ယောယကိမ်+ လက်ထက်မှာလည်း စကားတော် ရောက်လာတယ်။ ယောရှိရဲ့သား ယုဒဘုရင်ဇေဒကိ+ နန်းစံ ၁၁ နှစ်ကုန်ဆုံးချိန်မှာရော၊ ငါးလပိုင်း ဂျေရုဆလင်မြို့ ပြည်နှင်ဒဏ်ခံရချိန်မှာပါ စကားတော် ရောက်လာတယ်။+
၄ ယေဟောဝါက–
၅ “မင်းကို မိခင်ဝမ်းထဲမှာ ပုံမသွင်းခင်ကတည်းက ငါသိတယ်။+
မင်း မမွေးခင်ကတည်းက မင်းကို သီးသန့်ဖယ်ထားတယ်။+
လူမျိုးတွေအတွက် ပရောဖက်အဖြစ် ငါခန့်ထားတယ်” လို့ပြောတော့၊
၆ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊
ကျွန်တော်ဟာ လူငယ်လေးပါ။+ ပြောတတ်ဆိုတတ်သူ မဟုတ်ပါဘူး” လို့ဖြေတယ်။+
၇ ဒါနဲ့ ယေဟောဝါက “‘ကျွန်တော်ဟာ လူငယ်လေးပါ’ လို့မပြောနဲ့။
ငါစေလွှတ်မယ့်သူတွေဆီ မင်း သွားရမယ်။
ငါမိန့်မှာသမျှ ပြောရမယ်။+
၈ သူတို့ရဲ့ပုံစံကို ကြည့်ပြီး မကြောက်ပါနဲ့။+
‘မင်းကိုကယ်ဖို့ မင်းနဲ့အတူ ငါရှိတယ်၊’+ ဒါဟာ ငါယေဟောဝါ ပြောတဲ့စကားပဲ” လို့ ပြောတယ်။
၉ အဲဒီနောက် ယေဟောဝါက လက်ကိုဆန့်ပြီး ကျွန်တော့်နှုတ်ခမ်းကို တို့လိုက်တယ်။+ ပြီးတော့ ယေဟောဝါက “ငါ့စကားတွေကို မင်းရဲ့နှုတ်မှာ ငါထည့်ထားပြီ။+ ၁၀ နုတ်ပစ်ဖို့၊ ဖြိုဖျက်ဖို့၊ ဖြိုချဖျက်ဆီးဖို့၊ တည်ဆောက်ဖို့၊ စိုက်ပျိုးဖို့ လူမျိုးတွေ၊ တိုင်းနိုင်ငံတွေအပေါ်မှာ မင်းကို ဒီနေ့ တာဝန်ပေးလိုက်ပြီ” လို့ပြောတယ်။+
၁၁ အဲဒီနောက် ယေဟောဝါက “ယေရမိ၊ မင်း ဘာမြင်သလဲ” လို့မေးတဲ့အခါ “ဗာဒံပင်* အကိုင်းကို မြင်ပါတယ်” လို့ဖြေတယ်။
၁၂ အဲဒီအခါ ယေဟောဝါက “မင်းပြောတာ မှန်တယ်။ ငါ့စကားကိုအကောင်အထည်ဖော်ဖို့ ငါနိုးကြားနေတယ်” ဆိုပြီး ပြောတယ်။
၁၃ ယေဟောဝါက “ဘာမြင်သလဲ” လို့ထပ်မေးတယ်။ “ပွက်ပွက်ဆူနေတဲ့ ဟင်းအိုးကို မြင်ပါတယ်။ အိုးနှုတ်ခမ်းက မြောက်ဘက်ကနေ တောင်ဘက်ကို စောင်းနေတယ်” လို့ ကျွန်တော်ဖြေတော့၊
၁၄ ယေဟောဝါ ပြောတယ်–
“ဘေးဆိုးက မြောက်အရပ်ကနေ ရောက်လာပြီး
ပြည်သူပြည်သားအားလုံးအပေါ် ကျရောက်လိမ့်မယ်။+
၁၅ ငါယေဟောဝါပြောမယ်– ‘မြောက်အရပ်မှာရှိတဲ့ တိုင်းနိုင်ငံတွေရဲ့ မျိုးနွယ်အားလုံးကို ငါဆင့်ခေါ်မယ်။+
အဲဒီမျိုးနွယ်တွေ ရောက်လာပြီး ဂျေရုဆလင်မြို့တံခါးတွေမှာ ရာဇပလ္လင်တွေ တည်လိမ့်မယ်။+
ပတ်လည်မှာရှိတဲ့ မြို့ရိုးတွေ၊
ယုဒမြို့တွေကို တိုက်ခိုက်လိမ့်မယ်။+
၁၆ သူတို့က ငါ့ကို စွန့်ပစ်တယ်။+
တခြားဘုရားတွေဆီ ယဇ်တွေ မီးရှို့ပူဇော်တယ်။+
ကိုယ့်လက်နဲ့ လုပ်တဲ့အရာတွေကို ဦးချတယ်။+
အဲဒီမကောင်းမှုတွေကြောင့် သူတို့အပေါ် ငါ့တရားစီရင်ချက်တွေကို ကြေညာမယ်။’
၁၇ မင်းကတော့ အသင့်ပြင်ထားပါ။
ငါမိန့်မှာသမျှ သူတို့ကို သွားပြောလိုက်ပါ။
သူတို့ကို မကြောက်ပါနဲ့။+
ကြောက်နေရင် သူတို့ရှေ့မှာ မင်း ပိုကြောက်လာအောင် ငါလုပ်မယ်။
၁၈ ယုဒဘုရင်တွေ၊ မင်းညီမင်းသားတွေ၊ ပုရောဟိတ်တွေ၊
ပြည်သူပြည်သားတွေရှေ့၊+
တစ်ပြည်လုံးရှေ့ ကြံ့ကြံ့ခံနိုင်အောင် ဒီနေ့ မင်းကို သံတိုင်၊ ခံတပ်မြို့၊
ကြေးနီမြို့ရိုးလို ဖြစ်စေပြီ။+
၁၉ မင်းကို သူတို့ ကျိန်းသေတိုက်ခိုက်မယ်။
ဒါပေမဲ့ အနိုင်ရမှာ မဟုတ်ဘူး။
‘မင်းကိုကယ်ဖို့ မင်းနဲ့အတူ ငါရှိနေတယ်၊’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”
၂ ကျွန်တော့်ကို ယေဟောဝါ ပြောတယ်– ၂ “ဂျေရုဆလင်မြို့ကိုသွားပြီး အားလုံးကြားအောင် ကြေညာပါ။ ‘ယေဟောဝါ ပြောတာက–
“မင်း ငယ်ငယ်တုန်းက ကိုးကွယ်ဆည်းကပ်ခဲ့တာ၊*+
လက်ထပ်ဖို့ စေ့စပ်ချိန်မှာ မေတ္တာပြခဲ့တာ၊+
မျိုးစေ့မကြဲတဲ့ပြည်၊ တောကန္တာရမှာ ငါ့နောက် လိုက်ခဲ့တာတွေကို ငါကောင်းကောင်း မှတ်မိတယ်။+
၃ အစ္စရေးဟာ ယေဟောဝါအတွက် သန့်ရှင်းတဲ့သူ၊+ သီးဦးသီးဖျား ဖြစ်ခဲ့တယ်။”’
‘သူ့ကိုဝါးမျိုသူတွေဟာ အပြစ်သင့်ရုံမက ဘေးဒုက္ခ ကြုံရလိမ့်မယ်။’
ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”+
၄ အို ယာကုပ်အမျိုး၊ အစ္စရေးအမျိုးရဲ့ မိသားစုအပေါင်းတို့၊
ယေဟောဝါပြောတာကို နားထောင်ကြ။
၅ ယေဟောဝါ ပြောတာက–
“မင်းတို့ရဲ့ဘိုးဘေးတွေက ငါ့ဆီမှာ ဘာအမှားတွေ့လို့+ လမ်းလွဲသွားရတာလဲ။
အသုံးမဝင်တဲ့ ရုပ်တုတွေနောက် လိုက်ပြီး+ အသုံးမကျသူတွေ ဘာလို့ ဖြစ်သွားရတာလဲ။+
၆ ‘ယေဟောဝါ ဘယ်မှာလဲ’ လို့ သူတို့ မမေးကြဘူး။
‘ငါတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့တဲ့အရှင်၊+
တောကန္တာရတစ်လျှောက်၊
ကန္တာရနဲ့+ တွင်းတွေရှိတဲ့ ပြည်တစ်လျှောက်၊
မိုးခေါင်ပြီး+ မှောင်ရိပ်ဖုံးလွှမ်းတဲ့ ပြည်တစ်လျှောက်၊
လူသူမနေတဲ့၊ ဖြတ်သန်းသွားလာသူမရှိတဲ့ ပြည်တစ်လျှောက် ငါတို့ကို ဦးဆောင်ခေါ်ခဲ့တဲ့အရှင် ဘယ်မှာလဲ’ လို့မမေးကြဘူး။
၇ ငါက မင်းတို့ကို သစ်သီးခြံပေါများတဲ့ ပြည်ထဲ ခေါ်ဆောင်ခဲ့တယ်။
ပြည်ထွက်သီးနှံတွေ၊ ကောင်းမွန်ရာတွေကို စားသုံးစေတယ်။+
ဒါပေမဲ့ မင်းတို့ ရောက်လာတဲ့အခါ ငါ့ပြည်ကို ညစ်ညူးစေတယ်။+
ငါ့ရဲ့အမွေကို ရွံမုန်းစရာ ဖြစ်စေတယ်။
၈ ပုရောဟိတ်တွေက ‘ယေဟောဝါ ဘယ်မှာလဲ’ လို့မမေးဘူး။+
ပညတ်တရား သွန်သင်သူတွေ ငါ့ကိုမသိဘူး။
သိုးထိန်းတွေ ငါ့ကိုပုန်ကန် တယ်။+
ပရောဖက်တွေက ဗာလကို အားကိုးပြီး ပရောဖက်ပြုကြတယ်။+
ဘာမှ အကျိုးမပေးနိုင်သူတွေနောက် လိုက်ကြတယ်။
၉ ‘ဒါကြောင့် မင်းတို့ကို ငါ ထပ်ပြီးစွဲချက်တင်မယ်။+
မင်းတို့သားမြေးတွေကို ငါစွဲချက်တင်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၀ ‘ခိတိမ်ကမ်းရိုးတန်းဒေသတွေကို+ ဖြတ်သွားပါ။
ကေဒါပြည်ကို+ လူလွှတ်ပြီး အသေအချာ စဉ်းစားကြည့်ပါ။
ဒီလိုဖြစ်ခဲ့ဖူးသလားဆိုတာ ကြည့်ကြပါ။
၁၁ ကိုယ့်ရဲ့ဘုရားကို ဘုရားမဟုတ်တဲ့အရာနဲ့ အစားထိုးတဲ့လူမျိုး ရှိသလား။
ငါ့လူတွေကတော့ ငါ့ဘုန်းအသရေကို အသုံးမဝင်တဲ့အရာနဲ့ အစားထိုးလိုက်ပြီ။+
၁၂ အို မိုးကောင်းကင်၊ အံ့သြတကြီး ကြည့်လိုက်ပါ။
လန့်ဖျပ်ပြီး တဆတ်ဆတ်တုန်နေပါ။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၃ ‘ငါ့လူတွေ မကောင်းမှုနှစ်ခု ကျူးလွန်ခဲ့တယ်–
အသက်ရေရဲ့ ပင်ရင်းဖြစ်တဲ့ ငါ့ကို စွန့်ပစ်တယ်။+
ပြီးတော့ ရေမသိုလှောင်နိုင်တဲ့၊
အက်ကွဲနေတဲ့ ရေလှောင်ကန်တွေကို တူးတယ်။’
၁၄ ‘အစ္စရေးဟာ အစေခံလား။ ကျွန်သပေါက်လား။
ဒါဆို သူ ဘာလို့ လုယက်ခံရတာလဲ။
၁၅ ခြင်္သေ့ပျိုတွေ သူ့ကို အကျယ်ကြီး ဟိန်းဟောက်တယ်။+
သူ့ရဲ့ပြည်ကို ကြောက်စရာကောင်းတဲ့ပြည် ဖြစ်စေတယ်။
သူ့ရဲ့မြို့တွေ မီးရှို့ခံလိုက်ရလို့ နေထိုင်သူ လုံးဝမရှိတော့ဘူး။
၁၆ နောဖမြို့နဲ့*+ တာပနက်မြို့သားတွေက+ မင်းရဲ့ဦးထိပ်ကို စားပြီး ပြောင်တလင်းခါအောင် လုပ်ပစ်တယ်။
၁၇ မင်းကို ဦးဆောင်ခေါ်လာတဲ့ဘုရား ယေဟောဝါကို စွန့်ပစ်ပြီး+ ဒီလိုအဖြစ်မျိုး ကြုံရအောင် ကိုယ်တိုင်ဖန်တီးခဲ့တာ မဟုတ်လား။
၁၈ အခု မင်းက ရှိဟောရရဲ့* ရေကို သောက်ဖို့ အီဂျစ်ကို ဘာလို့ သွားချင်နေတာလဲ။+
မြစ်ကြီးရဲ့* ရေကို သောက်ဖို့ အဆီးရီးယားကို ဘာလို့ သွားချင်နေတာလဲ။+
၁၉ မင်းရဲ့ဆိုးညစ်မှုက မင်းကို တည့်မတ်ပေးသင့်တယ်။
မင်းရဲ့သစ္စာမဲ့မှုကလည်း မင်းကို ပဲ့ပြင်ပေးသင့်တယ်။
မင်းရဲ့ဘုရား ယေဟောဝါကို စွန့်ပစ်တာဟာ ဘယ်လောက် ဆိုးရွားခါးသီးသလဲဆိုတာ သိနားလည်ပါ။+
မင်းဟာ ငါ့ကို နည်းနည်းလေးမှ မကြောက်ပါလား။’+
ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတဲ့စကားပဲ။
၂၀ ‘ဟိုးအရင်က မင်းရဲ့ထမ်းပိုးကို ငါချိုးခဲ့တယ်။+
ခြေထိတ်လက်ထိတ်တွေကိုလည်း ဆွဲဖြတ်ခဲ့တယ်။
ဒါပေမဲ့ မင်းက “ဘုရားကို ငါဝတ်ပြုမှာ မဟုတ်ဘူး” လို့ပြောတယ်။
မြင့်မားတဲ့ တောင်ကုန်းတွေပေါ်မှာ၊ စိမ်းလန်းတဲ့ အပင်တွေအောက်မှာ+ ပိုးလိုးပက်လက် လဲလျောင်းပြီး ပြည့်တန်ဆာလုပ်တယ်။+
၂၁ မင်းကို အကောင်းဆုံး စပျစ်နီမျိုးအဖြစ် ငါစိုက်ပျိုးခဲ့တယ်။+
အားလုံး မျိုးကောင်းမျိုးသန့်တွေချည်းပဲ။
ဘယ်လိုလုပ်ပြီး စပျစ်ရိုင်းပင်ရဲ့ ညံ့ဖျင်းတဲ့အကိုင်းတွေ ဖြစ်သွားရတာလဲ။’+
၂၂ ‘ဆော်ဒါရည်၊ ပြာရည်အများကြီးနဲ့ ဆေးကြောရင်တောင် မင်းရဲ့အပြစ်တွေဟာ ငါ့ရှေ့မှာ စွန်းထင်းနေဦးမှာပဲ။’+
ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၂၃ ‘ငါ မညစ်ညူးပါဘူး။ ဗာလဘုရားတွေနောက်ကိုလည်း မလိုက်ပါဘူး’ လို့မင်း ဘယ်လိုလုပ် ပြောထွက်တာလဲ။
ချိုင့်ဝှမ်းထဲမှာ မင်းလျှောက်ခဲ့တဲ့လမ်းကို ကြည့်လိုက်ပါ။
မင်းလုပ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်ပါ။
မင်းဟာ လမ်းပေါ်မှာ ဟိုဟိုဒီဒီ လျှောက်ပြေးနေတဲ့ နုပျိုလျင်မြန်တဲ့ ကုလားအုတ်မနဲ့ တူတယ်။
၂၄ တောကန္တာရမှာ ကျက်စားတဲ့၊
ရာဂစိတ်နဲ့ အနံ့ခံတတ်တဲ့ မြည်းရိုင်းမနဲ့တူတယ်။
မိတ်လိုက်ချိန်မှာ ဘယ်သူမှ မတားနိုင်ဘူး။
မြည်းထီးတွေက အပင်ပန်းခံပြီး လိုက်ရှာနေစရာ မလိုဘူး။
မိတ်လိုက်တဲ့ရာသီမှာ သူ့ကို တွေ့လိမ့်မယ်။
၂၅ မင်း ခြေဗလာနဲ့ မသွားနဲ့။
အာခေါင်မခြောက်စေနဲ့။
ဒါပေမဲ့ မင်းက ‘မျှော်လင့်မနေနဲ့တော့။+
သူစိမ်းတွေကို* ကျွန်မ ချစ်နေမိပြီ။+
သူတို့နောက် လိုက်သွားမယ်’ လို့ပြောတယ်။+
၂၆ အစ္စရေးအမျိုးနဲ့ သူတို့ရဲ့ဘုရင်တွေ၊
မင်းညီမင်းသားတွေ၊
ပုရောဟိတ်တွေ၊
ပရောဖက်တွေဟာ သူခိုး လူမိသလိုမျိုး အရှက်ကွဲရပြီ။+
ကျောက်တုံးကို ‘မွေးမိခင်’ လို့ခေါ်တယ်။
ငါ့ကိုကျတော့ ကျောခိုင်းထားတယ်၊ ပြန်လှည့်မလာဘူး။+
ဒုက္ခရောက်တော့မှ ‘ထပါဦး၊ ကယ်ပါဦး’ လို့ တကြလိမ့်မယ်။+
၂၈ မင်းလုပ်ထားတဲ့ဘုရားတွေ ဘယ်မှာလဲ။+
မင်း ဒုက္ခရောက်တဲ့အခါ သူတို့ကယ်နိုင်ရင် လာကယ်ပါစေ။
အို ယုဒ၊ မင်းရဲ့ ဘုရားတွေဟာ မင်းရဲ့မြို့တွေလောက်နီးပါး များတာပဲ။+
၂၉ ‘မင်းတို့ ဘာလို့ ငါနဲ့ပြိုင်ငြင်းနေတာလဲ။
အားလုံးက ဘာလို့ ပုန်ကန်နေတာလဲ။’+ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။
၃၀ မင်းတို့ရဲ့သားတွေကို ငါဒဏ်ခတ်ပေမဲ့ အလကားပဲ။+
သူတို့က ဆုံးမတာကို လက်မခံဘူး။+
မင်းတို့ရဲ့ဓားဟာ ပရောဖက်တွေကို လှည့်လည်သောင်းကျန်းနေတဲ့ ခြင်္သေ့လို ဝါးမျိုပစ်တယ်။+
၃၁ အို လူမျိုးဆက်၊ ယေဟောဝါ ပြောတာကို ပြန်စဉ်းစားကြည့်ပါဦး။
ငါဟာ အစ္စရေးအတွက် တောကန္တာရလို ဖြစ်နေလို့လား။
မှောင်မိုက်တဲ့ပြည်လို ဖြစ်နေလို့လား။
‘သွားချင်ရာသွားမယ်။ ကိုယ်တော့်ဆီ ပြန်မလာတော့ဘူး’+ ဆိုပြီး ဘာလို့ပြောနေတာလဲ။
၃၂ အပျိုစင်က လက်ဝတ်လက်စား ဆင်ယင်ဖို့ မေ့ပါ့မလား။
သတို့သမီးက ရင်စည်းစည်းဖို့ မေ့ပါ့မလား။
ငါ့လူတွေကတော့ ငါ့ကို အချိန်အကြာကြီး မေ့ထားကြတယ်။+
၃၃ မင်းရဲ့ အချစ်ရှာပုံတော်ဖွင့်နည်းဟာ ပြောင်မြောက်လိုက်တာ။
မကောင်းတဲ့လမ်းစဉ်မှာ ကျင်လည်နေလိုက်တာ။+
၃၄ မင်းရဲ့အဝတ်မှာ အပြစ်မဲ့တဲ့ ဆင်းရဲသားတွေရဲ့သွေး စွန်းထင်းနေတယ်။+
အဲဒီသွေးတွေကို ဖောက်ထွင်းမှုဖြစ်တဲ့နေရာမှာ မဟုတ်ဘဲ မင်းရဲ့အဝတ်ပေါ်မှာ ငါတွေ့တယ်။+
၃၅ ဒါပေမဲ့ မင်းက ‘ငါ့မှာ အပြစ်မှမရှိတာ။ ဒါကြောင့် အမျက်တော်ကို ရုပ်သိမ်းလိုက်ပြီ’ လို့ပြောတယ်။
‘ငါအပြစ်မလုပ်ဘူး’ လို့ပြောတဲ့အတွက် မင်းကို ငါစီရင်ချက်ချမယ်။
၃၆ မင်းရဲ့ မတည်ငြိမ်တဲ့လမ်းစဉ်ကို ဘာလို့ ပေါ့ပေါ့တန်တန် သဘောထားနေရတာလဲ။
မင်းက အဆီးရီးယားကြောင့်+ အရှက်ကွဲရသလို အီဂျစ်ကြောင့်လည်း အရှက်ကွဲရလိမ့်မယ်။+
၃၇ မင်းက ခေါင်းပေါ် လက်တင်ပြီး ထွက်သွားရမယ်။+
မင်း အားကိုးတဲ့သူတွေကို ယေဟောဝါ ငြင်းပယ်လိုက်ပြီ။
သူတို့ကြောင့် မင်းအောင်မြင်မှာ မဟုတ်ဘူး။”
၃ “ကွာရှင်းခံလိုက်ရလို့ အိမ်ကထွက်သွားတဲ့ ဇနီးဟာ နောက်အိမ်ထောင်ပြုလိုက်တယ် ဆိုပါစို့။ အရင်ယောက်ျားက သူနဲ့ပြန်ပေါင်းပါ့မလား” ဆိုပြီး ပြောတတ်ကြတယ်။
ဒီပြည်ဟာ ရစရာမရှိအောင် ညစ်ညူးနေပြီ။+
“မင်းဟာ* အဖော်တွေအများကြီးနဲ့ ပြည့်တန်ဆာလုပ်ပြီးမှ+
ငါ့ဆီ ပြန်လာဦးမလို့လား” လို့ ယေဟောဝါပြောတယ်။
၂ “တောင်ကတုံးတွေကို လှမ်းကြည့်လိုက်။
ယောက်ျားတွေနဲ့ မင်း မဖောက်ပြန်ဖူးတဲ့နေရာ ရှိလို့လား။
မင်းက တောကန္တာရမှာ လှည့်လည်သွားလာတဲ့သူလို
သူတို့ကို လမ်းမှာ ထိုင်စောင့်တယ်။
ပြည့်တန်ဆာလုပ်ပြီး၊
မကောင်းမှုတွေလုပ်ပြီး ပြည်ကို ညစ်ညူးစေတယ်။+
နွေဦးမိုးလည်း မရွာတော့ဘူး။
မင်းဟာ ပြည့်တန်ဆာလုပ်တဲ့ ဇနီးလို မျက်နှာပြောင်တိုက်တယ်။
ရှက်ရကောင်းမှန်း မသိဘူး။+
၄ အခုတော့ မင်းက ‘အဖေ၊ အဖေဟာ ကျွန်မအတွက် ငယ်ကျွမ်းဆွေလိုပါပဲ။+
၅ အမြဲတမ်း အငြိုးထားနေမှာလား။
အမြဲ တေးမှတ်ထားမှာလား’ လို့ပြောတယ်။
အဲဒီလို ပြောပြီးတော့ မကောင်းတာမှန်သမျှ အစွမ်းကုန် ဆက်လုပ်နေတယ်။”+
၆ ယောရှိမင်းလက်ထက်မှာ+ ယေဟောဝါ ပြောတယ်– “‘သစ္စာမဲ့တဲ့အစ္စရေးရဲ့ လုပ်ရပ်ကို မြင်သလား။ သူက မြင့်မားတဲ့တောင်တန်းတွေပေါ်မှာ၊ စိမ်းလန်းတဲ့အပင်တွေ အောက်မှာ ပြည့်တန်ဆာ သွားလုပ်နေတယ်။+ ၇ ဒီလိုလုပ်ပြီးတာတောင် ပြန်လာပါလို့ ငါအကြိမ်ကြိမ် ခေါ်တယ်။+ ဒါပေမဲ့ သူပြန်မလာဘူး။ ယုဒကလည်း သစ္စာမဲ့တဲ့အစ်မကို ကြည့်နေတယ်။+ ၈ အဲဒါကို ငါတွေ့တဲ့အခါ သစ္စာမရှိ၊ အိမ်ထောင်ရေးဖောက်ပြန်တဲ့+ အစ္စရေးကို ကွာရှင်းစာချုပ်ပေးပြီး မောင်းထုတ်လိုက်တယ်။+ ဒါတောင် သစ္စာမဲ့တဲ့ညီမ ယုဒဟာ အကြောက်အလန့်မရှိ ပြည့်တန်ဆာ သွားလုပ်တယ်။+ ၉ ပြည့်တန်ဆာလုပ်တာကို ပေါ့ပေါ့တန်တန် သဘောထားတယ်။ ပြည်ကို ညစ်ညူးစေပြီး ကျောက်တုံးတွေ၊ သစ်ပင်တွေနဲ့ ဖောက်ပြန်တယ်။+ ၁၀ သစ္စာဖောက်တဲ့ညီမ ယုဒဟာ ဒါတွေမြင်လျက်နဲ့ ငါ့ဆီကို စိတ်ရောကိုယ်ပါ ပြန်မလာဘူး၊ ဟန်ဆောင်ပန်ဆောင် ပြန်လာတယ်’ ဆိုပြီး ယေဟောဝါပြောတယ်။”
၁၁ ငါ့ကို ယေဟောဝါ ပြောတယ်– “သစ္စာမဲ့တဲ့ အစ္စရေးဟာ သစ္စာဖောက်တဲ့ ယုဒလောက် အပြစ်မကြီးဘူး။+ ၁၂ မြောက်အရပ်ကို သွားပြီး ပြောလိုက်ပါ–+
“‘“ဖောက်ပြန်တဲ့အစ္စရေး၊ ပြန်လာပါ” လို့ ယေဟောဝါ ပြောတယ်။’+ ‘“ငါဟာ သစ္စာစောင့်သိသူဖြစ်လို့ မင်းကို အထင်သေး၊ စိတ်ဆိုးမှာ မဟုတ်ဘူး”+ လို့ ယေဟောဝါပြောတယ်။’ ‘“ငါ အမြဲအငြိုးထားမှာ မဟုတ်ဘူး။ ၁၃ မင်းရဲ့ဘုရား ယေဟောဝါကို ပုန်ကန်ခဲ့တဲ့အတွက် မင်းအပြစ်ကို ဝန်ခံပါ။ စိမ်းလန်းတဲ့အပင်တွေအောက်မှာ သူစိမ်းတွေကို* အခွင့်အရေးပေးနေတယ်။ ငါ့စကားကိုတော့ မနာခံဘူး” လို့ ယေဟောဝါပြောတယ်။’”
၁၄ “ဖောက်ပြန်တဲ့သားတို့၊ ပြန်လာကြ” လို့ ယေဟောဝါပြောတယ်။ “ငါဟာ မင်းတို့ရဲ့ အရှင်သခင်ပါ။* မင်းတို့ကို တစ်မြို့မှာ တစ်ယောက်၊ တစ်မိသားစုမှာ နှစ်ယောက် ရွေးချယ်ပြီး ဇိအုန်ဆီ ခေါ်သွားမယ်။+ ၁၅ မင်းတို့ကို ငါ့စိတ်နဲ့ကိုက်ညီတဲ့ သိုးထိန်းတွေ ပေးမယ်။+ သူတို့က အသိပညာရှိရှိ၊ ထိုးထွင်းသိမြင်မှုရှိရှိ ကျွေးမွေးမယ်။ ၁၆ အဲဒီအချိန်မှာ မင်းတို့က ပြည်မှာ တိုးပွားများပြားလာမယ်” လို့ ယေဟောဝါပြောတယ်။+ “‘ယေဟောဝါဘုရားရဲ့ ပဋိညာဉ်သေတ္တာပဲ’ လို့ မင်းတို့ပြောတော့မှာ မဟုတ်ဘူး။ မင်းတို့စိတ်ထဲ ပေါ်လာမှာ မဟုတ်ဘူး။ လွမ်းဆွတ်တမ်းတနေမှာ မဟုတ်ဘူး။ အဲဒီလိုသေတ္တာမျိုးကိုလည်း လုပ်တော့မှာ မဟုတ်ဘူး။ ၁၇ အဲဒီအချိန်မှာ ဂျေရုဆလင်မြို့ကို ယေဟောဝါရဲ့ ရာဇပလ္လင်လို့ သူတို့ခေါ်ကြလိမ့်မယ်။+ လူမျိုးအားလုံးဟာ ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းဖို့ ဂျေရုဆလင်မြို့မှာ စုရုံးလာကြလိမ့်မယ်။+ သူတို့က ဆိုးညစ်တဲ့ စိတ်နှလုံးနောက်ကို ခေါင်းမာမာနဲ့လိုက်တော့မှာ မဟုတ်ဘူး။”
၁၈ “အဲဒီအချိန်မှာ ယုဒအမျိုးနဲ့ အစ္စရေးအမျိုးဟာ အတူလျှောက်လာကြလိမ့်မယ်။+ မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ ထွက်ပြီး ဘိုးဘေးတွေကို ငါအမွေပေးခဲ့တဲ့ပြည်ထဲ ဝင်လာကြလိမ့်မယ်။+ ၁၉ ‘မင်းတို့ကို ငါ့သားတွေနဲ့အတူ ထားမယ်။ သာယာတဲ့ပြည်၊ လူမျိုးခြားတွေအလယ်က အလှဆုံးအမွေကိုပေးမယ်’+ လို့ ငါစိတ်ကူးထားတာ။ မင်းတို့က ငါ့ကို ‘အဖေ’ လို့ခေါ်ပြီး ငါ့နောက်ကိုပဲ အမြဲလိုက်နေမယ်လို့ ငါထင်ခဲ့တာ။ ၂၀ ‘ဒါပေမဲ့ ယောက်ျားကို သစ္စာဖောက်ပြီးထားခဲ့တဲ့ ဇနီးသည်လို မင်းတို့အစ္စရေးအမျိုးက ငါ့ကို သစ္စာဖောက်သွားပြီ’+ လို့ ယေဟောဝါ ပြောတယ်။”
၂၁ တောင်ကတုံးတွေပေါ်မှာ အသံတွေ ကြားနေရတယ်။
အစ္စရေးတွေရဲ့ ငိုကြွေးသံ၊ အသနားခံသံပဲ။
သူတို့ လမ်းလွဲသွားပြီ။
ယေဟောဝါဘုရားကို မေ့သွားပြီ။+
၂၂ “ဖောက်ပြန်တဲ့သားတို့၊ ပြန်လာကြ။
ဖောက်ပြန်နေတဲ့ မင်းတို့ကို ငါကုသပေးမယ်။”+
“အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ဘုရားပါ။+
ကျွန်တော်တို့ ပြန်လာပါပြီ။
၂၃ တောင်ကုန်းတွေ၊ တောင်တန်းတွေပေါ် ရုတ်ရုတ်သဲသဲ ဖြစ်နေတာတွေဟာ လှည့်စားမှုသက်သက်ပါ။+
တကယ်တော့ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါကသာ အစ္စရေးတို့ရဲ့ ကယ်တင်ရှင်ပါ။+
၂၄ ရှက်ဖွယ်ကောင်းတဲ့ဘုရားက ဘိုးဘေးတွေ အပင်ပန်းခံလုပ်ခဲ့သမျှကို ဝါးမျိုလိုက်တာ ကျွန်တော်တို့ ငယ်ငယ်ကတည်းကပါ။+
သူတို့ရဲ့သိုးအုပ်၊ တိရစ္ဆာန်အုပ်၊
သားသမီးတွေကိုလည်း ဝါးမျိုလိုက်ပြီ။
၂၅ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကျွန်တော်တို့ရော ဘိုးဘေးတွေပါ+ ယေဟောဝါဘုရားကို ပြစ်မှားခဲ့ကြတယ်။+
ယေဟောဝါဘုရားရဲ့စကားကို နာမခံကြဘူး။
ဒါကြောင့် ကျွန်တော်တို့ အရှက်တကွဲ လဲလျောင်းပြီး အရှက်ကို လွှမ်းခြုံထားပါတယ်။”
၄ ယေဟောဝါက “အို အစ္စရေး၊ မင်းသာ ပြန်လာမယ်ဆိုရင်၊
ငါ့ဆီ ပြန်လာမယ်ဆိုရင်၊
ရွံမုန်းဖွယ်ရုပ်တုတွေကို ငါ့ရှေ့ကနေ ဖယ်ရှားမယ်ဆိုရင် ဝရမ်းပြေးဘဝရောက်မှာ မဟုတ်ဘူး။+
၂ ‘အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကိုတိုင်တည်ပြီး ပြောမယ်’ ဆိုပြီး အမှန်တရား၊
တရားမျှတမှု၊ ဖြောင့်မတ်မှုနဲ့အညီ သစ္စာဆိုမယ်ဆိုရင် လူမျိုးတွေ ကောင်းချီးခံစားရလိမ့်မယ်။
ဘုရားသခင်ကြောင့် ဝါကြွားကြလိမ့်မယ်” လို့ပြောတယ်။+
၃ ယုဒလူတွေနဲ့ ဂျေရုဆလင်မြို့ကို ယေဟောဝါပြောတယ်–
“မြေကို ထွန်ယက်ပါ။
ဆူးပင်တွေကြားမှာပဲ မျိုးကြဲမနေနဲ့။+
ဒီလိုမှမဟုတ်ရင် မင်းတို့ရဲ့ အကျင့်ဆိုးတွေကြောင့် ငါ့ဒေါသဟာ မီးလိုတောက်လောင်မယ်။
ဒေါသမီး လောင်ကျွမ်းပြီး ငြိမ်းသတ်မယ့်သူရှိမှာ မဟုတ်ဘူး” လို့ပြောတယ်။+
၅ ယုဒပြည်မှာ ကြေညာကြပါ။
ဂျေရုဆလင်မြို့မှာ ကြွေးကြော်ကြပါ။
တစ်ပြည်လုံးမှာ တံပိုးမှုတ်ကြပါ။+
“အတူစုဝေးပြီး ခံတပ်မြို့တွေထဲ ပြေးဝင်ကြစို့။+
၆ ဇိအုန်မြို့ဆီ ညွှန်ပြတဲ့တိုင်ကို စိုက်ထူကြပါ။
ခိုနားရာကို ရှာကြ။ ငြိမ်ငြိမ်လေး ရပ်မနေကြနဲ့” လို့အော်ပြောလိုက်ပါ။
ပြိုလဲမှုဘေးဆိုးကြီးကို မြောက်အရပ်ကနေ ငါခေါ်လာပြီ။+
၇ ရန်သူဟာ ချုံထဲကနေ ခြင်္သေ့လို တက်လာပြီ။+
လူမျိုးတွေကိုဖျက်ဆီးသူ ထွက်လာပြီ။+
မင်းရဲ့တိုင်းပြည်ကို ထိတ်လန့်စရာကောင်းတဲ့ပြည် ဖြစ်စေဖို့ သူ့နေရာကနေ ထွက်လာပြီ။
မင်းရဲ့မြို့တွေ ပျက်စီးသွားလိမ့်မယ်။ နေထိုင်သူရှိတော့မှာ မဟုတ်ဘူး။+
၈ ဒါကြောင့် အထည်ကြမ်း ဝတ်ကြပါ။+
ညည်းတွားငိုကြွေးပြီး မြည်တမ်းကြပါ။
ယေဟောဝါက အမျက်တော်ကို ငါတို့ဆီကနေ ရုပ်သိမ်းမှာ မဟုတ်ဘူး။
၉ “အဲဒီနေ့မှာ ရှင်ဘုရင်ရော မင်းညီမင်းသားတွေပါ သတ္တိပျောက်ကုန်မယ်။+
ပုရောဟိတ်တွေ ကြောက်လန့်ပြီး ပရောဖက်တွေ မှင်တက်သွားမယ်”+ လို့ ယေဟောဝါပြောတယ်။
၁၀ အဲဒီအခါ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကျွန်တော်တို့ရဲ့ လည်မျိုမှာ ဓားထောက်နေတာတောင် ကိုယ်တော်က ‘ငြိမ်သက်ခြင်း ရှိလိမ့်မယ်’ တဲ့။+ ဒါဟာ ဒီလူတွေနဲ့ ဂျေရုဆလင်ကို လုံးဝလှည့်စားနေတာပဲ” လို့ပြောတယ်။+
၁၁ အဲဒီအချိန်မှာ ဒီလူတွေနဲ့ ဂျေရုဆလင်မြို့ကို ပြောရမှာက–
“သဲကန္တာရမှာရှိတဲ့ တောင်ကတုံးတွေကနေ လေပူတွေဟာ ငါ့လူမျိုးသမီးပျိုကို တိုက်ချသွားလိမ့်မယ်။
စပါးကိုလှေ့ပြီး သန့်စင်စေဖို့ တိုက်တဲ့လေတွေတော့ မဟုတ်ဘူး။
၁၂ ငါ့အမိန့်ကြောင့် အဲဒီနေရာတွေကနေ လေပြင်းတွေ တိုက်ခတ်နေတယ်။
အခု သူတို့အပေါ် တရား စီရင်ချက်တွေကို ငါကြေညာမယ်။
၁၃ ကြည့်ပါ။ ရန်သူဟာ မိုးတိမ်လို လာတော့မယ်။
သူ့မြင်းရထားတွေဟာ လေပြင်းမုန်တိုင်းလိုပဲ။+
သူ့မြင်းတွေဟာ လင်းယုန်တွေထက် ပိုမြန်တယ်။+
ငါတို့ ဖျက်ဆီးခံရပြီမို့ အဖြစ်ဆိုးလိုက်တာ။
၁၄ အို ဂျေရုဆလင်၊ ကယ်တင်ခံရဖို့ မင်းရဲ့စိတ်နှလုံးကို မကောင်းမှုကင်းစင်အောင် ဆေးကြောလိုက်ပါ။+
ဆိုးညစ်တာတွေကို ဘယ်အချိန်အထိ တွေးနေမှာလဲ။
၁၅ အသံတစ်သံက ဒန်မြို့ကနေ သတင်းပေးနေတယ်။+
ဧဖရိမ်တောင်တန်းဒေသကနေ ဘေးဒုက္ခကို ကြွေးကြော်နေတယ်။
၁၆ ဒါကို လူမျိုးတွေကို ပြောပြပါ။
ဂျေရုဆလင်ကို ကြွေးကြော်ပါ။”
“ကင်းစောင့်တွေ ဝေးလံတဲ့ပြည်ကနေ လာနေတယ်။
ယုဒရဲ့မြို့တွေကိုတိုက်ဖို့ အော်ဟစ်ကြလိမ့်မယ်။
၁၇ ဂျေရုဆလင်က ငါ့ကိုပုန်ကန်ခဲ့တယ်။+
ဒါကြောင့် သူတို့က ဂျေရုဆလင် ကိုတိုက်ဖို့ လယ်စောင့်တွေလို အဘက်ဘက်ကနေ လာကြတယ်”+ ဆိုပြီး ယေဟောဝါပြောတယ်။
၁၈ “မင်းရဲ့လမ်းစဉ်နဲ့ လုပ်ရပ်တွေအတိုင်း ပြန်ခံရမယ်။+
မင်းကြုံရတဲ့ဘေးဆိုးဟာ ခါးသီးလိုက်တာ။
ပုန်ကန်မှုဟာ မင်းရဲ့စိတ်နှလုံးအထိ စိမ့်ဝင်နေပြီ။”
၁၉ ရင်နာလိုက်တာ၊ ရင်နာလိုက်တာ။
ရင်ထဲမှာ တဆစ်ဆစ် နာကျင်နေတယ်။
ရင်တွေ တဒိန်းဒိန်း ခုန်နေတယ်။
၂၀ ဘေးဒုက္ခတစ်ခုပြီးတစ်ခု ဖြစ်နေပြီဆိုတဲ့ သတင်းရတယ်။
တစ်တိုင်းပြည်လုံး ဖျက်ဆီးခံရပြီ။
တဲတွေ ရုတ်တရက် ဖျက်ဆီးခံရပြီ။
ရွက်ထည်တွေလည်း တစ်ခဏအတွင်း ဖျက်ဆီးခံရပြီ။+
၂၁ ဇိအုန်မြို့ဆီ ညွှန်ပြတဲ့တိုင်ကို ဘယ်အချိန်ထိ မြင်နေရဦးမှာလဲ။
တံပိုးမှုတ်သံကို ဘယ်အချိန်ထိ ကြားနေရဦးမှာလဲ။+
ငါ့ကို အရေးမလုပ်ကြဘူး။
သိနားလည်မှုမရှိတဲ့ သားမိုက်တွေပဲ။
သူတို့က မကောင်းတာလုပ်ဖို့ဆိုရင် တော်လိုက်ကြတာ။
ကောင်းတာကိုတော့ မလုပ်တတ်ကြဘူး။”
၂၃ ကမ္ဘာမြေကို ငါကြည့်လိုက်တော့ ဟာလာဟင်းလင်းနဲ့ လူသူကင်းမဲ့နေတယ်။+
ကောင်းကင်ကို ကြည့်တော့လည်း ဘာအလင်းမှ မတွေ့ဘူး။+
၂၄ တောင်တန်းတွေကို ကြည့်လိုက်တော့ တုန်လှုပ်နေကြတယ်။
တောင်ကုန်းတွေလည်း လှုပ်ခါနေတယ်။+
၂၅ ငါကြည့်လိုက်တဲ့အခါ လူတစ်ယောက်မှ မတွေ့ဘူး။
မိုးကောင်းကင်ငှက်တွေလည်း ပျံသန်းကုန်ပြီ။+
၂၆ ငါကြည့်လိုက်တဲ့အခါ သစ်သီးခြံဟာ တောကန္တာရ ဖြစ်နေတယ်။
မြို့အားလုံး ပြိုပျက်ကုန်ပြီ။+
ဒါဟာ ယေဟောဝါကြောင့်၊
အမျက်တော်မီးကြောင့်ပဲ။
၂၇ ယေဟောဝါ ပြောတာက– “တစ်ပြည်လုံး လူသူကင်းမဲ့သွားမယ်။+
ငါ အကုန်အစင်တော့ မဖျက်ဆီးဘူး။
၂၈ ဒါကြောင့် ကမ္ဘာမြေ ညည်းတွားငိုကြွေးရလိမ့်မယ်။+
မိုးကောင်းကင် မှောင်မိုက်သွားမယ်။+
ငါပြောပြီးပြီ။ ဆုံးဖြတ်ပြီးပြီ။
စိတ်ပြောင်းလဲမှာ၊ နောက်ဆုတ်မှာ မဟုတ်ဘူး။+
၂၉ မြင်းစီးသူရဲတွေ၊ လေးသမားတွေရဲ့အသံကြောင့်
တစ်မြို့လုံး ထွက်ပြေးကုန်ပြီ။+
တောအုပ်တွေထဲ ဝင်ပြီး ကျောက်ဆောင်တွေပေါ် တက်သွားကြပြီ။+
မြို့တိုင်း လူသူဆိတ်ညံရာ ဖြစ်ကုန်ပြီ။
နေထိုင်သူတစ်ယောက်မှ မရှိတော့ဘူး။”
၃၀ အခု မင်းက ဖျက်ဆီးခံရပြီမို့ ဘာဆက်လုပ်မလဲ။
ကြက်သွေးရောင်အဝတ်ကို မင်း ဝတ်ခဲ့ဖူးတယ်။
ရွှေလက်ဝတ်တန်ဆာတွေ ဆင်မြန်းခဲ့ဖူးတယ်။
မျက်လုံးကို အနက်ရောင် ခြယ်သခဲ့ဖူးတယ်။
အဲဒီလိုအလှပြင်နေလည်း အလကားပဲ။+
ရာဂစိတ်နဲ့ တပ်မက်နေသူတွေ မင်းကို ပစ်ပယ်သွားကြပြီ။
အခု မင်းကိုသတ်ဖို့ လိုက်ရှာနေကြပြီ။+
၃၁ ဖျားနာနေတဲ့ မိန်းမရဲ့ ညည်းသံ၊
သားဦးမွေးလို့ ဝေဒနာခံစားနေရတဲ့အသံမျိုး ငါကြားတယ်။
ဇိအုန်သမီးပျို အသက်လုရှူနေရတဲ့ အသံပဲ။
သူက လက်ဖြန့်ပြီး+ “ငါ့အဖြစ်ဆိုးလိုက်တာ။
လူသတ်သမားတွေကြောင့် ငါမောဟိုက်နေပြီ” လို့ပြောနေတယ်။
၅ ဂျေရုဆလင်ရဲ့ လမ်းတွေမှာ လှည့်လည်သွားလာပါ။
ပတ်လည်ကို သတိထားကြည့်ပါ။
လူထုရင်ပြင်တွေမှာ ရှာကြည့်ပါ။
တရားမျှတစွာ ကျင့်တဲ့သူ၊+
သစ္စာရှိဖို့ကြိုးစားတဲ့သူ တစ်ယောက်တလေများ တွေ့မလား။
တွေ့ခဲ့ရင် ဂျေရုဆလင်ကို ငါခွင့်လွှတ်မယ်။
၂ သူတို့က “အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တည်တိုင်ပြီး ပြောမယ်” လို့တော့ သစ္စာဆိုကြပါရဲ့။
ဒါပေမဲ့ မဟုတ်မမှန်တာတွေပဲ ကျိန်ဆိုကြတယ်။+
၃ အို ယေဟောဝါ၊ ကိုယ်တော်က သစ္စာရှိသူတွေကို လိုက်ရှာနေတယ် မဟုတ်လား။+
ကိုယ်တော်ဒဏ်ခတ်ပေမဲ့ သူတို့အတွက် ဘာမှအရာမထင်ဘူး။
ကိုယ်တော်ဖျက်ဆီးပေမဲ့ သူတို့က ဆုံးမတာကို လက်မခံဘူး။+
မျက်နှာထားကို ကျောက်သားထက် မာကျောအောင်လုပ်ပြီး+
ပြန်လှည့်လာဖို့ ငြင်းဆန်ကြတယ်။+
၄ ငါက “သူတို့ဟာ တကယ်နိမ့်ကျသူတွေပဲ။
မိုက်မဲလိုက်ကြတာ။
သူတို့က ယေဟောဝါရဲ့လမ်းစဉ်ကို၊ ဘုရားသခင်ရဲ့ တရားစီရင်ချက်ကို မသိကြဘူး။
၅ အရေးပါတဲ့လူတွေဆီ ငါသွားပြီး စကားပြောမယ်။
ယေဟောဝါရဲ့လမ်းစဉ်ကို၊
ဘုရားသခင်ရဲ့ တရားစီရင်ချက်ကို+ သိတဲ့သူတွေပဲ။
ဒါပေမဲ့ သူတို့က ထမ်းပိုးကိုချိုးပစ်ကြတယ်။
အချုပ်အနှောင်တွေကို ဖြတ်ပစ်ကြတယ်” လို့တွေးမိတယ်။
၆ ဒါကြောင့် တောထဲကခြင်္သေ့က သူတို့ကို ကိုက်သတ်တယ်။
ကန္တာရလွင်ပြင်တွေထဲက ဝံပုလွေက သူတို့ကို ကိုက်ဖြတ်တယ်။
ကျားသစ်က သူတို့ရဲ့မြို့တွေကို စောင့်ကြည့်ပြီး မြို့ထဲက ထွက်လာသူတိုင်းကို အပိုင်းပိုင်းဆွဲဖြတ်တယ်။
သူတို့ရဲ့ ပြစ်မှားမှုတွေ၊
သစ္စာမဲ့လုပ်ရပ်တွေ များလွန်းတာကိုး။+
၇ ဒီအတွက် မင်းကို ငါဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ။
မင်းရဲ့သားတွေ ငါ့ကိုစွန့်ပစ်ကြပြီ။
ဘုရား မဟုတ်တဲ့အရာကို တိုင်တည်ပြီး ကျိန်ဆိုနေကြပြီ။+
လိုအပ်တာကို ငါဖြည့်ဆည်းပေးခဲ့ပေမဲ့ သူတို့က အကြိမ်ကြိမ် ဖောက်ပြန်ကြတယ်။
ပြည့်တန်ဆာအိမ်ကို အုပ်စုလိုက်သွားကြတယ်။
၈ တဏှာကြီးတဲ့ မြင်းတွေလို
သူတစ်ပါးရဲ့ ဇနီးကို ဟီသံပေးနေတယ်။+
၉ “ဒီအရာတွေအတွက် သူတို့ကို ငါဖြေရှင်းချက်တောင်းသင့်တယ် မဟုတ်လား။
ဒီလိုလူမျိုးကို ငါကိုယ်တိုင် လက်စားချေသင့်တယ် မဟုတ်လား” လို့ယေဟောဝါပြောတယ်။+
၁၀ “သူ့ရဲ့ လှေကားထစ်စိုက်ခင်းတွေဆီ တက်သွားပြီး စပျစ်ပင်တွေကို ဖျက်ဆီးလိုက်။
အကုန်လုံးတော့ မဖျက်ဆီးနဲ့။+
ဝေဆာနေတဲ့အနွယ်တွေကို ဖယ်ရှားပစ်ကြ။
ဒါတွေဟာ ယေဟောဝါနဲ့မဆိုင်ဘူး။
၁၁ အစ္စရေးအမျိုးနဲ့ ယုဒအမျိုးက ငါ့ကို လုံးဝသစ္စာဖောက်ကြပြီ” လို့ယေဟောဝါပြောတယ်။+
၁၂ “သူတို့က ယေဟောဝါကို ငြင်းပယ်တယ်။
‘ဘုရား ဘာမှလုပ်မှာ မဟုတ်ဘူး။*+
ငါတို့အပေါ် ဘေးဆိုးကျရောက်မှာ မဟုတ်ဘူး။
ဓားဘေး၊ အငတ်ဘေးကြုံရမှာ မဟုတ်ဘူး’ လို့ ပြောနေကြတယ်။+
၁၃ ပရောဖက်တွေပြောသမျှ အချည်းနှီးပဲ။
သူတို့ဆီမှာ ဘုရားရဲ့နှုတ်ထွက်စကား မရှိဘူး။
သူတို့ပြောတဲ့အတိုင်း သူတို့ကြုံရပါစေ။”
၁၄ ဒါကြောင့် ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါက–
“သူတို့ အဲဒီလိုပြောတဲ့အတွက် ငါ့နှုတ်ထွက်စကားတွေကို မင်းရဲ့နှုတ်မှာ မီးလိုဖြစ်စေမယ်။+
ထင်းတွေဖြစ်တဲ့ ဒီလူမျိုးကို
လောင်ကျွမ်းလိမ့်မယ်” လို့ပြောတယ်။+
၁၅ ယေဟောဝါ ပြောတာက– “အစ္စရေးအမျိုး၊ လူမျိုးတစ်မျိုးကို အဝေးကနေ မင်းဆီ ငါခေါ်လာမယ်။+
သူတို့ဟာ ခေတ်အဆက်ဆက် တည်ရှိခဲ့တဲ့လူမျိုး၊
ဟိုးအရင်ကတည်းက ရှိခဲ့တဲ့လူမျိုးပဲ။
သူတို့ဘာသာစကားကို မင်း မသိဘူး။
သူတို့ပြောတာကိုလည်း နားမလည်ဘူး။+
၁၆ သူတို့ရဲ့ မြားကျည်တောက်ဟာ ပွင့်နေတဲ့ သင်္ချိုင်းဂူနဲ့ တူတယ်။
သူတို့အားလုံး စစ်သည်တွေပဲ။
၁၇ မင်း ရိတ်သိမ်းထားတာတွေ၊ မင်းရဲ့အစာတွေကို သူတို့စားပစ်လိမ့်မယ်။+
မင်းရဲ့သားသမီးတွေကို ဝါးမျိုပစ်လိမ့်မယ်။
မင်းရဲ့သိုးအုပ်၊ တိရစ္ဆာန်အုပ်တွေ၊
စပျစ်ပင်၊ သဖန်းပင်တွေကို စားပစ်လိမ့်မယ်။
မင်း အားကိုးတဲ့ ခံတပ်မြို့တွေကို ဓားနဲ့ဖျက်ဆီးလိမ့်မယ်။”
၁၈ ယေဟောဝါက “အဲဒီနေ့ရောက်ရင်တောင် မင်းတို့ကို ငါ အကုန်အစင်တော့ မဖျက်ဆီးဘူး။+ ၁၉ ‘ငါတို့ရဲ့ဘုရား ယေဟောဝါက ဒါတွေကို ဘာလို့ကြုံစေတာလဲ’ လို့ သူတို့မေးတဲ့အခါ ‘မင်းတို့က ငါ့ကိုစွန့်ပစ်ပြီး ကိုယ့်တိုင်းပြည်မှာ လူမျိုးခြားဘုရားကို အစေခံကြသလို တိုင်းတစ်ပါးမှာ လူမျိုးခြားတွေဆီ အစေခံရလိမ့်မယ်’ လို့ဖြေပါ”+ ဆိုပြီး ပြောတယ်။
၂၀ ယာကုပ်အမျိုးကို ကြေညာပါ။
ယုဒပြည်မှာ ကြွေးကြော်ပါ–
၂၁ “မိုက်မဲပြီး အသိတရား မရှိသူတို့၊+
မျက်စိရှိလျက်နဲ့ မမြင်သူတို့၊+
နားရှိလျက်နဲ့ မကြားသူတို့၊+ နားထောင်ကြ။
၂၂ ယေဟောဝါက ‘မင်းတို့ ငါ့ကို မကြောက်ကြဘူးလား။
ငါ့ရှေ့မှာ မတုန်လှုပ်ကြဘူးလား။
သဲသောင်ကို ပင်လယ်ရဲ့ နယ်နိမိတ်အဖြစ် သတ်မှတ်တာ၊
ပင်လယ်ရေတွေ မကျော်ဖြတ်နိုင်တဲ့ ထာဝရစည်းမျဉ်းကို ချမှတ်တာ ငါပဲ။
လှိုင်းတွေက တဝုန်းဝုန်းရိုက်ခတ်ပေမဲ့ မလွှမ်းမိုးနိုင်ဘူး။
တဟုန်းဟုန်းမြည်ပေမဲ့ နယ်နိမိတ်ကို မကျော်နိုင်ဘူး။+
၂၃ ဒါပေမဲ့ ဒီလူတွေက ခေါင်းမာပြီး ပုန်ကန်ချင်ကြတယ်။
လမ်းလွဲသွားပြီး ကိုယ့်လမ်းကိုယ် လျှောက်ကြတယ်။+
၂၄ “ဆောင်းဦးမိုးနဲ့ နွေဦးမိုးကို ရာသီအလိုက် ရွာသွန်းစေတဲ့အရှင်၊
ရိတ်သိမ်းရမယ့် သီတင်းပတ်တွေကို သတ်မှတ်တဲ့အရှင်+ ငါတို့ရဲ့ဘုရား ယေဟောဝါကို အခု ကြောက်ရွံ့ရိုသေကြစို့” ဆိုပြီး စိတ်ထဲ မတွေးကြဘူး။
၂၅ မင်းတို့ရဲ့အမှားကြောင့် အဲဒါတွေ ရောက်မလာတာ။
မင်းတို့ရဲ့အပြစ်ကြောင့် ကောင်းချီးမင်္ဂလာတွေ မခံစားရတာ။+
၂၆ ငါ့လူတွေထဲမှာ ဆိုးသွမ်းသူတွေရှိတယ်။
ဝပ်နေတဲ့ ငှက်ဖမ်းသမားလို သူတို့ချောင်းနေတယ်။
သေစေနိုင်တဲ့ ထောင်ချောက်ကို ဆင်ပြီး လူတွေကို ဖမ်းကြတယ်။
၂၇ လှောင်အိမ်မှာ ငှက်တွေ ပြည့်နေသလို သူတို့အိမ်မှာ လှည့်စားမှုတွေ ပြည့်နေတယ်။+
ဒါကြောင့် သူတို့ တန်ခိုးထွားပြီး ချမ်းသာနေတာ။
၂၈ စိုပြည်ဝဖြိုးနေတယ်။
သူတို့ရဲ့မကောင်းမှုဟာ အတောမသတ်နိုင်အောင်ပဲ။
ဖတဆိုးလေးရဲ့အမှုကို လျှောက်လဲပေးမယ့်အစား+
ကိုယ်အောင်မြင်ဖို့ပဲ လုပ်ကြတယ်။
ဆင်းရဲသားတွေကို တရားမျှတစွာ မစီရင်ပေးဘူး။’”+
၂၉ ယေဟောဝါက “ဒီအရာတွေအတွက် သူတို့ကို ငါဖြေရှင်းချက်တောင်းသင့်တယ် မဟုတ်လား။
ဒီလိုလူမျိုးကို ငါကိုယ်တိုင် လက်စားချေသင့်တယ် မဟုတ်လား။
၃၀ တိုင်းပြည်မှာဖြစ်နေတဲ့ ဆိုးရွားထိတ်လန့်စရာကတော့–
၃၁ ပရောဖက်တွေ လိမ်ညာပြီး ပရောဖက်ပြုနေတယ်။+
ပုရောဟိတ်တွေ အာဏာပြပြီး ကြီးစိုးနေတယ်။
ငါ့လူတွေက အဲဒါကိုမှ နှစ်သက်နေတယ်။+
ဒါပေမဲ့ အဆုံးရောက်လာတဲ့အခါ မင်းတို့ ဘယ့်နှယ်လုပ်ကြမလဲ။”
၆ ဗင်ယာမိန်အမျိုးသားတို့၊ ဂျေရုဆလင်နဲ့ ဝေးရာမှာ ဘေးလွတ်ရာကို ရှာကြပါ။
တေကောမြို့မှာ+ တံပိုးမှုတ်ကြပါ။+
ဗေသကရင်အရပ်မှာ အချက်ပြ မီးရှူးတိုင်ကို ထွန်းညှိပါ။
ဘေးဒုက္ခဆိုးကြီးက မြောက်ဘက်ကနေ လာနေပြီ။+
၂ ဇိအုန်သမီးပျိုဟာ သိမ်မွေ့နုနယ်တဲ့ မိန်းမချောလေးလိုပါပဲ။+
၃ သိုးထိန်းတွေက သိုးအုပ်တွေနဲ့အတူ ရောက်လာလိမ့်မယ်။
ဇိအုန်ပတ်လည်မှာ တဲထိုးကြလိမ့်မယ်။+
သိုးတွေကို ဂရုစိုက်စောင့်ရှောက်ပြီး ကျွေးမွေးလိမ့်မယ်။+
၄ “ဂျေရုဆလင်ကို စစ်တိုက်ဖို့ အသင့်ပြင်ကြပါ။
ထကြ။ မွန်းတည့်ချိန်မှာ ထွက်တိုက်ကြစို့။”
“ငါတို့ အဖြစ်ဆိုးလိုက်တာ။
နေ့တာကုန်တော့မယ်။ ညနေစောင်းနေပြီ။”
၅ “ထကြ။ ညဘက်မှာ ထွက်တိုက်ကြစို့။
သူ့ခံတပ်မျှော်စင်တွေကို ဖျက်ဆီးကြစို့။”+
၆ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက–
“ဂျေရုဆလင်ကိုတိုက်ဖို့ သစ်တွေ ခုတ်လှဲပြီး ထိုးစစ်ကုန်းရိုးကို ဆောက်ကြပါ။+
သူဟာ ပြစ်ဒဏ်စီရင်ခံရမယ့်မြို့ပဲ။
သူ့ဆီမှာ ဖိနှိပ်မှုတွေပဲ ပြည့်နေတယ်။+
၇ ရေလှောင်ကန်ထဲကနေ အေးမြတဲ့ရေ ထွက်သလို သူ့ဆီကနေ ဆိုးညစ်မှုတွေ ထွက်နေတယ်။
သူ့ဆီမှာ အကြမ်းဖက်မှုတွေ၊ ဖျက်ဆီးမှုတွေပဲ ကြားနေရတယ်။+
ဖျားနာမှုနဲ့ ကပ်ရောဂါဟာ ငါ့ရှေ့မှာ အမြဲရှိနေတယ်။
၈ အို ဂျေရုဆလင်၊ သတိပေးတာကို လက်ခံပါ။
လက်မခံရင် မင်းကို ရွံမုန်းပြီး ငါလှည့်ထွက်သွားမယ်။+
မင်းကို လူသူကင်းမဲ့တဲ့ လွင်တီးခေါင်ဖြစ်စေမယ်။”+
၉ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက–
“စပျစ်ပင်ပေါ်က လက်ကျန်အသီးတွေကို ခူးဆွတ်သလို အစ္စရေးအကြွင်းအကျန်တွေကို တစ်ယောက်မကျန် သိမ်းသွားကြလိမ့်မယ်။
စပျစ်သီးခူးတဲ့သူလို လှမ်းခူးလိုက်ပါ” လို့ပြောတယ်။
၁၀ “ဘယ်သူ့ကို ငါပြောရမလဲ။ ဘယ်သူ့ကို သတိပေးရမလဲ။
ဘယ်သူ နားထောင်မှာလဲ။
နားပိတ်ထားတော့ အာရုံမစိုက်နိုင်ကြဘူး။+
ယေဟောဝါရဲ့ နှုတ်ထွက်စကားဟာ သူတို့အတွက် နှာခေါင်းရှုံ့စရာ ဖြစ်နေပြီ။+
သူတို့ မနှစ်သက်ကြဘူး။
၁၁ ဒါကြောင့် ရင်ထဲမှာ ယေဟောဝါရဲ့ အမျက်တော် လောင်မြိုက်နေပြီ။
မျိုသိပ်ထားရလွန်းလို့ ပင်ပန်းလှပြီ။”+
“လမ်းပေါ်က ကလေးအပေါ်၊+
စုဝေးနေတဲ့ လူငယ်တွေအပေါ် အမျက်တော်ကို သွန်ချလိုက်ပါ။
လင်နဲ့မယားရော အသက်ကြီးသူနဲ့ ဇရာအိုပါမကျန် အတူအဖမ်းခံရမယ်။+
၁၂ သူတို့ရဲ့အိမ်တွေ၊ လယ်တွေ၊ ဇနီးမယားတွေဟာ သူများလက်ထဲ ရောက်သွားမယ်။+
ငါ့လက်ကိုဆန့်ပြီး ပြည်သူပြည်သားတွေကို ဒဏ်ခတ်မယ်” လို့ယေဟောဝါ ပြောတယ်။
၁၃ “လူကြီးလူငယ်မရွေး မသမာနည်းနဲ့ စီးပွားရှာနေကြတယ်။+
ပရောဖက်ကအစ ပုရောဟိတ်ပါမကျန် ကလိမ်ကကျစ် လုပ်ကြတယ်။+
၁၄ သူတို့က ငြိမ်သက်ခြင်း မရှိဘဲနဲ့ ‘ငြိမ်သက်ခြင်း ရှိတယ်။
ငြိမ်သက်ခြင်း ရှိတယ်’+ လို့ပြောပြီး ငါ့လူတွေရဲ့ဒဏ်ရာကို ပေါ့ပေါ့တန်တန် ကုသနေတယ်။
၁၅ လုပ်ခဲ့တဲ့ ရွံမုန်းစရာတွေအတွက် သူတို့ရှက်ကြသလား။
လုံးဝမရှက်ကြဘူး။
ရှက်ရကောင်းမှန်းတောင် မသိကြဘူး။+
ဒါကြောင့် သူတို့က တခြားသူတွေနဲ့အတူ လဲကျသွားမယ်။
ငါဒဏ်ပေးတဲ့အခါ တိုက်မိလဲသွားမယ်” လို့ယေဟောဝါပြောတယ်။
၁၆ “လမ်းဆုံတွေမှာ ရပ်ကြည့်ကြပါ။
ရှေးဟောင်းလမ်းတွေအကြောင်း မေးကြပါ။
ကောင်းတဲ့လမ်းက ဘယ်မှာလဲလို့ မေးကြပါ။
အဲဒီလမ်းမှာ လျှောက်ပြီး+ စိတ်အေးလက်အေး နားကြပါ” လို့ယေဟောဝါ ပြောတယ်။
ဒါပေမဲ့ သူတို့က “ဒီလမ်းမှာ မလျှောက်ဘူး” လို့ပြောကြတယ်။+
၁၇ “ငါခန့်ထားတဲ့ ကင်းစောင့်တွေက+ ‘တံပိုးမှုတ်သံကို အာရုံစိုက်ကြ’ လို့ပြောတယ်။”+
ဒါပေမဲ့ သူတို့က “အာရုံမစိုက်ဘူး” လို့ပြောကြတယ်။+
၁၈ “ဒါကြောင့် လူမျိုးတို့၊ နားထောင်ကြ။
လူအစုအဝေးတို့၊ သူတို့ ဘာတွေကြုံရမယ်ဆိုတာ သိမှတ်ကြ။
၁၉ အို ကမ္ဘာမြေ၊ နားထောင်ပါ။
ဒီလူတွေအပေါ် ငါဘေးဆိုးကျရောက်စေမယ်။+
ဒါဟာ သူတို့အကြံအစည်ရဲ့ အကျိုးဆက်ပဲ။
သူတို့က ငါ့စကားကို အာရုံမစိုက်ကြဘူး။
ငါ့ပညတ်ချက်ကိုလည်း ငြင်းပယ်ကြတယ်။”
၂၀ “မင်းတို့ယူလာတဲ့ ရှေဘပြည်က လောဗန်နဲ့* ဝေးလံတဲ့ပြည်က ကြံမွှေးကို ငါအရေးလုပ်ရမှာလား။
မင်းတို့ရဲ့ အကုန်အစင် မီးရှို့ရာအလှူကို ငါလက်မခံဘူး။
ပူဇော်သက္ကာတွေကိုလည်း ငါမကြိုက်ဘူး။”+
၂၁ ဒါကြောင့် ယေဟောဝါက “ဒီလူတွေအတွက် ဆူငြောင့်ခလုတ်ကို ငါချထားမယ်။
သူတို့တိုက်မိပြီး လဲသွားမယ်။
အဖေရော သားပါ၊
အိမ်နီးချင်းရော အပေါင်းအဖော်ပါမကျန် အတူပျက်စီးသွားမယ်” လို့ပြောတယ်။+
၂၂ ယေဟောဝါ ပြောတာက–
“ကြည့်ပါ။ မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ လူမျိုးတစ်မျိုး လာနေတယ်။
ကမ္ဘာမြေ အစွန်အဖျားကနေ လူမျိုးကြီးတစ်မျိုး နိုးထလာမယ်။+
၂၃ လေးနဲ့လှံတိုကို သူတို့ စွဲကိုင်ကြမယ်။
ရက်စက်ပြီး အကြင်နာမဲ့တဲ့သူတွေပဲ။
သူတို့ရဲ့အသံဟာ ပင်လယ်အော်သံလိုပဲ။
မြင်းတွေ စီးလာကြလိမ့်မယ်။+
ဇိအုန်သမီးပျို၊ မင်းကိုတိုက်ဖို့ စစ်သူရဲလို စစ်ခင်းကြလိမ့်မယ်။”
၂၄ ဒီသတင်းကို ကြားတဲ့အခါ ငါတို့လက်တွေ ပျော့ခွေသွားတယ်။+
ငါတို့တော့ ဒုက္ခလှလှတွေ့ပြီ။
သားဖွားတဲ့မိန်းမလို ဝေဒနာခံစားနေရပြီ။+
၂၅ လယ်ထဲ မသွားကြနဲ့။
လမ်းပေါ် မထွက်ကြနဲ့။
ရန်သူဆီမှာ ဓားပါတယ်။
နေရာတကာမှာ ကြောက်စရာတွေချည်းပဲ။
၂၆ ငါ့လူမျိုးသမီးပျို၊ အထည်ကြမ်းဝတ်ပြီး+ ပြာထဲမှာ လူးလှိမ့်နေပါ။
တစ်ဦးတည်းသောသားအတွက် ရှိုက်ကြီးတငင် ငိုကြွေးသလို ငိုကြွေးပါ။+
ဖျက်ဆီးသူက ငါတို့ဆီ ရုတ်တရက် ရောက်လာတော့မယ်။+
၂၇ “မင်းကို သတ္တုသန့်စင်သူလို ငါဖြစ်စေပြီ။
ငါ့လူမျိုးကို မင်း အသေအချာ သန့်စင်ပေးရမယ်။
သူတို့ရဲ့လမ်းစဉ်ကို သတိပြုမှတ်သားပြီး စစ်ဆေးရမယ်။
၂၈ သူတို့ဟာ အတော့်ကို ခေါင်းမာတဲ့သူတွေပဲ။+
လှည့်လည်ပြီး အသရေဖျက်ကြတယ်။+
သူတို့ဟာ ကြေးနီနဲ့ သံလိုပဲ။
အားလုံး အကျင့်ပျက်ကြတယ်။
၂၉ ဖားဖို* မီးဟပ်ပြီး လောင်ကျွမ်းသွားပြီ။
မီးထဲကနေ ခဲသတ္တုပဲ ထွက်လာတယ်။
အရည်ကျိုသန့်စင်သူက အပြင်းအထန်ချွတ်ပေမဲ့ အလကားပဲ။+
မကောင်းတဲ့သူတွေကို မခွဲထုတ်နိုင်ဘူး။+
၃၀ သူတို့ကို ငါယေဟောဝါ စွန့်ပစ်လိုက်တဲ့အတွက်+
လူတွေက သူတို့ကို စွန့်ပစ်ခံရတဲ့ငွေလို့ ခေါ်ကြလိမ့်မယ်။”
၇ ယေဟောဝါက ယေရမိကို ပြောတယ်– ၂ “ယေဟောဝါရဲ့ အိမ်တော်တံခါးမှာ ရပ်ပြီး ဒီသတင်းကို ကြေညာပါ– ‘ယေဟောဝါကို ဦးညွှတ်ဖို့ ဒီတံခါးတွေထဲ ဝင်လာတဲ့ ယုဒလူအပေါင်းတို့၊ ယေဟောဝါရဲ့စကားကို နားထောင်ကြပါ။ ၃ အစ္စရေးတို့ရဲ့ ဘုရားသခင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– “မင်းတို့ရဲ့ လမ်းစဉ်တွေ၊ လုပ်ရပ်တွေကို ပြုပြင်ပြောင်းလဲကြပါ။ ဒါဆိုရင် ဒီနေရာမှာ ဆက်နေထိုင်ခွင့်ပေးမယ်။+ ၄ လှည့်စားတဲ့စကားကို မယုံကြနဲ့။ ‘ဒါဟာ ယေဟောဝါရဲ့ ဗိမာန်တော်၊ ယေဟောဝါရဲ့ ဗိမာန်တော်၊ ယေဟောဝါရဲ့ ဗိမာန်တော်ပဲ’ လို့ မပြောကြနဲ့။+ ၅ မင်းတို့ရဲ့လမ်းစဉ်တွေ၊ လုပ်ရပ်တွေကို တကယ် ပြုပြင်ပြောင်းလဲမယ်ဆိုရင်၊ လူနှစ်ယောက် အမှုအခင်းဖြစ်တဲ့အခါ တရားမျှတစွာ စီရင်ပေးမယ်ဆိုရင်၊+ ၆ တိုင်းတစ်ပါးသားတွေ၊ မိဘမဲ့တွေ၊ မုဆိုးမတွေကို မဖိနှိပ်ဘူးဆိုရင်၊+ ဒီနေရာမှာ အပြစ်မဲ့သူကို မသတ်ဘူးဆိုရင်၊ တခြားဘုရားတွေနောက်ကို လိုက်ပြီး ကိုယ်ကျိုးနည်းအောင် မလုပ်ဘူးဆိုရင်၊+ ၇ ဘိုးဘေးတွေ အမြဲပိုင်ဆိုင်ဖို့ ငါပေးထားတဲ့ ဒီပြည်၊ ဒီနေရာမှာ မင်းတို့ကို ဆက်ပြီးနေထိုင်ခွင့်ပေးမယ်။”’”
၈ “ဒါပေမဲ့ မင်းတို့က လှည့်စားတဲ့ စကား၊ အကျိုးမရှိတဲ့ စကားတွေကို ယုံနေတယ်။+ ၉ ခိုးတာ၊+ လူသတ်တာ၊ အိမ်ထောင်ရေးဖောက်ပြန်တာ၊ မဟုတ်မမှန် ကျိန်ဆိုတာ၊+ ဗာလဆီ ယဇ်ပူဇော်တာ၊+ ကိုယ်မသိတဲ့ဘုရားတွေနောက် လိုက်တာတွေကို လုပ်နေလျက်နဲ့၊ ၁၀ ငါ့နာမည်ခံယူထားတဲ့ ဒီအိမ်တော်ကို လာပြီး ငါ့ရှေ့မှာ ရပ်နေသင့်သလား။ ဒီလိုရွံစရာကောင်းတာတွေကို လုပ်နေလျက်နဲ့ ‘ငါတို့ ကယ်တင်ခံရမှာပါ’ လို့ပြောသင့်သလား။ ၁၁ ငါ့နာမည်ခံယူထားတဲ့ ဒီအိမ်ကို ဓားပြခိုအောင်းတဲ့နေရာ မှတ်နေလား။+ မင်းတို့လုပ်နေတာတွေကို ငါမြင်တယ်” လို့ ယေဟောဝါပြောတယ်။
၁၂ “‘အခု၊ ငါ့နာမည်တည်စေဖို့ ဦးဆုံးရွေးချယ်ခဲ့တဲ့+ ရှိလောအရပ်က+ သန့်ရှင်းရာဌာနတော်ဆီ သွားပါ။ ငါ့လူမျိုး အစ္စရေးတွေရဲ့ မကောင်းမှုကြောင့် အဲဒီနေရာကို ငါဘာလုပ်ခဲ့သလဲဆိုတာ ကြည့်လိုက်ပါ။+ ၁၃ ဒါပေမဲ့ မင်းတို့က အဲဒါတွေကို ဆက်လုပ်နေတုန်းပဲ’ လို့ ယေဟောဝါ ပြောတယ်။ ‘ငါ အထပ်ထပ်ပြောတာတောင် နားမထောင်ကြဘူး။+ ငါ အကြိမ်ကြိမ်ခေါ်ပေမဲ့ ပြန်မထူးကြဘူး။+ ၁၄ ဒါကြောင့် မင်းတို့ ယုံကြည်ကိုးစားနေတဲ့ ဒီအိမ်တော်၊+ ငါ့နာမည်ခံယူထားတဲ့ ဒီအိမ်တော်၊+ မင်းတို့နဲ့ ဘိုးဘေးတွေဆီ ပေးခဲ့တဲ့ ဒီနေရာကို ရှိလောအရပ်ကို လုပ်ခဲ့သလို ငါလုပ်ပစ်မယ်။+ ၁၅ ဧဖရိမ်ရဲ့ သားမြေးတွေဖြစ်တဲ့ မင်းတို့ရဲ့ ညီနောင်အားလုံးကို ငါနှင်ထုတ်ခဲ့သလို မင်းတို့ကိုလည်း ငါ့ရှေ့ကနေ နှင်ထုတ်မယ်။’+
၁၆ “မင်းကတော့ ဒီလူတွေအတွက် ဆုမတောင်းပေးနဲ့။ သူတို့အတွက် ငါ့ဆီ အော်ဟစ်အကူအညီတောင်းတာ၊ ဆုတောင်းတာ၊ အသနားခံတာတွေ မလုပ်နဲ့။+ ငါနားထောင်မှာ မဟုတ်ဘူး။+ ၁၇ ယုဒရဲ့မြို့တွေ၊ ဂျေရုဆလင်ရဲ့ လမ်းတွေမှာ သူတို့ဘာတွေလုပ်နေမှန်း မင်းမမြင်ဘူးလား။ ၁၈ ကောင်းကင်မိဖုရားကို*+ မုန့်ပူဇော်ဖို့ သားတွေက ထင်းကောက်တယ်၊ ဖခင်တွေက မီးမွှေးတယ်၊ အိမ်ရှင်မတွေက မုန့်နယ်တယ်။ တခြားဘုရားတွေကို သွန်းလောင်းရာ ပူဇော်သက္ကာတွေ သွန်းလောင်းပြီး ငါစိတ်ဆိုးအောင် လုပ်ကြတယ်။+ ၁၉ ‘သူတို့ ထိခိုက်အောင်* လုပ်နေတာ ငါ့ကိုလား။ တကယ်တော့ သူတို့ပဲ ထိခိုက်ပြီး အရှက်ကွဲရတာ မဟုတ်လား’+ လို့ ယေဟောဝါ ပြောတယ်။ ၂၀ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက ‘ဒီနေရာအပေါ်၊ လူတွေနဲ့ တိရစ္ဆာန်တွေ၊ တောသစ်ပင်တွေနဲ့ မြေထွက်သီးနှံတွေအပေါ် ငါ့အမျက်ဒေါသကို သွန်းလောင်းမယ်။+ ငါ့ဒေါသမီးဟာ မငြိမ်းတမ်း တောက်လောင်လိမ့်မယ်’+ လို့ပြောတယ်။
၂၁ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက– ‘ဆက်လုပ်ကြ။ တခြားပူဇော်သက္ကာတွေအပြင် အကုန်အစင် မီးရှို့ရာအလှူတွေကိုပါ ထပ်ပူဇော်ပြီး အသားတွေ စားကြ။+ ၂၂ မင်းတို့ရဲ့ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ငါခေါ်ထုတ်လာတုန်းက အကုန်အစင် မီးရှို့ရာအလှူတွေ၊ ပူဇော်သက္ကာတွေအကြောင်း ငါမပြောခဲ့ဘူး၊ မမိန့်မှာခဲ့ဘူး။+ ၂၃ အဲဒီအစား “ငါ့စကားကို နာခံပါ။ ဒါဆိုရင် ငါဟာ မင်းတို့ရဲ့ ဘုရားသခင် ဖြစ်လာပြီး မင်းတို့လည်း ငါ့လူတွေ ဖြစ်လာမယ်။+ ငါမိန့်မှာတဲ့ လမ်းစဉ်အတိုင်းသာ လိုက်လျှောက်ပါ။ ဒါဆိုရင် ကောင်းစားလိမ့်မယ်”’+ လို့ မိန့်မှာခဲ့တယ်။ ၂၄ ဒါပေမဲ့ သူတို့ နားမထောင်ဘူး။ နားမစွင့်ဘူး။+ ကိုယ့်အကြံအစည်တွေအတိုင်း လိုက်လျှောက်ကြတယ်။ ဆိုးညစ်တဲ့စိတ်အလိုနောက် ခေါင်းမာမာနဲ့ လိုက်ကြတယ်။+ ရှေ့မတိုးဘဲ နောက်ဆုတ်ကြတယ်။ ၂၅ အီဂျစ်ပြည်ကနေ ဘိုးဘေးတွေ ထွက်လာတဲ့နေ့ကစပြီး ဒီနေ့အထိ အဲဒီလိုလုပ်ခဲ့ကြတယ်။+ ဒါကြောင့် ငါ့ကျွန်ပရောဖက်တွေကို မင်းတို့ဆီ နေ့တိုင်း အကြိမ်ကြိမ် စေလွှတ်ခဲ့တယ်။+ ၂၆ ဒါပေမဲ့ ငါ့စကားကို သူတို့ နားမထောင်ဘူး၊ နားမစွင့်ဘူး။+ အဲဒီအစား ခေါင်းမာကြတယ်။* ဘိုးဘေးတွေထက်တောင် ဆိုးသေးတယ်။
၂၇ “မင်းက ဒီစကားတွေကို တစ်ခွန်းမကျန် ပြောပြရမယ်။+ ဒါပေမဲ့ သူတို့ နားထောင်မှာ မဟုတ်ဘူး။ သူတို့ကို ခေါ်ရမယ်။ ဒါပေမဲ့ သူတို့ ပြန်ထူးမှာ မဟုတ်ဘူး။ ၂၈ ‘ခင်ဗျားတို့ဟာ ကိုယ့်ရဲ့ဘုရား ယေဟောဝါရဲ့စကားကို မနာခံတဲ့လူမျိုး၊ ဆုံးမမှုကို လက်မခံတဲ့လူမျိုးပဲ။ သစ္စာတရား ပျောက်ပျက်သွားပြီ။ အဲဒီအကြောင်း တစ်ခွန်းတောင် မဟကြတော့ဘူး’+ လို့ သူတို့ကို ပြောရမယ်။
၂၉ “မဖြတ်ဘဲထားတဲ့* မင်းရဲ့ဆံပင်ကို ညှပ်ပြီး လွှင့်ပစ်လိုက်ပါ။ တောင်ကတုံးတွေပေါ်မှာ ငိုချင်းချပါ။ ငါယေဟောဝါက ဒေါသထွက်အောင်လုပ်တဲ့ ဒီလူမျိုးဆက်ကို စွန့်လိုက်ပြီ။ ၃၀ ယေဟောဝါ ပြောတာက– ‘ယုဒလူတွေက ငါ့ရှေ့မှာ မကောင်းတာတွေ လုပ်ကြတယ်။ ငါ့နာမည်ခံယူထားတဲ့ အိမ်တော် ညစ်ညူးအောင် ရွံရှာဖွယ်ရုပ်တုတွေကို အဲဒီမှာထားကြတယ်။+ ၃၁ ဟိန်နုံသားရဲ့ချိုင့်ဝှမ်း*+ မှာရှိတဲ့ တောဖက်အရပ်မှာ အထွတ်အမြတ်နေရာတွေကို တည်ဆောက်ပြီး သားသမီးတွေကို မီးရှို့ကြတယ်။+ အဲဒီလိုလုပ်ဖို့ ငါမမိန့်မှာခဲ့ဘူး။ စဉ်းတောင် မစဉ်းစားဖူးဘူး။’+
၃၂ “ဒါကြောင့် ယေဟောဝါ ပြောတာက– ‘အဲဒီနေရာကို တောဖက်အရပ် ဒါမှမဟုတ် ဟိန်နုံသားရဲ့ ချိုင့်ဝှမ်းလို့ မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းလို့ ခေါ်ရမယ့်နေ့ ရောက်တော့မယ်။ တောဖက်အရပ်မှာ နေရာလပ်မကျန်တော့တဲ့အထိ လူသေတွေကို မြှုပ်နှံကြလိမ့်မယ်။+ ၃၃ အဲဒီအလောင်းတွေကို မိုးကောင်းကင်ငှက်တွေ၊ မြေသားရဲတွေ စားကြတဲ့အခါ မောင်းထုတ်မယ့်သူ ရှိမှာမဟုတ်ဘူး။+ ၃၄ ယုဒရဲ့မြို့တွေ၊ ဂျေရုဆလင်ရဲ့ လမ်းတွေမှာ အားရရွှင်လန်းတဲ့အသံ၊ ပျော်မြူးတဲ့အသံ၊ သတို့သားရဲ့အသံ၊ သတို့သမီးရဲ့အသံတွေ တိတ်ဆိတ်သွားအောင် ငါလုပ်မယ်။+ ပြည်ဟာ ပျက်စီးသွားမယ်။’”+
၈ ယေဟောဝါ ပြောတာက– “အဲဒီအချိန်ရောက်ရင် သင်္ချိုင်းဂူတွေမှာရှိတဲ့ ယုဒဘုရင်၊ မင်းညီမင်းသား၊ ပုရောဟိတ်၊ ပရောဖက်၊ ဂျေရုဆလင်မြို့သူမြို့သားတွေရဲ့ အရိုးတွေကို ထုတ်လာလိမ့်မယ်။ ၂ သူတို့နှစ်သက်လွန်းလို့ ဝတ်ပြုရုံမက တကောက်ကောက် လိုက်ရှာပြီး ဦးချခဲ့တဲ့ ကောင်းကင်ပေါ်က နေ၊ လ၊ ကြယ်နက္ခတ်တွေအောက်မှာ အဲဒီအရိုးတွေကို ဖြန့်ကြဲထားလိမ့်မယ်။+ ပြန်စုသိမ်းမှာ၊ မြှုပ်နှံမှာ မဟုတ်ဘူး။ မြေပြင်ပေါ်မှာ မစင်လို ဖြစ်သွားလိမ့်မယ်။”+
၃ “ယုတ်မာတဲ့ ဒီလူမျိုးထဲကအသက်ရှင်ကျန်ရစ်တဲ့ အကြွင်းအကျန်တွေကို ငါတကွဲတပြားဖြစ်စေမယ်။ အဲဒီမှာ အသက်ရှင်ဖို့ထက် သေဖို့ သူတို့ရွေးချယ်လိမ့်မယ်” လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၄ “သူတို့ကို ပြောလိုက်ပါ– ‘ယေဟောဝါ ပြောတာက–
“သူတို့ လဲကျသွားရင် ပြန်မထဘဲ နေမလား။
တစ်ယောက်ပြန်လာရင် နောက်တစ်ယောက်လည်း ပြန်မလာဘဲ နေမလား။
၅ ဂျေရုဆလင်မြို့မှာရှိတဲ့ ဒီလူတွေက ဘာလို့ ငါ့အပေါ် သစ္စာမဲ့ပြီးရင်းမဲ့နေကြတာလဲ။
သူတို့က လှည့်စားမှုကို မြဲမြဲဆုပ်ကိုင်ထားတယ်။
ပြန်မလှည့်ချင်ကြဘူး။+
၆ ငါအာရုံစိုက်ပြီး နားထောင်ပေမဲ့ သူတို့ပြောပုံက မမှန်ဘူး။
မကောင်းတာလုပ်မိလို့ နောင်တရတဲ့သူ၊ ‘ငါဘာလုပ်မိပါလိမ့်’ လို့ပြောတဲ့သူ တစ်ယောက်မှ မရှိဘူး။+
စစ်မြေပြင်ဆီ ဒုန်းစိုင်းပြေးတဲ့မြင်းလို လူကြိုက်များတဲ့လမ်းစဉ်နောက် လိုက်မြဲလိုက်နေတယ်။
၇ ကောင်းကင်ပေါ်က ငှက်ကျားတောင် ရာသီချိန်ကို သိတယ်။
ချိုးငှက်၊ ပျံလွှားငှက်၊ မြေလူးငှက်လည်း* ပြန်လာရမယ့်အချိန်မှာ* ပြန်လာတယ်။
ငါ့လူတွေကတော့ ငါယေဟောဝါရဲ့ တရားစီရင်ချိန်ကို မသိကြဘူး။”’+
၈ ‘“ငါတို့မှာ ဉာဏ်ပညာရှိတယ်။ ယေဟောဝါရဲ့ပညတ် ရှိတယ်” လို့ မင်းတို့ ဘယ်လိုလုပ် ပြောနိုင်တာလဲ။
တကယ်တော့ ကျမ်းတတ်တွေရဲ့ လိမ်လည်တတ်တဲ့ ကလောင်တံက+ မဟုတ်မမှန်တာတွေကိုပဲ ရေးနေတာ။
၉ ဉာဏ်ပညာရှိသူတွေ အရှက်ကွဲကုန်ပြီ။+
အထိတ်တလန့်ဖြစ်ပြီး အဖမ်းခံလိုက်ရပြီ။
ယေဟောဝါရဲ့စကားကို သူတို့ငြင်းပယ်လိုက်ပြီ။
သူတို့မှာ ဘာဉာဏ်ပညာရှိလို့လဲ။
၁၀ လူကြီးလူငယ်မရွေး မသမာတဲ့နည်းနဲ့ စီးပွားရှာနေကြတယ်။+
ပရောဖက်ကအစ ပုရောဟိတ်ပါမကျန် ကလိမ်ကကျစ် လုပ်ကြတယ်။+
ဒါကြောင့် သူတို့ရဲ့ဇနီးတွေကို တခြားယောက်ျားတွေဆီ ငါအပ်မယ်။
သူတို့ရဲ့လယ်မြေတွေကို သူတစ်ပါးလက်ထဲ အပ်လိုက်မယ်။+
၁၁ သူတို့က ငြိမ်သက်ခြင်း မရှိဘဲနဲ့ “ငြိမ်သက်ခြင်း ရှိတယ်။ ငြိမ်သက်ခြင်း ရှိတယ်” လို့ပြောပြီး+
ငါ့လူမျိုးသမီးပျိုရဲ့ ဒဏ်ရာကို ပေါ့ပေါ့တန်တန် ကုသနေတယ်။
၁၂ လုပ်ခဲ့တဲ့ ရွံမုန်းစရာတွေအတွက် သူတို့ရှက်ကြသလား။
လုံးဝ မရှက်ကြဘူး။
ရှက်ရကောင်းမှန်းတောင် မသိကြဘူး။+
ဒါကြောင့် သူတို့က တခြားသူတွေနဲ့အတူ လဲကျသွားမယ်။
ငါဒဏ်ပေးတဲ့အခါ တိုက်မိလဲသွားမယ်’+ လို့ ယေဟောဝါ ပြောတယ်။
၁၃ ‘ငါက သူတို့ကို စုသိမ်းပြီး ဇာတ်သိမ်းပစ်မယ်။ စပျစ်ပင်ပေါ်မှာ စပျစ်သီးတစ်လုံးမှ ကျန်မှာမဟုတ်ဘူး။
သဖန်းပင်ပေါ်မှာ သဖန်းသီး တစ်လုံးမှ ကျန်မှာမဟုတ်ဘူး။ အရွက်တွေလည်း ညှိုးနွမ်းသွားမယ်။
ငါပေးခဲ့သမျှ သူတို့ လက်လွှတ်ဆုံးရှုံးရမယ်’ လို့ ယေဟောဝါ ပြောတယ်။”
၁၄ “ငါတို့ ဘာလို့ ဒီမှာထိုင်နေတာလဲ။
အတူစုဝေးကြစို့။ ခံတပ်မြို့တွေထဲဝင်ပြီး+ အဲဒီမှာပဲ သေလိုက်ကြစို့။
ယေဟောဝါဘုရားကို ပြစ်မှားခဲ့တဲ့အတွက် ငါတို့ကို ယေဟောဝါဘုရား ပယ်ရှင်းလိမ့်မယ်။
အဆိပ်ရေ တိုက်လိမ့်မယ်။+
၁၅ ငြိမ်သက်ခြင်းကို မျှော်လင့်ပေမဲ့ ကောင်းတာတစ်ခုမှ ရောက်မလာဘူး။
ကုသခံရမယ့်အချိန်ကို မျှော်လင့်ပေမဲ့ ထိတ်လန့်စရာတွေပဲ ရောက်လာတယ်။+
၁၆ မြင်းတွေရဲ့ နှာမှုတ်သံကို ဒန်မြို့ကနေ ကြားနေရတယ်။
မြင်းထီးတွေရဲ့ ဟီသံကြောင့်
တစ်ပြည်လုံး တုန်လှုပ်နေပြီ။
ရန်သူတွေ ဝင်လာပြီး ပြည်နဲ့ပြည်ထဲမှာရှိသမျှ၊
မြို့နဲ့မြို့သားရှိသမျှကို ဖျက်ဆီးပစ်ပြီ။”
၁၇ “အလမ္ပာယ်ဆရာတွေ မနိုင်တဲ့ အဆိပ်ပြင်းတဲ့မြွေတွေကို
ငါလွှတ်လိုက်မယ်။
မင်းတို့ကို ကျိန်းသေ ပေါက်သတ်လိမ့်မယ်” လို့ ယေဟောဝါ ပြောတယ်။
၁၈ ကျွန်တော် ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတယ်။
စိတ်ထိခိုက်နေတယ်။
၁၉ ကျွန်တော့်လူမျိုး သမီးပျိုက ဝေးလံတဲ့ပြည်ကနေ
“ဇိအုန်မှာ ယေဟောဝါ မရှိတော့ဘူးလား။
အဲဒီမှာ ဇိအုန်ရဲ့ဘုရင် မရှိတော့ဘူးလား” ဆိုပြီး အော်ဟစ်အကူအညီတောင်းနေတယ်။
“ရုပ်တုတွေ၊ အသုံးမဝင်တဲ့ တိုင်းတစ်ပါးဘုရားတွေကို သူတို့ကိုးကွယ်ပြီး ဘာလို့ ငါ့ကိုစိတ်ဆိုးအောင် လုပ်တာလဲ။”
၂၀ “ရိတ်သိမ်းချိန် ကုန်လွန်ပြီ။ နွေရာသီလည်း ကုန်ဆုံးပြီ။
ငါတို့ကတော့ ကယ်တင်မခံရသေးပါလား။”
၂၁ ကျွန်တော့်လူမျိုးသမီးပျိုမှာ ဒဏ်ရာတွေရနေလို့
ကျွန်တော် ကြေကွဲနေတယ်။+
မှိုင်တွေပြီး ကြောက်လန့် နေတယ်။
၂၂ ဂိလဒ်ပြည်မှာ ဗာလစံဆီ* မရှိဘူးလား။+
အဲဒီမှာ သမားတော် မရှိဘူးလား။+
ကျွန်တော့်လူမျိုးသမီးပျိုဟာ ဘာလို့ နာလန်မထူနိုင်သေးတာလဲ။+
၉ ကျွန်တော့်ခေါင်းဟာ မျက်ရည်တွင်းဖြစ်နေရင် ကောင်းမှာပဲ။
မျက်လုံးတွေလည်း မျက်ရည်စမ်းချောင်းဖြစ်ရင် ကောင်းမှာပဲ။+
သတ်ဖြတ်ခံလိုက်ရတဲ့ ကျွန်တော့်လူတွေအတွက် နေ့ရောညပါ ငိုကြွေးလိုက် ချင်တာ။
၂ တောကန္တာရမှာ တည်းခိုလို့ရတဲ့ နေရာတစ်ခုရှိရင် ကောင်းမှာပဲ။
ကျွန်တော့်လူတွေကို ထားရစ်ခဲ့ပြီး အဝေးကို ထွက်သွားလိုက်ချင်တာ။
သူတို့အားလုံးဟာ အိမ်ထောင်ရေးဖောက်ပြန်သူတွေ၊+
သစ္စာဖောက်သူတွေ ဖြစ်နေတယ်။
၃ သူတို့ဟာ လေးညှို့တင်ထားသလို လိမ်ညာဖို့ အသင့်ဖြစ်နေတယ်။
တိုင်းပြည်မှာ သစ္စာတရား မရှိဘူး။ မဟုတ်မမှန်တာတွေပဲ ကြီးစိုးနေတယ်။+
“မကောင်းမှု တစ်ခုပြီးတစ်ခု ကျူးလွန်ကြတယ်။
ငါ့ကို အရေးတောင် မလုပ်ကြဘူး”+ လို့ ယေဟောဝါ ပြောတယ်။
၄ “လူလူချင်း သတိထားကြ။
ညီရင်းအစ်ကိုတွေကိုတောင် မယုံနဲ့။
ညီအစ်ကိုတွေဟာ သစ္စာဖောက်တွေပဲ။+
အိမ်နီးချင်းတွေကလည်း အသရေဖျက်သူတွေပဲ။+
၅ လူလူချင်း ကလိမ်ကျတယ်။
အမှန်အတိုင်းပြောတဲ့သူ တစ်ယောက်မှ မရှိဘူး။
မဟုတ်မမှန်တာတွေ ပြောတတ်အောင် သင်ယူကြပြီ။+
အမှားတွေလုပ်ရလွန်းလို့ မောဟိုက်နေကြပြီ။
၆ လှည့်စားမှုတွေအလယ်မှာ မင်း နေထိုင်တယ်။
သူတို့က လှည့်စားတတ်တယ်။ ငါ့အကြောင်း မသိချင်ဘူး” လို့ ယေဟောဝါ ပြောတယ်။
၇ ဒါကြောင့် ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက–
“ငါ့လူမျိုးသမီးပျိုကို အရည်ကျိုပြီး ငါစမ်းသပ်မယ်။+
သူတို့အတွက် ငါလုပ်ပေးနိုင်တာ ဘာများရှိသေးလို့လဲ။
၈ သူတို့ရဲ့လျှာဟာ လှည့်စားပြောဆိုတတ်တဲ့အတွက် သေစေနိုင်တဲ့မြားနဲ့ တူတယ်။
သူတစ်ပါးကို ချိုချိုသာသာ ပြောနေပေမဲ့ စိတ်ထဲမှာတော့ အလစ်ချောင်းနေတယ်။”
၉ ယေဟောဝါ ပြောတာက– “ဒီအရာတွေအတွက် သူတို့ကို ငါဖြေရှင်းချက် တောင်းသင့်တယ် မဟုတ်လား။
ဒီလိုလူမျိုးကို ငါကိုယ်တိုင် လက်စားချေသင့်တယ် မဟုတ်လား။+
၁၀ တောင်တန်းတွေကြောင့် ငါငိုကြွေးမြည်တမ်းမယ်။
တောကန္တာရ စားကျက်မြေတွေကြောင့် ငိုချင်းချမယ်။
အဲဒါတွေ မီးလောင်ကျွမ်းသွားပြီ။
ဖြတ်သန်းသွားလာသူ တစ်ယောက်မှ မရှိတော့ဘူး။
ခြံမွေးတိရစ္ဆာန်တွေရဲ့ အသံကို မကြားရတော့ဘူး။
မိုးကောင်းကင်ငှက်နဲ့ သားရဲတွေလည်း ထွက်ပြေးသွားပြီ။+
၁၁ ငါက ဂျေရုဆလင်ကို ကျောက်ပုံတွေ ဖြစ်စေမယ်။+ ခွေးအတွေ အောင်းတဲ့တွင်း ဖြစ်စေမယ်။+
ယုဒရဲ့မြို့တွေကို လူသူကင်းမဲ့စေမယ်။ နေထိုင်သူရှိတော့မှာ မဟုတ်ဘူး။+
၁၂ ဒီလိုဖြစ်နေတာကို နားလည်နိုင်လောက်အောင် ဘယ်သူဟာ ဉာဏ်ပညာရှိသလဲ။
ဒီအကြောင်းပြောပြဖို့ ဘယ်သူ့ကို ယေဟောဝါ စေခိုင်းထားသလဲ။
တိုင်းပြည် ပျက်စီးသွားတာ ဘာကြောင့်လဲ။
ဖြတ်သန်းသွားလာသူ မရှိဘဲ တောကန္တာရလို ချစ်ချစ်တောက်ပူနေတာ ဘာကြောင့်လဲ။”
၁၃ ယေဟောဝါရဲ့အဖြေက “ငါချမှတ်ထားတဲ့ ပညတ်ချက်ကို သူတို့ငြင်းပယ်လို့ပဲ။ အဲဒီအတိုင်း မလိုက်လျှောက်ဘဲ ငါ့စကားကို မနာခံကြလို့ပဲ။ ၁၄ သူတို့က စိတ်အလိုနောက်ကို ခေါင်းမာမာနဲ့လိုက်ပြီး+ ဘိုးဘေးတွေသင်ပေးတဲ့အတိုင်း ဗာလရုပ်တုတွေနောက်ကို လိုက်ကြတယ်။+ ၁၅ ဒါကြောင့် အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘ဒီလူတွေကို ဒေါန* ကျွေးမယ်။ အဆိပ်ရေ တိုက်မယ်။+ ၁၆ သူတို့ရော ဘိုးဘေးတွေပါ မသိတဲ့ လူမျိုးတွေအလယ်မှာ သူတို့ကို ကွဲလွင့်စေမယ်။+ ဓားဘေးကို စေလွှတ်ပြီး သူတို့ကို သုတ်သင်ပယ်ရှင်းမယ်။’+
၁၇ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက–
‘ဖြစ်ပျက်နေတာတွေကို ဆင်ခြင်သုံးသပ်ပါ။
ငိုချင်းသည်တွေကို ဆင့်ခေါ်လိုက်ပါ။+
ငိုချင်းသည်တွေကို အခေါ်လွှတ်လိုက်ပါ။
၁၈ သူတို့ အမြန်ရောက်လာပြီး ငါတို့အတွက် မြည်တမ်းပါစေ။
ငါတို့မျက်ရည်တွေ စီးကျလာပါစေ။
မျက်ရည်တွေ တစက်စက်ကျပါစေ။+
၁၉ “ငါတို့ အကြီးအကျယ် ဖျက်ဆီးခံလိုက်ရပြီပဲ။
အကြီးအကျယ် အရှက်ကွဲပြီပဲ။
ပြည်ကို စွန့်ခွာခဲ့ရပြီ။ ငါတို့ရဲ့အိမ်တွေကို သူတို့ဖြိုချလိုက်ပြီ”+ ဆိုတဲ့ မြည်တမ်းသံကို ဇိအုန်မှာ ကြားနေရတယ်။+
၂၀ အမျိုးသမီးတို့၊ ယေဟောဝါရဲ့စကားကို နားထောင်ကြ။
ငါ့နှုတ်ထွက်စကားကို နာယူကြ။
ဒီလိုမြည်တမ်းတတ်အောင် မင်းတို့ရဲ့သမီးတွေကို သင်ပေးကြ။
ဒီငိုချင်းကို အချင်းချင်း သင်ပေးကြ။+
သေခြင်းက ပြတင်းပေါက်ကနေ ကျော်တက်လာပြီ။
ခံတပ်မျှော်စင်တွေထဲ ဝင်လာပြီ။’
၂၂ ‘“အလောင်းတွေဟာ လယ်ထဲက မစင်လို၊
ရိတ်သိမ်းသူ ချန်ရစ်ခဲ့ပေမဲ့ စုသိမ်းသူမရှိတဲ့ ကောက်နှံတွေလို ဖြစ်နေလိမ့်မယ်။”+
ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ’ လို့ ပြောလိုက်ပါ။”
၂၃ ယေဟောဝါ ပြောတာက “ဉာဏ်ပညာရှိသူက ဉာဏ်ပညာကြောင့် မဝါကြွားမိစေနဲ့။+
ခွန်အားကြီးသူက ခွန်အားကြောင့် မဝါကြွားမိစေနဲ့။
ချမ်းသာသူက စည်းစိမ်တွေကြောင့် မဝါကြွားမိစေနဲ့။”+
၂၄ “ဝါကြွားမယ်ဆိုရင်လည်း ငါယေဟောဝါအကြောင်း ထိုးထွင်းသိမြင်တာ၊
ငါ့အကြောင်း သိရှိတာ၊+ ငါဟာ ကမ္ဘာမြေပေါ်မှာ ခိုင်မြဲတဲ့မေတ္တာ၊ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကိုပြတဲ့အရှင် ဖြစ်တယ်ဆိုတာကိုပဲ ဝါကြွားပါစေ။+
အဲဒါတွေကို ငါနှစ်သက်တယ်”+ လို့ ယေဟောဝါ ပြောတယ်။
၂၅ ယေဟောဝါ ပြောတာက– “အရေဖျားဖြတ်သူ၊ အရေဖျားမဖြတ်ရသေးသူတွေကို ဖြေရှင်းချက်တောင်းမယ့်နေ့ ရောက်တော့မယ်။+ ၂၆ အီဂျစ်၊+ ယုဒ၊+ ဧဒုံ၊+ အမ္မုန်၊+ မောဘ+ အပါအဝင် တောကန္တာရမှာနေတဲ့ နားသယ်မွေးရိတ်တဲ့သူတွေကို ငါဖြေရှင်းချက်တောင်းမယ်။+ အဲဒီလူမျိုးအားလုံး၊ အစ္စရေးတစ်မျိုးလုံး စိတ်နှလုံးကိုစင်ကြယ်အောင် မလုပ်ထားကြလို့ပဲ။”*+
၁၀ အိုအစ္စရေးအမျိုး၊ ယေဟောဝါပြောတဲ့ စကားကို နားထောင်ပါ။ ၂ ယေဟောဝါ ပြောတာက–
“လူမျိုးခြားတွေရဲ့ လမ်းစဉ်ကို မသင်ယူပါနဲ့။+
ကောင်းကင်ပေါ်က လက္ခဏာတွေကို ကြည့်ပြီး လူမျိုးခြားတွေ ထိတ်လန့်သလို မင်းတို့လည်း လိုက်ပြီး မထိတ်လန့်ကြနဲ့။+
၃ သူတို့ရဲ့ဓလေ့ထုံးစံတွေဟာ လှည့်စားမှုပဲ။
ခုတ်လှဲခံလိုက်ရတဲ့ တောထဲက သစ်ပင်လိုပဲ။
လက်မှုပညာသည်က အဲဒီသစ်ကိုထွင်းပြီး ရုပ်တုလုပ်တယ်။+
၄ အဲဒီရုပ်တုကို ရွှေငွေတွေနဲ့ အလှဆင်ပြီး+ မပြိုလဲအောင် သံနဲ့ရိုက်တယ်။+
၅ ရုပ်တုတွေက သခွားခင်းထဲက စာခြောက်ရုပ်လိုပဲ စကားမပြောတတ်ဘူး။+
လမ်းမလျှောက်တတ်တော့ ထမ်းသွားရတယ်။+
အန္တရာယ်မပေးနိုင်သလို ကောင်းကျိုးလည်း မပေးနိုင်တဲ့အတွက် မကြောက်ပါနဲ့။”+
၆ ယေဟောဝါဘုရား၊ ကိုယ်တော့်လို ဘုရားမျိုး မရှိပါဘူး။+
ကိုယ်တော်ဟာ ကြီးမြတ်ပြီး တန်ခိုးကြီးလှတယ်။ နာမတော်ကလည်း ကြီးမြတ်လှပါတယ်။
၇ လူမျိုးတို့ရဲ့ဘုရင်၊+ ကိုယ်တော့်ကို ဘယ်သူ မကြောက်ရွံ့ဘဲ နေမှာလဲ။
ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေထိုက်ပါတယ်။
လူမျိုးခြားတို့ရဲ့ ပညာရှိတွေထဲမှာ၊ တိုင်းနိုင်ငံတွေထဲမှာ ကိုယ်တော်နဲ့တူတဲ့သူ မရှိပါဘူး။+
၈ သူတို့တွေဟာ စဉ်းစားဉာဏ်မဲ့ပြီး မိုက်မဲကြတယ်။+
သစ်သားရုပ်တုကပေးတဲ့ သွန်သင်ချက်ဟာ လှည့်စားမှုသက်သက်ပဲ။+
၉ လက်မှုပညာသည်တွေ၊
ပန်းထိမ်သမားတွေက တာရှိပြည်ကနေ+ တင်သွင်းလာတဲ့ ငွေပြားတွေ၊ ဥဖတ်မြို့ကနေ တင်သွင်းလာတဲ့ ရွှေတွေကို သုံးပြီး ရုပ်တုတွေကို မွမ်းမံကြတယ်။
အပြာရောင်ချည်နဲ့ ခရမ်းရောင်သိုးမွေးတွေ ဝတ်ဆင်ပေးကြတယ်။
အဲဒီရုပ်တုအားလုံးဟာ ပညာသည်တွေ ထုလုပ်တဲ့ လက်ရာတွေပဲ။
အမျက်တော်ကြောင့် ကမ္ဘာမြေ တုန်လှုပ်လိမ့်မယ်။+
ပြစ်ဒဏ်စီရင်ချက်ကို ဘယ်လူမျိုးမှ ခံရပ်နိုင်မှာ မဟုတ်ဘူး။
၁၁ * “ကောင်းကင်နဲ့ မြေကြီးကို မဖန်ဆင်းတဲ့ဘုရားတွေဟာ ကောင်းကင်အောက်ကနေ၊ မြေကြီးပေါ်ကနေ ပျက်စီးသွားလိမ့်မယ်”+ လို့ သူတို့ကို ပြောလိုက်ပါ။
၁၂ ဘုရားသခင်ဟာ ကမ္ဘာမြေကို တန်ခိုးနဲ့ဖန်ဆင်းတဲ့အရှင်၊
ကမ္ဘာမြေကို ဉာဏ်ပညာနဲ့ အခိုင်အမာတည်စေတဲ့အရှင်၊+
မိုးကောင်းကင်ကို သိနားလည်နိုင်စွမ်းနဲ့ ဖြန့်မိုးတဲ့အရှင်ပဲ။+
၁၃ ဘုရား အသံလွှင့်လိုက်တဲ့အခါ ကောင်းကင်ပေါ်က ရေတွေ ဆူပွက်ကုန်တယ်။+
ကမ္ဘာမြေအစွန်အဖျားကနေ မိုးတိမ်တွေ တက်လာစေတယ်။+
မိုးနဲ့အတူ လျှပ်စီးတွေ လက်စေတယ်။*
ဘဏ္ဍာတိုက်တွေထဲကနေ လေကို ခေါ်ထုတ်လာတယ်။+
၁၄ လူတွေက စဉ်းစားဉာဏ်မရှိဘဲ၊ ဘာမှမသိဘဲ လုပ်နေကြတယ်။
ပန်းထိမ်သမားက ရုပ်တုကြောင့် အရှက်ကွဲရလိမ့်မယ်။+
သူလုပ်တဲ့ရုပ်တုဟာ မဟုတ်မမှန်တဲ့အရာ ဖြစ်နေတာကိုး။
အဲဒီရုပ်တုတွေမှာ အသက်စွမ်းအားမှ မရှိတာ။+
၁၅ ရုပ်တုတွေဟာ လှည့်စားမှုပဲ။ လှောင်ပြောင်စရာပဲ။+
စစ်ဆေးမယ့်နေ့ ရောက်တဲ့အခါ ပျက်စီးသွားလိမ့်မယ်။
၁၆ ယာကုပ်ရဲ့ဝေစုဖြစ်တဲ့ ဘုရားသခင်ကတော့ အဲဒီရုပ်တုတွေနဲ့ မတူဘူး။
ဘုရားသခင်ဟာ အရာအားလုံးကို ပုံသွင်းတဲ့အရှင်ပဲ။
အစ္စရေးဟာ ဘုရားပိုင်တဲ့ တောင်ဝှေးပဲ။+
နာမတော်ဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါလို့ ခေါ်တယ်။+
၁၇ ဝိုင်းရံခံနေရတဲ့ အမျိုးသမီး၊
မြေကြီးပေါ်က မင်းရဲ့အထုပ်အပိုးကို စုသိမ်းလိုက်ပါ။
၁၈ ယေဟောဝါက “အခု ပြည်သူပြည်သားတွေကို တိုင်းပြည်ထဲကနေ ငါပစ်ထုတ်တော့မယ်။+
သူတို့ကို ဒုက္ခကြုံစေမယ်” လို့ပြောတယ်။
၁၉ ဒဏ်ရာတွေကြောင့် ကျွန်တော့်မှာ အဖြစ်ဆိုးလိုက်တာ။+
အနာတွေကလည်း ကုလို့မရဖြစ်နေတယ်။
“ဒါဟာ ငါ့ရဲ့ရောဂါပဲ။
ခါးစည်းခံရတော့မှာပေါ့။
၂၀ ငါ့တဲ ပျက်စီးသွားပြီ။ တဲကြိုးတွေ ပြတ်ထွက်ကုန်ပြီ။+
ငါ့သားတွေ ငါ့ကို ထားရစ်ခဲ့ပြီ။ တစ်ယောက်မှ မရှိတော့ ဘူး။+
ငါ့တဲကို ဖြန့်မိုးပေးမယ့်သူ၊ ရွက်ထည်တွေကို ပင့်တင်ပေးမယ့်သူ တစ်ယောက်မှ မရှိတော့ဘူး။
၂၁ သိုးထိန်းတွေ အသိတရားမရှိဘဲ လုပ်နေကြတယ်။+
ယေဟောဝါကို မမေးမြန်းတော့+ ထိုးထွင်းဉာဏ်ရှိရှိ မလုပ်ဆောင်နိုင်ကြဘူး။
သိုးတွေအားလုံး ကွဲလွင့်ကုန်ပြီ”+ လို့ပဲ ပြောနေရတော့တယ်။
၂၂ နားထောင်ကြ။ သတင်းတစ်ခု ရောက်လာပြီ။
မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ+ အသံဗလံကြီး ထွက်ပေါ်လာနေပြီ။
ယုဒရဲ့မြေတွေကို လူသူကင်းမဲ့ပြီး ခွေးအတွေအောင်းတဲ့ တွင်းဖြစ်အောင် လုပ်ကြတော့မယ်။+
၂၃ ယေဟောဝါဘုရား၊ လူဟာ ကိုယ်သွားမယ့်လမ်းကို လမ်းညွှန်နိုင်စွမ်းမရှိမှန်း ကျွန်တော် ကောင်းကောင်းသိပါတယ်။
ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့်လည်း မရှိပါဘူး။+
၂၄ ယေဟောဝါဘုရား၊ ကျွန်တော့်ကို သင့်တော်သလိုသာ တည့်မတ်ပေးလှည့်ပါ။
အမျက်တော်နဲ့ မတည့်မတ် လိုက်ပါနဲ့။+ အဲဒီလိုသာဆိုရင် ကျွန်တော် အစအနမကျန် ပျက်စီးသွားမှာ။+
၂၅ ကိုယ်တော့်ကို လျစ်လျူရှုတဲ့ လူမျိုးတွေအပေါ်၊+
နာမတော်ကိုခေါ်ပြီး ဆုမတောင်းကြတဲ့ မျိုးနွယ်စုတွေအပေါ် အမျက်တော် သွန်းလောင်းလိုက်ပါ။
သူတို့က ယာကုပ်ကို ဝါးမျိုပစ်လို့ပါ။+
ယာကုပ်ကို ဝါးမျိုပြီး သုတ်သင်ဖျက်ဆီးပစ်ပါပြီ။+
သူ့ရဲ့ မွေးရပ်မြေကိုလည်း လူသူကင်းမဲ့စေပါပြီ။+
၁၁ ယေဟောဝါက ယေရမိကို ပြောတယ်– ၂ “အိုလူတို့၊ ဒီ ပဋိညာဉ် စကားတွေကို နားထောင်ကြ။
“ယုဒလူတွေနဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေကို မင်း* ပြောလိုက်ပါ။ ၃ သူတို့ကို ပြောလိုက်။ ‘အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတာက– “ဒီပဋိညာဉ်စကားတွေကို မနာခံတဲ့သူ ကျိန်စာသင့်ပါစေ။+ ၄ မင်းတို့ရဲ့ဘိုးဘေးတွေကို သံရည်ကျိုမီးဖိုဖြစ်တဲ့+ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတုန်းက+ ငါမိန့်မှာခဲ့တဲ့ ပဋိညာဉ်စကားတွေကတော့– ‘ငါ့စကားကို နာခံပြီး ငါမိန့်မှာထားသမျှ လုပ်ဆောင်ပါ။ ဒါဆိုရင် မင်းတို့ဟာ ငါ့လူတွေဖြစ်လာမယ်။ ငါလည်း မင်းတို့ရဲ့ဘုရားသခင် ဖြစ်လာမယ်။+ ၅ ဒါမှ နို့နဲ့ပျားရည်စီးတဲ့ ပြည်ကို ပေးမယ်ဆိုပြီး+ မင်းတို့ရဲ့ဘိုးဘေးတွေကို ကျိန်ဆိုခဲ့တဲ့ ကတိသစ္စာအတိုင်း ငါလုပ်ဆောင်နိုင်မယ်။ အဲဒီပြည်မှာ မင်းတို့ အခုထိ နေထိုင်နေတယ်။’”’”
ကျွန်တော်လည်း “ယေဟောဝါဘုရား၊ အာမင်”* လို့ပြောတယ်။
၆ ဒါနဲ့ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “ယုဒရဲ့မြို့တွေနဲ့ ဂျေရုဆလင်ရဲ့လမ်းတွေမှာ ကြေညာရမှာက ‘ဒီပဋိညာဉ်စကားတွေကို နားထောင်ပြီး အဲဒီအတိုင်း လုပ်ဆောင်ကြ။ ၇ ငါက မင်းတို့ရဲ့ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့နေ့ကစပြီး ဒီနေ့အထိ အလေးအနက် တိုက်တွန်းခဲ့တယ်။ “ငါ့စကားကို နာခံကြ” ဆိုပြီး အကြိမ်ကြိမ် ပြောခဲ့တယ်။+ ၈ ဒါပေမဲ့ သူတို့ နားမထောင်ဘူး။ နားမစွင့်ဘူး။ အဲဒီအစား ဆိုးညစ်တဲ့ စိတ်အလိုနောက်ကို ခေါင်းမာမာနဲ့ လိုက်မြဲလိုက်နေတယ်။+ ဒါကြောင့် ငါမိန့်မှာခဲ့ပေမဲ့ သူတို့မလိုက်နာတဲ့ ဒီပဋိညာဉ်ထဲက ကျိန်စာအားလုံးကို သူတို့အပေါ် ငါကျရောက်စေခဲ့တယ်။’”
၉ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “ယုဒလူတွေနဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေ လျှို့ဝှက်ကြံစည်နေတယ်။ ၁၀ ငါ့စကားကို မနာခံခဲ့တဲ့ ရှေးခေတ်ဘိုးဘေးတွေရဲ့ အမှားမျိုးကိုပဲ ပြန်ကျူးလွန်ကြတယ်။+ တခြားဘုရားတွေနောက်ကို လိုက်ပြီး ဝတ်ပြုကြတယ်။+ အစ္စရေးအမျိုးနဲ့ ယုဒအမျိုးက သူတို့ဘိုးဘေးတွေနဲ့ ငါဖွဲ့ခဲ့တဲ့ ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။+ ၁၁ ဒါကြောင့် ယေဟောဝါ ပြောတာက– ‘မလွတ်မြောက်နိုင်တဲ့ ဘေးဆိုးကို သူတို့အပေါ် ငါကျရောက်စေမယ်။+ သူတို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ ငါနားမထောင်ဘူး။+ ၁၂ အဲဒီအခါ ယုဒရဲ့မြို့တွေနဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေက သူတို့ယဇ်ပူဇော်ခဲ့တဲ့ ဘုရားတွေဆီ သွားပြီး အော်ဟစ်အကူအညီ တောင်းကြလိမ့်မယ်။+ ဒါပေမဲ့ သူတို့ဘေးဆိုးကြုံရချိန်မှာ အဲဒီဘုရားတွေက လုံးဝကယ်တင်နိုင်မှာ မဟုတ်ဘူး။ ၁၃ အို ယုဒ၊ မင်းရဲ့ဘုရားတွေဟာ မင်းရဲ့မြို့တွေလောက်နီးပါး များတာပဲ။ ရှက်ဖွယ်ကောင်းတဲ့ ဘုရားအတွက် မင်းတို့တည်ထားတဲ့ ယဇ်ပလ္လင်တွေ၊ ဗာလဆီ ယဇ်ပူဇော်ဖို့ မင်းတို့တည်ထားတဲ့ ယဇ်ပလ္လင်တွေဟာ ဂျေရုဆလင်မြို့ရဲ့ လမ်းတွေလောက်ကို များလှတယ်။’+
၁၄ “မင်းကတော့* ဒီလူတွေအတွက် ဆုမတောင်းပေးနဲ့။ သူတို့အတွက် အော်ဟစ်အကူအညီတောင်းတာ၊ ဆုတောင်းတာတွေ မလုပ်နဲ့။+ ဘေးဆိုးကြုံရလို့ ငါ့ကို သူတို့အော်ခေါ်တဲ့အခါ ငါနားထောင်မှာ မဟုတ်ဘူး။
၁၅ လူအမြောက်အမြားက ယုတ်မာတဲ့ အကြံအစည်တွေအတိုင်း လုပ်ဆောင်နေမှတော့ ငါချစ်ရတဲ့သူက ငါ့အိမ်တော်မှာ ဘာလာလုပ်ဦးမှာလဲ။
သန့်ရှင်းတဲ့အသားကို ပူဇော်လို့ကော ကျရောက်မယ့်ဘေးဆိုးကနေ လွတ်မြောက်မှာမို့လို့လား။
အဲဒီအချိန်ရောက်လာတဲ့အခါ ပျော်နိုင်ပါဦးမလား။
၁၆ ငါယေဟောဝါက မင်းတို့ကို ‘အသီးကောင်းသီးပြီး လှပဝေဆာနေတဲ့ သံလွင်ပင်’ လို့ ခေါ်ဖူးတယ်။
ဒါပေမဲ့ ကျယ်လောင်တဲ့အသံကြီးနဲ့ မီးရှို့လိုက်တယ်။
ရန်သူတွေက အကိုင်းအခက်တွေကို ချိုးပစ်ကြတယ်။
၁၇ “မင်းကို စိုက်ပျိုးတဲ့အရှင်၊+ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ကြေညာတာက– ဗာလဆီ ယဇ်ပူဇော်ပြီး ငါ့ကိုစိတ်ဆိုးအောင်လုပ်ခဲ့တဲ့ အစ္စရေးအမျိုးနဲ့ ယုဒအမျိုး ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေကြောင့် ဘေးဆိုးကျရောက်တော့မယ်။”+
၁၈ ယေဟောဝါက ကျွန်တော့်ကို အသိပေးတယ်။
အဲဒီအချိန်မှာ သူတို့လုပ်နေတာတွေ ကျွန်တော့်ကိုပြတယ်။
၁၉ ကျွန်တော်ဟာ သတ်ဖို့ခေါ်သွားခံရတဲ့၊ ပြုသမျှခံရမယ့် သိုးသငယ်လိုပဲ။
သူတို့က “အပင်ကိုရော အသီးကိုပါ ဖျက်ဆီးကြစို့။
သူ့နာမည်ကို သတိမရတော့အောင် သက်ရှိလောကထဲကနေ သူ့ကိုပယ်ရှင်းကြစို့” လို့ပြောပြီး မကောင်းကြံနေမှန်း ကျွန်တော် မသိဘူး။+
၂၀ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကတော့ ဖြောင့်မတ်ခြင်းနဲ့အညီ တရားစီရင်တယ်။
ကျွန်တော့်အမှုကို ကိုယ်တော့်ဆီမှာ အပ်ထားတဲ့အတွက် ကိုယ်တော် လက်စားချေတာကို မြင်တွေ့ပါရစေ။
၂၁ ကျွန်တော့်အသက်ကို သတ်ချင်နေတဲ့ အာနသုတ်မြို့သားတွေက+ “ငါတို့လက်ချက်နဲ့ မင်းမသေချင်ရင် ယေဟောဝါရဲ့နာမည်ကို သုံးပြီး ပရောဖက်မပြုနဲ့”+ လို့ပြောတယ်။ ဒါကြောင့် သူတို့နဲ့ပတ်သက်ပြီး ယေဟောဝါ ပြောတယ်။ ၂၂ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက “အခု သူတို့ကို ငါပြစ်ဒဏ်ပေးတော့မယ်။ လူငယ်တွေ ဓားဘေးကြောင့် သေဆုံးရမယ်။+ သားသမီးတွေလည်း အငတ်ဘေးကြောင့် သေဆုံးရမယ်။+ ၂၃ တစ်ယောက်မှ ကျန်ကြွင်းမှာ မဟုတ်ဘူး။ ငါပြစ်ဒဏ်ပေးတဲ့နှစ်မှာ အာနသုတ်မြို့သားတွေအပေါ် ဘေးဆိုးကျရောက်စေမယ်” လို့ပြောတယ်။+
၁၂ ယေဟောဝါ၊ ကိုယ်တော်ဟာ ဖြောင့်မတ်တဲ့ဘုရားပါ။+
ကျွန်တော်တိုင်ကြားတဲ့အခါ၊ တရားမျှတမှုအကြောင်း လျှောက်လဲတဲ့အခါ ကိုယ်တော် မျှတစွာ စီရင်ပေးတယ်။
ဒါပေမဲ့ လူဆိုးတွေကျတော့ ဘာလို့ အောင်မြင်နေတာလဲ။+
သစ္စာဖောက်တွေ ဘာလို့ အပူအပင်ကင်းနေတာလဲ။
၂ ကိုယ်တော် စိုက်ပျိုးလို့ သူတို့ အမြစ်စွဲနေတယ်။
ကြီးထွားပြီး သီးပွင့်ဖြစ်ထွန်းနေတယ်။
ကိုယ်တော်ဟာ သူတို့ရဲ့ နှုတ်ဖျားမှာပဲ ရှိတာပါ။ သူတို့ ရင်ထဲမှာ* မရှိပါဘူး။+
၃ အို ယေဟောဝါ၊ ကျွန်တော့်ကိုတော့ ကိုယ်တော် ကောင်းကောင်းသိမြင်တယ်။+
ကျွန်တော့်စိတ်နှလုံးကို စစ်ဆေးတဲ့အခါ ကိုယ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတာကို တွေ့တယ်။+
သူတို့ကို အသတ်ခံရမယ့် သိုးတွေလို ရွေးထုတ်ပါ။
အသတ်ခံရမယ့်နေ့အတွက် ဖယ်ထားပါ။
၄ တိုင်းပြည်ဟာ ဘယ်အချိန်အထိ ပျက်စီးနေမှာလဲ။
လယ်ထွက်သီးနှံတွေလည်း ဘယ်အချိန်အထိ ခြောက်သွေ့နေမှာလဲ။+
“ငါတို့ ဘာတွေကြုံရမှန်း ဘုရား မသိပါဘူး” လို့ပြောနေတဲ့ ပြည်သူပြည်သားတွေရဲ့ မကောင်းမှုကြောင့်
သားရဲတွေ၊ ငှက်တွေ ထွက်ပြေးကုန်ပြီ။
၅ မင်းက လူတွေနဲ့ ပြိုင်ပြေးတဲ့အခါ မောပန်းနေရင် ဘယ်လိုလုပ်ပြီး မြင်းတွေနဲ့ ပြိုင်ပြေးနိုင်မှာလဲ။+
တိုင်းပြည်အေးချမ်းနေတုန်းမှာ စိတ်ချလက်ချ ဖြစ်နေရင် ဂျော်ဒန်မြစ်တစ်လျှောက် ချုံနွယ်ပိတ်ပေါင်းတွေထဲ ရောက်တဲ့အခါ ဘယ်လိုလုပ်မလဲ။
၆ ညီရင်းအစ်ကိုတွေ၊ အဖေ့အိမ်သူအိမ်သားတွေ မင်းကို သစ္စာဖောက်ပြီး+
အော်ကြီးဟစ်ကျယ် ပြောဆိုကြတယ်။
ကောင်းတဲ့စကားတွေ ပြောလာရင်တောင် သူတို့ကို မယုံပါနဲ့။
၇ “ငါက အိမ်ကို စွန့်ခွာလိုက်ပြီ။+ ငါ့အမွေကို စွန့်ပစ်လိုက်ပြီ။+
ငါချစ်မြတ်နိုးရသူကို ရန်သူတွေလက်ထဲ အပ်လိုက်ပြီ။+
၈ ငါ့အမွေဟာ ငါ့အတွက်တော့ တောထဲကခြင်္သေ့လို ဖြစ်နေပြီ။
ငါ့ကို သူဟိန်းဟောက်တယ်။
ဒါကြောင့် သူ့ကို ငါမုန်းတယ်။
၉ ငါ့အမွေဟာ ငါ့အတွက်တော့ အရောင်အသွေးစုံလင်တဲ့ သားရဲငှက်လိုပဲ။
တခြားငှက်ရဲတွေ သူ့ကို ဝိုင်းရံတိုက်ခိုက်ကြတယ်။+
တောသားရဲအပေါင်းတို့၊ လာကြ။
အတူစုရုံးပြီး လာစားကြ။+
၁၀ သိုးထိန်းများစွာက ငါ့စပျစ်ခြံကို ဖျက်ဆီးပစ်ပြီ။+
ငါပိုင်တဲ့မြေကွက်ကို နင်းခြေပစ်ပြီ။+
ငါနှစ်သက်တဲ့ အဲဒီမြေကွက်ကို လူသူကင်းမဲ့တဲ့ တောကန္တာရဖြစ်စေပြီ။
၁၁ ငါ့မြေကွက်ဟာ လွင်တီးခေါင်ဖြစ်သွားပြီ။
ခြောက်သွေ့သွားပြီ။*
ငါ့ရှေ့မှာ လူသူကင်းမဲ့သွားပြီ။+
တစ်ပြည်လုံး လူသူကင်းမဲ့သွားပြီ။
ဒါကို ဘယ်သူမှ နှလုံးမသွင်းကြဘူး။+
၁၂ တောကန္တာရတစ်လျှောက်က ဖွတ်ဖွတ်ကြေနေတဲ့ လမ်းတွေပေါ် ဖျက်ဆီးသူတွေ ရောက်လာပြီ။
ယေဟောဝါရဲ့ဓားက တစ်ပြည်လုံးမှာရှိတဲ့ လူတွေကို ဖျက်ဆီးလိုက်ပြီ။+
ဘယ်သူမှ အေးအေးချမ်းချမ်း မနေထိုင်ရဘူး။
၁၃ ဂျုံကို စိုက်ပေမဲ့ ဆူးပင်တွေပဲ ရိတ်သိမ်းရတယ်။+
ပင်ပင်ပန်းပန်း လုပ်ပေမဲ့ ဘာအကျိုးမှ မခံစားရဘူး။
ယေဟောဝါရဲ့ ဒေါသမီးကြောင့်
သီးနှံမထွက်လို့ သူတို့ အရှက်ကွဲရလိမ့်မယ်။”
၁၄ ယေဟောဝါ ပြောတာက– “ငါ့ရဲ့အစ္စရေးတွေအတွက် အပိုင်ပေးထားတဲ့ အမွေကို မကောင်းတဲ့ အိမ်နီးချင်းလူမျိုးတွေ ထိပါးနေတယ်။+ ဒါကြောင့် သူတို့ကို ပြည်ထဲကနေ ငါဆွဲနုတ်မယ်။+ ယုဒအမျိုးကိုလည်း သူတို့ထဲကနေ ဆွဲနုတ်မယ်။ ၁၅ သူတို့ကို ဆွဲနုတ်ပြီးတဲ့နောက် ကရုဏာပြန်ပြမယ်။ အားလုံးကို သူတို့ရဲ့အမွေရှိရာ၊ သူတို့ရဲ့ပြည်ရှိရာကို ပြန်ခေါ်လာမယ်။
၁၆ “အဲဒီလူမျိုးတွေက ဗာလကို တိုင်တည်ကျိန်ဆိုဖို့ ငါ့လူတွေကို သင်ပေးခဲ့တယ်။ အခု သူတို့က ‘အသက်ရှင်နေတဲ့ ယေဟောဝါကို တိုင်တည်ကျိန်ဆိုတယ်’ ဆိုပြီး ငါ့နာမည်နဲ့ ကျိန်ဆိုမယ်၊ ငါ့လူမျိုးရဲ့လမ်းစဉ်တွေကို ပြန်သင်ယူမယ်ဆိုရင် ငါ့လူတွေအလယ်မှာ တည်မြဲနေလိမ့်မယ်။ ၁၇ မနာခံဘူးဆိုရင်တော့ အဲဒီလူမျိုးကို ငါဆွဲနုတ်မယ်။ ငါဆွဲနုတ်ပြီး ဖျက်ဆီးပစ်မယ်” လို့ယေဟောဝါ ပြောတယ်။+
၁၃ ယေဟောဝါက “ချည်ခါးစည်းကြိုးကို သွားဝယ်ပြီး ခါးမှာ ချည်ထားပါ။ ရေမစိုစေနဲ့” လို့ ကျွန်တော့်ကို ပြောတယ်။ ၂ ကျွန်တော်လည်း ယေဟောဝါ ပြောတဲ့အတိုင်း ခါးစည်းကြိုးကိုဝယ်ပြီး ခါးမှာ ချည်ထားလိုက်တယ်။ ၃ ယေဟောဝါက ကျွန်တော့်ကို၊ ၄ “ယူဖရေးတီးမြစ်ကို သွားပါ။ မင်း ဝယ်ပြီးချည်ထားတဲ့ ခါးစည်းကြိုးကို ယူသွားပြီး ကျောက်ကြိုကျောက်ကြားမှာ ဝှက်ထားလိုက်ပါ” လို့ ထပ်ပြောတယ်။ ၅ ဒါနဲ့ ကျွန်တော်လည်း ယေဟောဝါ မိန့်မှာတဲ့အတိုင်း ခါးစည်းကြိုးကို ယူဖရေးတီးမြစ်နားမှာ ဝှက်ထားလိုက်တယ်။
၆ ရက်အတော်ကြာပြီးတဲ့နောက် ယေဟောဝါက “အခု ယူဖရေးတီးမြစ်ကို သွားပြီး ငါဝှက်ခိုင်းထားတဲ့ ခါးစည်းကြိုးကို ယူလာပါ” လို့ပြောတယ်။ ၇ ကျွန်တော်လည်း ယူဖရေးတီးမြစ်ကို သွားတယ်။ ခါးစည်းကြိုး ဝှက်ထားတဲ့နေရာကို တူးတဲ့အခါ ခါးစည်းကြိုးဟာ ဆွေးမြည့်ပြီး အသုံးမဝင်တော့တာကို တွေ့လိုက်ရတယ်။
၈ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၉ “ငါယေဟောဝါ ပြောတာက ‘ယုဒရဲ့မာနနဲ့ ဂျေရုဆလင်ရဲ့ မာန်မာနဟာ အဲဒီခါးစည်းကြိုးလိုပဲ ဖြစ်သွားလိမ့်မယ်။+ ၁၀ ငါ့စကားကိုမနာခံဘဲ+ စိတ်အလိုနောက်ကို ခေါင်းမာမာနဲ့ လိုက်သွားတဲ့သူတွေ၊+ တခြားဘုရားတွေနောက် လိုက်ပြီး ဦးချဝတ်ပြုတဲ့ ဒီလူယုတ်မာတွေလည်း လုံးဝ အသုံးမဝင်တော့တဲ့ အဲဒီခါးစည်းကြိုးလို ဖြစ်သွားလိမ့်မယ်။’ ၁၁ ‘ခါးစည်းကြိုးက ခါးမှာ စွဲမြဲနေသလို အစ္စရေးတစ်မျိုးလုံးနဲ့ ယုဒတစ်မျိုးလုံးကိုလည်း ငါ့ဆီမှာ စွဲမြဲစေခဲ့တယ်။ သူတို့ကို ငါ့လူမျိုး၊+ ငါ့ရဲ့ဘွဲ့နာမည်၊+ ငါ့ကိုချီးမွမ်းစရာ၊ လှပတဲ့အရာ ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ သူတို့ မနာခံခဲ့ကြဘူး’+ လို့ယေဟောဝါ ပြောတယ်။
၁၂ “‘“အိုးကြီးရှိသမျှ စပျစ်ဝိုင်နဲ့ပြည့်နေရမယ်” လို့ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတယ်’ ဆိုတဲ့ သတင်းကိုလည်း သူတို့ကို မင်းပြောရမယ်။ သူတို့က ‘အိုးကြီးရှိသမျှ စပျစ်ဝိုင်နဲ့ ပြည့်နေရမယ်ဆိုတာ ငါတို့ သိပြီးသားပါ’ လို့ဖြေလိမ့်မယ်။ ၁၃ အဲဒီအခါ မင်းပြောလိုက်ပါ– ‘ယေဟောဝါ မိန့်မှာတာက “ဒီပြည်သူပြည်သားတွေ၊ ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ် နန်းထိုင်တဲ့ ဘုရင်တွေ၊ ပုရောဟိတ်တွေ၊ ပရောဖက်တွေနဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေ မူးယစ်သွားတဲ့အထိ သူတို့ထဲ စပျည်ဝိုင်ကို ငါဖြည့်မယ်။+ ၁၄ အချင်းချင်းကို၊ သားအဖချင်းကို ငါကိုင်ဆောင့်မယ်။+ သနားစာနာမှာ မဟုတ်ဘူး။ ကရုဏာပြမှာ မဟုတ်ဘူး။ သူတို့အတွက် ဝမ်းနည်းမှာ မဟုတ်ဘူး။ သူတို့ကို မဖျက်ဆီးဖို့ ငါ့ကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ဘူး။” ဒါဟာ ငါယေဟောဝါ ပြောတဲ့စကားပဲ။’+
၁၅ နားထောင်ကြ။ အာရုံစိုက်ကြ။
မမောက်မာကြနဲ့။ ယေဟောဝါ ပြောနေတယ်။
၁၆ မှောင်မိုက်သွားအောင် ဘုရား မလုပ်ခင်၊
နေဝင်ချိန်မှာ တောင်တန်းတွေပေါ် ခင်ဗျားတို့ တိုက်မိမလဲခင် ယေဟောဝါဘုရားကို ဂုဏ်တင်ကြပါ။
အလင်းကို ခင်ဗျားတို့မျှော်လင့်ပေမဲ့ ဘုရားက မှောင်မိုက်စေလိမ့်မယ်။
အမှောင်ထုကြီး ဖြစ်စေလိမ့်မယ်။+
၁၇ ခင်ဗျားတို့ နားမထောင်ဘူး ဆိုရင် ခင်ဗျားတို့ရဲ့ မာနကြောင့် ကျွန်တော် တိတ်တဆိတ် ငိုကြွေးရလိမ့်မယ်။
မျက်ရည်ဖြိုင်ဖြိုင် ကျလိမ့်မယ်။
ယေဟောဝါရဲ့သိုးအုပ်ဟာ+ သုံ့ပန်းအဖြစ် ခေါ်ဆောင်ခံရတဲ့အတွက် ကျွန်တော့်မျက်ရည်တွေ ချောင်းလို စီးဆင်းလိမ့်မယ်။+
၁၈ ‘နိမ့်တဲ့နေရာမှာ ထိုင်ပါ။ ခေါင်းပေါ်ကနေ အလှသရဖူ ပြုတ်ကျတော့မယ်’ ဆိုပြီး ဘုရင်နဲ့ မယ်တော်ကြီးကို ပြောပါ။+
၁၉ တောင်ဘက်မှာရှိတဲ့မြို့တွေ ပိတ်နေပြီ။ ဖွင့်မယ့်သူ တစ်ယောက်မှ မရှိဘူး။
ယုဒလူအားလုံး ပြည်နှင်ခံရပြီ။ တစ်ယောက်မကျန် ပြည်နှင်ခံရပြီ။+
၂၀ မြောက်အရပ်က လာနေသူတွေကို မျှော်ကြည့်လိုက်ပါ။+
မင်းကိုပေးထားတဲ့ သိုးအုပ်၊ မင်းရဲ့ လှပတဲ့သိုးတွေ ဘယ်မှာလဲ။+
၂၁ အစကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မိတ်ဆွေတွေက ပြစ်ဒဏ်ပေးတဲ့အခါ မင်း ဘာပြန်ပြောမလဲ။+
သားဖွားနေတဲ့ မိန်းမလို ဝေဒနာ မခံစားရဘဲ နေမလား။+
၂၂ ‘ငါ ဘာလို့ ဒါတွေကြုံရတာလဲ’+ လို့ မင်းတွေးမိတဲ့အခါ
မင်းရဲ့ ကြီးလေးတဲ့အမှားကြောင့် ဝတ်လုံအချွတ်ခံရတာ+
ခြေဖနောင့်တွေ တအားနာကျင်ခဲ့ရတာကို သိမှတ်ပါ။
၂၃ ကုရှလူဟာ* အသားအရေကို ပြောင်းလဲနိုင်သလား။
ကျားသစ်ဟာ အကွက်အပြောက်တွေကို ပြောင်းလဲနိုင်သလား။+
ပြောင်းလဲနိုင်ခဲ့ရင် မကောင်းမှုမှာ ကျင်လည်နေတဲ့ မင်းတို့လည်း ကောင်းမှုပြုနိုင်လိမ့်မယ်။
၂၄ ဒါကြောင့် ကန္တာရလေကြောင့် လွင့်သွားတဲ့ ကောက်ရိုးလို မင်းတို့ကို ငါကွဲလွင့်စေမယ်။+
၂၅ ငါ့ကိုမေ့လျော့ပြီး+ အလိမ်အညာတွေကို ယုံကြည်ကိုးစားခဲ့လို့+ အဲဒီလို ကြုံရတာ။ ဒါဟာ မင်းအတွက် ငါသတ်မှတ်ပေးတဲ့ ဝေစုပဲ” လို့ယေဟောဝါ ပြောတယ်။
၂၆ “ဒါကြောင့် မျက်နှာကို အုပ်တဲ့အထိ မင်းရဲ့ဝတ်လုံကို ငါလှန်ပစ်မယ်။
မင်းရဲ့အရှက်ကို လူတွေ မြင်ရလိမ့်မယ်။+
၂၇ မင်း အိမ်ထောင်ရေး ဖောက်ပြန်တာ၊+ ရမ္မက်စိတ်နဲ့ ဟီတာ၊
ညစ်ညမ်းစွာ ပြည့်တန်ဆာ လုပ်တာတွေကိုလည်း လူတွေ မြင်ရလိမ့်မယ်။
တောင်ကုန်းတွေပေါ်မှာ၊ လယ်ပြင်တွေမှာ
မင်းရဲ့ ရွံစရာအကျင့်တွေကို ငါမြင်ပြီ။+
အို ဂျေရုဆလင်၊ မင်းဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။
ဘယ်အချိန်အထိ အခုလို မသန့်မရှင်း ဖြစ်နေဦးမှာလဲ။”+
၁၄ မိုးခေါင်ခြင်းဘေးနဲ့ပတ်သက်ပြီး ယေဟောဝါက ယေရမိကို ပြောတယ်–+
၂ ယုဒက ညည်းတွားငိုကြွေးနေတယ်။+
မြို့တံခါးတွေ ပျက်စီးပြီး စိတ်ပျက်လက်ပျက်နဲ့ မြေပေါ် လဲပြိုနေတယ်။
ဂျေရုဆလင်ရဲ့ငိုသံဟာ အထက်ကို တက်နေတယ်။
၃ သခင်တွေက ကျွန်တွေကို ရေခပ်ခိုင်းတယ်။
သူတို့က ရေတွင်းကိုသွားပေမဲ့ ရေမတွေ့ဘူး။
အိုးထဲမှာ ရေမပါဘဲ ပြန်လာကြတယ်။
အရှက်တကွဲဖြစ်ပြီး စိတ်ပျက်နေတဲ့အတွက် ခေါင်းကို ဖုံးထားကြတယ်။
၄ တိုင်းပြည်မှာ မိုးမရွာတဲ့အတွက် မြေတွေ အက်ကွဲနေတယ်။+
လယ်သမားတွေ တုန်လှုပ်ချောက်ချားပြီး ခေါင်းကိုဖုံးထားကြတယ်။
၅ မြက်တွေ မရှိတဲ့အတွက် သမင်မတောင် သားပေါက်လေးကို ပစ်ထားခဲ့တယ်။
၆ မြည်းရိုင်းတွေက တောင်ကတုံးတွေပေါ်မှာ ရပ်ပြီး ခွေးအတွေလို အသက်ကို လုရှူရင်း မောဟိုက်နေတယ်။
အပင်တွေမရှိတဲ့အတွက် အစာရှာရင်း မျက်စိတွေ မှုန်ဝါးနေတယ်။+
၇ အို ယေဟောဝါ၊ ကျွန်တော်တို့ရဲ့ အမှားတွေက ကျွန်တော်တို့မှားကြောင်း သက်သေထွက်ဆိုနေပေမဲ့ နာမတော်ကိုထောက်ပြီး လုပ်ဆောင်ပေးပါ။+
ကျွန်တော်တို့ သစ္စာမဲ့ပေါင်းလည်း များလှပါပြီ။+
ကိုယ်တော့်ကို ပြစ်မှားမိပါပြီ။
၈ အစ္စရေးရဲ့ မျှော်လင့်ချက်၊ ဒုက္ခရောက်ချိန်မှာ ကယ်တင်တဲ့အရှင်၊+
ကိုယ်တော်ဟာ တိုင်းပြည်မှာ သူစိမ်းတစ်ယောက်လို ဘာလို့ ဖြစ်နေတာလဲ။
ညအိပ်တည်းခိုတဲ့ ခရီးသည်လို ဘာလို့ ဖြစ်နေတာလဲ။
၉ မှင်တက်နေတဲ့သူလို၊
ခွန်အားကြီးလျက်နဲ့ မကယ်တင်နိုင်တဲ့သူလို ဘာလို့ ဖြစ်နေတာလဲ။
အို ယေဟောဝါ၊ ကျွန်တော်တို့အလယ်မှာ ဘုရားရှိနေတာပဲ။+
ကျွန်တော်တို့ကို နာမတော်နဲ့ မှည့်ခေါ်ထားတာပဲ။+
ကျွန်တော်တို့ကို မစွန့်ပစ်လိုက်ပါနဲ့။
၁၀ ဒီလူတွေနဲ့ပတ်သက်ပြီး ယေဟောဝါ ပြောတာက “သူတို့ဟာ လှည့်လည်သွားလာရတာကို ကြိုက်တယ်။+ ခြေထောက်ကို မထိန်းချုပ်ကြဘူး။+ ဒါကြောင့် သူတို့ကို ယေဟောဝါ မနှစ်သက်ဘူး။+ အခု သူတို့ရဲ့အမှားတွေကို သတိရပြီး အပြစ်တွေအတွက် ဖြေရှင်းချက်တောင်းမယ်။”+
၁၁ အဲဒီနောက် ကျွန်တော့်ကို ယေဟောဝါ ပြောတယ်– “ဒီလူတွေ ကောင်းစားဖို့ ဆုမတောင်းပေးပါနဲ့။+ ၁၂ အစာရှောင်ချိန်မှာ သူတို့ အသနားခံတာကို ငါနားမထောင်ဘူး။+ သူတို့ပူဇော်တဲ့ အကုန်အစင် မီးရှို့ရာအလှူတွေ၊ ကောက်နှံအလှူတွေကို ငါမနှစ်သက်ဘူး။+ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ သူတို့ကို ပယ်ရှင်းမယ်။”+
၁၃ အဲဒီအခါ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ပရောဖက်တွေက ‘ဓားဘေးကို မင်းတို့ မြင်ရမှာမဟုတ်ဘူး။ အငတ်ဘေး ကြုံရမှာလည်း မဟုတ်ဘူး။ ဘုရားက ဒီနေရာမှာ စစ်မှန်တဲ့ငြိမ်သက်ခြင်း ပေးမယ်’ လို့ ဟောနေပါတယ်” ဆိုပြီး ပြောလိုက်တယ်။+
၁၄ ဒါနဲ့ ယေဟောဝါက “အဲဒီပရောဖက်တွေ ငါ့နာမည်သုံးပြီး မဟုတ်မမှန်တာတွေ ဟောနေတယ်။+ သူတို့ကို ငါစေလွှတ်တာ မဟုတ်ဘူး။ အဲဒီလို ငါမမိန့်မှာခဲ့သလို ပြောလည်း မပြောခဲ့ဘူး။+ မမှန်တဲ့စိတ်အာရုံတွေ၊ အသုံးမဝင်တဲ့ နတ်ဆိုးပညာတွေ၊ စိတ်ရဲ့လှည့်စားမှုတွေအတိုင်း ပရောဖက်ပြုနေကြတာ။+ ၁၅ ဒါကြောင့် ငါမစေလွှတ်ဘဲ ငါ့နာမည်သုံးပြီး ဟောနေတဲ့ ပရောဖက်တွေ၊ ဒီပြည်မှာ ဓားဘေး၊ အငတ်ဘေးကြုံရမှာ မဟုတ်ဘူးလို့ ဟောနေတဲ့ ပရောဖက်တွေနဲ့ပတ်သက်ပြီး ငါယေဟောဝါပြောမယ်– ‘ဒီပရောဖက်တွေဟာ ဓားဘေး၊ အငတ်ဘေးနဲ့ ပျက်စီးရလိမ့်မယ်။+ ၁၆ သူတို့ပရောဖက်ပြုတာကို နားထောင်တဲ့သူတွေလည်း ဓားဘေး၊ အငတ်ဘေးကြောင့် ဂျေရုဆလင်ရဲ့ လမ်းတွေပေါ်မှာ စွန့်ပစ်ခံရလိမ့်မယ်။ သူတို့ကိုရော သားမယားတွေကိုပါ သင်္ဂြိုဟ်မယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။+ သူတို့ခံထိုက်တဲ့ ဘေးဆိုးကို ငါကျရောက်စေမယ်။’+
၁၇ “သူတို့ကို ပြောလိုက်ပါ–
‘ကျွန်တော့်မျက်ရည်တွေ ချောင်းရေလို နေ့ရောညပါ စီးဆင်းပါစေ။+
ကျွန်တော့်ရဲ့လူမျိုး သမီးပျိုဟာ
အပြင်းအထန် ဒဏ်ရာရပြီး ပြိုလဲပျက်စီးသွားပြီ။+
၁၈ လယ်ပြင်ကို သွားကြည့်ရင် ဓားဘေးကြောင့် သေနေသူတွေကို တွေ့ရတယ်။+
မြို့ထဲ ဝင်လာရင်လည်း အငတ်ဘေးကြောင့် ရောဂါရနေသူတွေကို မြင်ရတယ်။+
ပရောဖက်တွေရော ပုရောဟိတ်တွေပါ သူတို့ မသိတဲ့ပြည်မှာ လျှောက်သွားနေတယ်။’”+
၁၉ ဘုရားသခင်၊ ယုဒကို လုံးဝ ပစ်ပယ်လိုက်ပြီလား။ ဇိအုန်ကို စက်ဆုပ်ရွံရှာနေပြီလား။+
ကုသလို့ မရတဲ့အထိ ဘာလို့ ဒဏ်ခတ်တာလဲ။+
ငြိမ်သက်ခြင်းကို မျှော်လင့်ပေမဲ့ ကောင်းတာတစ်ခုမှ ရောက်မလာဘူး။
ကုသခံရမယ့်အချိန်ကို မျှော်လင့်ပေမဲ့ ထိတ်လန့်စရာတွေပဲ ရောက်လာတယ်။+
၂၀ ယေဟောဝါဘုရား၊ ကိုယ်တိုင်ရဲ့ ဆိုးညစ်မှုနဲ့
ဘိုးဘေးတို့ရဲ့ အမှားတွေကို ဝန်ခံပါတယ်။
ကိုယ်တော့်ကို ကျွန်တော်တို့ ပြစ်မှားမိပါပြီ။+
၂၁ နာမတော်ကိုထောက်ပြီး ကျွန်တော်တို့ကို မပစ်ပယ်လိုက်ပါနဲ့။+
ဘုန်းကြီးတဲ့ရာဇပလ္လင်ကို အထင်မသေးလိုက်ပါနဲ့။
ကျွန်တော်တို့နဲ့ဖွဲ့ထားတဲ့ ပဋိညာဉ်ကို သတိရပေးပါ။ မပယ်ဖျက်လိုက်ပါနဲ့။+
၂၂ လူမျိုးခြားတို့ရဲ့ အသုံးမဝင်တဲ့ရုပ်တုတွေက မိုးရွာစေနိုင်လို့လား။
ကောင်းကင်က သူ့အလိုလို မိုးရွာနိုင်လို့လား။
ယေဟောဝါဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ လုပ်ဆောင်နိုင်တာပါ။+
ကိုယ်တော်တစ်ပါးတည်းသာ လုပ်ဆောင်ခဲ့တဲ့အတွက် ကိုယ်တော့်ကိုပဲ မျှော်လင့်နေပါတယ်။
၁၅ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “ငါ့ရှေ့မှာ မောရှေနဲ့ ရှမွေလ ရပ်နေရင်တောင်+ သူတို့ကို ငါမျက်နှာသာပေးမှာ မဟုတ်ဘူး။ ငါ့ရှေ့ကနေ မောင်းထုတ်ပစ်။ သူတို့ သွားပါစေ။ ၂ ‘ဘယ်ကိုသွားရမှာလဲ’ လို့မေးခဲ့ရင် ပြောလိုက်။ ‘ယေဟောဝါ ပြောတာက–
“တချို့ ရောဂါဆိုးနဲ့ သေမယ်။
တချို့ ဓားဘေးနဲ့ သေမယ်။+
တချို့ အငတ်ဘေးနဲ့ သေမယ်။
တချို့ သုံ့ပန်းဘဝ ရောက်သွားမယ်။”’+
၃ “‘သတ်ဖြတ်မယ့်ဓား၊ ကိုက်ဆွဲမယ့်ခွေး၊ ဝါးမျိုဖျက်ဆီးမယ့် မိုးကောင်းကင်ငှက်တွေနဲ့ မြေပေါ်က သားရဲတွေဆိုတဲ့+ ဘေးဆိုး* လေးမျိုးကို သူတို့အပေါ် ငါကျရောက်စေမယ်။+ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။ ၄ ဂျေရုဆလင်မြို့မှာ ဟေဇကိရဲ့သား၊ ယုဒဘုရင် မနာရှေ လုပ်ခဲ့တာတွေကြောင့်+ သူတို့ကို ကမ္ဘာ့တိုင်းနိုင်ငံတွေ ထိတ်လန့်စရာ ဖြစ်စေမယ်။+
၅ အို ဂျေရုဆလင်၊ မင်းကို ဘယ်သူ သနားမှာလဲ။
ဘယ်သူ ကိုယ်ချင်းစာမှာလဲ။
နေကောင်းရဲ့လားလို့ ဘယ်သူမေးမှာလဲ။’
ဒီတော့ ငါလည်း လက်ကိုဆန့်ပြီး မင်းကို ဖျက်ဆီးမယ်။+
မင်းကို သနားရတာ ငြီးငွေ့လာပြီ။’ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။
၇ ‘ငါက မြို့တံခါးတွေမှာ သူတို့ကို ကောက်ဆွနဲ့ လှေ့မယ်။
သူတို့ရဲ့သားသမီးတွေကို ဆုံးပါးစေမယ်။+
ငါ့လူတွေက သူတို့ရဲ့လမ်းစဉ်ကနေ ပြန်မလှည့်လာတဲ့အတွက် သူတို့ကို ဖျက်ဆီးပစ်မယ်။+
၈ သူတို့ရဲ့ မုဆိုးမတွေဟာ ငါ့ရှေ့မှာ ပင်လယ်သဲပွင့်တွေထက် များလိမ့်မယ်။
ဖျက်ဆီးသူကို မွန်းတည့်ချိန်မှာ မိခင်တွေနဲ့လူငယ်တွေဆီ ငါခေါ်လာမယ်။
တုန်လှုပ်ချောက်ချားစရာတွေ ရုတ်တရက် ကျရောက်စေမယ်။
၉ ကလေးခုနစ်ယောက် မွေးထားတဲ့ မိန်းမက မေ့မြောနေတယ်။
အသက်ကို မနည်း လုရှူနေရတယ်။
နေ့အချိန်မှာပဲ နေဝင်သွားတဲ့အတွက် သူ အရှက်တကွဲ အကျိုးနည်းဖြစ်သွားပြီ။’*
‘ကျန်ကြွင်းသူ အနည်းငယ်ကိုတော့
ရန်သူတွေရှေ့မှာ ဓားဘေးနဲ့ ငါသေစေမယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”+
၁၀ အမေရယ်၊ ကျွန်တော့်အဖြစ်က ဆိုးလိုက်တာ။+
တစ်တိုင်းပြည်လုံး ငြင်းခုံရန်တွေ့ကြမယ့်သူကို အမေ မွေးထုတ်လိုက်တာပဲ။
ကျွန်တော်က သူများကို မချေးပေးဖူးပါဘူး။ မချေးယူဖူးပါဘူး။
ဒါတောင် အားလုံးက ကျွန်တော့်ကို ကျိန်ဆဲကြတယ်။
၁၁ အဲဒီအခါ ယေဟောဝါက “မင်းရဲ့ကောင်းကျိုးအတွက် ငါဆက်ဆက် လုပ်ဆောင်ပေးမယ်။
ဘေးဆိုးကြုံရတဲ့အခါ၊ ဒုက္ခရောက်တဲ့အခါ
မင်းအတွက် ရန်သူတွေရှေ့မှာ ငါကြားဝင်ဆောင်ရွက်ပေးမယ်။
၁၂ သံကို၊ အထူးသဖြင့် မြောက်အရပ်ကထွက်တဲ့ သံကို၊
ကြေးနီကို ဘယ်သူ အပိုင်းပိုင်း ချိုးဖြတ်နိုင်သလဲ။
၁၃ နယ်မြေတစ်လျှောက်မှာ မင်းတို့လုပ်ခဲ့တဲ့ အပြစ်တွေကြောင့်
မင်းတို့ရဲ့ ပစ္စည်းဥစ္စာတွေ၊ အဖိုးတန်ရတနာတွေကို လုယက်ပစ္စည်းတွေအဖြစ် ငါအလကားပေးမယ်။+
၁၄ အဲဒါတွေကို ရန်သူတွေဆီ ပေးပစ်လိုက်မယ်။
မင်းတို့မသိတဲ့ပြည်ဆီ သိမ်းသွားကြလိမ့်မယ်။+
ငါ့အမျက်ကြောင့်လောင်တဲ့ မီးဟာ
မင်းတို့ကို ဝါးမျိုသွားမယ်”+ လို့ပြောတယ်။
၁၅ ယေဟောဝါဘုရား၊ ကျွန်တော့်အဖြစ်ကို ကိုယ်တော် သိပါတယ်။
ကျွန်တော့်ကို သတိရပြီး အာရုံစိုက်လှည့်ပါ။
ညှဉ်းပန်းနှိပ်စက်နေသူတွေကို လက်စားချေပေးပါ။+
ထွက်ခဲလှတဲ့ အမျက်တော်ကြောင့် ကျွန်တော် မပျက်စီးသွားပါရစေနဲ့။
ကိုယ်တော့်ကြောင့် ဒီလိုကဲ့ရဲ့ရှုတ်ချခံနေရတာကို သိမှတ်ပေးပါ။+
၁၆ ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါ၊ နှုတ်တော်ထွက်စကားတွေကို တွေ့တာနဲ့ ကျွန်တော် စားလိုက်တယ်။+
နာမတော်ကို ခံယူထားတဲ့အတွက် နှုတ်တော်ထွက်စကားတွေက ကျွန်တော့်ကို ရွှင်လန်းစေတယ်။ ရင်ကို ကြည်နူးစေပါတယ်။
၁၇ ပျော်ပွဲရွှင်ပွဲကြိုက်တဲ့ လူတွေနဲ့အတူ ကျွန်တော် မထိုင်ပါဘူး။ သူတို့နဲ့အတူ လိုက်မပျော်ပါဘူး။+
ကျွန်တော့်ကို အမျက်ဒေါသနဲ့* ပြည့်စေတဲ့အတွက်၊
ကျွန်တော့်အပေါ် လက်တော်သက်ရောက်နေတဲ့အတွက် တစ်ယောက်တည်းပဲ ထိုင်နေပါတယ်။+
၁၈ ကျွန်တော် ဘာလို့ ဒီလောက်အကြာကြီး ဝေဒနာခံနေရတာလဲ။ ဒဏ်ရာကလည်း ဘာဖြစ်လို့ ကုလို့မရတာလဲ။
ပျောက်ကို မပျောက်နိုင်ပါလား။
ကိုယ်တော်ဟာ ကျွန်တော့်အတွက် လှည့်စားတတ်တဲ့ ချောင်းရေလို ဖြစ်နေပြီလား။
ယုံစားလို့ မရတော့ဘူးလား။
၁၉ ဒါကြောင့် ယေဟောဝါက “မင်းပြန်လှည့်လာမယ်ဆိုရင် ငါ မျက်နှာသာပြန်ပေးမယ်။
ငါ့ရှေ့မှာ ရပ်ရလိမ့်မယ်။
မင်းက တန်ဖိုးမရှိတဲ့အရာတွေထဲကနေ တန်ဖိုးရှိတာကို ခွဲထုတ်မယ်ဆိုရင် ငါ့ရဲ့နှုတ်လို ဖြစ်လာမယ်။*
သူတို့ မင်းဆီ ပြန်လှည့်လာမယ်။
မင်းကတော့ သူတို့ဆီ ပြန်မလှည့်သွားရဘူး” လို့ပြောတယ်။
၂၀ အဲဒီအပြင် ယေဟောဝါက “ငါက ဒီလူတွေအလယ်မှာ မင်းကို ခိုင်ခံ့တဲ့ ကြေးနီမြို့ရိုး ဖြစ်စေမယ်။+
မင်းကို သူတို့ ကျိန်းသေတိုက်ခိုက်ကြမယ်။
ဒါပေမဲ့ အနိုင်ရမှာ မဟုတ်ဘူး။+
မင်းကို ကယ်တင်ဖို့၊ ကယ်ဆယ်ဖို့ မင်းနဲ့အတူ ငါရှိတယ်။
၂၁ မင်းကို လူဆိုးတွေရဲ့ လက်ထဲကနေ ငါကယ်မယ်။
ရက်စက်သူတွေရဲ့ လက်ခုပ်ထဲကနေ ငါရွေးမယ်” လို့ပြောတယ်။
၁၆ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “မင်းက ဒီနေရာမှာ မိန်းမ မယူရဘူး။ သားသမီးတွေ မမွေးရဘူး။ ၃ ဒီမှာမွေးတဲ့ သားသမီးတွေနဲ့ပတ်သက်ပြီး၊ ဒီပြည်မှာရှိတဲ့ သူတို့ရဲ့မွေးမိခင်၊ မွေးဖခင်တွေနဲ့ပတ်သက်ပြီး ယေဟောဝါ ပြောတာက– ၄ ‘ရောဂါဆိုးနဲ့ သူတို့ သေရလိမ့်မယ်။+ ညည်းတွားငိုကြွေးမယ့်သူ၊ သင်္ဂြိုဟ်မယ့်သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။ မြေပေါ်မှာ မစင်လို ဖြစ်သွားမယ်။+ ဓားဘေး၊ အငတ်ဘေးနဲ့ ပျက်စီးသွားမယ်။+ အလောင်းတွေဟာ မိုးကောင်းကင်ငှက်တွေ၊ မြေသားရဲတွေအတွက် စားစရာဖြစ်သွားမယ်။’
၅ ယေဟောဝါ ပြောတာက ‘ညည်းတွားငိုကြွေးသူတွေရဲ့ အိမ်မှာ စားသောက်ပွဲလုပ်ရင် အဲဒီအိမ်ထဲ မင်းမဝင်နဲ့။
ငိုကြွေးမြည်တမ်းဖို့၊ ကိုယ်ချင်းစာကြောင်းပြောဖို့ အဲဒီကို မသွားနဲ့။’+
ငါယေဟောဝါ ပြောမယ်–
‘ဒီလူတွေဆီကနေ ငြိမ်သက်ခြင်း၊ ခိုင်မြဲတဲ့မေတ္တာနဲ့ ကရုဏာကို ငါရုပ်သိမ်းလိုက်ပြီ။+
၆ ဒီပြည်မှာရှိတဲ့ အယုတ်အမြတ်မရွေး သေဆုံးလိမ့်မယ်။
သူတို့ကို သင်္ဂြိုဟ်မှာ မဟုတ်ဘူး။
သူတို့အတွက် ငိုကြွေးမယ့်သူ၊
ကိုယ့်အသားကို ဓားနဲ့မွှန်းတဲ့သူ၊ ခေါင်းရိတ်တဲ့သူ ရှိမှာ မဟုတ်ဘူး။*
၇ သေလွန်သူအတွက် ငိုကြွေးနေသူကို နှစ်သိမ့်တဲ့အနေနဲ့
အစားအစာ ပြင်ဆင်ပေးမယ့်သူ၊
မိဘသေဆုံးသွားလို့ ငိုကြွေးနေသူကို နှစ်သိမ့်တဲ့အနေနဲ့
ဝိုင်တိုက်မယ့်သူ ရှိမှာမဟုတ်ဘူး။
၈ စားသောက်ပွဲလုပ်နေတဲ့ အိမ်ထဲ မင်းမဝင်ပါနဲ့။
သူတို့နဲ့အတူ ထိုင်ပြီး မစားသောက်ပါနဲ့။’
၉ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက ‘ဒီနေရာမှာ ရွှင်လန်းဝမ်းမြောက်တဲ့အသံ၊ သတို့သားရဲ့အသံ၊ သတို့သမီးရဲ့အသံကို မင်းတို့ရှေ့မှာ၊ မင်းတို့လက်ထက်မှာ ငါတိတ်ဆိတ်စေမယ်။’+
၁၀ “အဲဒီစကားတွေကို မင်းပြောတဲ့အခါ သူတို့က ‘ဒီဘေးဆိုးကြီးတွေ ငါတို့အပေါ် ကျရောက်မယ်လို့ ယေဟောဝါဘုရား ဘာလို့ပြောရတာလဲ။ ယေဟောဝါအပေါ် ငါတို့ ဘာအမှားတွေ၊ အပြစ်တွေ ကျူးလွန်ခဲ့လို့လဲ’ ဆိုပြီး မေးလိမ့်မယ်။+ ၁၁ အဲဒီအခါ မင်းက ‘ယေဟောဝါ ပြောတယ်– “မင်းတို့ရဲ့ ဘိုးဘေးတွေက ငါ့ကိုစွန့်ပစ်ခဲ့တယ်။+ တခြားဘုရားတွေနောက် လိုက်ပြီး ဦးချဝတ်ပြုခဲ့တယ်။+ ငါ့ကိုတော့ စွန့်ပစ်ပြီး ငါ့ပညတ်ကို မလိုက်နာခဲ့ကြဘူး။+ ၁၂ မင်းတို့က ဘိုးဘေးတွေထက်တောင် ပိုဆိုးတယ်။+ ငါ့ကို နာခံမယ့်အစား ဆိုးညစ်တဲ့ စိတ်အလိုနောက်ကို ခေါင်းမာမာနဲ့ လိုက်ကြတယ်။+ ၁၃ ဒါကြောင့် မင်းတို့ရော ဘိုးဘေးတွေပါ မသိတဲ့ ပြည်ဆီ မင်းတို့ကို ငါပစ်ထုတ်လိုက်မယ်။+ ငါမျက်နှာသာ မပေးတော့တဲ့အတွက် မင်းတို့က အဲဒီမှာ တခြားဘုရားတွေကို နေ့ညမပြတ် ဝတ်ပြုရလိမ့်မယ်”+ လို့ပြန်ပြောလိုက်ပါ။’
၁၄ “ယေဟောဝါ ပြောတာက– ‘“အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင်၊ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ကျိန်ဆိုတယ်” ဆိုပြီး မပြောရတော့မယ့်နေ့တွေ ရောက်တော့မယ်။+ ၁၅ “အစ္စရေးတွေကို မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ၊ သူတို့ တကွဲတပြား ရောက်သွားတဲ့ ပြည်တွေကနေ ပြန်ခေါ်လာတဲ့အရှင်၊ အသက်ရှင်တဲ့ဘုရား ယေဟောဝါကို တိုင်တည်ကျိန်ဆိုမယ်” ဆိုပြီးတော့ပဲ ပြောကြတော့မယ်။ ဘိုးဘေးတွေကို ပေးခဲ့တဲ့ ပြည်ဆီ သူတို့ကို ငါပြန်ခေါ်လာမယ်။’+
၁၆ ယေဟောဝါ ပြောတာက–
‘တံငါသည်အများကြီးကို ငါစေလွှတ်မယ်။ အဲဒီတံငါသည်တွေက သူတို့ကို မျှားလိမ့်မယ်။
အဲဒီနောက် မုဆိုးအများကြီးကို စေလွှတ်မယ်။
အဲဒီမုဆိုးတွေက တောင်တန်းတောင်ကုန်းတွေပေါ်မှာ၊
ကျောက်ကြိုကျောက်ကြားတွေမှာ သူတို့ကို လိုက်ဖမ်းလိမ့်မယ်။
၁၇ သူတို့လုပ်သမျှကို ငါကြည့်နေတယ်။
ငါမမြင်အောင် ပုန်းရှောင်လို့မရဘူး။
သူတို့ရဲ့အမှားတွေကို ငါမတွေ့အောင် ဝှက်ထားလို့မရဘူး။
၁၈ အရင်ဆုံး၊ သူတို့ရဲ့အမှားတွေ၊ အပြစ်တွေအတွက် အပြည့်အဝ ငါပြန်ဆပ်ပေးမယ်။+
သူတို့က ငါ့ပြည်ကို ရွံရှာဖွယ် သက်မဲ့ရုပ်တုတွေနဲ့ ညစ်ညူးစေပြီး
ငါ့အမွေကို ရွံမုန်းစရာတွေနဲ့ ပြည့်စေခဲ့လို့ပဲ။’”+
၁၉ အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကျွန်တော့်အစွမ်းခွန်အား၊ ကျွန်တော့်ရဲတိုက်ပါ။
ဒုက္ခရောက်ချိန်မှာ ပြေးဝင်ခိုနားတဲ့နေရာပါ။+
လူမျိုးတွေက ကမ္ဘာမြေအစွန်အဖျားကနေ ကိုယ်တော့်ဆီ လာပြီး
“ကျွန်တော်တို့ဘိုးဘေးတွေက လုံးဝ မှားယွင်းတဲ့အရာ၊
အချည်းနှီးဖြစ်တဲ့အရာ၊ အသုံးမဝင်တဲ့ အရာတွေကိုပဲ အမွေရခဲ့တယ်”+ လို့ပြောကြလိမ့်မယ်။
၂၀ လူက ကိုယ့်အတွက် ဘုရားတွေ လုပ်နိုင်ပါ့မလား။
လူလုပ်တဲ့အရာတွေဟာ ဘုရားစစ်ဘုရားမှန်မှ မဟုတ်တာ။+
၂၁ “ဒါကြောင့် ငါက သူတို့သိအောင် လုပ်မယ်။
ဒီအချိန်မှာ ငါ့တန်ခိုးနဲ့ ခွန်အားကို သူတို့သိအောင် လုပ်မယ်။
ငါ့နာမည်ဟာ ယေဟောဝါဖြစ်မှန်း သူတို့သိရကြလိမ့်မယ်။”
၁၇ “ယုဒရဲ့အပြစ်ကို သံကလောင်တံနဲ့ ရေးမှတ်ထားတယ်။
သူတို့ရဲ့နှလုံးသားပေါ်မှာ၊ ယဇ်ပလ္လင် ဦးချိုအတက်တွေပေါ်မှာ
စိန်သွားနဲ့ ရေးထွင်းထားတယ်။
၂ သူတို့ရဲ့သားတွေက စိမ်းလန်းတဲ့ သစ်ပင်နားမှာ၊ ကုန်းမြင့်တွေပေါ်မှာ၊
တောင်တန်းတွေ ပေါ်မှာ ရှိတဲ့+ယဇ်ပလ္လင်တွေနဲ့ ကိုးကွယ်ရာသစ်တိုင်တွေ*+ အကြောင်းပဲ တွေးနေကြတယ်။
၃ နယ်မြေတစ်လျှောက်လုံးမှာ မင်းလုပ်ခဲ့တဲ့ အပြစ်တွေကြောင့်
၄ ငါပေးတဲ့အမွေကို မင်း ဆုံးရှုံးရလိမ့်မယ်။ ဒါဟာ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ။+
မင်းမသိတဲ့ပြည်က ရန်သူတွေဆီမှာ ငါကျွန်ခံစေမယ်။+
ငါ့ဒေါသကို မီးလိုတောက်အောင် မင်း ဆွပေးတယ်။*+
အဲဒီမီးဟာ အမြဲ တောက်လောင်နေလိမ့်မယ်။”
၅ ယေဟောဝါ ပြောတာက–
“လူတွေကို ယုံကြည်ကိုးစားတဲ့သူ၊+
လူ့အစွမ်းတန်ခိုးကို အားကိုးတဲ့သူ၊+
ယေဟောဝါဆီကနေ စိတ်နှလုံးလမ်းလွဲသွားတဲ့သူ ကျိန်စာသင့်ပါစေ။
၆ သူဟာ ကန္တာရမှာ ထီးတည်းရှိနေတဲ့ သစ်ပင်နဲ့ တူလိမ့်မယ်။
ကောင်းမွန်ရာတွေ ခံစားရမှာ မဟုတ်ဘူး။
တောကန္တာရထဲက ခြောက်သွေ့တဲ့နေရာတွေမှာ၊
လူမနေနိုင်တဲ့ ဆားငန်မြေမှာ နေထိုင်ရလိမ့်မယ်။
၈ သူဟာ မြစ်နားမှာ စိုက်ပြီး ရေရှိရာဘက်ကို အမြစ်ဖြာတဲ့သစ်ပင်နဲ့ တူလိမ့်မယ်။
နေပူရှိန်ကို ခံရမှာ မဟုတ်ဘူး။
အရွက်တွေ အမြဲစိမ်းလန်းနေလိမ့်မယ်။+
မိုးခေါင်တဲ့နှစ်မှာ စိုးရိမ်စရာမလိုဘူး။
အသီးမသီးဘဲ မနေဘူး။
၉ စိတ်နှလုံးဟာ အရာအားလုံးထက် စဉ်းလဲတယ်။* ထင်ရာစိုင်းတတ်တယ်။*+
စိတ်ရဲ့သဘောကို ဘယ်သူ သိနိုင်သလဲ။
၁၀ ငါယေဟောဝါက လူတစ်ယောက်စီကို သူ့လမ်းစဉ်တွေ၊ လုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ပြန်ဆပ်ပေးဖို့+
စိတ်နှလုံးကို စစ်ကြောပြီး+ အနက်ရှိုင်းဆုံးခံစားချက်တွေကို* စစ်ဆေးတယ်။
၁၁ မသမာနည်းနဲ့ ချမ်းသာနေတဲ့သူဟာ သူတစ်ပါးရဲ့ဥတွေကို ဝပ်တဲ့ ခါငှက်နဲ့တူတယ်။+
သက်တမ်းတစ်ဝက်မှာပဲ စည်းစိမ်တွေကို ထားခဲ့ရလိမ့်မယ်။
နောက်ဆုံးတော့ အသိတရားမဲ့သူ ဖြစ်သွားလိမ့်မယ်။”
၁၂ အစကတည်းက ချီးမြှောက်ထားတဲ့ ဘုန်းကြီးတဲ့ရာဇပလ္လင်ဟာ ကျွန်တော်တို့ရဲ့ သန့်ရှင်းရာဌာနတော်ပဲ။+
၁၃ အစ္စရေးတို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ယေဟောဝါ၊
ကိုယ်တော့်ကို စွန့်ပစ်သူတိုင်း အရှက်ကွဲရလိမ့်မယ်။
ကိုယ်တော့်ကို စွန့်ခွာသွားတဲ့ အယူဖောက်ပြန်သူတွေရဲ့ နာမည်ကို မြေမှုန့်ပေါ်မှာ ရေးမှတ်လိမ့်မယ်။+
သူတို့ဟာ အသက်ရေရဲ့ပင်ရင်း ယေဟောဝါဘုရားကို စွန့်ပစ်ကြလို့ပဲ။+
၁၄ ယေဟောဝါဘုရား၊ ကျွန်တော့်ကို ကုသပေးပါ။ ဒါဆိုရင် ရောဂါပျောက်ကင်းသွားမှာပါ။
ကျွန်တော့်ကို ကယ်တင်ပါ။ ဒါဆိုရင် ကယ်တင်ခံရမှာပါ။+
ကိုယ်တော့်ကို ချီးမွမ်းပါတယ်။
၁၅ “ယေဟောဝါရဲ့ နှုတ်ထွက်စကားတွေ ဘယ်ရောက်သွားပြီလဲ။+
အဲဒီစကားတွေအတိုင်း ဖြစ်လာပါစေ” လို့
ကျွန်တော့်ကို ပြောနေကြတယ်။
၁၆ ကျွန်တော်ဟာ သိုးထိန်းလို နောက်တော်ကို လိုက်မြဲလိုက်နေပါတယ်။ ထွက်မပြေးပါဘူး။
ဘေးဒုက္ခရောက်မယ့်နေ့ကိုလည်း မတောင့်တပါဘူး။
ကျွန်တော်ပြောသမျှ ကိုယ်တော် အသိဆုံးပါ။
ရှေ့တော်မှာ ကျွန်တော် ပြောခဲ့တာပါ။
၁၇ ကျွန်တော် ထိတ်လန့်အောင် မလုပ်ပါနဲ့။
ဘေးဆိုးကျရောက်တဲ့နေ့မှာ ကိုယ်တော်ဟာ ကျွန်တော့်ခိုလှုံရာပါ။
၁၈ ညှဉ်းပန်းနှိပ်စက်သူတွေ အရှက်ကွဲပါစေ။+
ကျွန်တော်တော့ အရှက်မကွဲပါရစေနဲ့။
သူတို့တွေ ထိတ်လန့်သွားပါစေ။
ကျွန်တော်တော့ မထိတ်လန့်ပါရစေနဲ့။
သူတို့အပေါ် ဘေးဆိုးကျရောက်စေပါ။+
သူတို့ကို ခြေမွှပြီး အကုန်အစင် ဖျက်ဆီးလိုက်ပါ။
၁၉ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “ယုဒဘုရင်တွေဝင်ထွက်နေတဲ့ ပြည်သူ့မြို့တံခါးနဲ့ ဂျေရုဆလင်မြို့တံခါးတွေဆီ သွားပြီး ရပ်နေပါ။+ ၂၀ ပြီးတော့ သူတို့ကို ပြောရမှာက ‘ဒီမြို့တံခါးတွေကနေ ဝင်ထွက်နေတဲ့ ယုဒရှင်ဘုရင်တို့၊ ယုဒလူအပေါင်းတို့၊ ဂျေရုဆလင်မြို့သူမြို့သားအပေါင်းတို့၊ ယေဟောဝါရဲ့စကားကို နားထောင်ကြ။ ၂၁ ယေဟောဝါပြောတာက “ဥပုသ်နေ့မှာ ဝန်ထုပ်တွေ မသယ်ဖို့၊ ဂျေရုဆလင်မြို့တံခါးတွေကို ဖြတ်ပြီး မသယ်လာဖို့ သတိပြုကြပါ။+ ၂၂ ဥပုသ်နေ့မှာ ဝန်ထုပ်တွေကို အိမ်ထဲကနေ မသယ်ထုတ်ရဘူး။ ဘာအလုပ်မှ မလုပ်ရဘူး။+ ဘိုးဘေးတွေကို ငါမိန့်မှာခဲ့တဲ့အတိုင်း ဥပုသ်နေ့ကို မြင့်မြတ်တဲ့နေ့အဖြစ် စောင့်ထိန်းပါ။+ ၂၃ ဘိုးဘေးတွေကတော့ နားမထောင်ခဲ့ဘူး။ နားမစွင့်ခဲ့ဘူး။ မနာခံဘဲ ခေါင်းမာခဲ့ကြတယ်။* ဆုံးမတာကို လက်မခံခဲ့ကြဘူး။”’+
၂၄ “ငါယေဟောဝါ ပြောမယ်– ‘“မင်းတို့သာ ငါ့စကားကို မြေဝယ်မကျ နာခံမယ်ဆိုရင်၊ ဥပုသ်နေ့မှာ ဒီမြို့တံခါးတွေကို ဖြတ်ပြီး ဝန်ထုပ်တွေ မသယ်လာဘူးဆိုရင်၊ ဥပုသ်နေ့မှာ ဘာအလုပ်မှ မလုပ်ဘဲ မြင့်မြတ်တဲ့နေ့အဖြစ် စောင့်ထိန်းမယ်ဆိုရင်၊+ ၂၅ ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ်မှာ နန်းထိုင်တဲ့ ဘုရင်တွေ၊ မင်းညီမင်းသားတွေ၊+ ယုဒလူတွေ၊ ဂျေရုဆလင်မြို့သူမြို့သားတွေဟာ မြင်းရထားတွေ၊ မြင်းတွေစီးပြီး ဒီမြို့တံခါးတွေကနေ ဝင်ထွက်ရလိမ့်မယ်။+ ဒီမြို့မှာ လူတွေ အမြဲနေထိုင်ကြလိမ့်မယ်။ ၂၆ လူတွေက ယုဒရဲ့မြို့တွေကနေ၊ ဂျေရုဆလင်ပတ်လည်ကနေ၊ ဗင်ယာမိန်နယ်မြေကနေ၊+ မြေနိမ့်ဒေသကနေ၊+ တောင်တန်းဒေသကနေ၊ နေဂပ်အရပ်ကနေ အကုန်အစင် မီးရှို့ရာအလှူ၊+ ပူဇော်သက္ကာ၊+ ကောက်နှံအလှူ၊+ လောဗန်၊ ကျေးဇူးတင်ချီးမွမ်းရာ ပူဇော်သက္ကာတွေကို ယေဟောဝါရဲ့ အိမ်တော်ဆီ ယူလာကြလိမ့်မယ်။+
၂၇ “‘“ဒါပေမဲ့ မင်းတို့က ဥပုသ်နေ့ကို မြင့်မြတ်တဲ့နေ့အဖြစ် မစောင့်ထိန်းဘူး၊ ငါ့ကိုမနာခံဘဲ ဥပုသ်နေ့မှာ ဂျေရုဆလင်မြို့တံခါးတွေကနေ ဝန်ထုပ်တွေ သယ်လာမယ်ဆိုရင် မြို့တံခါးတွေကို ငါမီးရှို့မယ်။ မငြိမ်းနိုင်တဲ့+ အဲဒီမီးဟာ ဂျေရုဆလင်ရဲ့ ခံတပ်မျှော်စင်တွေကို ဝါးမျိုသွားမယ်။”’”+
၁၈ ယေဟောဝါက ယေရမိကို ပြောတယ်– ၂ “အခု၊ အိုးထိန်းသမားရဲ့ အိမ်ကို ဆင်းသွားပါ။+ အဲဒီမှာ မင်းကို ငါစကားပြောမယ်။”
၃ ဒါနဲ့ ကျွန်တော် ဆင်းသွားတဲ့အခါ အိုးထိန်းသမားက အိုးထိန်းစက်ပေါ်မှာ အိုးလုပ်နေတယ်။ ၄ သူလုပ်နေတဲ့ မြေအိုးဟာ သူ့လက်ထဲမှာ ပျက်စီးသွားတဲ့အခါ အဲဒီရွှံ့မြေနဲ့ပဲ နောက်အိုးတစ်လုံးကို သင့်တော်သလို ပြန်လုပ်လိုက်တယ်။
၅ အဲဒီအခါ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၆ “ငါယေဟောဝါ ပြောမယ်– ‘အစ္စရေးအမျိုး၊ ဒီအိုးထိန်းသမားလုပ်သလို မင်းတို့ကို ငါမလုပ်နိုင်ဘူး ထင်နေလား။ အစ္စရေးအမျိုး၊ ရွှံ့မြေဟာ အိုးထိန်းသမားလက်ထဲမှာ ရှိသလို မင်းတို့ဟာ ငါ့လက်ထဲမှာ ရှိတယ်။+ ၇ လူမျိုးတစ်မျိုး ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံကို နုတ်ပစ်မယ်၊ ဖြိုဖျက်မယ်၊ ဖျက်ဆီးမယ်လို့ ငါပြောလိုက်ပေမဲ့၊+ ၈ အဲဒီလူမျိုးက ငါရှုတ်ချတဲ့ ဆိုးညစ်မှုကို စွန့်ပစ်မယ်ဆိုရင် ငါကလည်း သူတို့အပေါ် ကျရောက်စေမယ်လို့ ရည်ရွယ်ထားတဲ့ ဘေးဆိုးနဲ့ပတ်သက်ပြီး စိတ်ကိုပြောင်းလဲမယ်။+ ၉ ဒါပေမဲ့ လူမျိုးတစ်မျိုး ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံကို ပြန်တည်ဆောက်မယ်၊ စိုက်ပျိုးမယ်လို့ ငါပြောတဲ့အခါ၊ ၁၀ အဲဒီလူမျိုးက ငါ့ရှေ့မှာ မကောင်းတာကို လုပ်ပြီး ငါ့စကားကို မနာခံဘူးဆိုရင် ငါကလည်း သူတို့အတွက် လုပ်ဆောင်ပေးမယ်လို့ ရည်ရွယ်ထားတဲ့ ကောင်းမှုနဲ့ပတ်သက်ပြီး စိတ်ကိုပြောင်းလဲမယ်။’
၁၁ “အခု၊ ယုဒလူတွေနဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေကို ပြောလိုက်ပါဦး– ‘မင်းတို့အတွက် ဘေးဆိုးတစ်ခု ငါပြင်ဆင်နေတယ်။ အကြံတစ်ခု ကြံစည်နေတယ်။ မကောင်းတဲ့ လမ်းစဉ်တွေကနေ ပြန်လှည့်လာကြပါတော့။ မင်းတို့ရဲ့လမ်းစဉ်တွေ၊ အကျင့်တွေကို ပြုပြင်ပြောင်းလဲကြ။” ဒါဟာ ငါယေဟောဝါ ပြောတဲ့စကားပဲ။’”+
၁၂ ဒါပေမဲ့ သူတို့က “မျှော်လင့်မနေနဲ့တော့။+ ကိုယ်ထင်ရာပဲ လုပ်တော့မယ်။ ဆိုးညစ်တဲ့ စိတ်အလိုအတိုင်း ခေါင်းမာမာနဲ့ လုပ်မယ်” လို့ပြောကြတယ်။+
၁၃ ဒါကြောင့်ယေဟောဝါပြော တယ်–
“လူမျိုးခြားတွေကို မေးကြည့်လိုက်။
ဒီလိုအဖြစ်မျိုးကို ဘယ်သူကြားဖူးသလဲ။
အစ္စရေးသမီးပျိုက သိပ်ဆိုးဝါးတဲ့အရာကို လုပ်ခဲ့တယ်။+
၁၄ လက်ဘနွန်ရဲ့ဆီးနှင်းတွေ တောင်စောင်းပေါ်မှာ အရည်ပျော်ဖူးလို့လား။
ဒါမှမဟုတ် အဝေးကစီးဆင်းလာတဲ့ အေးမြတဲ့ရေတွေ ခန်းခြောက်ဖူးလို့လား။
၁၅ ငါ့လူတွေကျတော့ ငါ့ကို မေ့သွားပြီ။+
အသုံးမဝင်တဲ့အရာတွေဆီ ယဇ်ပူဇော်တယ်။+
လမ်းဟောင်းတွေပေါ်မှာ တိုက်မိလဲအောင်၊+
မဖြောင့်ဖြူး၊ မညီညာတဲ့လမ်းတွေပေါ်မှာ ပြန်လျှောက်အောင် အချင်းချင်း လုပ်ကြတယ်။
ဖြတ်သန်းသွားလာသူတိုင်း ကြောက်အားလန့်အားနဲ့ ကြည့်ပြီး ခေါင်းခါကြလိမ့်မယ်။+
၁၇ အရှေ့လေတိုက်လို့ လွင့်သွားသလို သူတို့ကို ရန်သူတွေရှေ့မှာ ငါကွဲလွင့်စေမယ်။
ဘေးဒုက္ခရောက်တဲ့နေ့မှာ မျက်နှာသာမပြဘဲ ကျောခိုင်းထားမယ်။+
၁၈ သူတို့က “လာကြ။ ယေရမိကို မကောင်းကြံကြစို့။+ ပညတ်သွန်သင်မယ့် ပုရောဟိတ်တွေ၊ အကြံဉာဏ်ပေးမယ့် ပညာရှိတွေ၊ ဘုရားရဲ့သတင်းစကားကို အသိပေးမယ့် ပရောဖက်တွေ ရှိမြဲရှိနေဦးမှာပဲ။ ဒီတော့ သူ့ကို စွပ်စွဲပြောဆိုကြစို့။ သူ့စကားတွေကို အရေးမစိုက်ဘဲ နေကြစို့” လို့ပြောကြတယ်။
၁၉ အို ယေဟောဝါ၊ ကျွန်တော့်ကို အာရုံစိုက်လှည့်ပါ။
ရန်သူတွေပြောနေတာကို ကြားလှည့်ပါ။
၂၀ အကောင်းကို အဆိုးနဲ့ တုံ့ပြန်သင့်သလား။
ကျွန်တော့်ကိုသတ်ဖို့ သူတို့ တွင်းတူးထားတယ်။+
သူတို့အတွက် အကောင်းပြောပေးဖို့၊ သူတို့ဆီကနေ အမျက်တော် ရုပ်သိမ်းစေဖို့
ရှေ့တော်မှာ ကျွန်တော် အကြိမ်ကြိမ် ရပ်ခဲ့ဖူးတာကို သတိရပေးပါ။
၂၁ သူတို့ရဲ့သားတွေကို အငတ်ဘေးလက်ထဲ အပ်လိုက်ပါ။
ဓားဘေးလက်ထဲ အပ်လိုက်ပါ။+
မိန်းမတွေ သားသမီး ဆုံးပါးသွားပါစေ။ မုဆိုးမ ဖြစ်သွားပါစေ။+
ယောက်ျားတွေ ရောဂါဆိုးနဲ့ သေပါစေ။
လူငယ်တွေ စစ်ပွဲမှာ ဓားဘေးနဲ့ ကျဆုံးပါစေ။+
၂၂ ဓားပြတွေကို ကိုယ်တော် ရုတ်တရက်စေလွှတ်တဲ့အခါ
သူတို့ရဲ့အိမ်ထဲက ငိုသံတွေကို ကြားရပါစေ။
သူတို့က ကျွန်တော့်ကိုဖမ်းဖို့ တွင်းတူးထားတယ်။
ခြေကိုကျော့မိစေဖို့ ကျော့ကွင်းထောင်ထားတယ်။+
၂၃ အို ယေဟောဝါ၊ ကျွန်တော့်ကိုသတ်ဖို့ သူတို့ကြံစည်နေသမျှကို
ကိုယ်တော် ကောင်းကောင်း သိပါတယ်။+
သူတို့ရဲ့အမှားကို မဖုံးထားပါနဲ့။
သူတို့ရဲ့အပြစ်ကို ရှေ့တော်ကနေ မပယ်ဖျက်လိုက်ပါနဲ့။
အမျက်တော် ထွက်ပြီး အရေးယူတဲ့အချိန်မှာ+
သူတို့ကို တိုက်မိလဲစေပါ။+
၁၉ ယေဟောဝါ ပြောတာက “အိုးထိန်းသမားဆီ သွားပြီး မြေရေတကောင်းကို ဝယ်ပါ။+ အကြီးအကဲတချို့နဲ့ ပုရောဟိတ် အကြီးအကဲတချို့ကိုလည်း ခေါ်ပြီး၊ ၂ အိုးခြမ်းပဲ့တံခါးနားမှာရှိတဲ့ ဟိန်နုံသားရဲ့ ချိုင့်ဝှမ်းကို သွားပါ။+ အဲဒီကိုရောက်ရင် ငါမှာထားတဲ့စကားကို ပြောပြလိုက်ပါ။ ၃ မင်းပြောရမှာက ‘ယုဒဘုရင်တို့၊ ဂျေရုဆလင်မြို့သူမြို့သားတို့၊ ယေဟောဝါပြောတာ နားထောင်ကြပါ။ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက–
“‘“ဒီနေရာမှာ ငါ ဘေးဆိုးကျရောက်စေမယ်။ ဒီသတင်းကြားသူတိုင်း တုန်လှုပ်ချောက်ချားသွားလိမ့်မယ်။ ၄ သူတို့က ငါ့ကိုစွန့်ပစ်တယ်။+ ဒီနေရာကို ငါ မမှတ်မိနိုင်လောက်အောင် လုပ်ကြတယ်။+ ကိုယ်တိုင်နဲ့ ဘိုးဘေးတွေရော ယုဒဘုရင်တွေပါ မသိတဲ့ဘုရားတွေဆီ ယဇ်ပူဇော်ပြီး ဒီနေရာကို အပြစ်မဲ့သူတွေရဲ့သွေးနဲ့ ပြည့်စေတယ်။+ ၅ ဗာလအတွက် အထွတ်အမြတ်နေရာတွေ တည်ဆောက်ပြီး ကိုယ့်သားတွေကို အကုန်အစင် မီးရှို့ရာအလှူအဖြစ် ပူဇော်ကြတယ်။+ အဲဒီလိုလုပ်ဖို့ ငါမမိန့်မှာခဲ့ဘူး။ မပြောခဲ့ဘူး။ စဉ်းတောင် မစဉ်းစားဖူးဘူး။’”+
၆ “‘ငါယေဟောဝါ ပြောမယ်– “ဒီနေရာကို တောဖက်အရပ် ဒါမှမဟုတ် ဟိန်နုံသားရဲ့ချိုင့်ဝှမ်းလို့ မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းလို့ ခေါ်ရမယ့်နေ့ ရောက်တော့မယ်။+ ၇ ဒီနေရာမှာ ယုဒနဲ့ဂျေရုဆလင်ရဲ့ အစီအစဉ်တွေကို ငါပျက်ပြားစေမယ်။ သူတို့ကို ရန်သူတွေရှေ့မှာ ဓားဘေးနဲ့ ကျဆုံးစေမယ်။ သတ်ချင်သူတွေရဲ့လက်ချက်နဲ့ ကျဆုံးစေမယ်။ အလောင်းတွေကို မိုးကောင်းကင်ငှက်နဲ့ မြေသားရဲတွေ စားဖို့ ငါပေးမယ်။+ ၈ ငါက ဒီမြို့ကို ကြောက်စရာကောင်းတဲ့မြို့ ဖြစ်စေမယ်။ လှောင်ပြောင်စရာ* ဖြစ်စေမယ်။ ဖြတ်သန်းသွားလာသူတွေက သူခံရတဲ့ ကပ်ဘေးတွေကြောင့် ကြောက်အားလန့်အားနဲ့ ကြည့်ပြီး လှောင်ပြောင်ကြလိမ့်မယ်။+ ၉ ငါက ကိုယ့်သားသမီးတွေရဲ့ အသားကို ပြန်စားစေမယ်။ ရန်သူတွေ၊ သတ်ချင်နေသူတွေ ဝိုင်းထားလို့ သူတို့ဟာ ကြံရာမရဖြစ်ပြီး အချင်းချင်းရဲ့အသားကို စားကြလိမ့်မယ်။”’+
၁၀ “အဲဒီနောက် မင်းနဲ့ပါလာသူတွေရှေ့မှာ ရေတကောင်းကို ခွဲလိုက်ပါ။ ၁၁ ပြီးတော့ သူတို့ကို ပြောလိုက်– ‘“အိုးကို ရစရာမရှိအောင် ခွဲပစ်လိုက်သလို ငါက ဒီလူတွေနဲ့ ဒီမြို့ကို ခွဲပစ်မယ်။ သူတို့က တောဖက်အရပ်မှာ နေရာလပ် မကျန်တော့တဲ့အထိ လူသေတွေကို မြှုပ်နှံကြလိမ့်မယ်”+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။’
၁၂ “ငါယေဟောဝါ ပြောမယ်– ‘ဒီနေရာနဲ့ ဒီမှာနေထိုင်သူတွေကို ငါ အဲဒီလိုလုပ်ပစ်မယ်။ ဒီမြို့ကို တောဖက်အရပ်လို ဖြစ်စေမယ်။ ၁၃ သူတို့က ကောင်းကင်ပေါ်က ကြယ်တွေအတွက် အိမ်မိုးပေါ်မှာ ယဇ်ပူဇော်ပြီး+ တခြားဘုရားတွေဆီ သွန်းလောင်းရာအလှူတွေ ဆက်သကြတယ်။+ ဒါကြောင့် ဂျေရုဆလင်မှာရှိတဲ့ အိမ်တွေ၊ ယုဒဘုရင်ရဲ့ နန်းတော်တွေဟာ ဒီတောဖက်အရပ်လို မသန့်ရှင်းတဲ့နေရာ ဖြစ်သွားမယ်။’”+
၁၄ ယေရမိက ယေဟောဝါစေလွှတ်တဲ့အတိုင်း တောဖက်အရပ်မှာ ပရောဖက်ပြုပြီးနောက် ပြန်ရောက်လာတဲ့အခါ ယေဟောဝါရဲ့ အိမ်တော်ရင်ပြင်မှာ ရပ်ပြီး၊ ၁၅ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက ‘ငါပြောခဲ့တဲ့ဘေးဆိုးကို ဒီမြို့နဲ့ ပတ်ဝန်းကျင်မြို့တွေအပေါ်ကျရောက်စေမယ်။ သူတို့ဟာ ငါ့စကားတွေကို မနာခံဘဲ ခေါင်းမာကြတယ်’”*+ ဆိုပြီး လူတွေကိုပြောတယ်။
၂၀ အိမေရရဲ့သား၊ ယေဟောဝါရဲ့အိမ်တော် တာဝန်ခံချုပ် ပုရောဟိတ် ပါရှုရက ယေရမိ အဲဒီလို ပရောဖက်ပြုတာကို နားထောင်နေတယ်။ ၂ အဲဒီနောက် ပရောဖက် ယေရမိကို ရိုက်နှက်ပြီး ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ ဗင်ယာမိန် အထက်တံခါးမှာ ထိတ်တုံးခတ်ထားတယ်။+ ၃ နောက်တစ်နေ့မှာ ပါရှုရက ယေရမိကို ထိတ်တုံးဖြုတ်ပေးလိုက်တယ်။ အဲဒီအခါ ယေရမိက–
“ယေဟောဝါဘုရားက မင်းကို ပါရှုရလို့ မခေါ်တော့ဘဲ အရပ်တကာ ကြောက်ရတဲ့သူလို့ ခေါ်တော့မယ်။+ ၄ ယေဟောဝါ ပြောတာက– ‘မင်းကို ကိုယ့်ကိုယ်ကိုယ်ရော မိတ်ဆွေတွေပါ ကြောက်ရတဲ့သူဖြစ်အောင် ငါလုပ်မယ်။ သူတို့ဟာ မင်းရှေ့မှာတင် ရန်သူ့ဓားချက်နဲ့ ကျဆုံးရလိမ့်မယ်။+ ယုဒလူအားလုံးကို ဗာဗုလုန် ဘုရင်လက်ထဲ ငါအပ်မယ်။ သူတို့ကို ဗာဗုလုန်ဆီ ဖမ်းခေါ်သွားပြီး ဓားနဲ့ကွပ်မျက်လိမ့်မယ်။+ ၅ ဒီမြို့ရဲ့ စည်းစိမ်၊ ပစ္စည်းဥစ္စာ၊ တန်ဖိုးရှိတဲ့အရာ၊ ယုဒဘုရင်တွေရဲ့ အဖိုးတန်ရတနာအားလုံးကို ရန်သူတွေလက်ထဲ ငါအပ်မယ်။+ သူတို့ တိုက်ခိုက်သိမ်းယူပြီး ဗာဗုလုန်ပြည်ဆီ သယ်သွားကြမယ်။+ ၆ ပါရှုရ၊ မင်းက လူတွေကို လိမ်ညာပြီး ပရောဖက်ပြုခဲ့တဲ့အတွက် ကိုယ်တိုင်ရော မင်းရဲ့ အိမ်မှာနေထိုင်သူအားလုံး သုံ့ပန်းဘဝ ရောက်သွားမယ်။ ဗာဗုလုန်ကို ရောက်ပြီး အဲဒီမှာ သေရမယ်။ မိတ်ဆွေအားလုံးနဲ့အတူ အဲဒီမှာ သင်္ဂြိုဟ်ခံရမယ်။’”+
၇ အို ယေဟောဝါ၊ ကိုယ်တော်အယုံသွင်းတာကို ကျွန်တော် ခံလိုက်ရပြီ။
ကျွန်တော့်ကို ခွန်အားနဲ့ အနိုင်ယူလိုက်ပြီ။+
ကျွန်တော်ဟာ တစ်နေ့လုံး ရယ်စရာကောင်းတဲ့သူ ဖြစ်နေပြီ။
လူတိုင်း ကျွန်တော့်ကို လှောင်ပြောင်နေကြပြီ။+
၈ ကျွန်တော် ဟောတဲ့အခါတိုင်း “အကြမ်းဖက်မှု၊ ဖျက်ဆီးမှု” ဆိုပြီး အော်ဟစ်ကြွေးကြော်နေရတယ်။
ယေဟောဝါရဲ့ နှုတ်ထွက်စကားကြောင့် ကျွန်တော့်မှာ တစ်နေ့လုံး စော်ကားခံနေရတယ်။ သရော်ခံနေရတယ်။+
၉ ဒါကြောင့် “ဘုရားသခင်အကြောင်း ငါမပြောတော့ဘူး။
နာမတော်ကိုသုံးပြီး မဟောတော့ဘူး”+ လို့ ပြောမိပေမဲ့ ရင်ထဲမှာတော့ နှုတ်ထွက်စကားတွေဟာ အရိုးကိုလောင်မြှိုက်တဲ့ မီးလိုပဲ။
ချုပ်တည်းရလွန်းလို့ ပင်ပန်းလှပြီ။
ဆက်ပြီး မချုပ်တည်းနိုင်တော့ဘူး။+
၁၀ ကောလာဟလတွေ ကြားနေရတယ်။
ကြောက်စရာတွေ ကျွန်တော့်ကို ဝိုင်းရံနေတယ်။+
“သူ့အကြောင်း တိုင်တန်းကြစို့။ တိုင်တန်းကြစို့” လို့ပြောကြတယ်။
လူတွေက ငြိမ်သက်ခြင်းရှိပါစေလို့ နှုတ်ဆက်ပေမဲ့ ကျွန်တော်ကျဆုံးမှာကိုပဲ စောင့်ကြည့်နေတယ်။+
“သူ မိုက်မဲတဲ့အမှား လုပ်မိမှာပါ။
ငါတို့ အနိုင်ရပြီး လက်စားချေနိုင်မှာပါ” လို့ပြောကြတယ်။
၁၁ ဒါပေမဲ့ ယေဟောဝါဟာ ကြောက်စရာကောင်းတဲ့ ခွန်အားကြီးစစ်သည်လို ကျွန်တော်နဲ့အတူ ရှိနေတယ်။+
ဒါကြောင့် ညှဉ်းပန်းနှိပ်စက်နေသူတွေ အနိုင်မရဘဲ တိုက်မိလဲသွားလိမ့်မယ်။+
မအောင်မြင်ဘဲ အကြီးအကျယ် အရှက်ကွဲသွားလိမ့်မယ်။
သူတို့ ထာဝစဉ် အရှက်ကွဲတာကို လူတွေ မေ့လျော့သွားမှာ မဟုတ်ဘူး။+
၁၂ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ၊ ကိုယ်တော်က ဖြောင့်မတ်သူကို စစ်ဆေးတယ်။
စိတ်နှလုံးကိုရော အနက်ရှိုင်းဆုံးခံစားချက်တွေကိုပါ* သိမြင်တယ်။+
ကျွန်တော့်အမှုကို ကိုယ်တော့်ဆီ အပ်ထားတဲ့အတွက်+
ကိုယ်တော် လက်စားချေတာကို မြင်တွေ့ပါရစေ။+
၁၃ ယေဟောဝါအတွက် သီချင်းဆိုကြ။ ယေဟောဝါကို ချီးမွမ်းကြ။
နွမ်းပါးသူကို လူယုတ်မာတွေ လက်ကနေ ဘုရား ကယ်လိုက်ပြီ။
၁၄ ကျွန်တော့်ကိုမွေးတဲ့နေ့ဟာ ကျိန်စာသင့်ပါစေ။
ကျွန်တော့်ကို အမေမွေးတဲ့ရက်ဟာ ကောင်းချီး မရပါစေနဲ့။+
၁၅ အဖေ အပျော်ကြီးပျော်သွားအောင် “သားလေး မွေးပြီ” ဆိုတဲ့ သတင်းကောင်းကို လာပြောတဲ့သူဟာ ကျိန်စာသင့်ပါစေ။
၁၆ အဲဒီလူဟာ ယေဟောဝါ နောင်တမရဘဲ ဖျက်ဆီးလိုက်တဲ့ မြို့တွေလို ဖြစ်ပါစေ။
မနက်မှာ အော်ဟစ်သံ၊ မွန်းတည့်ချိန်မှာ စစ်တိုက်ဖို့ အချက်ပေးသံကို သူကြားရပါစေ။
၁၇ ဘုရားက ကျွန်တော့်ကို အမေ့ဝမ်းထဲမှာကတည်းက ဘာလို့ မသေဆုံးစေတာလဲ။
အဲဒီလိုသာဆိုရင် အမေ့ရဲ့ဝမ်းဟာ ကျွန်တော့်သင်္ချိုင်း ဖြစ်နေမှာ။
ကျွန်တော့်ကို မွေးလာတော့မှာ မဟုတ်ဘူး။+
၁၈ ဒုက္ခနဲ့ သောကတွေ ခံစားဖို့၊
ကျွန်တော့်နေ့ရက်တွေ အရှက်တကွဲ ဇာတ်သိမ်းသွားဖို့
အမေ့ဝမ်းထဲကနေ ကျွန်တော် ဘာလို့ ထွက်လာရတာလဲ။+
၂၁ ဘုရင်ဇေဒကိက+ မာလခိယရဲ့သား ပါရှုရနဲ့+ မာသေယရဲ့သား ပုရောဟိတ်ဇေဖနိကို+ ယေရမိဆီ စေလွှတ်ချိန်မှာ ယေဟောဝါရဲ့ စကားတော် ယေရမိဆီ ရောက်လာတယ်။ ၂ ဇေဒကိက သူတို့ကို လွှတ်ပြီး “ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ငါတို့ကို လာတိုက်နေလို့ ယေဟောဝါဘုရားဆီ မေးမြန်းပေးပါဦး။+ သူဆုတ်ခွာသွားရအောင် ငါတို့အတွက် ယေဟောဝါက အံ့ဖွယ်အမှုတစ်ခုခု လုပ်ပေးကောင်းပါရဲ့”+ လို့တောင်းဆိုခိုင်းတယ်။
၃ ဒါနဲ့ ယေရမိ ပြန်ပြောတာက “ဇေဒကိမင်းကို လျှောက်တင်လိုက်ပါ။ ၄ ‘အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတာက– “မြို့ရိုးအပြင်ဘက်မှာ ဝိုင်းထားတဲ့ ဗာဗုလုန်ဘုရင်နဲ့ ခါလဒဲလူတွေကိုတိုက်ဖို့ မင်းတို့ကိုင်ထားတဲ့ စစ်လက်နက်တွေ မင်းတို့ဆီ ပြန်လှည့်လာအောင် ငါလုပ်မယ်။+ အဲဒါတွေကို ဒီမြို့လယ်မှာ ငါစုသိမ်းမယ်။ ၅ တန်ခိုးကြီးတဲ့လက်ရုံး၊ အားကြီးတဲ့လက်၊ အမျက်ဒေါသ၊ ပြင်းထန်တဲ့ဒေါသနဲ့+ မင်းတို့ကို ငါကိုယ်တိုင် တိုက်မယ်။+ ၆ ဒီမြို့မှာနေတဲ့ လူနဲ့တိရစ္ဆာန်တွေကို ငါဒဏ်ခတ်မယ်။ ကပ်ရောဂါဘေးဆိုးကြီးနဲ့ သူတို့ သေရလိမ့်မယ်။”’+
၇ “‘“အဲဒီနောက် ကပ်ရောဂါဘေး၊ ဓားဘေး၊ အငတ်ဘေးကနေ လွတ်မြောက်သွားတဲ့ ယုဒဘုရင်ဇေဒကိ၊ မင်းမှုထမ်းတွေနဲ့ ဒီမြို့ကလူတွေကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ၊ ရန်သူတွေလက်ထဲ၊ အသက်အန္တရာယ် ရှာကြံသူတွေလက်ထဲ ငါအပ်မယ်။+ ဗာဗုလုန်ဘုရင်က ဓားနဲ့ကွပ်မျက်မယ်။ သူတို့အတွက် စိတ်မကောင်းဖြစ်မှာ၊ သနားညှာတာမှာ မဟုတ်ဘူး။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’
၈ “လူတွေကိုလည်း ခင်ဗျားတို့ ပြောလိုက်ပါ။ ‘ယေဟောဝါ ပြောတာက “အသက်ရှင်ခြင်းလမ်းနဲ့ သေခြင်းလမ်းကို ငါချထားတယ်။ ၉ ဒီမြို့ထဲမှာ နေရစ်ခဲ့သူတွေဟာ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ သေရမယ်။ မြို့ပြင်ထွက်ပြီး ဝိုင်းထားတဲ့ ခါလဒဲလူတွေဆီမှာ အညံ့ခံတဲ့သူကတော့ အသက်ရှင်မယ်။ ကိုယ့်အသက်ကို တိုက်ရာပါဥစ္စာလို ရလိမ့်မယ်။”’*+
၁၀ “‘“ငါက ကောင်းကျိုးဖြစ်စေဖို့ မဟုတ်ဘဲ ဘေးဆိုးကျရောက်စေဖို့ ဒီမြို့ကို ငြင်းပယ်လိုက်ပြီ။+ ဒီမြို့ဟာ ဗာဗုလုန်ဘုရင်လက်ထဲ ရောက်သွားမယ်။+ မြို့ကို သူ မီးရှို့လိမ့်မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၁ “‘ယုဒဘုရင်ရဲ့ အိမ်သူအိမ်သားတို့၊ ယေဟောဝါရဲ့အမိန့်ကို နားထောင်ကြ။ ၁၂ အို ဒါဝိဒ်အမျိုး၊ ယေဟောဝါ ပြောတာက–
“မနက်တိုင်း တရားမျှတမှုကို စောင့်ထိန်းကြ။
လုယက်ခံရသူကို လိမ်လည်လှည့်စားသူရဲ့ လက်ကနေ ကယ်တင်ကြ။+
အဲဒီလိုမလုပ်ရင် ငါ့ဒေါသဟာ မီးလို တောက်လောင်မယ်။+
မင်းတို့ရဲ့ ယုတ်မာတဲ့အကျင့်တွေကြောင့်+
အဲဒီမီးဟာ ငြိမ်းသတ်မယ့်သူမရှိဘဲ တောက်လောင်နေမယ်။”
၁၃ ‘ချိုင့်ဝှမ်းမှာနေထိုင်သူ၊ မြေပြန့်မှာရှိတဲ့ ကျောက်ဆောင်၊
မင်းကို ငါဒဏ်ခတ်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
“ငါတို့ကိုတိုက်ဖို့ ဘယ်သူ ဆင်းလာမှာမို့လို့လဲ။
ငါတို့နေရပ်ကို ဘယ်သူ ကျူးကျော်မှာမို့လို့လဲ” ဆိုပြီး ပြောနေသူတို့၊
၁၄ မင်းတို့ရဲ့လုပ်ရပ်တွေအတွက် ထိုက်သင့်သလို
ငါပြစ်ဒဏ်စီရင်မယ်။+
မင်းတို့ရဲ့သစ်တောကို မီးရှို့မယ်။
ပတ်လည်မှာရှိသမျှကို မီးဝါးမျိုသွားမယ်။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”
၂၂ ယေဟောဝါ ပြောတာက “ယုဒဘုရင်ရဲ့ နန်းတော်ကို ဆင်းသွားပြီး ဒီသတင်းစကားကို ပြောလိုက်ပါ။ ၂ မင်း ပြောရမှာကတော့ ‘ဒါဝိဒ်ရဲ့ ရာဇပလ္လင်ပေါ် နန်းထိုင်တဲ့ ယုဒဘုရင်၊ ယေဟောဝါရဲ့စကားကို နားထောင်ပါ။ ဒီမြို့တံခါးတွေကနေ ဝင်ထွက်တဲ့ မင်းမှုထမ်းတွေနဲ့ လူတွေလည်း နားထောင်ပါ။ ၃ ယေဟောဝါ ပြောတာက “တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို စောင့်ထိန်းကြ။ လုယက်ခံရသူကို လိမ်လည်လှည့်စားသူရဲ့ လက်ကနေ ကယ်တင်ကြ။ တိုင်းတစ်ပါးသားတွေကို အနိုင်မကျင့်ကြနဲ့။ မိဘမဲ့ကလေးတွေ၊ မုဆိုးမတွေကို ဒုက္ခမပေးကြနဲ့။+ ဒီနေရာမှာ အပြစ်မဲ့သူကို မသတ်ကြနဲ့။+ ၄ ဒီစကားတွေကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် ဒါဝိဒ်ရဲ့ ရာဇပလ္လင်ပေါ် နန်းထိုင်တဲ့ ဘုရင်တွေ၊+ မင်းမှုထမ်းတွေ၊ ပြည်သူပြည်သားတွေက မြင်းရထားနဲ့ မြင်းတွေကို စီးပြီး ဒီနန်းတော်တံခါးတွေကနေ ဝင်ထွက်ရလိမ့်မယ်။”’+
၅ “‘ဒီစကားတွေကို မင်းတို့ မနာခံဘူးဆိုရင်တော့ ဒီနန်းတော် ပျက်စီးသွားမယ်လို့ ငါ့ကိုယ်ငါ တိုင်တည်ပြီး ကျိန်ဆိုတယ်။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၆ “ယုဒဘုရင်ရဲ့ နန်းတော်နဲ့ပတ်သက်ပြီး ယေဟောဝါ ပြောတာက ‘မင်းဟာ ငါ့အတွက် ဂိလဒ်ပြည်လို၊
လက်ဘနွန်တောင်ထိပ်လို ဖြစ်ပေမဲ့ တောကန္တာရဖြစ်သွားအောင် ငါလုပ်မယ်။
လူတွေနေထိုင်တဲ့ မြို့တစ်မြို့မှ ရှိမှာမဟုတ်ဘူး။+
၇ မင်းကိုတိုက်ဖို့
လက်နက်ကိုယ်စီကိုင်ထားတဲ့ ဖျက်ဆီးသူတွေကို ငါခန့်အပ်မယ်။+
သူတို့က မင်းရဲ့အကောင်းဆုံး သစ်ကတိုးပင်တွေကို ခုတ်လှဲပြီး မီးထဲပစ်ချလိမ့်မယ်။+
၈ “‘လူမျိုးအတော်များများ အနားကဖြတ်သွားပြီး “ဒီမြို့ကြီးကို ယေဟောဝါဘုရား ဘာလို့ ဒီလိုလုပ်တာပါလိမ့်” ဆိုပြီး အချင်းချင်း ပြောကြလိမ့်မယ်။+ ၉ “သူတို့က သူတို့ဘုရားသခင် ယေဟောဝါရဲ့ ပဋိညာဉ်ကို စွန့်ပစ်ပြီး တခြားဘုရားတွေကို ဦးချဝတ်ပြုကြတာကိုး” ဆိုပြီး ပြောကြလိမ့်မယ်။’+
၁၀ လူသေအတွက် မငိုကြွေးနဲ့။
ဝမ်းမနည်းနဲ့။
ထွက်သွားတဲ့သူအတွက်ပဲ အကြီးအကျယ် ငိုကြွေးပါ။
မွေးရပ်မြေကို သူပြန်လာရတော့မှာ မဟုတ်ဘူး။
၁၁ “ခမည်းတော်ယောရှိနေရာကို+ ဆက်ခံတဲ့ ယုဒဘုရင် ရှလုံ*+ ဒီနေရာကနေ ထွက်သွားရပြီ။ သူနဲ့ပတ်သက်ပြီး ယေဟောဝါ ပြောတာက ‘သူ ဒီကို ပြန်လာရတော့မှာ မဟုတ်ဘူး။ ၁၂ ပြည်နှင်ခံရတဲ့နေရာမှာပဲ သေဆုံးရလိမ့်မယ်။ ဒီပြည်ကို မြင်ခွင့်ရတော့မှာ မဟုတ်ဘူး။’+
၁၃ ကိုယ့်အိမ်ကို မသမာနည်းနဲ့ တည်ဆောက်တဲ့သူ၊
အထက်ခန်းတွေကို မတရားနည်းနဲ့ တည်ဆောက်တဲ့သူ၊
ကိုယ့်အမျိုးသားချင်းကို အလကားခိုင်းစေပြီး လုပ်အားခ မပေးတဲ့သူဟာ အဖြစ်ဆိုး ကြုံရလိမ့်မယ်။+
၁၄ သူက ‘ငါနေဖို့ ကျယ်ဝန်းတဲ့ အထက်ခန်းတွေပါတဲ့ စံအိမ်ကြီးတစ်လုံး ဆောက်မယ်။
ပြတင်းပေါက်တွေ ဖောက်မယ်။
သစ်ကတိုးသားနဲ့ မှန်ကူကွက်ဖော်ပြီး ရဲရဲနီတဲ့ဆေးရောင် သုတ်မယ်’ လို့ပြောနေတယ်။
၁၅ မင်းက သူများထက်သာအောင် သစ်ကတိုးသားကိုသုံးပြီး ဆောက်နေလို့ကော ဆက်ပြီးစိုးစံရမှာ မို့လို့လား။
မင်းရဲ့ခမည်းတော်လည်း စားခဲ့၊ သောက်ခဲ့တာပဲ။
ဒါပေမဲ့ သူက တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို စောင့်ထိန်းတဲ့အတွက်+ ကောင်းစားခဲ့တယ်။
၁၆ သူဟာ ဒုက္ခရောက်နေသူနဲ့ နွမ်းပါးသူရဲ့အမှုကို ခုခံကာကွယ်ပေးတဲ့အတွက် ကောင်းစားခဲ့တယ်။
‘ငါ့ကိုသိကျွမ်းလို့ သူ အဲဒီလိုလုပ်ခဲ့တာ မဟုတ်လား။’ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။
၁၇ ‘မင်းကတော့ မသမာနည်းနဲ့ စီးပွားရှာဖို့၊
အပြစ်မဲ့သူကို သတ်ဖို့၊ လိမ်လည်လှည့်စားဖို့၊
ခြိမ်းခြောက်ပြီး ငွေညှစ်ဖို့ပဲ ချောင်းနေတယ်။ အဲဒီလိုလုပ်ဖို့ပဲ စိတ်ကူးနေတယ်။’
၁၈ “ဒါကြောင့် ယောရှိရဲ့သား ယုဒဘုရင် ယောယကိမ်နဲ့ပတ်သက်ပြီး+ ယေဟောဝါပြောတာက ‘လူတွေက “အစ်ကိုရယ်၊ အစ်မရယ် ဖြစ်မှဖြစ်ရလေ” ဆိုပြီး ညည်းတွားငိုကြွေးတတ်ကြတယ်။
သူသေဆုံးတဲ့အခါမှာတော့ “သခင်ကြီးရယ်၊ အရှင်မင်းကြီးရယ် ဖြစ်မှဖြစ်ရလေ” ဆိုပြီး ငိုကြွေးကြမှာ မဟုတ်ဘူး။
၁၉ မြည်းကို သင်္ဂြိုဟ်သလို သူ့ကို သင်္ဂြိုဟ်ကြလိမ့်မယ်။+
ဂျေရုဆလင်မြို့တံခါး အပြင်ဘက်ကို ဆွဲထုတ်ပြီး လွှင့်ပစ်ကြလိမ့်မယ်။’+
၂၀ လက်ဘနွန်တောင်ပေါ်ကို မင်း* တက်သွားပြီး ကြွေးကြော်ပါ။
ဗာရှန်ပြည်မှာ အော်ပြောပါ။
အာဗရိမ်ပြည်ကနေ+ ကြွေးကြော်ပါ။
မင်း အချစ်ကြီးချစ်တဲ့သူအားလုံး ကျဆုံးကုန်ပြီ။+
၂၁ ဘေးကင်းလုံခြုံနေချိန်မှာ မင်းကို ငါပြောခဲ့ပေမဲ့ ‘မနာခံဘူး’ လို့ ငြင်းတယ်။+
မင်းဟာ ငယ်ငယ်ကတည်းက အဲဒီအတိုင်းပဲ။
ငါ့စကားကို မနာခံဘူး။+
၂၂ မင်းရဲ့သိုးထိန်းအားလုံး လေထဲ လွင့်ပါသွားမယ်။+
မင်းအချစ်ကြီးချစ်တဲ့သူတွေ သုံ့ပန်းဘဝ ရောက်သွားမယ်။
ကြုံရတဲ့ဘေးဆိုးတွေကြောင့် မင်း အရှက်တကွဲ အကျိုးနည်း ရလိမ့်မယ်။
သစ်ကတိုးပင်တွေမှာ အသိုက်ဆောက်တဲ့သူ၊+
သားဖွားနေတဲ့ မိန်းမလို မင်း ဝေဒနာခံစားရတဲ့အခါ
ဘယ်လောက်တောင် ညည်းတွားလိုက်မလဲ။”+
၂၄ “ငါယေဟောဝါ ပြောမယ်– ‘ယောယကိမ်ရဲ့သား+ ယုဒဘုရင် ခေါနိ၊*+ မင်းဟာ ငါ့ညာလက်က တံဆိပ်လက်စွပ် ဖြစ်ခဲ့ရင်တောင် မင်းကို ဆွဲချွတ်မယ်ဆိုပြီး အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ ၂၅ မင်းကို အသက်အန္တရာယ် ပေးချင်နေသူတွေ၊ မင်း ကြောက်တဲ့သူတွေ၊ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနဲ့ ခါလဒဲလူတွေလက်ထဲ ငါအပ်မယ်။+ ၂၆ ငါက မင်းနဲ့ မင်းရဲ့မွေးမိခင်ကို မွေးရပ်မြေမဟုတ်တဲ့ တခြားတိုင်းပြည်ဆီ ပစ်ထုတ်မယ်။ အဲဒီမှာ မင်းတို့ သေရမယ်။ ၂၇ သူတို့လွမ်းဆွတ်တဲ့ တိုင်းပြည်ကို ပြန်လာရတော့မှာ မဟုတ်ဘူး။+
၂၈ ဒီလူ ခေါနိဟာ အထင်သေးခံရပြီး ရိုက်ခွဲခံရတဲ့အိုး၊
ဘယ်သူမှ မလိုချင်တဲ့အိုး ဖြစ်သွားပြီလား။
သူနဲ့ သူ့သားမြေးတွေဟာ သူတို့မသိတဲ့ပြည်ထဲ
ဘာလို့ လွှင့်ပစ်ခံရတာလဲ။’+
၂၉ ကမ္ဘာမြေ၊ ကမ္ဘာမြေ၊ ကမ္ဘာမြေ၊ ယေဟောဝါရဲ့ စကားကို နားထောင်ပါ။
၃၀ ယေဟောဝါ ပြောတာက ‘ဒီလူကို သားသမီးမရှိတဲ့သူ၊
တစ်သက်လုံး မအောင်မြင်မယ့်သူလို့ ရေးမှတ်ပါ။
သူ့သားမြေးတစ်ယောက်မှ ဒါဝိဒ်ရဲ့ ရာဇပလ္လင်ပေါ် နန်းထိုင်ရမှာ မဟုတ်ဘူး။
ယုဒပြည်ကို ပြန်အုပ်ချုပ်ခွင့်ရမှာ မဟုတ်ဘူး။’”+
၂၃ “ငါ့စားကျက်ထဲက သိုးတွေကို ဖျက်ဆီးပြီး ကွဲလွင့်စေတဲ့သိုးထိန်းတွေဟာ အဖြစ်ဆိုး ကြုံရလိမ့်မယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။+
၂ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါက မိမိလူတွေကို ထိန်းကျောင်းနေတဲ့ သိုးထိန်းတွေကို “မင်းတို့က ငါ့သိုးတွေကို တကွဲတပြား ဖြစ်စေတယ်။ သူတို့ကို ဂရုမစိုက်ဘူး”+ လို့ပြောတယ်။
“မင်းတို့ရဲ့ မကောင်းတဲ့အကျင့်တွေကြောင့် ငါအရေးယူမယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၃ “အဲဒီနောက် ငါက ကျန်ကြွင်းတဲ့ သိုးတွေကို တကွဲတပြား ရောက်နေတဲ့ တိုင်းပြည်ကနေ ပြန်စုသိမ်းမယ်။+ စားကျက်မြေဆီ ပြန်ခေါ်ဆောင်လာမယ်။+ သူတို့ တိုးပွားများပြားလာမယ်။+ ၄ သူတို့ကို တကယ်ထိန်းကျောင်းမယ့် သိုးထိန်းတွေကို ငါပေါ်ထွန်းစေမယ်။+ သူတို့ ကြောက်လန့်ရတော့မှာ မဟုတ်ဘူး။ တစ်ကောင်မှ ပျောက်မှာ မဟုတ်ဘူး။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၅ ငါယေဟောဝါ ပြောမယ်– “ကြည့်ပါ။ ဖြောင့်မတ်တဲ့ အတက်ကို* ဒါဝိဒ်အမျိုးကနေ ငါပေါ်ထွန်းစေမယ့်နေ့ ရောက်တော့မယ်။+ ဘုရင်အဖြစ် သူ အုပ်စိုးမယ်။+ ထိုးထွင်းဉာဏ်ရှိတဲ့သူ၊ တိုင်းပြည်မှာ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို စောင့်ထိန်းတဲ့သူ ဖြစ်လာမယ်။+ ၆ သူ့လက်ထက်မှာ ယုဒဟာ ကယ်တင်ခံရလိမ့်မယ်။+ အစ္စရေးက ဘေးကင်းလုံခြုံစွာ နေရလိမ့်မယ်။+ ‘ယေဟောဝါဟာ ငါတို့ရဲ့ဖြောင့်မတ်ခြင်း’ ဆိုတဲ့နာမည်နဲ့ ခေါ်ကြလိမ့်မယ်။”+
၇ ယေဟောဝါ ပြောတာက– “‘အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင်၊ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ကျိန်ဆိုတယ်’ ဆိုပြီး မပြောရတော့မယ့်နေ့တွေ ရောက်တော့မယ်။+ ၈ အဲဒီအစား ‘အစ္စရေးအမျိုးရဲ့ သားမြေးတွေကို မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ၊ သူတို့ တကွဲတပြားရောက်သွားတဲ့ ပြည်တွေကနေ ခေါ်ထုတ်ပြီး နေရင်းပြည်ဆီ ပြန်ပို့ဆောင်ပေးတဲ့အရှင်၊ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ကျိန်ဆိုတယ်’ ဆိုပြီးတော့ပဲ ပြောကြတော့မယ်။ နေရင်းပြည်မှာ သူတို့ ပြန်နေထိုင်ရလိမ့်မယ်။”+
၉ ပရောဖက်တွေအတွက် သတင်းစကားကတော့–
ကျွန်တော့်ရင်ထဲမှာ ကြေမွနေတယ်။
အရိုးလည်း တုန်လှုပ်နေတယ်။
ယေဟောဝါကြောင့်၊ သန့်ရှင်းတဲ့ နှုတ်တော်ထွက်စကားကြောင့်
ကျွန်တော်ဟာ အမူးသမားလို၊
ဝိုင်မူးနေသူလို ဖြစ်နေပြီ။
၁၀ တိုင်းပြည်ဟာ အိမ်ထောင်ရေးဖောက်ပြန်သူတွေနဲ့ ပြည့်နေတယ်။+
ကျိန်စာသင့်နေတဲ့အတွက် ညည်းတွားငိုကြွေးနေတယ်။+
တောကန္တာရ စားကျက်မြေတွေ ခြောက်သွေ့နေတယ်။+
သူတို့ရဲ့လမ်းစဉ်ဟာ ဆိုးညစ်တယ်။ အာဏာကို အလွဲသုံးစားလုပ်နေကြတယ်။
၁၁ “ပရောဖက်တွေရော ပုရောဟိတ်တွေပါ အယူဖောက်ပြန်နေတယ်။+
ငါ့အိမ်တော်မှာတောင် သူတို့ရဲ့ ဆိုးညစ်မှုကို တွေ့နေရတယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၂ “ဒါကြောင့် သူတို့ရဲ့လမ်းဟာ မည်းမှောင်ပြီး ချော်နေမယ်။+
သူတို့ တွန်းချခံရပြီး လဲကျသွားမယ်။”
“စစ်ဆေးမယ့်နှစ် ရောက်တဲ့အခါ
သူတို့အပေါ် ငါဘေးဆိုးကျရောက်စေမယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၃ “ရှမာရိမြို့က ပရောဖက်တွေဆီမှာ+ ငါမြင်နေရတဲ့အရာဟာ အော်ဂလီဆန်စရာပဲ။
သူတို့က ဗာလလှုံ့ဆော်တဲ့အတိုင်း ပရောဖက်ပြုပြီး ငါ့လူမျိုးအစ္စရေးတွေကို လမ်းလွဲစေတယ်။
၁၄ ဂျေရုဆလင်မြို့က ပရောဖက်တွေဆီမှာလည်း ကြောက်စရာကောင်းတဲ့အရာတွေကို ငါမြင်နေရတယ်။
သူတို့က အိမ်ထောင်ရေး ဖောက်ပြန်တယ်။+ မှားယွင်းတဲ့လမ်းစဉ်ကို လိုက်တယ်။+
လူဆိုးတွေကို အားပေးအားမြှောက်လုပ်တယ်။
မကောင်းမှုတွေကို မစွန့်ပစ်ဘူး။
ငါ့အတွက်တော့ သူတို့ဟာ သောဒုံမြို့လိုပဲ။+
မြို့သူမြို့သားတွေဟာလည်း ဂေါမောရမြို့လိုပဲ။”+
၁၅ ပရောဖက်တွေနဲ့ပတ်သက်ပြီး ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက “ဂျေရုဆလင်မှာရှိတဲ့ ပရောဖက်တွေကြောင့်
တစ်ပြည်လုံး အယူဖောက်ပြန်နေပြီ။
ဒါကြောင့် ငါက သူတို့ကို ဒေါန* ကျွေးမယ်။ အဆိပ်ရေ တိုက်မယ်။”+
၁၆ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက “ပရောဖက်တွေ ဟောနေတာကို နားမထောင်ကြနဲ့။+
သူတို့က မင်းတို့ကို လှည့်စားနေတာ။
သူတို့ဟောတဲ့ စိတ်အာရုံဟာ ယေဟောဝါရဲ့ နှုတ်ထွက်စကား မဟုတ်ဘူး။+
စိတ်ထဲပေါ်လာတာတွေပဲ ဟောနေကြတာ။+
၁၇ သူတို့က ငါ့ကို မခန့်လေးစားလုပ်သူတွေကို
‘ယေဟောဝါ ပြောတယ်– “ခင်ဗျားတို့ ငြိမ်သက်ခြင်း ခံစားရမယ်”’+ ဆိုပြီး အထပ်ထပ် ပြောနေတယ်။
ဇွတ်တရွတ်နိုင်တဲ့ စိတ်အလိုနောက် လိုက်သူတွေကိုလည်း ‘ခင်ဗျားတို့ ဘာဘေးဆိုးမှ ကြုံရမှာမဟုတ်ဘူး’ လို့ပြောနေတယ်။+
၁၈ နှုတ်တော်ထွက်စကားကို ကြားပြီး သိနားလည်နိုင်ဖို့
ယေဟောဝါရဲ့လူစုထဲမှာ ဘယ်သူ ရပ်နေလို့လဲ။
နှုတ်တော်ထွက်စကားကို ကြားနိုင်ဖို့ ဘယ်သူ အာရုံစိုက်လို့လဲ။
၁၉ ယေဟောဝါရဲ့ ဒေါသက မုန်တိုင်းလို ရုတ်တရက် တိုက်ခတ်မယ်။
လူဆိုးတွေရဲ့ ခေါင်းပေါ်မှာ လေပွေလို ဝှေ့နေမယ်။+
၂၀ ယေဟောဝါက စိတ်ထဲ ရည်ရွယ်ထားတာတွေကို အကောင်အထည် ပေါ်လာအောင်၊
ပြီးမြောက်အောင် မလုပ်မချင်း ဒေါသရုပ်သိမ်းမှာ မဟုတ်ဘူး။
အဆုံးပိုင်းကာလမှာ မင်းတို့ အဲဒါကို ရှင်းရှင်းလင်းလင်း နားလည်လာမယ်။
၂၁ ပရောဖက်တွေဟာ ငါမစေလွှတ်ဘဲနဲ့ ထွက်သွားကြတယ်။
ငါမခိုင်းဘဲနဲ့ ပရောဖက်ပြုကြတယ်။+
၂၂ သူတို့သာ ငါ့လူစုထဲမှာ ရပ်နေ ခဲ့ရင် ငါ့စကားကို ငါ့လူတွေကြားအောင် ပြောနိုင်မှာပဲ။
မကောင်းတဲ့ လမ်းစဉ်တွေ၊ အကျင့်ဆိုးတွေကနေ ပြန်လှည့်လာအောင် ကူညီနိုင်မှာပဲ။”+
၂၃ “ငါဟာ အနီးမှာ ဖြစ်နေတာတွေကိုပဲ မြင်နိုင်တဲ့ဘုရား မဟုတ်ဘူး။ အဝေးမှာ ဖြစ်နေတာတွေကိုလည်း မြင်နိုင်တဲ့ ဘုရားပဲ” လို့ ယေဟောဝါပြောတယ်။
၂၄ “ငါမမြင်အောင် ဆိတ်ကွယ်ရာမှာ ဘယ်သူ ပုန်းနိုင်လို့လဲ”+ ဆိုပြီး ယေဟောဝါပြောတယ်။
“ကောင်းကင်မှာဖြစ်စေ၊ ကမ္ဘာမြေမှာဖြစ်စေ ငါ့မြင်ကွင်းနဲ့လွတ်တာ ဘာရှိလို့လဲ”+ ဆိုပြီး ယေဟောဝါပြောတယ်။
၂၅ “ပရောဖက်တွေက ‘အိပ်မက် မက်တယ်။ အိပ်မက် မက်တယ်’ လို့ ငါ့နာမည်သုံးပြီး မဟုတ်မမှန် ဟောနေတာကို ငါကြားတယ်။+ ၂၆ ပရောဖက်တွေက ဘယ်အချိန်ထိ မဟုတ်မမှန် ဟောနေဦးမှာလဲ။ သူတို့ဟာ စိတ်လှည့်စားမှုအတိုင်း ပရောဖက်ပြုနေကြတာ။+ ၂၇ ဘိုးဘေးတွေက ဗာလကြောင့် ငါ့နာမည်ကို မေ့သွားသလို သူတို့ကလည်း အိပ်မက်တွေအကြောင်း အချင်းချင်းပြောပြီး ငါ့နာမည်ကို ငါ့လူတွေ မေ့သွားအောင်လုပ်ဖို့ ကြံစည်နေတယ်။+ ၂၈ အိပ်မက်မက်တဲ့ ပရောဖက်က သူ့အိပ်မက်အကြောင်း ပြန်ပြောပါစေ။ ဒါပေမဲ့ ငါ့နှုတ်ထွက်စကားကို ရရှိသူကတော့ အဲဒီစကားကို အမှန်အတိုင်း ပြောပြရမယ်။”
“ကောက်ရိုးက ကောက်နှံနဲ့ ဘာများတူလို့လဲ” လို့ ယေဟောဝါ ပြောတယ်။
၂၉ “ငါ့နှုတ်ထွက်စကားဟာ မီးနဲ့တူတယ် မဟုတ်လား။+ ကျောက်ဆောင်ကို ထုခြေပစ်တဲ့ သံတူနဲ့တူတယ် မဟုတ်လား” လို့ ယေဟောဝါပြောတယ်။+
၃၀ “ဒါကြောင့် ငါ့နှုတ်ထွက်စကားကို ကပြောင်းကပြန် လုပ်ပြီး ဟောချင်ရာ ဟောနေတဲ့ ပရောဖက်တွေကို ငါဒဏ်ခတ်မယ်” လို့ ယေဟောဝါပြောတယ်။+
၃၁ “‘ဘုရားသခင် မိန့်မှာတယ်’ ဆိုပြီး လျှောက်ဟောနေတဲ့ ပရောဖက်တွေကို ငါဒဏ်ခတ်မယ်” လို့ ယေဟောဝါပြောတယ်။+
၃၂ “မဟုတ်မမှန်တဲ့ အိပ်မက်တွေမက်ပြီး ပြန်ပြောပြနေတဲ့၊ ငါ့လူတွေလမ်းလွဲအောင် လိမ်ညာပြီး ကြွားလုံးထုတ်နေတဲ့ ပရောဖက်တွေကို ငါဒဏ်ခတ်မယ်”+ လို့ ယေဟောဝါ ပြောတယ်။
“သူတို့ကို ငါမစေလွှတ်ဘူး။ ငါမမိန့်မှာဘူး။ ဒါကြောင့် သူတို့ဆီကနေ ဒီလူတွေ ဘာအကျိုးမှ ရမှာမဟုတ်ဘူး”+ လို့ ယေဟောဝါပြောတယ်။
၃၃ “ဒီလူတွေဖြစ်ဖြစ်၊ ပရောဖက်ဖြစ်ဖြစ်၊ ပုရောဟိတ်ဖြစ်ဖြစ် ‘ယေဟောဝါဆီက ဝန်ထုပ်ဟာ* ဘာလဲ’ လို့ မင်းကို မေးခဲ့ရင် ‘“အဲဒီဝန်ထုပ်ဟာ မင်းတို့ပဲ။ မင်းတို့ကို ငါပစ်ချမယ်”+ လို့ ယေဟောဝါပြောတယ်’ ဆိုပြီး ဖြေရမယ်။ ၃၄ ပရောဖက်ဖြစ်ဖြစ်၊ ပုရောဟိတ်ဖြစ်ဖြစ်၊ လူတွေဖြစ်ဖြစ် ‘ဒါဟာ ယေဟောဝါဆီက ဝန်ထုပ်ပဲ’ လို့ပြောခဲ့ရင် အဲဒီလိုပြောတဲ့သူနဲ့ သူ့အိမ်သားတွေကို ငါအရေးယူမယ်။ ၃၅ မင်းတို့က ‘ယေဟောဝါ ဘာပြန်ဖြေသလဲ။ ယေဟောဝါ ဘာပြောသလဲ’ ဆိုပြီး မိတ်ဆွေတွေ၊ ညီအစ်ကိုတွေကို မေးကြတယ်။ ၃၆ ဒါပေမဲ့ ယေဟောဝါဆီက ဝန်ထုပ်ပဲလို့ မဖြေကြနဲ့တော့။ အဲဒီဝန်ထုပ်ဟာ မင်းတို့ကိုယ်တိုင်ရဲ့ စကားတွေဖြစ်နေလို့ပဲ။ မင်းတို့က အစ္စရေးတို့ရဲ့ဘုရား၊* အသက်ရှင်နေတဲ့ဘုရား ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ နှုတ်ထွက်စကားကို ပြောင်းလဲပစ်ခဲ့တယ်။
၃၇ “ယေရမိ၊ အဲဒီပရောဖက်ကို ပြောလိုက်ပါ– ‘ခင်ဗျားကို ယေဟောဝါ ဘာပြန်ဖြေသလဲ။ ယေဟောဝါ ဘာပြောသလဲ။ ၃၈ ယေဟောဝါဆီက ဝန်ထုပ်ပဲလို့ ခင်ဗျား ဆက်ပြောနေမှာလား။ အဲဒီလိုဆိုရင်တော့ ယေဟောဝါ မိန့်မှာတာက– “ယေဟောဝါဆီက ဝန်ထုပ်ပဲလို့ မပြောနဲ့ဆိုပြီး ငါမှာထားလျက်နဲ့ ‘ဒါဟာ ယေဟောဝါဆီက ဝန်ထုပ်ပဲ’ လို့ မင်းပြောနေတုန်းပဲလား။ ၃၉ ဒါကြောင့် ငါက မင်းကိုကိုင်မြှောက်ပြီး ငါ့ရှေ့ကနေ လွှင့်ပစ်မယ်။ မင်းကိုရော မင်းနဲ့ ဘိုးဘေးတွေကို ပေးခဲ့တဲ့ မြို့ကိုပါ လွှင့်ပစ်မယ်။ ၄၀ မင်းကို ထာဝစဉ်ရှုတ်ချစရာ၊ အရှက်ကွဲစရာ ဖြစ်စေမယ်။ အဲဒါကို လူတွေ မေ့လျော့သွားမှာ မဟုတ်ဘူး။”’”+
၂၄ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ယောယကိမ်ရဲ့သား+ ယုဒဘုရင် ယေခေါနိနဲ့*+ ယုဒမင်းညီမင်းသားတွေ၊ လက်မှုပညာသည်တွေ၊ ပန်းပဲဆရာတွေကို* ဂျေရုဆလင်ကနေ ဗာဗုလုန်ပြည်ကို ဖမ်းခေါ်သွားပြီးတဲ့နောက်+ ယေဟောဝါက ယေဟောဝါရဲ့ ဗိမာန်တော်ရှေ့မှာ ချထားတဲ့ သဖန်းသီးနှစ်တောင်း ကျွန်တော့်ကို ပြတယ်။ ၂ တစ်တောင်းမှာ သီးဦးသီးဖျားလို သိပ်ကောင်းတဲ့ သဖန်းသီးတွေရှိတယ်။ နောက်တစ်တောင်းမှာတော့ စားလို့မရအောင် ပုပ်နေတဲ့ သဖန်းသီးတွေရှိတယ်။
၃ “ယေရမိ၊ ဘာမြင်ရလဲ” လို့ ယေဟောဝါ မေးတဲ့အခါ “သဖန်းသီးတွေကို မြင်ပါတယ်။ ကောင်းတဲ့အသီးတွေက သိပ်ကောင်းပြီး မကောင်းတဲ့ အသီးတွေကတော့ စားလို့မရအောင် ပုပ်နေပါတယ်”+ လို့ ကျွန်တော်ဖြေတယ်။
၄ အဲဒီအခါ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၅ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါပြောတာက– ‘ဒီပြည်ကနေ ခါလဒဲပြည်ကို ငါပြည်နှင်ဒဏ်ပေးလိုက်တဲ့ ယုဒလူတွေကို ဒီကောင်းတဲ့ သဖန်းသီးတွေလိုပဲ ကောင်းတယ်လို့ ငါသဘောထားမယ်။ ၆ သူတို့ကို ကောင်းမှုပြုဖို့ ငါကြည့်နေမယ်။ ဒီပြည်ကို ပြန်လာစေမယ်။+ သူတို့ကို မဖြိုချဘဲ တည်ဆောက်မယ်။ မနုတ်ပစ်ဘဲ စိုက်ပျိုးမယ်။+ ၇ ငါဟာ ယေဟောဝါပဲဆိုတာ သိတဲ့စိတ်နှလုံး သူတို့ကို ပေးမယ်။+ ငါ့ဆီကို စိတ်နှလုံးအကြွင်းမဲ့ ပြန်လာကြမှာဖြစ်လို့+ သူတို့ဟာ ငါ့လူတွေဖြစ်လာမယ်။ ငါလည်း သူတို့ရဲ့ဘုရားသခင် ဖြစ်မယ်။+
၈ “‘စားလို့မရအောင် ပုပ်နေတဲ့ သဖန်းသီးတွေနဲ့ပတ်သက်ပြီး+ ယေဟောဝါပြောတာက “ယုဒဘုရင်ဇေဒကိနဲ့+ မင်းညီမင်းသားတွေ၊ ဂျေရုဆလင်မှာ ကျန်ကြွင်းခဲ့သူတွေ၊ အီဂျစ်ပြည်မှာ နေထိုင်နေသူတွေကို အဲဒီအသီးတွေလိုပဲ ငါသဘောထားမယ်။+ ၉ သူတို့အပေါ် ဘေးဆိုးကျရောက်စေတဲ့အတွက် ကမ္ဘာ့တိုင်းနိုင်ငံအားလုံး ထိတ်လန့်စရာ ဖြစ်စေမယ်။+ သူတို့ တကွဲတပြားရောက်သွားတဲ့ နေရာတိုင်းမှာ+ ကဲ့ရဲ့ရှုတ်ချစရာ၊ ဆိုရိုးစကားဖွဲ့စရာ၊ လှောင်ပြောင်စရာ၊ ကျိန်ဆဲစရာ+ ဖြစ်စေမယ်။ ၁၀ ဓားဘေး၊+ အငတ်ဘေး၊ ကပ်ရောဂါဘေးကို+ ငါစေလွှတ်လိုက်တဲ့အတွက် သူတို့နဲ့ ဘိုးဘေးတွေကို ငါပေးခဲ့တဲ့ပြည်မှာ သူတို့ ပျက်စီးသွားလိမ့်မယ်။”’”
၂၅ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနန်းစံ ပထမနှစ်၊ ယောရှိရဲ့သား ယုဒဘုရင် ယောယကိမ်နန်းစံ လေးနှစ်မှာ+ ယုဒလူတွေနဲ့ပတ်သက်တဲ့စကား ယေရမိဆီ ရောက်လာတယ်။ ၂ ယုဒလူတွေ၊ ဂျေရုဆလင်မြို့သူမြို့သားတွေနဲ့ပတ်သက်ပြီး ပရောဖက်ယေရမိ ပြောတာက–
၃ “အာမုန်ရဲ့သား ယုဒဘုရင်ယောရှိနန်းစံ ၁၃ နှစ်ကစပြီး+ ဒီနေ့အထိ ၂၃ နှစ်လုံးလုံး ကျွန်တော့်ဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာခဲ့တယ်။ ကျွန်တော် အကြိမ်ကြိမ် ပြောပေမဲ့ ခင်ဗျားတို့ နားမထောင်ခဲ့ဘူး။+ ၄ ယေဟောဝါက မိမိကျွန်ပရောဖက်တွေကို အကြိမ်ကြိမ် စေလွှတ်ပေမဲ့ ခင်ဗျားတို့ နားမထောင်ကြဘူး။ နားမစွင့်ကြဘူး။+ ၅ အဲဒီပရောဖက်တွေက ‘မကောင်းတဲ့ လမ်းစဉ်တွေ၊ အကျင့်ဆိုးတွေကို စွန့်ပြီး ပြန်လှည့်လာကြပါ။+ ဒါဆိုရင် ဟိုးအရင်ကတည်းက မင်းတို့ကိုရော ဘိုးဘေးတွေကိုပါ ယေဟောဝါ ပေးထားတဲ့ပြည်မှာ အကြာကြီး နေထိုင်ရမယ်။ ၆ တခြားဘုရားတွေနောက် မလိုက်ကြနဲ့။ ဦးမချ၊ ဝတ်မပြုကြနဲ့။ ရုပ်တုတွေလုပ်ပြီး ငါ့ကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။ အဲဒီလိုလုပ်ရင် မင်းတို့အပေါ် ငါ ဘေးဆိုးကျရောက်စေမယ်’ လို့ ဆင့်ဆိုခဲ့ကြတယ်။
၇ “‘ဒါပေမဲ့ ငါ့စကားကို မင်းတို့ နားမထောင်ကြဘူး။ ရုပ်တုတွေလုပ်ပြီး ငါ့ကို စိတ်ဆိုးအောင် လုပ်ကြတယ်။ ဒီနည်းနဲ့ ဘေးဆိုး ကျရောက်စေကြတယ်’+ လို့ ယေဟောဝါ ပြောတယ်။
၈ “ဒါကြောင့် ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက– ‘“ငါ့စကားကို မင်းတို့ မနာခံတဲ့အတွက်၊ ၉ ငါက မြောက်အရပ်မှာရှိတဲ့ မျိုးနွယ်အားလုံး၊+ ငါ့ကျွန် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို+ ဆင့်ခေါ်ပြီး ဒီပြည်ကိုရော၊+ ပြည်သူပြည်သားတွေနဲ့ ပတ်ဝန်းကျင် လူမျိုးတွေကိုရော လာတိုက်ခိုင်းမယ်။+ ငါက သူတို့ကို ဖျက်ဆီးပစ်မယ်၊ ထိတ်လန့်စရာ၊ လှောင်ပြောင်စရာ* ဖြစ်စေမယ်။ ထာဝရ ဆိတ်သုဉ်းစေမယ်” လို့ ယေဟောဝါ ပြောတယ်။ ၁၀ “ငါက ရွှင်လန်းဝမ်းမြောက်တဲ့အသံ၊+ သတို့သားရဲ့အသံ၊ သတို့သမီးရဲ့အသံ၊+ ကြိတ်ဆုံကြိတ်သံကို တိတ်ဆိတ်စေမယ်။ မီးခွက်အလင်းကို ငြိမ်းစေမယ်။ ၁၁ တစ်ပြည်လုံး ပျက်စီးယိုယွင်းတဲ့နေရာ၊ ထိတ်လန့်စရာကောင်းတဲ့နေရာ ဖြစ်သွားမယ်။ ဒီလူမျိုးတွေဟာ ဗာဗုလုန်ဘုရင်ဆီမှာ အနှစ် ၇၀ ကျွန်ခံရလိမ့်မယ်။”’+
၁၂ “ယေဟောဝါ ပြောတာက– ‘အနှစ် ၇၀ ပြည့်တဲ့အခါ+ ဗာဗုလုန်ဘုရင်နဲ့ သူ့လူမျိုးတွေ မှားခဲ့တာတွေအတွက် ငါဒဏ်ခတ်မယ်။+ ခါလဒဲပြည်ကို ထာဝရလွင်တီးခေါင် ဖြစ်စေမယ်။+ ၁၃ အဲဒီပြည်နဲ့ပတ်သက်ပြီး ငါပြောခဲ့သမျှ၊ လူမျိုးခြားတွေနဲ့ပတ်သက်ပြီး ဒီကျမ်းစောင်မှာ ရေးထားတဲ့ ယေရမိရဲ့ ပရောဖက်ပြုချက်မှန်သမျှ ငါပြည့်စုံစေမယ်။ ၁၄ လူမျိုးခြားတွေ၊ တန်ခိုးကြီးဘုရင်တွေက+ သူတို့ကို ကျွန်အဖြစ် ခိုင်းစေပြီး+ အမြတ်ထုတ်လိမ့်မယ်။ သူတို့ရဲ့အကျင့်တွေ၊ လုပ်ရပ်တွေအတိုင်း ငါပြန်ဆပ်ပေးမယ်။”+
၁၅ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “ငါ့လက်ထဲက ဒီအမျက်တော်ဝိုင်ခွက်ကို ယူပြီး ငါစေလွှတ်တဲ့အတိုင်း လူမျိုးအားလုံးကို သောက်ခိုင်းပါ။ ၁၆ အဲဒီဝိုင်ကို သောက်တဲ့အခါ သူတို့ မူးယစ်ယိမ်းယိုင်သွားမယ်။ ငါစေလွှတ်မယ့် ဓားဘေးကြောင့် ရူးသွပ်သွားမယ်။”+
၁၇ ဒါနဲ့ ကျွန်တော်က ယေဟောဝါလက်ထဲက ခွက်ကိုယူပြီး ယေဟောဝါ စေလွှတ်တဲ့အတိုင်း လူမျိုးအားလုံးကို သောက်ခိုင်းတယ်။+ ၁၈ အရင်ဆုံး ဂျေရုဆလင်မြို့နဲ့ ယုဒရဲ့မြို့တွေ၊+ ဘုရင်တွေနဲ့ မင်းညီမင်းသားတွေကို ကျွန်တော် သောက်ခိုင်းတယ်။ ဒါကြောင့် အခုလို ပျက်စီးယိုယွင်းတဲ့နေရာ၊ ကြောက်လန့်စရာ၊ လှောင်ပြောင်စရာ၊* ကျိန်ဆဲစရာ ဖြစ်သွားတာပေါ့။+ ၁၉ အဲဒီနောက် အီဂျစ်ဘုရင် ဖာရောနဲ့ မင်းမှုထမ်းတွေ၊ မင်းညီမင်းသားတွေနဲ့ သူ့လူတွေ၊+ ၂၀ အီဂျစ်ပြည်မှာ နေထိုင်တဲ့ တိုင်းတစ်ပါးသားတွေ၊ ဥဇပြည်ရဲ့ ဘုရင်တွေ၊ ဖိလိတိဘုရင်တွေဖြစ်တဲ့+ အာရှကေလုန်ဘုရင်၊+ ဂါဇာဘုရင်၊ ဧကြုန်ဘုရင်၊ အာဇုတ်မြို့မှာကျန်ကြွင်းတဲ့သူတွေ၊ ၂၁ ဧဒုံ၊+ မောဘနဲ့+ အမ္မုန်လူမျိုးတွေ၊+ ၂၂ တိုင်ရာနဲ့ ဆိုင်ဒုန်ဘုရင်တွေ၊+ ကျွန်းနိုင်ငံရဲ့ ဘုရင်တွေ၊ ၂၃ ဒေဒန်၊+ တေမနဲ့ ဗုဇပြည်သားတွေ၊ နားသယ်မွေး ရိတ်ထားသူတွေ၊+ ၂၄ အာရပ်ဘုရင်တွေ၊+ တောကန္တာရမှာနေတဲ့ တိုင်းတစ်ပါးသားတို့ရဲ့ ဘုရင်တွေ၊ ၂၅ ဇိမရိအရပ်က ဘုရင်တွေ၊ ဧလံဘုရင်တွေ၊+ မီးဒီးယားဘုရင်တွေ၊+ ၂၆ မြောက်အရပ်မှာရှိတဲ့ ရပ်နီးရပ်ဝေးက ဘုရင်တွေ၊ ကမ္ဘာ့တိုင်းနိုင်ငံတို့ရဲ့ ဘုရင်တွေကို တစ်ယောက်ပြီးတစ်ယောက် သောက်ခိုင်းတယ်။ နောက်ဆုံးမှာ ရှေရှက်*+ ဘုရင်လည်း သောက်ရမှာပဲ။
၂၇ “‘“မထနိုင်တဲ့အထိ သောက်ကြ။ မူးယစ်အော့အန်ပြီး ပြိုလဲကြ။+ ဓားဘေးကို ငါစေလွှတ်မယ်” ဆိုပြီး အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်’ လို့ သူတို့ကို မင်းပြောလိုက်ပါ။ ၂၈ မင်းလက်ထဲက ဝိုင်ခွက်ကို ယူသောက်ဖို့ သူတို့ငြင်းဆန်မယ်ဆိုရင် မင်းပြောရမှာက ‘ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောခိုင်းတယ်– “မင်းတို့ သောက်ကိုသောက်ရမယ်။ ၂၉ ငါ့နာမည်ခံယူထားတဲ့ မြို့ကိုတောင် ငါက အရင်ဆုံး ဘေးဆိုး ကျရောက်စေတယ်ဆိုရင်+ မင်းတို့ကော ပြစ်ဒဏ်လွတ်မတဲ့လား။”’+
“‘မလွတ်စေရဘူး။ ကမ္ဘာသူကမ္ဘာသားအားလုံးကို တိုက်ဖို့ ဓားဘေးကို ငါခေါ်လိုက်ပြီ။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၃၀ “မင်း ပရောဖက်ပြုပြီး ပြောရမယ့် စကားတွေကတော့–
‘ယေဟောဝါက အထက်အရပ်ကနေ ခြင်္သေ့လို ဟိန်းလိမ့်မယ်။
စံမြန်းရာ သန့်ရှင်းတဲ့အရပ်ကနေ အသံပြုလိမ့်မယ်။
စံမြန်းရာနေရာကို အကျယ်ကြီး ဟိန်းဟောက်လိမ့်မယ်။
စပျစ်ကျင်းမှာ နင်းနယ်သူတွေ သီချင်းအော်ဆိုသလို
ဘုရားက ကမ္ဘာပေါ်နေထိုင်သူအားလုံးကို အောင်ပွဲခံပြီး သီချင်းဆိုလိမ့်မယ်။’
၃၁ ‘အသံတစ်သံက ကမ္ဘာမြေအစွန်အဖျားအထိ ပဲ့တင်ထပ်သွားလိမ့်မယ်။
ယေဟောဝါက လူမျိုးတွေနဲ့ တရားဆိုင်လိမ့်မယ်။
လူအားလုံးကို ကိုယ်တိုင် စီရင်ချက်ချလိမ့်မယ်။+
လူဆိုးတွေကို ဓားဘေးလက်ထဲ အပ်လိမ့်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၃၂ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက–
‘ဘေးဆိုးတစ်ခုဟာ တစ်နိုင်ငံပြီး တစ်နိုင်ငံဆီ ကူးစက်သွား မယ်။+
မုန်တိုင်းကြီးတစ်ခုက ကမ္ဘာမြေအစွန်အဖျားကနေ တိုက်ခတ်လာမယ်။+
၃၃ “‘အဲဒီနေ့မှာ ယေဟောဝါကွပ်မျက်လို့ သေတဲ့လူတွေဟာ မြေတစ်ပြင်လုံးမှာ ရှိလိမ့်မယ်။ သူတို့အတွက် ဘယ်သူမှ ညည်းတွားငိုကြွေးမှာ မဟုတ်ဘူး။ သူတို့ကို စုသိမ်းမှာ၊ မြှုပ်နှံမှာ မဟုတ်ဘူး။ မြေပေါ်မှာ နောက်ချေးပုံလို ဖြစ်သွားမယ်။’
၃၄ သိုးထိန်းတို့၊ ငိုကြွေးမြည်တမ်းပြီး အော်ဟစ်ကြ။
သိုးကောင်းသိုးမြတ်တို့၊ မြေမှာ လူးလှိမ့်ကြ။
မင်းတို့ ကွပ်မျက်ခံရပြီး တကွဲတပြားဖြစ်မယ့်အချိန် ရောက်လာပြီ။
အဖိုးတန်အိုးခွက်လို မင်းတို့ ကျကွဲသွားလိမ့်မယ်။
၃၅ သိုးထိန်းတွေ ပြေးစရာမြေ မရှိဘူး။
သိုးကောင်းသိုးမြတ်တွေလည်း လွတ်လမ်း မရှိဘူး။
၃၆ သိုးထိန်းတွေရဲ့ အော်ဟစ်သံ၊
သိုးကောင်းသိုးမြတ်တွေရဲ့ ငိုကြွေးမြည်တမ်းသံကို ကြားနေရတယ်။
သူတို့ရဲ့စားကျက်ကို ယေဟောဝါ ဖျက်ဆီးလိုက်ပြီ။
၃၇ ငြိမ်းချမ်းသာယာတဲ့ နေရာတွေဟာ
ယေဟောဝါရဲ့ ဒေါသမီးကြောင့် ဆိတ်သုဉ်းသွားပြီ။
၃၈ ဘုရားက ခြင်္သေ့ပျိုလို မိမိရဲ့ဂူကို စွန့်သွားပြီ။+
ရက်စက်တဲ့ဓားကြောင့်၊
အမျက်တော်မီးကြောင့်
သူတို့ရဲ့ပြည်ဟာ ကြောက်လန့်စရာဖြစ်သွားပြီ။”
၂၆ ယောရှိရဲ့သား ယုဒဘုရင်ယောယကိမ်+ နန်းတက်စမှာ ယေဟောဝါ မိန့်ဆိုတဲ့စကား– ၂ “ယေဟောဝါ ပြောတာက– ‘ယေဟောဝါရဲ့ အိမ်တော် ရင်ပြင်မှာ ရပ်နေပါ။ ယေဟောဝါရဲ့အိမ်တော်မှာ ဝတ်ပြုဖို့ ယုဒမြို့တွေကနေ ရောက်လာသူတွေနဲ့ပတ်သက်ပြီး ငါမိန့်မှာသမျှ မခြွင်းမချန် ပြောပြလိုက်ပါ။ ၃ သူတို့ နားထောင်ပြီး ဆိုးညစ်တဲ့ လမ်းစဉ်ကနေ ပြန်လှည့်လာကောင်းပါရဲ့။ ငါကလည်း အကျင့်ဆိုးတွေကြောင့် သူတို့အပေါ် ကျရောက်စေမယ်လို့ ရည်ရွယ်ထားတဲ့ ဘေးဆိုးနဲ့ပတ်သက်ပြီး စိတ်ပြောင်းလဲလိုက်မှာပဲ။+ ၄ ဒါကြောင့် သူတို့ကို မင်းပြောလိုက်။ “ယေဟောဝါ ပြောတာက– ‘ငါ့စကားကို မင်းတို့နားမထောင်ဘူး၊ ပေးထားတဲ့ ပညတ်ချက်အတိုင်း မလိုက်လျှောက်ဘူးဆိုရင်၊ ၅ ငါအကြိမ်ကြိမ် စေလွှတ်တဲ့ ငါ့ကျွန်ပရောဖက်တွေ ပြောသမျှကို နားမထောင်ဘဲ နေခဲ့သလို အခုလည်း နားမထောင်ဘူးဆိုရင်၊+ ၆ ရှိလောအရပ်ကို+ လုပ်ခဲ့သလို ဒီအိမ်တော်ကို ငါလုပ်မယ်။ ဒီမြို့ကိုလည်း ကမ္ဘာမြေပေါ်က လူမျိုးအားလုံးအတွက် ကျိန်ဆဲစရာ ဖြစ်စေမယ်။’”’”+
၇ ယေဟောဝါရဲ့အိမ်တော်မှာ ယေရမိ အဲဒီလိုပြောတာကို ပုရောဟိတ်တွေ၊ ပရောဖက်တွေ၊ လူတွေ အားလုံးကြားတယ်။+ ၈ ယေဟောဝါ မိန့်မှာသမျှ ယေရမိပြောပြီးတဲ့အခါ ပုရောဟိတ်တွေ၊ ပရောဖက်တွေ၊ လူတွေက သူ့ကိုဖမ်းဆီးပြီး “ခင်ဗျား သေကိုသေရမယ်။ ၉ ‘ဒီအိမ်တော်ဟာ ရှိလောအရပ်လို ဖြစ်သွားလိမ့်မယ်။ ဒီမြို့ဟာ နေထိုင်သူမရှိတဲ့အထိ ဖျက်ဆီးခံရလိမ့်မယ်’ ဆိုပြီး ယေဟောဝါနာမည်နဲ့ ဘာလို့ ပရောဖက်ပြုရတာလဲ” လို့အော်ဟစ်ကြတယ်။ လူအားလုံးက ယေဟောဝါရဲ့အိမ်တော်မှာ ရှိနေတဲ့ ယေရမိနားကို ဝိုင်းအုံလာကြတယ်။
၁၀ ယုဒမင်းညီမင်းသားတွေက ဒါကိုကြားတဲ့အခါ နန်းတော်ကနေ ယေဟောဝါရဲ့အိမ်တော်ကို ရောက်လာပြီး ယေဟောဝါရဲ့ အိမ်တော်တံခါးသစ် ဝင်ပေါက်မှာ ထိုင်ကြတယ်။+ ၁၁ ပုရောဟိတ်တွေနဲ့ ပရောဖက်တွေက “ဒီလူဟာ သေဒဏ်ခံထိုက်တယ်။+ ဒီမြို့ပျက်စီးမယ့်အကြောင်း သူပရောဖက်ပြုနေတာကို ခင်ဗျားတို့ နားနဲ့ ဆတ်ဆတ်ကြားခဲ့သားပဲ” ဆိုပြီး သူတို့ကို တိုင်တန်းကြတယ်။+
၁၂ ဒါနဲ့ ယေရမိက မင်းညီမင်းသားတွေနဲ့ လူတွေကို “ခင်ဗျားတို့ကြားတဲ့အတိုင်း ဒီအိမ်တော်နဲ့ ဒီမြို့ ပျက်စီးမယ့်အကြောင်း ပရောဖက်ပြုဖို့ ကျွန်တော့်ကို စေလွှတ်တဲ့သူဟာ ယေဟောဝါဘုရားပဲ။+ ၁၃ ဒါကြောင့် အခု ခင်ဗျားတို့ရဲ့ လမ်းစဉ်တွေ၊ လုပ်ရပ်တွေကို ပြုပြင်ပြောင်းလဲပြီး ယေဟောဝါရဲ့စကားကို နာခံကြပါ။ ဒါဆိုရင် ယေဟောဝါဘုရားက မိန့်မှာထားတဲ့ ဘေးဆိုးနဲ့ပတ်သက်ပြီး စိတ်ပြောင်းလဲမှာပါ။+ ၁၄ ကျွန်တော်ကတော့ ခင်ဗျားတို့လက်ထဲမှာပဲလေ။ ကောင်းတယ်၊ မှန်တယ်ထင်သလို လုပ်ကြပါ။ ၁၅ ကျွန်တော့်ကို သတ်မယ်ဆိုရင်တော့ ခင်ဗျားတို့ရော၊ ဒီမြို့နဲ့ ဒီမြို့သူမြို့သားတွေရော အပြစ်မဲ့သူကို သတ်တဲ့အမှုနဲ့ ပြစ်ဒဏ်သင့်မယ်ဆိုတာ သိထားကြပါ။ ဒီစကားတွေပြောဖို့ ကျွန်တော့်ကို တကယ်စေလွှတ်လိုက်တဲ့သူဟာ ယေဟောဝါဘုရား ဖြစ်နေလို့ပဲ” ဆိုပြီး ပြောလိုက်တယ်။
၁၆ အဲဒီအခါ မင်းညီမင်းသားတွေနဲ့ လူတွေက “ဒီလူဟာ ယေဟောဝါရဲ့နာမည်ကို သုံးပြီး ဟောတာပဲ။ သေဒဏ်မခံထိုက်ပါဘူး” လို့ ပုရောဟိတ်တွေ၊ ပရောဖက်တွေကို ပြောတယ်။
၁၇ မြို့မိမြို့ဖတချို့ကလည်း စုရုံးနေသူအားလုံးကို၊ ၁၈ “မောရရှမြို့သား မိက္ခာက+ ယုဒဘုရင် ဟေဇကိလက်ထက်မှာ+ ပရောဖက်ပြုပြီး
‘“ဇိအုန်ဟာ လယ်လို ထွန်ယက်ခံရလိမ့်မယ်။
ဂျေရုဆလင်ဟာ အပျက်အယွင်းပုံ ဖြစ်သွားမယ်။+
အိမ်တော်တည်တဲ့တောင်ဟာ တောထူတဲ့တောင်လို ဖြစ်သွားမယ်”+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်’ ဆိုပြီး ယုဒလူတွေကို ပြောခဲ့တယ်။
၁၉ “အဲဒီအခါ ယုဒဘုရင်ဟေဇကိနဲ့ ယုဒလူတွေက သူ့ကို သတ်ခဲ့ကြလို့လား။ ဘုရင်က ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေပြီး ယေဟောဝါရဲ့ မျက်နှာသာရဖို့ အသနားခံတဲ့အတွက် ယေဟောဝါက မိန့်မှာခဲ့တဲ့ ဘေးဆိုးနဲ့ပတ်သက်ပြီး စိတ်ပြောင်းလဲခဲ့တယ် မဟုတ်လား။+ အခုတော့ ကျွန်တော်တို့က ကိုယ့်အပေါ် ဘေးဆိုးကြီး ကျရောက်အောင် လုပ်နေကြတာပဲ။
၂၀ “ယေဟောဝါရဲ့နာမည်သုံးပြီး ပရောဖက်ပြုသူတစ်ယောက် ရှိသေးတယ်။ ကိရယတ်ယာရိမ်မြို့က+ ရှေမာယရဲ့သား ဥရိယပဲ။ သူလည်း ဒီမြို့၊ ဒီပြည်နဲ့ပတ်သက်ပြီး ယေရမိပြောတဲ့အတိုင်း ပရောဖက်ပြုခဲ့တယ်။ ၂၁ ယောယကိမ်မင်းနဲ့+ စစ်သူရဲတွေ၊ မင်းညီမင်းသားတွေ ကြားတဲ့အခါ သူ့ကို သတ်ဖို့ ရှာတယ်။+ ဒါကို ဥရိယကြားတော့ ကြောက်ပြီး အီဂျစ်ပြည်ကို ချက်ချင်း ထွက်ပြေးသွားတယ်။ ၂၂ အဲဒီအခါ ယောယကိမ်မင်းက အာခဗော်ရဲ့သား ဧလနာသန်နဲ့အတူ+ တခြားလူတွေကို အီဂျစ်ပြည်ဆီ လွှတ်လိုက်တယ်။ ၂၃ သူတို့က ဥရိယကို အီဂျစ်ပြည်ကနေ ယောယကိမ်မင်းဆီ ဖမ်းခေါ်လာတယ်။ မင်းကြီးက သူ့ကို ဓားနဲ့သတ်ပြီး+ သာမန်လူတွေရဲ့ သင်္ချိုင်းမှာ အလောင်းကို ပစ်ထားလိုက်တယ်” လို့ပြောကြတယ်။
၂၄ ဒါပေမဲ့ ယေရမိကို သတ်ချင်နေတဲ့သူတွေလက်ထဲ မရောက်ရအောင် ရှာဖန်ရဲ့သား အဟိကံက+ ကူညီပေးခဲ့တယ်။+
၂၇ ယောရှိရဲ့သား ယုဒဘုရင် ယောယကိမ် နန်းတက်စမှာ ယေရမိဆီ ယေဟောဝါရဲ့စကား ရောက်လာတယ်။ ၂ “ယေဟောဝါ ပြောတာက– ‘ကြိုးတွေ၊ ထမ်းပိုးတွေ လုပ်ပြီး မင်းရဲ့ပခုံးပေါ် တင်ပါ။ ၃ ဂျေရုဆလင်မြို့မှာရှိတဲ့ ယုဒဘုရင်ဇေဒကိကို လာတွေ့တဲ့ တမန်တွေကတစ်ဆင့် ဧဒုံဘုရင်၊+ မောဘဘုရင်၊+ အမ္မုန်ဘုရင်၊+ တိုင်ရာဘုရင်နဲ့+ ဆိုင်ဒုန်ဘုရင်တွေဆီ+ အဲဒီကြိုးတွေ၊ ထမ်းပိုးတွေ ပါးလိုက်ပါ။ ၄ အဲဒီဘုရင်တွေကို မှာလိုက်ရမှာက–
“‘“အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတယ်– မင်းတို့ရဲ့ ဘုရင်တွေကို ဒီအတိုင်း ပြောလိုက်ပါ။ ၅ ‘ကမ္ဘာမြေနဲ့ ကမ္ဘာမြေပေါ်က လူသားတွေ၊ တိရစ္ဆာန်တွေကို ကြီးမားတဲ့တန်ခိုး၊ အားကြီးတဲ့လက်ရုံးနဲ့ ဖန်ဆင်းခဲ့တာ ငါပဲ။ ငါက အဲဒါတွေကို ပေးချင်တဲ့သူကို ပေးထားတယ်။+ ၆ အခု တိုင်းနိုင်ငံအားလုံးကို ငါ့ကျွန် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ ငါအပ်ထားတယ်။+ သူ့ဆီမှာကျွန်ခံဖို့ တောသားရဲတွေကိုတောင် အပ်ထားတယ်။ ၇ လူမျိုးတွေ၊ တန်ခိုးကြီးဘုရင်တွေက သူ့ကို ကျွန်အဖြစ် ခိုင်းစေမယ့်အချိန်၊+ သူ့နိုင်ငံ အဆုံးတိုင်ချိန် မရောက်မချင်း လူမျိုးအားလုံး သူ့ဆီမှာ၊ သူ့ရဲ့သားနဲ့ မြေးဆီမှာ ကျွန်ခံရလိမ့်မယ်။’+
၈ “‘“‘ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဆီမှာ ကျွန်မခံတဲ့၊ ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို မထမ်းတဲ့ လူမျိုးတွေ၊ နိုင်ငံတွေကို ဓားဘေး၊+ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ ငါဒဏ်ခတ်မယ်။ နောက်ဆုံးမှာ သူ့လက်ချက်နဲ့ပဲ သူတို့အားလုံးကို ငါလက်စတုံးပစ်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၉ “‘“‘ဒါကြောင့် “ဗာဗုလုန်ဘုရင်ဆီမှာ မင်းတို့ ကျွန်ခံရမှာ မဟုတ်ဘူး” ဆိုပြီး ဟောနေတဲ့ ပရောဖက်တွေ၊ နတ်ဆရာတွေ၊ အိပ်မက်မြင်သူတွေ၊ မှော်ဆရာတွေ၊ ပယောဂဆရာတွေ ပြောတာကို နားမထောင်ပါနဲ့။ ၁၀ မင်းတို့ကို ဒီပြည်နဲ့ဝေးရာဆီ ရန်သူဖမ်းခေါ်သွားအောင် သူတို့လိမ်ညာပြီး ပရောဖက်ပြုနေတာ။ သူတို့စကားကို နားထောင်မယ်ဆိုရင် မင်းတို့ကို ငါတကွဲတပြား ဖြစ်စေမယ်။ မင်းတို့ ပျက်စီးသွားလိမ့်မယ်။
၁၁ “‘“‘ဒါပေမဲ့ ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို ထမ်းပြီး သူ့ဆီမှာ ကျွန်ခံတဲ့ လူမျိုးကိုတော့ နေရင်းပြည်မှာ ဆက်နေထိုင်ခွင့်ပေးမယ်။ အဲဒီမှာ ထွန်ယက်စိုက်ပျိုးပြီး နေထိုင်ခွင့်ရလိမ့်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”’”
၁၂ ကျွန်တော်က ယုဒဘုရင် ဇေဒကိကိုလည်း+ အဲဒီလိုပဲ ပြောလိုက်တယ်– “ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို ထမ်းပါ။ သူနဲ့ သူ့လူတွေဆီမှာ ကျွန်ခံပါ။ ဒါမှ မင်းကြီး အသက်ချမ်းသာရလိမ့်မယ်။+ ၁၃ ဗာဗုလုန်ဘုရင်ဆီမှာ ကျွန်မခံတဲ့ လူမျိုးနဲ့ပတ်သက်ပြီး ယေဟောဝါဘုရား ပြောခဲ့သလို မင်းကြီးနဲ့ မင်းကြီးရဲ့လူတွေက ဓားဘေး၊+ အငတ်ဘေး၊+ ကပ်ရောဂါဘေးနဲ့+ ဘာလို့သေရမှာလဲ။ ၁၄ ‘ဗာဗုလုန်ဘုရင်ဆီမှာ ကျွန်ခံရမှာ မဟုတ်ဘူး’ ဆိုပြီး ပရောဖက်တွေ ဟောနေတာကို နားမထောင်ပါနဲ့။+ သူတို့ လိမ်ညာပြီး ဟောနေလို့ပါ။’+
၁၅ “‘ငါမစေလွှတ်ဘဲ ငါ့နာမည်သုံးပြီး သူတို့ လိမ်ညာပရောဖက်ပြုနေတယ်။ သူတို့ပြောတာကို နားထောင်မယ်ဆိုရင် မင်းတို့ကို ငါတကွဲတပြား ဖြစ်စေမယ်။ မင်းတို့ရော ဟောနေတဲ့ ပရောဖက်တွေပါ ပျက်စီးသွားလိမ့်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”+
၁၆ ပုရောဟိတ်တွေနဲ့ လူတွေကိုလည်း ကျွန်တော် ပြောလိုက်တယ်။ “ယေဟောဝါ ပြောတာက– ‘“ယေဟောဝါရဲ့အိမ်တော် အသုံးအဆောင်ပစ္စည်းတွေကို မကြာခင် ဗာဗုလုန်ကနေ ပြန်သယ်လာတော့မှာ” ဆိုပြီး ပရောဖက်တွေ ဟောနေတာကို နားမထောင်ကြနဲ့။+ သူတို့ လိမ်ညာပြီး ပရောဖက်ပြုနေကြတာ။+ ၁၇ သူတို့ပြောတာကို နားမထောင်ပါနဲ့။ ဗာဗုလုန်ဘုရင်ဆီမှာ ကျွန်ခံကြပါ။ ဒါဆိုရင် အသက်ချမ်းသာရလိမ့်မယ်။+ ဒီမြို့ ဘာလို့ ပျက်စီးရမှာလဲ။ ၁၈ သူတို့သာ ယေဟောဝါဆီက သတင်းစကားကိုရတဲ့ ပရောဖက်မှန်ရင် ယေဟောဝါရဲ့အိမ်တော်၊ ယုဒဘုရင်ရဲ့ နန်းတော်နဲ့ ဂျေရုဆလင်မှာ ကျန်နေသေးတဲ့ ပစ္စည်းတွေ ဗာဗုလုန်ဆီပါမသွားအောင် ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆီမှာ အသနားခံကြပါစေ။’
၁၉ “ရေကန်နဲ့+ တိုင်တွေ၊+ တွန်းလှည်းတွေ၊+ မြို့မှာကျန်နေသေးတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။ ၂၀ အဲဒါတွေဟာ ယုဒနဲ့ ဂျေရုဆလင်မှာရှိတဲ့ မှူးမတ်တွေနဲ့အတူ ယောယကိမ်ရဲ့သား ယုဒဘုရင် ယေခေါနိကို ဂျေရုဆလင်ကနေ ဖမ်းခေါ်သွားတုန်းက ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ ချန်ရစ်ခဲ့တဲ့ ပစ္စည်းတွေပဲ။+ ၂၁ ယေဟောဝါရဲ့ အိမ်တော်၊ ယုဒဘုရင်ရဲ့ နန်းတော်နဲ့ ဂျေရုဆလင်မှာ ကျန်နေသေးတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက– ၂၂ ‘“အဲဒီပစ္စည်းတွေကို ဗာဗုလုန်မြို့ဆီ သိမ်းသွားကြလိမ့်မယ်။+ ငါပြန်လှည့်ကြည့်တဲ့နေ့ မရောက်မချင်း ဗာဗုလုန်မှာပဲ ရှိနေလိမ့်မယ်။ အဲဒီနောက် အဲဒီပစ္စည်းတွေကို ပြန်ယူဆောင်လာပြီး သူ့နေရာမှာ ငါပြန်ထားမယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’”
၂၈ ယုဒဘုရင်ဇေဒကိ+ နန်းစံအစောပိုင်း စတုတ္ထနှစ်၊ ငါးလပိုင်းဖြစ်တဲ့ အဲဒီနှစ်မှာပဲ ဂိဗောင်မြို့က+ အာဇုရရဲ့သား ပရောဖက်ဟာနနိက ယေဟောဝါရဲ့အိမ်တော်မှာ၊ ပုရောဟိတ်တွေနဲ့ လူအားလုံးရှေ့မှာ ကျွန်တော့်ကို ပြောတယ်– ၂ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို ငါချိုးမယ်။+ ၃ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ သိမ်းသွားတဲ့ ယေဟောဝါရဲ့အိမ်တော် အသုံးအဆောင်ပစ္စည်းအားလုံးကို နောက်နှစ်နှစ်အတွင်း ဒီကို ငါပြန်ယူဆောင်လာမယ်။’”+ ၄ “‘ဗာဗုလုန်ကို ရောက်နေတဲ့+ ယောယကိမ်ရဲ့သား+ ယုဒဘုရင် ယေခေါနိနဲ့+ ယုဒပြည်နှင်ခံတွေကို ဒီနေရာ ငါပြန်ခေါ်ဆောင်လာမယ်။ ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို ငါချိုးမယ်’ လို့ ယေဟောဝါပြောတယ်။”
၅ အဲဒီအခါ ယေဟောဝါရဲ့ အိမ်တော်မှာ ရပ်နေတဲ့ ပုရောဟိတ်တွေနဲ့ လူအားလုံးရှေ့မှာ ပရောဖက်ဟာနနိကို ပရောဖက်ယေရမိ ပြောလိုက်တာက– ၆ “အာမင်။* အဲဒီအတိုင်း ယေဟောဝါဘုရား လုပ်ဆောင်ပါစေ။ ခင်ဗျားဟောတဲ့အတိုင်း ယေဟောဝါက ပြည်နှင်ခံအားလုံးကို ယေဟောဝါရဲ့အိမ်တော် အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ ဗာဗုလုန်ကနေ ဒီနေရာ ပြန်ခေါ်ဆောင်လာပါစေ။ ၇ ဒါပေမဲ့ ခင်ဗျားကိုရော လူတွေကိုပါ ကျွန်တော်ပြောနေတဲ့ ဒီသတင်းစကားကို နားထောင်ပါ။ ၈ ကျွန်တော်တို့နှစ်ယောက် မရှိခင် ဟိုးအရင်ကတည်းကရှိခဲ့တဲ့ ပရောဖက်တွေက တိုင်းပြည်တွေ၊ နိုင်ငံကြီးတွေကြုံရမယ့် ဘေးဆိုး၊ စစ်ဘေး၊ ကပ်ရောဂါဘေးအကြောင်း ပရောဖက်ပြုခဲ့တယ်။ ၉ ပရောဖက်တစ်ယောက်က ငြိမ်းချမ်းမယ့်အကြောင်း ဟောတယ်ဆိုရင် သူ့စကားအတိုင်း ဖြစ်လာမှသာ သူဟာ ယေဟောဝါစေလွှတ်တဲ့ ပရောဖက်မှန်း သိနိုင်မယ်။”
၁၀ အဲဒီအခါ ပရောဖက်ဟာနနိက ယေရမိရဲ့ပခုံးပေါ်က ထမ်းပိုးကို ယူပြီး ချိုးပစ်တယ်။+ ၁၁ ပြီးတော့ “‘လူမျိုးအားလုံးရဲ့ပခုံးပေါ် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ တင်ထားတဲ့ ထမ်းပိုးကို နှစ်နှစ်အတွင်း ငါ ဒီလိုချိုးမယ်’ လို့ယေဟောဝါ ပြောတယ်” ဆိုပြီး လူအများရှေ့မှာ ပြောတယ်။+ ဒါနဲ့ ပရောဖက်ယေရမိလည်း ထွက်သွားလိုက်တယ်။
၁၂ ပရောဖက်ယေရမိရဲ့ ပခုံးပေါ်က ထမ်းပိုးကို ပရောဖက်ဟာနနိ ချိုးပြီးတဲ့နောက် ယေရမိဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်– ၁၃ “ဟာနနိဆီ သွားပြီး ပြောလိုက်– ‘“သစ်သားထမ်းပိုးကို မင်း ချိုးလိုက်ပေမဲ့+ သံထမ်းပိုး အစားဝင်လိမ့်မယ်” လို့ယေဟောဝါ ပြောတယ်။ ၁၄ “လူမျိုးအားလုံးရဲ့ ပခုံးပေါ်မှာ သံထမ်းပိုးကို ငါတင်မယ်။ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဆီမှာ သူတို့ ကျွန်ခံရလိမ့်မယ်။+ တောသားရဲတွေကိုတောင် သူ့ဆီ ငါအပ်မယ်”+ လို့ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။’”
၁၅ ဒါနဲ့ ပရောဖက်ယေရမိက “ဟာနနိ၊+ နားထောင်ပါဦး။ ယေဟောဝါဘုရား မစေလွှတ်ဘဲနဲ့ ခင်ဗျားက လိမ်ညာပြောပြီး ဒီလူတွေကို အယုံသွင်းနေတယ်။+ ၁၆ ဒါကြောင့် ‘မြေပေါ်ကနေ မင်းကို ဖယ်ရှားမယ်။ မင်းက ငါယေဟောဝါကို ပုန်ကန်အောင် အားပေးအားမြှောက် လုပ်တဲ့အတွက် ဒီနှစ်အတွင်းမှာ သေရလိမ့်မယ်’ လို့ ယေဟောဝါ ပြောတယ်။”+
၁၇ အဲဒီနှစ်၊ ခုနစ်လပိုင်းမှာပဲ ပရောဖက်ဟာနနိ သေဆုံးသွားတယ်။
၂၉ ဗာဗုလုန်ကို နေဗုခဒ်နေဇာ ဖမ်းခေါ်သွားတဲ့ ပြည်နှင်ခံတွေထဲက အကြီးအကဲတွေ၊ ပုရောဟိတ်တွေ၊ ပရောဖက်တွေနဲ့ လူအားလုံးဆီကို ပရောဖက်ယေရမိက ဂျေရုဆလင်ကနေ စာရေးပို့လိုက်တယ်။ ၂ ဘုရင်ယေခေါနိ၊+ မယ်တော်ကြီး၊+ နန်းတွင်းအရာရှိတွေ၊ ယုဒနဲ့ဂျေရုဆလင်ရဲ့ မင်းညီမင်းသားတွေ၊ လက်မှုပညာသည်တွေ၊ ပန်းပဲဆရာတွေ* ဂျေရုဆလင်ကနေ ထွက်သွားပြီးနောက်+ ရေးပို့လိုက်တာ ဖြစ်တယ်။ ၃ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဆီ ယုဒဘုရင်ဇေဒကိ+ လွှတ်လိုက်တဲ့ ရှာဖန်ရဲ့သား+ ဧလာသာနဲ့ ဟိလခိရဲ့သား ဂေမရိကတစ်ဆင့် ဒီစာကို ပါးလိုက်တယ်–
၄ “ဂျေရုဆလင်ကနေ ဗာဗုလုန်ကို ပြည်နှင်ဒဏ်ခံရပြီး သုံ့ပန်းဘဝ ရောက်သွားသူတွေကို အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ၅ ‘အဲဒီမှာ အိမ်တွေဆောက်ပြီး နေထိုင်ကြ။ ဥယျာဉ်တွေစိုက်ပြီး အသီးတွေ စားသုံးကြ။ ၆ အိမ်ထောင်ပြုပြီး သားသမီးတွေ မွေးဖွားကြ။ သားသမီးတွေကိုလည်း အိမ်ထောင်ပြုပေးလိုက်ပါ။ သူတို့လည်း သားသမီးတွေ မွေးဖွားပါစေ။ အဲဒီမှာ မင်းတို့ တိုးပွားလာရမယ်။ လျော့နည်းမသွားရဘူး။ ၇ ငါပြည်နှင်ဒဏ်ပေးလိုက်လို့ မင်းတို့ရောက်နေတဲ့မြို့ကို ငြိမ်သက်အေးချမ်းအောင် ကြိုးစားကြ။ အဲဒီမြို့အတွက် ယေဟောဝါဆီ ဆုတောင်းကြ။ မြို့က ငြိမ်သက်အေးချမ်းနေရင် မင်းတို့လည်း အေးချမ်းလိမ့်မယ်။+ ၈ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက– “မင်းတို့ဆီမှာရှိတဲ့ ပရောဖက်တွေ၊ နတ်ဆရာတွေ လှည့်စားတာကို မခံပါနဲ့။+ သူတို့မြင်တဲ့ အိပ်မက်တွေကို နားမထောင်ပါနဲ့။ ၉ ‘သူတို့က ငါမစေလွှတ်ဘဲနဲ့ ငါ့နာမည်သုံးပြီး လိမ်ညာပရောဖက်ပြုနေတယ်။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”’”
၁၀ “‘ဗာဗုလုန်မှာ အနှစ် ၇၀ ပြည့်တဲ့အခါ မင်းတို့ကို ငါပြန်ကြည့်ရှုမယ်။+ ငါ့ရဲ့ ကောင်းမွန်တဲ့ကတိအတိုင်း မင်းတို့ကို ဒီနေရာ ငါပြန်ခေါ်လာမယ်’+ လို့ ယေဟောဝါ ပြောတယ်။
၁၁ “ယေဟောဝါ ပြောတာက– ‘မင်းတို့နဲ့ပတ်သက်ပြီး ငါဘာတွေ တွေးနေမှန်း ငါသိတာပေါ့။ မင်းတို့ကို ငြိမ်သက်အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။+ မင်းတို့မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်။+ ၁၂ မင်းတို့က ငါ့ကို ခေါ်ကြလိမ့်မယ်။ ငါ့ဆီ ဆုတောင်းကြလိမ့်မယ်။ ငါကလည်း မင်းတို့ပြောတာကို နားထောင်မယ်။’+
၁၃ “‘မင်းတို့ ငါ့ကို ရှာဖွေလိမ့်မယ်။+ စိတ်စွမ်းရှိသမျှနဲ့ ရှာတဲ့အတွက် ငါ့ကိုတွေ့လိမ့်မယ်။+ ၁၄ ငါကလည်း အတွေ့ခံမယ်။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။ ‘မင်းတို့သုံ့ပန်းတွေကို ပြန်စုသိမ်းမယ်။ မင်းတို့ တကွဲတပြား ရောက်နေတဲ့ နိုင်ငံတွေ၊ နေရာဒေသတွေကနေ ပြန်စုစည်းမယ်။+ ဒီနေရာကနေ ပြည်နှင်ဒဏ်ပေးခဲ့ပေမဲ့ ဒီနေရာကိုပဲ ပြန်ခေါ်ဆောင်လာမယ်။’+ ဒါဟာ ယေဟောဝါ ပြောတဲ့ စကားပဲ။
၁၅ “ဒါပေမဲ့ ‘ယေဟောဝါက ဗာဗုလုန်မှာ ငါတို့အတွက် ပရောဖက်တွေ ပေါ်ထွန်းစေပြီ’ လို့ မင်းတို့ ပြောနေကြတယ်။
၁၆ “ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ်မှာ နန်းထိုင်တဲ့ဘုရင်နဲ့+ ဒီမြို့သူမြို့သားတွေ၊ မင်းတို့နဲ့အတူ ပြည်နှင်မခံရတဲ့ ညီအစ်ကိုတွေကို ယေဟောဝါ ပြောတာက– ၁၇ ‘“ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးကို မင်းတို့ဆီ ငါစေလွှတ်မယ်။+ စားလို့မရအောင် ပုပ်နေတဲ့* သဖန်းသီးတွေလို မင်းတို့ကို ဖြစ်စေမယ်။”+ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတဲ့ စကားပဲ။
၁၈ “‘ငါက ဓားဘေး၊+ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ မင်းတို့ နောက်ကိုလိုက်မယ်။ မင်းတို့ကို ကမ္ဘာ့တိုင်းနိုင်ငံတွေ ထိတ်လန့်စရာ၊+ ကျိန်ဆဲစရာ၊ အံ့သြမိန်းမောစရာ၊ လှောင်ပြောင်စရာ* ဖြစ်စေမယ်။+ မင်းတို့ တကွဲတပြား ရောက်သွားတဲ့ လူမျိုးတွေအလယ်မှာ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေမယ်။+ ၁၉ မင်းတို့က ငါအကြိမ်ကြိမ် စေလွှတ်လိုက်တဲ့ ငါ့ကျွန်ပရောဖက်တွေရဲ့ စကားကို နားမထောင်ကြဘဲကိုး။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
“‘မင်းတို့လည်း* ငါ့စကားကို နားမထောင်ခဲ့ကြဘူး။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၂၀ “ဒါကြောင့် ဂျေရုဆလင်ကနေ ဗာဗုလုန်ကို ငါနှင်ထုတ်လိုက်တဲ့ ပြည်နှင်ခံအပေါင်းတို့၊ ယေဟောဝါ ပြောတာကို နားထောင်ပါ။ ၂၁ ငါ့နာမည်သုံးပြီး လိမ်ညာပရောဖက်ပြုနေတဲ့+ ကောလာယရဲ့သား အာဟပ်၊ မာသေယရဲ့သား ဇေဒကိနဲ့ပတ်သက်ပြီး အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘သူတို့ကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ ငါအပ်မယ်။ အဲဒီဘုရင်က မင်းတို့ရှေ့မှာပဲ သူတို့ကို ကွပ်မျက်လိမ့်မယ်။ ၂၂ သူတို့ကြုံရတဲ့အဖြစ်ဆိုးကို အစွဲပြုပြီး ဗာဗုလုန်မှာရှိတဲ့ ယုဒပြည်နှင်ခံတွေက ကျိန်စာတိုက်တဲ့အခါ “ဗာဗုလုန်ဘုရင် မီးကင်လိုက်တဲ့ ဇေဒကိနဲ့အာဟပ်လို မင်းကို ယေဟောဝါဘုရား လုပ်ပါစေ” လို့ပြောကြလိမ့်မယ်။ ၂၃ သူတို့က အစ္စရေးပြည်မှာ အိမ်နီးချင်းရဲ့မိန်းမနဲ့ အရှက်မရှိ အိမ်ထောင်ရေး ဖောက်ပြန်တယ်။+ ငါ့နာမည်သုံးပြီး ငါမမိန့်မှာတဲ့စကားကို လိမ်လည်ပြောဆိုတယ်။+
“‘“ငါဟာ အဲဒါကိုသိတဲ့အရှင်၊ အဲဒါကိုသိတဲ့ သက်သေပဲ။”+ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။’”
၂၄ “နဟေလံမြို့က ရှေမာယကို+ မင်းပြောလိုက်ပါ။ ၂၅ ‘အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက “မာသေယရဲ့သား ပုရောဟိတ်ဇေဖနိနဲ့+ တခြားပုရောဟိတ်တွေ၊ ဂျေရုဆလင်မှာရှိတဲ့ လူတွေဆီ မင်းဒီလိုစာရေးပြီး ပို့ခဲ့တယ်– ၂၆ ‘ခင်ဗျားကို ပုရောဟိတ် ယောယဒရဲ့နေရာမှာ ယေဟောဝါဘုရား ခန့်ထားတာက ယေဟောဝါရဲ့ အိမ်တော်မှာ ပုရောဟိတ်အဖြစ် ကြီးကြပ်ဖို့၊ ပရောဖက်လိုပြုမူနေတဲ့ အရူးတွေကို ဖမ်းပြီး လည်ပင်းကိုရော ခြေလက်တွေကိုပါ ထိတ်တုံးခတ်ပစ်ဖို့ပဲ။+ ၂၇ ဒါဆိုရင် အာနသုတ်မြို့သား ယေရမိက+ ပရောဖက်လိုပြုမူနေတာကို ခင်ဗျားမြင်လျက်သားနဲ့ ဘာလို့ သူ့ကို မဆုံးမသေးတာလဲ။+ ၂၈ သူက ဗာဗုလုန်မှာရှိတဲ့ ကျုပ်တို့ကို “ပြည်နှင်ခံရတဲ့ကာလ ကြာဦးမယ်။ ဒါကြောင့် အဲဒီမှာ အိမ်တွေဆောက်ပြီး နေထိုင်ကြပါ။ ဥယျာဉ်တွေစိုက်ပြီး အသီးတွေ စားသုံးကြပါ။”+. . . လို့တောင် စာရေးလိုက်သေးတယ်။’”’”
၂၉ ပုရောဟိတ်ဇေဖနိက+ ပရောဖက်ယေရမိကို အဲဒီစာ ဖတ်ပြတဲ့အခါ၊
၃၀ ယေဟောဝါက ယေရမိကို ပြောတယ်– ၃၁ “ပြည်နှင်ခံတွေဆီ စာရေးပို့လိုက်ပါ။ ‘နဟေလံမြို့က ရှေမာယနဲ့ပတ်သက်ပြီး ယေဟောဝါပြောတာက “ငါမစေလွှတ်ဘဲနဲ့ ရှေမာယက မင်းတို့ကို ပရောဖက်ပြုနေတယ်။ အလိမ်အညာတွေပြောပြီး မင်းတို့ကို အယုံသွင်းနေတယ်။+ ၃၂ ဒါကြောင့် ယေဟောဝါ ပြောမယ်– ‘နဟေလံမြို့က ရှေမာယနဲ့ သူ့သားမြေးတွေကို ငါအရေးယူမယ်။ ယေဟောဝါကို ပုန်ကန်ဖို့ အားပေးအားမြှောက် လုပ်တဲ့အတွက် သူ့သားမြေးတစ်ယောက်မှ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူး။ ငါ့လူတွေအတွက် လုပ်ပေးမယ့်ကောင်းမှုကို သူမြင်ခွင့်ရမှာ မဟုတ်ဘူး။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”’”
၃၀ ယေရမိဆီ ယေဟောဝါရဲ့စကား ရောက်လာတယ်– ၂ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတာက– ‘ငါပြောသမျှစကားတွေကို စာစောင်ထဲမှာ ရေးမှတ်ထားပါ။ ၃ ယေဟောဝါ ပြောတယ်– “သုံ့ပန်းဘဝရောက်နေတဲ့ ငါ့လူမျိုး အစ္စရေးနဲ့ယုဒကို ပြန်စုသိမ်းမယ့်နေ့ရက်တွေ ရောက်တော့မယ်။+ ဘိုးဘေးတွေကို ငါပေးခဲ့တဲ့ပြည်ဆီ သူတို့ကို ပြန်ခေါ်ဆောင်လာမယ်။ အဲဒီပြည်ကို သူတို့ ပြန်ပိုင်ဆိုင်ရလိမ့်မယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’”+
၄ အစ္စရေးနဲ့ယုဒကို ယေဟောဝါ မိန့်မှာတယ်။
၅ ယေဟောဝါ ပြောတာက–
“ကြောက်ရွံ့တုန်လှုပ်နေတဲ့အသံတွေ ကြားနေရတယ်။
ကြောက်လန့်စရာတွေပဲ ရှိတယ်။ ငြိမ်သက်ခြင်း မရှိဘူး။
၆ ယောက်ျားဟာ သားဖွားနိုင်သလားဆိုတာ မေးကြည့်ပါ။
ဒါဆိုရင် ယောက်ျားတန်မဲ့ သားဖွားနေတဲ့မိန်းမလို+
ဗိုက်ကို လက်နဲ့နှိပ်နေတာကို ငါ ဘာလို့တွေ့နေရတာလဲ။
သူတို့မျက်နှာတွေ ဘာလို့ ဖြူဖပ်ဖြူရော် ဖြစ်နေတာလဲ။
၇ အဲဒီနေ့ဟာ တုန်လှုပ်စရာကောင်းတဲ့နေ့ပဲ။+
အဲဒီနေ့လောက် ကြောက်စရာကောင်းတဲ့နေ့မျိုး မရှိဘူး။
ယာကုပ်အတွက် ဒုက္ခရောက်တဲ့အချိန်ပဲ။
ဒါပေမဲ့ အဲဒီနေ့မှာ သူကယ်တင်ခံရလိမ့်မယ်။”
၈ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောမယ်– “အဲဒီနေ့မှာ သူတို့ထမ်းထားတဲ့ ထမ်းပိုးကို ငါချိုးမယ်။ ကြိုးတွေကိုလည်း နှစ်ပိုင်းဖြတ်မယ်။ သူစိမ်းတွေက သူတို့ကို ကျွန်အဖြစ်ခိုင်းစေပြီး အမြတ်ထုတ်တော့မှာ မဟုတ်ဘူး။ ၉ သူတို့ရဲ့ဘုရား ယေဟောဝါဆီမှာ၊ သူတို့အတွက် ငါပေါ်ထွန်းစေမယ့် ဘုရင်ဒါဝိဒ်ဆီမှာ သူတို့ အစေခံကြလိမ့်မယ်။”+
၁၀ “အို ငါ့ကျွန်ယာကုပ်၊ မကြောက်နဲ့။
အို အစ္စရေး၊ မထိတ်လန့်နဲ့။+
မင်းကို ဝေးလံတဲ့နေရာကနေ၊
မင်းရဲ့သားမြေးတွေကို သုံ့ပန်းဘဝရောက်နေတဲ့ ပြည်ကနေ ငါကယ်တင်မယ်။+
ယာကုပ်က ပြန်လာပြီး အနှောင့်အယှက်မရှိဘဲ စိတ်အေးလက်အေး နေရလိမ့်မယ်။
ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၁ “မင်းကိုကယ်တင်ဖို့ မင်းနဲ့အတူ ငါရှိတယ်။
မင်းတို့ တကွဲတပြားရောက်သွားတဲ့ တိုင်းနိုင်ငံတွေကို အစတုံးဖျက်ဆီးမယ်။+
မင်းတို့ကိုတော့ အစတုံးဖျက်ဆီးမှာ မဟုတ်ဘူး။+
တော်သင့်ရုံပဲ ဆုံးမမယ်။
အပြစ်မပေးဘဲနဲ့တော့ မနေဘူး။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၂ ယေဟောဝါ ပြောတယ်–
“မင်းရဲ့ဒဏ်ရာအတွက် ဆေးမရှိဘူး။+
မင်းရဲ့အနာဟာ ကုသလို့ မရဘူး။
၁၃ မင်းရဲ့အမှုအတွက် အသနားခံပေးမယ့်သူ မရှိဘူး။
မင်းရဲ့အနာအတွက် ကုသနည်း မရှိဘူး။
မင်းအတွက် ဆေးမရှိဘူး။
၁၄ မင်းအချစ်ကြီးချစ်ခဲ့သူတွေ မင်းကို မေ့သွားပြီ။+
မင်းကို လိုက်မရှာတော့ဘူး။
မင်းရဲ့ များလွန်းတဲ့အမှားတွေ၊ ကြီးလေးတဲ့ အပြစ်တွေကြောင့်+
ငါက ရန်သူတစ်ယောက်လို မင်းကို ရိုက်နှက်မယ်။+
ရက်စက်သူတစ်ယောက်လို ဒဏ်ပေးမယ်။
၁၅ မင်းရဲ့ဒဏ်ရာအတွက် ဘာလို့ အော်ဟစ်နေတာလဲ။
မင်းရဲ့ဝေဒနာဟာ ကုလို့မှ မရတာ။
မင်းရဲ့ များလွန်းတဲ့ အမှားတွေ၊ ကြီးလေးတဲ့ အပြစ်တွေကြောင့်+
ငါ ဒီလိုလုပ်ရတာ။
၁၆ မင်းကို ဝါးမျိုသူတွေ ဝါးမျိုခံရမယ်။+
မင်းရဲ့ရန်သူတွေ သုံ့ပန်းဘဝ ရောက်လိမ့်မယ်။+
မင်းကို လုယူသူတွေ လုယူခံရမယ်။
မင်းကို လုယက်သူတွေလည်း လုယက်ခံရဖို့ ငါအပ်မယ်။”+
မင်းကို ငါပြန်ကျန်းမာစေမယ်။ မင်းရဲ့ဒဏ်ရာတွေကို ကုသပေးမယ်”+ လို့ယေဟောဝါ ပြောတယ်။
၁၈ ယေဟောဝါ ပြောတယ်–
“ယာကုပ်ရဲ့တဲဆီ ငါပြန်လာမယ်။ သုံ့ပန်းတွေကို ပြန်စုသိမ်းမယ်။+
သူ့အိမ်တွေကို သနားမယ်။
သူ့တောင်ကုန်းပေါ်မှာ မြို့ကို ပြန်တည်ဆောက်မယ်။+
ခံတပ်မျှော်စင်ကလည်း ရှိသင့်တဲ့နေရာမှာ ပြန်ရှိနေလိမ့်မယ်။
၁၉ သူတို့ဆီကနေ ကျေးဇူးတင်ချီးမွမ်းသံ၊ ရယ်မောသံတွေ ထွက်ပေါ်လာမယ်။+
သူတို့ကို ငါတိုးပွားများပြားစေမယ်။ လျော့နည်းသွားမှာ မဟုတ်ဘူး။+
သူတို့ကို တိုးများစေမယ်။*
လူနည်းစုဖြစ်မှာ မဟုတ်ဘူး။+
၂၀ သူ့သားသမီးတွေဟာ အရင်တုန်းကလိုပဲ ကြီးပွားကောင်းစားလိမ့်မယ်။
သူတို့ကို ငါ့ရှေ့မှာ အင်အားကြီးတဲ့လူမျိုး ဖြစ်စေမယ်။+
သူ့ကိုဖိနှိပ်တဲ့သူကို ငါအရေးယူမယ်။+
၂၁ ကြီးမြတ်သူဟာ သူ့အမျိုးထဲက ဖြစ်လိမ့်မယ်။
အုပ်စိုးရှင်ဟာ သူ့ဆီကနေ ပေါ်ထွန်းလိမ့်မယ်။
သူ့ကို ငါ့အနား လာခိုင်းမယ်။ သူလည်း ငါ့ဆီ လာလိမ့်မယ်။”
“ဒီလိုမှမဟုတ်ရင် ငါ့ဆီ ဘယ်သူလာဝံ့မလဲ။” ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။
၂၂ “မင်းတို့ဟာ ငါ့လူတွေဖြစ်ပြီး+ ငါကလည်း မင်းတို့ရဲ့ဘုရားသခင် ဖြစ်မယ်။”+
၂၃ ယေဟောဝါရဲ့ဒေါသက မုန်တိုင်းလို ရုတ်တရက် တိုက်ခတ် မယ်။+
လူဆိုးတွေရဲ့ ခေါင်းပေါ်မှာ လေပွေလို ဝှေ့နေမယ်။
၂၄ ယေဟောဝါက စိတ်ထဲ ရည်ရွယ်ထားတာတွေကို အကောင်အထည်ပေါ်လာအောင်၊
ပြီးမြောက်အောင် မလုပ်မချင်း+ ပြင်းထန်တဲ့ဒေါသကို ရုပ်သိမ်းမှာ မဟုတ်ဘူး။
အဆုံးပိုင်းကာလမှာ မင်းတို့ အဲဒါကို နားလည်လာမယ်။+
၃၁ အဲဒီအချိန်ရောက်ရင် ငါဟာ အစ္စရေးမျိုးနွယ်အားလုံးရဲ့ ဘုရားသခင် ဖြစ်လာမယ်။ သူတို့လည်း ငါ့လူတွေ ဖြစ်လာမယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၂ “နားခိုရာဆီ အစ္စရေး လျှောက်လှမ်းလာတဲ့အခါ
ဓားဘေးကနေ လွတ်မြောက်လာသူတွေက တောကန္တာရမှာ မျက်နှာသာ ခံစားရတယ်” လို့ ယေဟောဝါ ပြောတယ်။
၃ ယေဟောဝါက အဝေးကနေ ကျွန်တော့်ဆီ ရောက်လာပြီး ပြောတယ်။
“ငါက ထာဝရမေတ္တာနဲ့ မင်းကို ချစ်တယ်။
ဒါကြောင့် ခိုင်မြဲတဲ့မေတ္တာကြိုးနဲ့ မင်းကို ဆွဲယူတယ်။+
၄ ငါပြန်တည်ဆောက်တဲ့အတွက် မင်း တည်ဆောက်ခံရလိမ့် မယ်။+
အို အစ္စရေးသမီးပျို၊ မင်းက ချူတပ်ဗုံတွေကို ကိုင်ပြီး ရွှင်လန်းစွာ ကခုန်ရလိမ့်မယ်။+
၅ မင်းက ရှမာရိတောင်တန်းတွေပေါ်မှာ စပျစ်ခြံတွေ ပြန်စိုက်ပျိုးလိမ့်မယ်။+
စိုက်ပျိုးသူတွေက အသီးတွေကို စားသုံးရလိမ့်မယ်။+
၆ ဧဖရိမ်တောင်တန်းတွေပေါ်မှာရှိတဲ့ ကင်းစောင့်တွေက
‘ထကြ။ ငါတို့ရဲ့ဘုရားသခင် ယေဟောဝါရှိရာ ဇိအုန်တောင်ကို တက်သွားကြစို့’ လို့ ကြွေးကြော်မယ့်နေ့ ရောက်တော့မယ်။”+
၇ ယေဟောဝါ ပြောတာက–
“ယာကုပ်ရဲ့ သားမြေးတွေကို ဝမ်းသာအားရ ပြောလိုက်ပါ။
လူမျိုးတွေကို ဦးဆောင်ရတဲ့ အတွက် ရွှင်လန်းစွာ သီချင်းဆိုကြ။+
‘အို ယေဟောဝါ၊ လူမျိုးတော်ဖြစ်တဲ့ အစ္စရေးအကြွင်းအကျန်ကို ကယ်တင်လှည့်ပါ’ လို့ကြွေးကြော်ပြီး ချီးမွမ်းကြ။+
၈ ငါက သူတို့ကို မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ ပြန်ခေါ်ဆောင်လာမယ်။+
ကမ္ဘာမြေ အစွန်အဖျားကနေ ပြန်စုသိမ်းမယ်။+
မျက်မမြင်သူ၊ ခြေဆွံ့သူ၊+
ကိုယ်ဝန်ဆောင်မိန်းမနဲ့ မီးဖွားခါနီးမိန်းမတွေ ပါလိမ့်မယ်။
လူစုလူဝေးကြီးအဖြစ် ဒီကို ပြန်လာကြလိမ့်မယ်။+
၉ သူတို့ ငိုကြွေးပြီး လာကြလိမ့်မယ်။+
မျက်နှာသာရဖို့ အသနားခံတဲ့အတွက် သူတို့ကို ငါဦးဆောင်ခေါ်လာမယ်။
စမ်းချောင်းတွေဆီ ဖြောင့်ဖြူးတဲ့လမ်းအတိုင်း ငါလမ်းပြပေးမှာဖြစ်လို့+ သူတို့ ခလုတ်တိုက်လဲမှာ မဟုတ်ဘူး။
ငါဟာ အစ္စရေးရဲ့ဖခင်ပဲ၊ ဧဖရိမ်ဟာ ငါ့သားဦးပဲ။”+
၁၀ လူမျိုးတကာတို့၊ ယေဟောဝါပြောတာကို နားထောင်ကြ။
ရပ်ဝေးကျွန်းတွေမှာ ကြေညာကြ–+
“အစ္စရေးကို ကွဲလွင့်စေတဲ့အရှင်က သူ့ကို ပြန်စုသိမ်းမယ်။
သိုးအုပ်ကို စောင့်ရှောက်တဲ့ သိုးထိန်းလို သူ့ကို စောင့်ရှောက်ပေးမယ်။+
၁၁ ယေဟောဝါက ယာကုပ်ကို ရွေးယူလိမ့်မယ်။+
သူ့ထက် အားကြီးသူရဲ့လက်ကနေ ကယ်တင်လိမ့်မယ်။+
၁၂ သူတို့က ဇိအုန်တောင်ပေါ်ကို လာပြီး ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မယ်။+
ယေဟောဝါရဲ့ ကောင်းမြတ်မှုကြောင့်၊
ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊+ ဆီနဲ့ သိုးနွားအုပ်ထဲက သားပေါက်တွေကြောင့် ရွှင်မြူးကြလိမ့်မယ်။+
သူတို့ဟာ ရေဝနေတဲ့ဥယျာဉ်လို ဖြစ်လာမယ်။+
ဘယ်တော့မှ နွမ်းလျမှာ မဟုတ်ဘူး။”+
၁၃ “အဲဒီအချိန်ကျရင် အပျိုစင်တွေ ဝမ်းသာအားရ ကခုန်လိမ့်မယ်။
လူကြီးလူငယ်တွေလည်း ကခုန်ကြလိမ့်မယ်။+
သူတို့ရဲ့ငိုကြွေးခြင်းကို ရွှင်လန်းခြင်းဖြစ်အောင် ငါပြောင်းလဲပေးမယ်။+
သူတို့ကို နှစ်သိမ့်ပေးပြီး ဝမ်းနည်းခြင်းအစား ရွှင်လန်းခြင်းကို ပေးသနားမယ်။+
၁၄ ငါက ပုရောဟိတ်တွေကို အစားအစာ အလျှံပယ်ပေးမယ်။
ငါ့လူတွေဟာ ကောင်းမြတ်ခြင်းကျေးဇူးကြောင့် ကျေနပ်နေလိမ့်မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၅ “‘ရာမအရပ်မှာ+ မြည်တမ်းသံ၊ ရှိုက်ကြီးတငင် ငိုကြွေးသံကို ကြားနေရတယ်။
ရာခေလက သူ့သားတွေအတွက် ငိုကြွေးနေတယ်။+
သားတွေ မရှိတော့တဲ့အတွက် နှစ်သိမ့်ပေးလို့ မရနိုင်အောင် ဖြစ်နေတယ်’+ လို့
ယေဟောဝါ ပြောတယ်။”
၁၆ ယေဟောဝါ ပြောတာက–
“‘မငိုပါနဲ့တော့။ မျက်ရည် မကျပါနဲ့တော့။
မင်းရဲ့လုပ်ရပ်အတွက် ငါဆုချမှာပါ။
ရန်သူ့ပြည်ကနေ သူတို့ ပြန်လာကြမှာပါ။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၇ ‘မင်းအတွက် အနာဂတ်မျှော်လင့်ချက် ရှိတယ်။+
မင်းရဲ့သားတွေ နေရင်းပြည်ကို ပြန်လာလိမ့်မယ်။’+ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။”
၁၈ “ဧဖရိမ်ညည်းတွားတာကို ကျွန်တော် ကြားတယ်–
‘ကိုယ်တော် တည့်မတ်ပေးတဲ့အတွက်
ကျွန်တော်ဟာ နွားရိုင်းလေးလို တည့်မတ်ခံရပါပြီ။
ကျွန်တော့်ကို ပြန်ခေါ်ပါ။
ဝမ်းမြောက်ဝမ်းသာ ပြန်လာပါ့မယ်။
ကိုယ်တော်ဟာ ကျွန်တော့်ဘုရား ယေဟောဝါပဲ။
၁၉ ကျွန်တော် ပြန်လှည့်လာပါပြီ။ အကြီးအကျယ် နောင်တရပါပြီ။+
ကျွန်တော် နားလည်ပါပြီ။ ဝမ်းနည်းလွန်းလို့ ကိုယ့်ပေါင်ကိုယ် ထောင်းပါပြီ။
ငယ်ငယ်တုန်းက လုပ်ရပ်တွေကြောင့်
အရှက်တကွဲ အကျိုးနည်းဖြစ်ရပါပြီ။’”+
၂၀ “ဧဖရိမ်ဟာ ငါ့ရဲ့သားရတနာ၊ ငါ့ရဲ့အချစ်ဆုံးသား မဟုတ်လား။+
သူ့ကို ပြစ်တင်ပြောဆိုခဲ့ပေမဲ့ ငါသတိရနေတုန်းပဲ။
ငါ့ရင်ထဲမှာ သူ့အတွက် ဗလောင်ဆူနေတယ်။+
သူ့ကို တကယ် ကရုဏာသက်မိတယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။+
၂၁ “လမ်းပြမှတ်တိုင်တွေကို စိုက်ထူပါ။
ဆိုင်းဘုတ်တွေကို ထောင်ပါ။+
ကိုယ်သွားရမယ့်လမ်းကိုပဲ အာရုံစိုက်ပါ။+
အစ္စရေးသမီးပျို၊ ပြန်လာပါ။ မင်းရဲ့မြို့တွေဆီ ပြန်လာပါ။
၂၂ သစ္စာမဲ့တဲ့သမီးပျို၊ ဘယ်အချိန်အထိ ချီတုံချတုံ ဖြစ်နေမှာလဲ။
ကမ္ဘာမြေပေါ်မှာ ယေဟောဝါ ဖန်ဆင်းလိုက်တဲ့ အသစ်သောအရာတစ်ခုကတော့–
ဇနီးသည်က သူ့ခင်ပွန်းကို အသည်းအသန် လိုက်ရှာလိမ့်မယ်။”
၂၃ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– “သုံ့ပန်းတွေကို ငါပြန်ခေါ်ဆောင်လာတဲ့အခါ ‘အို ဖြောင့်မတ်တဲ့နေရာ၊+ သန့်ရှင်းတဲ့တောင်၊+ မင်းကို ယေဟောဝါဘုရား ကောင်းချီးပေးပါစေ’ ဆိုတဲ့စကားကို ယုဒပြည်နဲ့ မြို့တွေမှာ သူတို့ ပြန်ပြောကြလိမ့်မယ်။ ၂၄ ယုဒပြည်နဲ့မြို့တွေမှာ လယ်သမားတွေ၊ သိုးအုပ်ကို ဦးဆောင်သူတွေ အတူနေထိုင်ကြလိမ့်မယ်။+ ၂၅ မောပန်းနေသူတွေကို ငါလန်းဆန်းစေမယ်။ နွမ်းလျနေသူတွေကို အားဖြည့်ပေးမယ်။”+
၂၆ ဒါနဲ့ ကျွန်တော် နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ပါလား။
၂၇ “ငါက အစ္စရေးအမျိုးနဲ့ ယုဒအမျိုးကို တိုးပွားများပြားစေမယ်။ သူတို့ရဲ့ ခြံမွေးတိရစ္ဆာန်တွေကိုလည်း ပွားများစေမယ်။ အဲဒီနေ့တွေ ရောက်လာတော့မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၂၈ “ငါက သူတို့ကို နုတ်ပစ်ဖို့၊ ဖြိုဖျက်ဖို့၊ ဖြိုချဖျက်ဆီးဖို့၊ ထိခိုက်စေဖို့ စောင့်ကြည့်ခဲ့သလို+ အခု ပြန်တည်ဆောက်ဖို့၊ စိုက်ပျိုးဖို့ စောင့်ကြည့်နေမယ်”+ လို့ ယေဟောဝါ ပြောတယ်။ ၂၉ “အဲဒီအချိန်ကျရင် ‘ချဉ်တဲ့စပျစ်သီးကို စားတာက အဖေတွေ၊ သွားကျိန်းတာက သားတွေ’ လို့ ပြောတော့မှာ မဟုတ်ဘူး။+ ၃၀ လူတိုင်း ကိုယ့်အပြစ်ကြောင့်ပဲ သေရလိမ့်မယ်။ ချဉ်တဲ့စပျစ်သီးကိုစားရင် စားတဲ့သူပဲ သွားကျိန်းလိမ့်မယ်။”
၃၁ ယေဟောဝါ ပြောတာက– “အစ္စရေးအမျိုး၊ ယုဒအမျိုးနဲ့ ငါပဋိညာဉ်သစ် ဖွဲ့မယ့်နေ့ ရောက်လာလိမ့်မယ်။+ ၃၂ အဲဒီပဋိညာဉ်ဟာ ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ငါလက်ဆွဲပြီး ခေါ်ထုတ်လာတုန်းက ဖွဲ့ခဲ့တဲ့ပဋိညာဉ်နဲ့ မတူဘူး။+ ‘ငါဟာ သူတို့ရဲ့ စစ်မှန်တဲ့သခင်* ဖြစ်ပေမဲ့ အဲဒီပဋိညာဉ်ကို သူတို့ ချိုးဖောက်ခဲ့ကြတယ်’+ လို့ ယေဟောဝါ ပြောတယ်။”
၃၃ “နောက်ပိုင်းမှာ အဲဒီပဋိညာဉ်ကို အစ္စရေးအမျိုးနဲ့ ငါဖွဲ့မယ်” လို့ ယေဟောဝါ ပြောတယ်။ “ငါ့ပညတ်ကို သူတို့ရင်ထဲရောက်အောင် သွင်းပေးမယ်။+ သူတို့ရဲ့နှလုံးသားပေါ်မှာ ရေးထားမယ်။+ ငါဟာ သူတို့ရဲ့ဘုရားသခင် ဖြစ်လာပြီး သူတို့ကလည်း ငါ့လူတွေ ဖြစ်လာမယ်။”+
၃၄ “‘ယေဟောဝါကို သိအောင်လုပ်ပါ’+ ဆိုပြီး အိမ်နီးချင်းတွေ၊ ညီအစ်ကိုတွေကို သူတို့ သင်ပေးစရာ မလိုတော့ဘူး။ လူကြီးလူငယ်မရွေး ငါ့ကို သိကြလိမ့်မယ်။+ သူတို့အမှားကို ငါခွင့်လွှတ်မယ်။ သူတို့အပြစ်ကို သတိရမှာ မဟုတ်ဘူး။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၃၅ နေ့ဘက်မှာ အလင်းရောင်ရဖို့ နေမင်းကြီးကို ပေးသနားတဲ့အရှင်၊
ညဘက်မှာ အလင်းရောင်ပေးဖို့ လမင်းနဲ့ ကြယ်စင်တွေအတွက် နိယာမတရားကို ပြဋ္ဌာန်းတဲ့အရှင်၊
ပင်လယ်ကို မွှေနှောက်ပြီး လှိုင်းတွေကို ဟုန်းဟုန်းထစေတဲ့အရှင်၊
ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆိုတဲ့နာမည်ကို ပိုင်ဆိုင်တဲ့အရှင် ပြောတာက–+
၃၆ “‘အဲဒီနိယာမတရားတွေ ပျက်ပြယ်မှသာ
အစ္စရေးရဲ့ သားမြေးတွေလည်း ငါ့ရှေ့မှာ လူမျိုးတစ်မျိုးအဖြစ်ကနေ ပျောက်ကွယ်နိုင်မှာ။+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”
၃၇ ယေဟောဝါ ပြောတာက– “‘အထက်မိုးကောင်းကင်ကို တိုင်းတာနိုင်မှ၊ အောက်အရပ်ကမ္ဘာမြေရဲ့ အုတ်မြစ်တွေကို စူးစမ်းရှာဖွေနိုင်မှ ငါကလည်း အစ္စရေးရဲ့ သားမြေးတွေကို သူတို့လုပ်ခဲ့တာတွေအတွက် ငြင်းပယ်နိုင်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”+
၃၈ ယေဟောဝါ ပြောတာက– “ယေဟောဝါအတွက် မြို့ကိုတည်ဆောက်မယ့်နေ့တွေ ရောက်တော့မယ်။+ ဟာနနေလမျှော်စင်ကနေ+ မြို့ထောင့်တံခါးအထိ+ တည်ဆောက်ကြလိမ့်မယ်။ ၃၉ တိုင်းကြိုးက+ ဂါရက်တောင်ကုန်းဆီ တည့်တည့်တိုင်းပြီး ဂိုအာဒေသဘက်ကို ပတ်လာလိမ့်မယ်။ ၄၀ အသေကောင်တွေ၊ ပြာတွေရှိရာ ချိုင့်ဝှမ်းလွင်ပြင်တစ်ခုလုံး၊ ကိဒြုန်ချိုင့်ဝှမ်းအထိ၊+ အရှေ့ဘက် မြင်းတံခါးထောင့်အထိ+ လှေကားထစ်စိုက်ခင်း တစ်ခုလုံးဟာ ယေဟောဝါအတွက် သန့်ရှင်းမြင့်မြတ်တဲ့နေရာ ဖြစ်လာမယ်။+ အဲဒီမြို့ဟာ နုတ်ပစ်ခံရမှာ၊ ဖြိုချခံရမှာ မဟုတ်ဘူး။”
၃၂ နေဗုခဒ်နေဇာနန်းစံ ၁၈ နှစ်၊ ယုဒဘုရင် ဇေဒကိနန်းစံ ၁၀ နှစ်မှာ ယေရမိဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်။+ ၂ အဲဒီအချိန်မှာ ဂျေရုဆလင်ကို ဗာဗုလုန်တပ်တွေ ဝိုင်းထားတယ်။ ပရောဖက်ယေရမိကတော့ ယုဒဘုရင်ရဲ့ နန်းတော်ထဲက အစောင့်ရင်ပြင်မှာ+ အချုပ်ကျနေရတယ်။ ၃ ယုဒဘုရင်ဇေဒကိက ယေရမိကို “‘ယေဟောဝါ ပြောတယ်– “ဒီမြို့ကို ဗာဗုလုန်ဘုရင်လက်ထဲ ငါအပ်မယ်။ မြို့ကို သူသိမ်းပိုက်လိမ့်မယ်။+ ၄ ယုဒဘုရင်ဇေဒကိက ခါလဒဲလူတွေလက်ကနေ လွတ်မှာ မဟုတ်ဘူး။ ဗာဗုလုန်ဘုရင်လက်ထဲ ကျိန်းသေ ရောက်သွားလိမ့်မယ်။ သူနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး စကားပြောရလိမ့်မယ်” ဆိုပြီး မင်း ဘာလို့ ပရောဖက်ပြုရတာလဲ။’+ ၅ ‘သူက ဇေဒကိကို ဗာဗုလုန်ကို ခေါ်သွားလိမ့်မယ်။ ဇေဒကိဟာ ငါဒဏ်ပေးမယ့်အချိန်အထိ အဲဒီမှာ ဆက်နေရလိမ့်မယ်။ ခါလဒဲလူတွေကို တိုက်ရင်လည်း မင်းတို့ အောင်မြင်မှာ မဟုတ်ဘူး။+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ’ ဆိုပြီး မင်း ဘာလို့ ပရောဖက်ပြုရတာလဲ” လို့ပြောပြီး ယေရမိကို ချုပ်ထားလိုက်တာ။+
၆ ယေရမိ ပြောတယ်– “ယေဟောဝါဘုရားက၊ ၇ ‘မင်းရဲ့ဘထွေး ရှလုံရဲ့သား ဟာနမေလ ရောက်လာပြီး “မင်းဟာ ပြန်ဝယ်ယူခွင့်ရှိသူဆိုတော့+ အာနသုတ်မြို့မှာရှိတဲ့ ငါ့ရဲ့လယ်ကို ဝယ်လိုက်ပါ”+ လို့ပြောလိမ့်မယ်’ ဆိုပြီး ကျွန်တော့်ကို ပြောတယ်။”
၈ ယေဟောဝါ ပြောတဲ့အတိုင်း ဘထွေးရဲ့သား ဟာနမေလက ကျွန်တော်ရှိတဲ့ အစောင့်ရင်ပြင်ကို ရောက်လာပြီး “ဗင်ယာမိန်နယ်မြေ၊ အာနသုတ်မြို့မှာရှိတဲ့ ငါ့ရဲ့လယ်ကို ဝယ်လိုက်ပါလား။ မင်းဟာ ပိုင်ဆိုင်ခွင့်ရှိသူ၊ ပြန်ဝယ်ယူခွင့်ရှိသူဆိုတော့ မင်းပဲ ဝယ်လိုက်ပါ” လို့ပြောတယ်။ ယေဟောဝါ ပြောတဲ့အတိုင်း ဖြစ်လာမှန်း ကျွန်တော် သိလိုက်တယ်။
၉ ဒါကြောင့် ကျွန်တော်က အာနသုတ်မြို့မှာရှိတဲ့ လယ်ကို ဘထွေးရဲ့သား ဟာနမေလဆီကနေ ဝယ်ပြီး ခုနစ်ရှယ်ကယ်နဲ့* ငွေစဆယ်စ ချိန်ပေးလိုက်တယ်။+ ၁၀ သက်သေတွေရှေ့မှာ+ စာချုပ်ချုပ်၊+ တံဆိပ်ခတ်ပြီး ပိတ်လိုက်တယ်။ ငွေကိုလည်း ချိန်ခွင်နဲ့ ချိန်ပေးတယ်။ ၁၁ အဲဒီနောက် ပညတ်ချက်အတိုင်း၊ တရားဥပဒေ တောင်းဆိုချက်အတိုင်း တံဆိပ်ခတ်ထားတဲ့ အရောင်းအဝယ်စာချုပ်နဲ့ တံဆိပ်မခတ်ထားတဲ့ စာချုပ်ကို ကျွန်တော် ယူတယ်။ ၁၂ ပြီးတော့ ဘထွေးရဲ့သား ဟာနမေလရှေ့၊ စာချုပ်မှာ လက်မှတ်ထိုးတဲ့ သက်သေတွေရှေ့၊ အစောင့်ရင်ပြင်မှာ+ ထိုင်နေတဲ့ ဂျူးတွေရှေ့မှာ အဲဒီစာချုပ်ကို မာရှိယရဲ့မြေး၊ နေရိယရဲ့သား+ ဗာရုတ်ကို+ ပေးလိုက်တယ်။
၁၃ သူတို့ရှေ့မှာ ဗာရုတ်ကို ကျွန်တော် ပြောတယ်– ၁၄ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘တံဆိပ်ခတ်ထားတဲ့ ဒီစာချုပ်ကိုရော တံဆိပ်မခတ်ထားတဲ့ စာချုပ်ကိုပါ ယူပြီး မြေအိုးထဲ ထည့်ထားပါ။ ဒါမှ နှစ်ပေါင်းများစွာ မပျက်စီးဘဲ ရှိနေလိမ့်မယ်။ ၁၅ ဘာလို့လဲဆိုတော့ ဒီပြည်မှာ အိမ်တွေ၊ လယ်တွေ၊ စပျစ်ခြံတွေကို ရောင်းဝယ်ကြဦးမှာ’ ဆိုပြီး အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။”+
၁၆ နေရိယရဲ့သား ဗာရုတ်ကိုအရောင်းအဝယ်စာချုပ် ပေးပြီးတဲ့နောက် ယေဟောဝါဆီ ကျွန်တော် ဆုတောင်းတယ်– ၁၇ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကိုယ်တော်က ကောင်းကင်နဲ့ မြေကြီးကို ကြီးမားတဲ့တန်ခိုး၊ အားကြီးတဲ့လက်ရုံးနဲ့ ဖန်ဆင်းခဲ့တယ်။+ ကိုယ်တော် မတတ်နိုင်တာ ဘာတစ်ခုမှ မရှိပါဘူး။ ၁၈ ကိုယ်တော်ဟာ လူထောင်ပေါင်းများစွာကို ခိုင်မြဲတဲ့မေတ္တာပြပေမဲ့ ဖခင်ရဲ့အပြစ်အတွက် သားတွေဆီ ပြန်ဆပ်ပေးတဲ့အရှင်ပါ။+ စစ်မှန်တဲ့ဘုရားသခင်၊ ကြီးမြတ်ပြီး တန်ခိုးကြီးတဲ့အရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆိုတဲ့နာမည်ကို ပိုင်ဆိုင်တဲ့သူပါ။ ၁၉ ဉာဏ်ကြီးရှင်၊ တန်ခိုးကြီးလုပ်ရပ်တွေ+ လုပ်ဆောင်တဲ့အရှင်၊ လူတွေရဲ့လမ်းစဉ်အားလုံးကို ကြည့်ရှုပြီး+ တစ်ယောက်စီကို သူ့လမ်းစဉ်တွေ၊ လုပ်ရပ်တွေအတိုင်း ပြန်ဆပ်ပေးတဲ့အရှင်ပါ။+ ၂၀ ကိုယ်တော်ဟာ အီဂျစ်ပြည်မှာ ထူးဆန်းတဲ့အရာတွေ၊ အံ့ဖွယ်အမှုတွေ လုပ်ဆောင်ခဲ့တယ်။ အဲဒီအကြောင်းကို လူတွေ အခုထိ သိနေတုန်းပဲ။ အစ္စရေးပြည်မှာ၊ လူတွေအလယ်မှာ အခုလို နာမတော် ထင်ရှားစေခဲ့ပြီ။+ ၂၁ ထူးဆန်းတဲ့အရာတွေ၊ အံ့ဖွယ်အမှုတွေ၊ ကြောက်မက်ဖွယ်ကောင်းတဲ့အရာတွေ လုပ်ဆောင်ပြီး အားကြီးတဲ့လက်၊ တန်ခိုးကြီးတဲ့ လက်ရုံးနဲ့ လူမျိုးတော်အစ္စရေးကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့တယ်။+
၂၂ “အချိန်တန်တော့ ကိုယ်တော်က ဘိုးဘေးတွေကိုပေးမယ်လို့ ကျိန်ဆိုခဲ့တဲ့ပြည်၊+ နို့နဲ့ပျားရည်စီးတဲ့ ဒီပြည်ကို သူတို့ကို ပေးခဲ့တယ်။+ ၂၃ သူတို့ ဝင်ရောက်လာပြီး ဒီပြည်ကို အပိုင်ရခဲ့တယ်။ ဒါပေမဲ့ အမိန့်တော်ကို သူတို့ မနာခံခဲ့ဘူး။ ပညတ်အတိုင်း မလိုက်လျှောက်ခဲ့ဘူး။ လုပ်ပါလို့ မိန့်မှာထားတဲ့အရာအားလုံးကို မလုပ်ဆောင်ခဲ့ဘူး။ ဒါကြောင့် ဒီဘေးဆိုးတွေကို ကိုယ်တော် ကျရောက်စေခဲ့တာပါ။+ ၂၄ လူတွေက မြို့ကိုသိမ်းပိုက်ဖို့ ထိုးစစ်ကုန်းရိုးတွေ တည်ဆောက်နေတယ်။+ ဓားဘေး၊+ အငတ်ဘေး၊ ကပ်ရောဂါဘေးကြောင့်+ ဒီမြို့ဟာ တိုက်ခိုက်နေတဲ့ ခါလဒဲလူတွေလက်ထဲ ရောက်သွားလိမ့်မယ်။ ကိုယ်တော်ပြောခဲ့သမျှ ဖြစ်နေပြီ။ ကိုယ်တော် မြင်တဲ့အတိုင်းပါပဲ။ ၂၅ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ဒီမြို့ဟာ ခါလဒဲလူတွေလက်ထဲ ရောက်သွားမှာ ဖြစ်လျက်နဲ့ ‘သက်သေတွေရှေ့မှာ ငွေပေးပြီး လယ်ကိုဝယ်ပါ’ လို့ ကိုယ်တော် ပြောနေပါလား။”
၂၆ အဲဒီအခါ ယေဟောဝါက ယေရမိကို မှာတယ်– ၂၇ “ငါဟာ လူသားအားလုံးရဲ့ ဘုရားသခင် ယေဟောဝါပဲ။ ငါမတတ်နိုင်တာ ရှိလို့လား။ ၂၈ ဒါကြောင့် ငါယေဟောဝါ ပြောမယ်– ‘ဒီမြို့ကို ခါလဒဲလူတွေလက်ထဲ၊ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ ငါအပ်မယ်။ မြို့ကို သူသိမ်းပိုက်လိမ့်မယ်။+ ၂၉ တိုက်ခိုက်နေတဲ့ ခါလဒဲလူတွေ ဝင်လာပြီး မြို့ကို မီးရှို့လိမ့်မယ်။+ အိမ်မိုးပေါ်မှာ ဗာလဆီ ယဇ်ပူဇော်ရုံမက တခြားဘုရားတွေဆီ သွန်းလောင်းရာအလှူတွေ ပူဇော်ပြီး ငါ့ကိုစိတ်ဆိုးအောင် လုပ်ခဲ့ကြတဲ့ လူတွေရဲ့ အိမ်တွေကိုလည်း မီးရှို့လိမ့်မယ်။’+
၃၀ “‘အစ္စရေးနဲ့ ယုဒလူတွေဟာ ငယ်ငယ်ကတည်းက ငါ့ရှေ့မှာ မကောင်းတာကိုပဲ လုပ်နေတယ်။+ အစ္စရေးတွေက ကိုယ့်လက်နဲ့လုပ်တဲ့အရာတွေနဲ့ ငါစိတ်ဆိုးအောင် အမြဲလုပ်ခဲ့ကြတယ်’ လို့ ယေဟောဝါပြောတယ်။ ၃၁ ‘ဒီမြို့ဟာ တည်ဆောက်တဲ့နေ့ကစပြီး ဒီနေ့အထိ ငါစိတ်ဆိုးအောင်၊ ဒေါသထွက်အောင် လုပ်တယ်။+ ဒါကြောင့် ဒီမြို့ကို ငါ့ရှေ့ကနေ ဖယ်ရှားမယ်။+ ၃၂ အစ္စရေးနဲ့ ယုဒလူတွေလုပ်ခဲ့တဲ့ မကောင်းမှုတွေကြောင့် ဒီမြို့ကို ငါဖယ်ရှားမယ်။ ဘုရင်တွေ၊+ မင်းညီမင်းသားတွေ၊+ ပုရောဟိတ်တွေ၊ ပရောဖက်တွေ၊+ ယုဒလူတွေ၊ ဂျေရုဆလင်မြို့သူမြို့သားတွေက ငါ့ကို အမျက်ထွက်စေခဲ့တယ်။ ၃၃ ငါ့ကိုမျက်နှာပြုမယ့်အစား ကျောခိုင်းထားကြတယ်။+ သူတို့ကို သင်ပေးဖို့ ငါအကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ တစ်ယောက်မှ နားမထောင်ဘူး။ ဆုံးမစကားကို လက်မခံဘူး။+ ၃၄ ငါ့နာမည်ခံယူထားတဲ့ အိမ်တော် ညစ်ညူးအောင် ရွံရှာဖွယ်ရုပ်တုတွေကို အဲဒီမှာ ထားကြတယ်။+ ၃၅ အဲဒီအပြင် ဟိန်နုံသားရဲ့ချိုင့်ဝှမ်းမှာ+ ဗာလအတွက် အထွတ်အမြတ်နေရာတွေ တည်ဆောက်ပြီး သားသမီးတွေကို မောလုတ်ဘုရားဆီ+ မီးရှို့ပူဇော်ကြတယ်။ အဲဒီလိုလုပ်ဖို့ ငါမမိန့်မှာခဲ့ဘူး။+ ယုဒလူတွေအပေါ် အပြစ်ရောက်စေမယ့် ဒီလိုရွံမုန်းဖွယ်ရာတွေ လုပ်ခိုင်းဖို့ ငါ စဉ်းတောင် မစဉ်းစားဖူးဘူး။’
၃၆ “ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးကြောင့် ဗာဗုလုန်ဘုရင်လက်ထဲ ကျရောက်သွားမယ်လို့ မင်းတို့ပြောနေတဲ့ ဒီမြို့နဲ့ပတ်သက်ပြီး အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတာက– ၃၇ ‘ငါက သူတို့ကို အမျက်ဒေါသ၊ ပြင်းထန်တဲ့ဒေါသနဲ့ တကွဲတပြားဖြစ်စေခဲ့ပေမဲ့ အဲဒီပြည်တွေကနေ ပြန်စုသိမ်းမယ်။+ ဒီနေရာကို ပြန်ခေါ်လာပြီး ဘေးကင်းလုံခြုံစွာ နေထိုင်စေမယ်။+ ၃၈ သူတို့က ငါ့လူတွေဖြစ်လာပြီး ငါကလည်း သူတို့ရဲ့ဘုရားသခင် ဖြစ်လာမယ်။+ ၃၉ ငါ့ကို အမြဲကြောက်ရွံ့စေဖို့ သူတို့ကို စိတ်နှလုံးတစ်မျိုးတည်း၊+ လမ်းစဉ်တစ်မျိုးတည်း ငါပေးမယ်။ ဒါမှ သူတို့ရော သူတို့သားသမီးတွေပါ ကောင်းစားနိုင်မယ်။+ ၄၀ ငါက သူတို့နဲ့ ထာဝရပဋိညာဉ်ကို ဖွဲ့မယ်။+ သူတို့အတွက် ကောင်းမှုမပြုဘဲ မနေဘူး။+ ငါ့ဆီကနေ လမ်းလွဲမသွားအောင် ငါ့ကိုကြောက်ရွံ့တဲ့သဘောကို သူတို့စိတ်ထဲ ထည့်ပေးမယ်။+ ၄၁ သူတို့အတွက် ကောင်းမှုပြုရတာကို ငါအားရ ရွှင်လန်းမယ်။+ ငါက ကိုယ်စွမ်းရှိသမျှ၊ စိတ်စွမ်းရှိသမျှနဲ့ သူတို့ကို ဒီပြည်မှာ အခိုင်အမာ စိုက်ပျိုးမယ်။”+
၄၂ “ယေဟောဝါ ပြောတာက– ‘ငါက ဒီလူတွေအပေါ် ဘေးဆိုးတွေ ကျရောက်စေခဲ့သလို ကတိပေးထားတဲ့အတိုင်း ကောင်းတဲ့အရာတွေကိုလည်း သက်ရောက်စေမယ်။+ ၄၃ “လူသူတိရစ္ဆာန်မရှိတဲ့ လွင်တီးခေါင် ဖြစ်နေပြီ။ ခါလဒဲလူတွေလက်ထဲ ရောက်သွားပြီ” လို့ မင်းတို့ပြောနေတဲ့ ဒီပြည်မှာ လယ်တွေကို ပြန်ရောင်းဝယ်ကြလိမ့်မယ်။’+
၄၄ “‘သုံ့ပန်းတွေကို ငါပြန်ခေါ်လာမယ်။+ ဒါကြောင့် ဗင်ယာမိန်နယ်မြေမှာ၊+ ဂျေရုဆလင်ဝန်းကျင်မှာ၊ ယုဒရဲ့မြို့တွေမှာ၊+ တောင်တန်းဒေသက မြို့တွေမှာ၊ မြေနိမ့်ဒေသက မြို့တွေမှာ၊+ တောင်အရပ်က မြို့တွေမှာ လယ်တွေ ရောင်းဝယ်ကြလိမ့်မယ်။ သက်သေတွေရှေ့မှာ အရောင်းအဝယ်စာချုပ်တွေ ချုပ်ပြီး တံဆိပ်ခတ်နှိပ်ကြလိမ့်မယ်။’ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။”
၃၃ အစောင့်ရင်ပြင်မှာ ယေရမိ အချုပ်ခံနေရတုန်း+ ယေဟောဝါက ယေရမိကို နောက်တစ်ကြိမ် ပြောတယ်– ၂ “ကမ္ဘာမြေကို ပုံသွင်းပြီး အခိုင်အမာ တည်စေတဲ့အရှင် ယေဟောဝါ၊ ကမ္ဘာမြေကို ဖန်ဆင်းတဲ့အရှင် ယေဟောဝါ၊ ယေဟောဝါဆိုတဲ့ နာမည်ကို ပိုင်ဆိုင်တဲ့အရှင် ပြောတာက– ၃ ‘ငါ့ကို ခေါ်ပါ။ ပြန်ထူးမယ်။ ကြီးမြတ်တဲ့အရာ၊ မင်း မသိနားမလည်နိုင်တဲ့အရာတွေကို ငါပြောပြမယ်။’”+
၄ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါက ထိုးစစ်ကုန်းရိုးတွေကြောင့်၊ ဓားဘေးကြောင့် ဖြိုချခံရတဲ့ ဒီမြို့ကအိမ်တွေ၊ ယုဒဘုရင်ရဲ့နန်းတော်တွေ၊+ ၅ ခါလဒဲလူတွေကို ခုခံတိုက်ခိုက်နေသူတွေ၊ အမျက်ဒေါသနဲ့ ငါဒဏ်ခတ်လိုက်သူတွေရဲ့ အလောင်းတွေနဲ့ ပြည့်နေတဲ့ ဒီနေရာတွေ၊ အကျင့်ဆိုးတွေကျင့်ပြီး ဒီမြို့ကို ငါမျက်နှာလွှဲအောင် လုပ်ခဲ့သူတွေနဲ့ပတ်သက်ပြီး ပြောတယ်– ၆ ‘ငါက ဒီမြို့ကို ပြန်နာလန်ထူလာအောင်၊ ပြန်ကျန်းမာအောင် ကုသပေးမယ်။+ မြို့သူမြို့သားတွေကို ငြိမ်းချမ်းသာယာမှု၊ ဘေးကင်းလုံခြုံမှု ပေးမယ်။+ ၇ ယုဒသုံ့ပန်းတွေ၊ အစ္စရေးသုံ့ပန်းတွေကို ပြန်ခေါ်လာမယ်။+ သူတို့ကို နဂိုလို ပြန်ဖြစ်စေမယ်။+ ၈ သူတို့လုပ်ခဲ့တဲ့ အပြစ်တွေကို သန့်စင်ပေးမယ်။+ ငါ့အပေါ် ကျူးလွန်ခဲ့တဲ့ အမှားတွေ၊ အပြစ်တွေကို ခွင့်လွှတ်မယ်။+ ၉ ငါပြတဲ့ကောင်းမှုတွေကို ကြားသိကြမယ့် ကမ္ဘာပေါ်က လူမျိုးအားလုံးရှေ့မှာ ဒီမြို့နာမည်ဟာ ငါ့ကို အားရရွှင်လန်းစေတဲ့အရာ၊ ငါ့ကို ချီးမွမ်းဂုဏ်တင်တဲ့အရာ ဖြစ်လာမယ်။+ ဒီမြို့ကို ငါပြမယ့်ကောင်းမှုနဲ့ ငါပေးမယ့် ငြိမ်သက်ခြင်းကြောင့်+ လူမျိုးတွေ ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မယ်။’”+
၁၀ “ယေဟောဝါ ပြောတာက– ‘လူသူတိရစ္ဆာန်မရှိတဲ့ လွင်တီးခေါင်လို့ မင်းတို့ပြောကြမယ့် ဒီနေရာမှာ၊ လူသူတိရစ္ဆာန်မရှိတဲ့ ယုဒရဲ့မြို့တွေ၊ ဂျေရုဆလင်ရဲ့လမ်းတွေမှာ၊ ၁၁ ရွှင်လန်းဝမ်းမြောက်တဲ့အသံ၊+ သတို့သားရဲ့အသံ၊ သတို့သမီးရဲ့အသံတွေ ပြန်ကြားရလိမ့်မယ်။ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကို ကျေးဇူးတင်ကြပါ။ ယေဟောဝါဟာ ကောင်းမြတ်တယ်၊+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်”+ ဆိုတဲ့အသံတွေ ပြန်ကြားရလိမ့်မယ်။’
“‘သုံ့ပန်းတွေကို ငါပြန်ခေါ်လာပြီး နဂိုလို ပြန်ဖြစ်စေမယ်။ ဒါကြောင့် သူတို့က ကျေးဇူးတင်ချီးမွမ်းရာအလှူကို ယေဟောဝါရဲ့ အိမ်တော်ဆီ ယူဆောင်လာမယ်။’+ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။”
၁၂ “‘လူသူတိရစ္ဆာန်မရှိတဲ့ ဒီလွင်တီးခေါင်နဲ့ ဒီမြို့တွေဟာ စားကျက်မြေ ပြန်ဖြစ်လာမယ်။ သိုးထိန်းတွေက သိုးအုပ်တွေကို အဲဒီမှာ နားနေစေမယ်’+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၁၃ “‘တောင်တန်းဒေသက မြို့တွေမှာ၊ မြေနိမ့်ဒေသက မြို့တွေမှာ၊ တောင်အရပ်က မြို့တွေမှာ၊ ဗင်ယာမိန်နယ်မြေမှာ၊ ဂျေရုဆလင်ဝန်းကျင်မှာ၊+ ယုဒရဲ့မြို့တွေမှာ+ သိုးထိန်းတွေက သိုးတွေကို ပြန်ပြီးရေတွက်မယ့်အချိန် ရောက်လာမယ်’ လို့ ယေဟောဝါ ပြောတယ်။”
၁၄ “ယေဟောဝါ ပြောတာက– ‘အစ္စရေးအမျိုး၊ ယုဒအမျိုးနဲ့ပတ်သက်ပြီး ငါ့ရဲ့ကောင်းမွန်တဲ့ကတိအတိုင်း လုပ်ဆောင်ပေးမယ့်နေ့တွေ ရောက်လာတော့မယ်။+ ၁၅ အဲဒီနေ့ရောက်ရင်၊ အဲဒီအချိန်ရောက်ရင် ငါက ဒါဝိဒ်အတွက် ဖြောင့်မတ်တဲ့ အတက်*+ ပေါက်စေမယ်။ သူက ပြည်မှာ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်လိမ့်မယ်။+ ၁၆ အဲဒီနေ့ရောက်ရင် ယုဒဟာ ကယ်တင်ခံရလိမ့်မယ်။+ ဂျေရုဆလင်ကလည်း ဘေးကင်းလုံခြုံစွာ နေထိုင်ရလိမ့်မယ်။+ ‘ယေဟောဝါဟာ ငါတို့ရဲ့ဖြောင့်မတ်ခြင်း’ ဆိုတဲ့နာမည်နဲ့ အဲဒီမြို့ကို ခေါ်ကြလိမ့်မယ်။’”+
၁၇ “ယေဟောဝါ ပြောတာက– ‘အစ္စရေးအမျိုးရဲ့ ရာဇပလ္လင်ပေါ် နန်းထိုင်မယ့် ဒါဝိဒ်ရဲ့မျိုးဆက် ဘယ်တော့မှ မပြတ်စေရဘူး။+ ၁၈ အကုန်အစင် မီးရှို့ရာအလှူ၊ ပူဇော်သက္ကာ၊ ကောက်နှံအလှူတွေကို ပူဇော်မယ့် လေဝိအနွယ် ပုရောဟိတ်မျိုးဆက်လည်း ငါ့ရှေ့မှာ မပြတ်စေရဘူး။’”
၁၉ ယေဟောဝါက ယေရမိကို ပြောတယ်– ၂၀ “ယေဟောဝါ ပြောမယ်– ‘ငါပြဋ္ဌာန်းထားတဲ့ နေ့ပဋိညာဉ်နဲ့ ညပဋိညာဉ်ကို မင်းတို့ချိုးဖျက်ပြီး နေ့တွေညတွေ သူ့အချိန်နဲ့သူ ရောက်မလာအောင် တားဆီးနိုင်မှပဲ၊+ ၂၁ ငါ့အတွက် အမှုဆောင်မယ့် လေဝိအနွယ် ပုရောဟိတ်တွေနဲ့ဖွဲ့ထားတဲ့ ပဋိညာဉ်ရော+ ငါ့ကျွန်ဒါဝိဒ်နဲ့ ဖွဲ့ထားတဲ့ ပဋိညာဉ်ပါ ပျက်ပြယ်နိုင်လိမ့်မယ်။+ အဲဒီလိုသာ ပျက်ပြယ်ခဲ့ရင် ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ်မှာ နန်းထိုင်မယ့် သားတစ်ယောက်မှ ကျန်မှာမဟုတ်ဘူး။+ ၂၂ ကောင်းကင်ကြယ်တွေ မရေတွက်နိုင်အောင် များပြားသလို၊ ပင်လယ်သဲပွင့်တွေ မချိန်တွယ်နိုင်အောင် များပြားသလို ငါ့ကျွန်ဒါဝိဒ်ရဲ့ မျိုးနွယ်နဲ့ ငါ့အတွက် အမှုဆောင်နေတဲ့ လေဝိအမျိုးသားတွေကို ငါတိုးပွားများပြားစေမယ်။’”
၂၃ ယေဟောဝါက ယေရမိကို ပြောတယ်– ၂၄ “‘ယေဟောဝါက ရွေးချယ်ထားတဲ့ အမျိုးနှစ်မျိုးကို ငြင်းပယ်လိမ့်မယ်’ လို့ သူတို့ပြောနေတာကို မင်းသတိမထားမိဘူးလား။ သူတို့က ငါ့လူတွေကို မလေးမစား ဆက်ဆံနေတဲ့အပြင် လူမျိုးတစ်မျိုးလို့တောင် မသတ်မှတ်ကြဘူး။
၂၅ “ယေဟောဝါ ပြောတာက– ‘နေ့ပဋိညာဉ်နဲ့ ညပဋိညာဉ်ကို၊+ မိုးကောင်းကင်နဲ့ ကမ္ဘာမြေအတွက် နိယာမတရားတွေကို+ ငါပြဋ္ဌာန်းခဲ့တာ ကျိန်းသေသလို၊ ၂၆ ယာကုပ်နဲ့ ငါ့ကျွန်ဒါဝိဒ်ရဲ့ မျိုးနွယ်ကို ဘယ်တော့မှ ငြင်းပယ်မှာ မဟုတ်ဘူးဆိုတာ ကျိန်းသေတယ်။ အဲဒီလိုသာ ငြင်းပယ်လိုက်ရင် အာဗြဟံ၊ အိဇက်၊ ယာကုပ်ရဲ့ သားမြေးတွေအပေါ် အုပ်စိုးမယ့်သူတွေကို ဒါဝိဒ်ရဲ့မျိုးနွယ်ကနေ ဖယ်ရှားလိုက်သလို ဖြစ်သွားမှာပေါ့။ အဲဒီလိုလုပ်မယ့်အစား သူတို့ရဲ့သုံ့ပန်းတွေကို ငါပြန်စုသိမ်းမယ်။+ သူတို့ကို သနားမယ်။’”+
၃၄ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနဲ့ သူ့တပ်မကြီးတစ်ခုလုံး၊ လက်အောက်ခံ ကမ္ဘာ့တိုင်းနိုင်ငံတွေမှာရှိတဲ့ လူအားလုံးက ဂျေရုဆလင်နဲ့ ပတ်ဝန်းကျင်မြို့တွေကို တိုက်ခိုက်နေချိန်မှာ ယေရမိဆီ ယေဟောဝါရဲ့စကား ရောက်လာတယ်။+
၂ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ မိန့်မှာတာက– ‘ယုဒဘုရင်ဇေဒကိကို+ သွားပြောလိုက်– “ယေဟောဝါပြောတာက ‘ဒီမြို့ကို ဗာဗုလုန်ဘုရင်လက်ထဲ ငါအပ်မယ်။ မြို့ကို သူ မီးရှို့လိမ့်မယ်။+ ၃ မင်းက ဗာဗုလုန်ဘုရင်လက်ကနေ လွတ်မှာ မဟုတ်ဘူး။ ကျိန်းသေ အဖမ်းခံရပြီး သူ့လက်ထဲ ရောက်သွားမယ်။+ သူနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး စကားပြောရမယ်။ ဗာဗုလုန်ကို မင်း လိုက်ပါသွားရမယ်။’+ ၄ ဒါပေမဲ့ ယုဒဘုရင်ဇေဒကိ၊ ယေဟောဝါပြောတာကို နားထောင်ပါ။ ‘မင်းနဲ့ပတ်သက်ပြီး ယေဟောဝါ ပြောမယ်– “မင်းဟာ ဓားနဲ့ ကွပ်မျက်ခံရမှာ မဟုတ်ဘူး။ ၅ အေးချမ်းစွာ သေဆုံးရမယ်။+ သူတို့က မင်းမတိုင်ခင်က ဘုရင်တွေဖြစ်တဲ့ ဘိုးဘေးတွေအတွက် မီးရှို့အခမ်းအနား လုပ်ပေးခဲ့သလို မင်းအတွက်လည်း လုပ်ပေးလိမ့်မယ်။ ‘သခင်ကြီး၊ ဖြစ်မှဖြစ်ရလေ’ ဆိုပြီး မင်းအတွက် ညည်းတွားငိုကြွေးလိမ့်မယ်။ ‘ဒါဟာ ငါပြောတဲ့စကားပဲ’ လို့ ယေဟောဝါ ပြောတယ်။”’”’”
၆ ပရောဖက်ယေရမိလည်း ဂျေရုဆလင်မှာရှိတဲ့ ယုဒဘုရင်ဇေဒကိကို အဲဒီအတိုင်း ပြောပြတယ်။ ၇ ဂျေရုဆလင်မြို့၊ ယုဒမြို့တွေဖြစ်တဲ့+ လာခိရှမြို့နဲ့+ အဇေကာမြို့ကို+ ဗာဗုလုန်တပ်တွေ တိုက်ခိုက်နေချိန်မှာ အဲဒီလို ပြောလိုက်တာ။ ယုဒရဲ့မြို့တွေထဲမှာ အဲဒီခံတပ်မြို့တွေပဲ ကျန်တော့တယ်။
၈ ယေရမိဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်။ အဲဒီအချိန်မှာ ဘုရင်ဇေဒကိက လူတွေကို လွတ်လပ်ခွင့်ပေးမယ်လို့ ကြေညာဖို့ ဂျေရုဆလင်မြို့သူမြို့သားတွေနဲ့ ကတိသစ္စာပြုပြီးခါစပဲ ရှိသေးတယ်။+ ၉ လူတိုင်း ဂျူးအမျိုးသားချင်းကို ကျွန်အဖြစ် မခိုင်းစေတော့ဘဲ ဟီဘရူးကျွန်ယောက်ျား၊ ကျွန်မိန်းမတွေကို လွှတ်ပေးရမယ်။ ၁၀ ဒါကို မင်းညီမင်းသားတွေရော လူတွေပါ နာခံကြတယ်။ ကိုယ့်ရဲ့ကျွန်ယောက်ျား၊ ကျွန်မိန်းမကို ကျွန်အဖြစ် မခိုင်းစေတော့ဘဲ လွှတ်ပေးရမယ်ဆိုတဲ့ ကတိသစ္စာကို သဘောတူနာခံပြီး ကျွန်တွေကို လွှတ်ပေးကြတယ်။ ၁၁ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့က လွှတ်ပေးလိုက်တဲ့ ကျွန်တွေကို ပြန်ခေါ်ပြီး အတင်းအကျပ် ခိုင်းစေပြန်တယ်။ ၁၂ ဒါကြောင့် ယေဟောဝါဆီက ယေဟောဝါရဲ့ စကားတော် ယေရမိဆီ ရောက်လာတယ်–
၁၃ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါပြောတာက– ‘ငါဟာ ဘိုးဘေးတွေကို ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာခဲ့တဲ့နေ့မှာ၊+ ၁၄ “ဟီဘရူးညီအစ်ကို တစ်ယောက်ကို ကျွန်အဖြစ် ဝယ်ထားရင် ခြောက်နှစ်ပဲ ကျွန်ခံခိုင်းရမယ်။ ခုနစ်နှစ်ပြည့်ရင် ပြန်လွှတ်ပေးရမယ်။ သူတို့ကို လွတ်လပ်ခွင့် ပေးရမယ်”+ ဆိုပြီး သူတို့နဲ့ ကတိသစ္စာပြုခဲ့တယ်။+ ဒါပေမဲ့ ဘိုးဘေးတွေက ငါ့စကားကို နားမထောင်ခဲ့ကြဘူး။ နားမစွင့်ခဲ့ကြဘူး။ ၁၅ မကြာသေးခင်က မင်းတို့လည်း စိတ်ပြောင်းပြီး ငါ့အမြင်မှာ မှန်ရာကို လုပ်ခဲ့ကြတယ်။ ကိုယ့်အမျိုးသားချင်းကို လွတ်လပ်ခွင့်ပေးမယ်လို့ ကြေညာပြီး ငါ့နာမည်ခံယူထားတဲ့ အိမ်တော်မှာ၊ ငါ့ရှေ့မှာ ကတိသစ္စာပြုခဲ့ကြတယ်။ ၁၆ ဒါပေမဲ့ မင်းတို့ စိတ်ပြောင်းသွားပြန်ပြီ။ ကျွန်တွေကို သူတို့ဆန္ဒအတိုင်း လွှတ်ပေးခဲ့ပြီးမှ ပြန်ခေါ်ပြီး အတင်းအကျပ် ခိုင်းစေပြန်ပြီ။ ဒီနည်းနဲ့ ငါ့နာမည်ကို ကဲ့ရဲ့ရှုတ်ချခဲ့ကြပြီ။’+
၁၇ “ဒါကြောင့် ယေဟောဝါ ပြောတာက– ‘ကိုယ့်ညီအစ်ကိုကို၊ ကိုယ့်အမျိုးသားချင်းကို လွတ်လပ်ခွင့်ပေးရမယ်ဆိုတဲ့ ငါ့အမိန့်ကို မင်းတို့ မနာခံကြဘူး။+ ဒါကြောင့် မင်းတို့ရမယ့် လွတ်လပ်ခွင့်ကို ငါကြေညာမယ်– ဓားဘေး၊ ကပ်ရောဂါဘေး၊ အငတ်ဘေးနဲ့ မင်းတို့ သေရလိမ့်မယ်။+ မင်းတို့ကြောင့် ကမ္ဘာ့တိုင်းနိုင်ငံအားလုံး ထိတ်လန့်သွားလိမ့်မယ်။’+ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။ ၁၈ ‘နွားကလေးကို နှစ်ခြမ်းခွဲ၊ ဘယ်ညာတစ်ခြမ်းစီ ချထားပြီးနောက် အလယ်ကနေ ဖြတ်လျှောက်ပြီး ငါ့ရှေ့မှာ ဖွဲ့ခဲ့တဲ့ ပဋိညာဉ်စကားတွေအတိုင်း မလုပ်ဆောင်ဘဲ ငါ့ပဋိညာဉ်ကို ချိုးဖောက်သူတွေ၊+ ၁၉ ဘယ်ညာတစ်ခြမ်းစီ ချထားတဲ့ နွားကလေးရဲ့အလယ်ကနေ ဖြတ်လျှောက်တဲ့ ယုဒမင်းညီမင်းသားတွေ၊ ဂျေရုဆလင်မင်းညီမင်းသားတွေ၊ နန်းတွင်းအရာရှိတွေ၊ ပုရောဟိတ်တွေ၊ ပြည်သူပြည်သားတွေ ကြုံရမယ့်အရာကတော့– ၂၀ ရန်သူတွေ၊ အသက်အန္တရာယ် ပေးချင်သူတွေလက်ထဲ သူတို့ကို ငါအပ်မယ်။ သူတို့ရဲ့အလောင်းတွေကို မိုးကောင်းကင်ငှက်တွေ၊ မြေသားရဲတွေ စားကြလိမ့်မယ်။+ ၂၁ ရန်သူတွေ၊ အသက်အန္တရာယ် ပေးချင်သူတွေ၊ ဆုတ်ခွာသွားတဲ့+ ဗာဗုလုန်တပ်တွေလက်ထဲ+ ယုဒဘုရင်ဇေဒကိနဲ့ မင်းညီမင်းသားတွေကို ငါအပ်မယ်။’
၂၂ “‘အခု ငါအမိန့်ပေးမယ်။ သူတို့ကို ပြန်လာခိုင်းမယ်။ သူတို့က ဒီမြို့ကို တိုက်ခိုက်သိမ်းယူပြီး မီးရှို့လိမ့်မယ်။+ ငါက ယုဒရဲ့မြို့တွေကို လူသူမရှိတဲ့ လွင်တီးခေါင် ဖြစ်စေမယ်။’+ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။”
၃၅ ယောရှိရဲ့သား ယုဒဘုရင် ယောယကိမ်လက်ထက်မှာ+ ယေဟောဝါက ယေရမိကို၊ ၂ “ရေခပ်အမျိုးသားတွေဆီ+ သွားပြီး စကားပြောပါ။ သူတို့ကို ယေဟောဝါရဲ့ အိမ်တော်ထဲက စားသောက်ခန်းဆီ ခေါ်သွားပြီး စပျစ်ဝိုင် တိုက်ပါ” လို့ပြောတယ်။
၃ ဒါနဲ့ ကျွန်တော်လည်း ဟာဗဇိညာရဲ့မြေး၊ ယေရမိရဲ့သား ယာဇညာ၊ သူ့ညီအစ်ကိုတွေ၊ သူ့သားတွေနဲ့ ရေခပ်အမျိုးသား မှန်သမျှကို၊ ၄ ယေဟောဝါရဲ့ အိမ်တော်ဆီ ခေါ်သွားတယ်။ အဲဒီနောက် အိဂဒါလိရဲ့မြေး၊ စစ်မှန်တဲ့ဘုရားသခင့်လူ ဟာနန်ရဲ့သားတွေ သုံးတဲ့ စားသောက်ခန်းဆီ ခေါ်သွားတယ်။ အဲဒီအခန်းက တံခါးစောင့်ရှလုံရဲ့သား မာသေယရဲ့ စားသောက်ခန်း အပေါ်ထပ်၊ မင်းညီမင်းသားတွေရဲ့ စားသောက်ခန်း ဘေးကပ်လျက်မှာ ရှိတယ်။ ၅ ကျွန်တော်က စပျစ်ဝိုင်အပြည့် ထည့်ထားတဲ့ ခွက်တွေ၊ ခွက်ဖလားတွေကို ရေခပ်အမျိုးသားတွေရှေ့မှာ ချပေးပြီး “သောက်ကြပါ” လို့ ပြောတယ်။
၆ ဒါပေမဲ့ သူတို့က “ကျွန်တော်တို့ စပျစ်ဝိုင် မသောက်ဘူး။ ရေခပ်ရဲ့သား ဘိုးဘေးယောနဒပ်က+ ‘မင်းတို့ရော သားမြေးတွေပါ စပျစ်ဝိုင် လုံးဝမသောက်ရဘူး။ ၇ အိမ်မဆောက်ရဘူး။ မျိုးစေ့မကြဲရဘူး။ မစိုက်ပျိုးရဘူး။ စပျစ်ခြံ မရှိရဘူး။ တိုင်းတစ်ပါးသားအဖြစ် မင်းတို့နေထိုင်တဲ့ မြေပေါ်မှာ ရေရှည်နေနိုင်ဖို့ တဲတွေနဲ့ပဲ အမြဲနေရမယ်’ ဆိုပြီးမှာခဲ့လို့ပါ။ ၈ ဒါကြောင့် ရေခပ်ရဲ့သား ဘိုးဘေးယောနဒပ် မှာခဲ့တဲ့စကားကို အမြဲနာခံတဲ့အနေနဲ့ ကျွန်တော်တို့ရော သားမယားတွေပါ စပျစ်ဝိုင် လုံးဝမသောက်ပါဘူး။ ၉ နေစရာအိမ်တွေ မဆောက်ဘူး။ ကျွန်တော်တို့မှာ စပျစ်ခြံတွေ၊ လယ်မြေတွေ၊ မျိုးစေ့တွေ မရှိပါဘူး။ ၁၀ ဘိုးဘေးယောနဒပ် မှာခဲ့သမျှကို နာခံပြီး တဲတွေနဲ့ပဲ နေထိုင်ကြတယ်။ ၁၁ ဒါပေမဲ့ တိုင်းပြည်ကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ လာတိုက်ခိုက်တဲ့အခါမှာတော့+ ကျွန်တော်တို့က ‘ခါလဒဲနဲ့ ဆီးရီးယားစစ်တပ်ရဲ့ ရန်ကနေ လွတ်မြောက်အောင် ဂျေရုဆလင်မြို့ထဲ ဝင်ကြစို့’ လို့တိုင်ပင်ပြီး အခု ဂျေရုဆလင်မှာ နေထိုင်ကြပါတယ်” လို့ပြောတယ်။
၁၂ ယေဟောဝါက ယေရမိကိုမှာတယ်– ၁၃ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘ယုဒလူတွေ၊ ဂျေရုဆလင်မြို့သူမြို့သားတွေကို သွားပြောလိုက်။ “ယေဟောဝါ ပြောမယ်။ ငါ့စကားကို နာခံပါလို့ မင်းတို့ကို အမြဲတိုက်တွန်းခဲ့ရတယ် မဟုတ်လား။+ ၁၄ ရေခပ်ရဲ့သား ယောနဒပ်က သူ့သားမြေးတွေကို စပျစ်ဝိုင်မသောက်ဖို့ မှာခဲ့တယ်။ မှာခဲ့တဲ့အတိုင်း ဒီနေ့အထိ သူတို့ စပျစ်ဝိုင်မသောက်ကြဘူး။ ဘိုးဘေးရဲ့အမိန့်ကို နာခံကြတယ်။+ မင်းတို့ကတော့ ငါအကြိမ်ကြိမ် ပြောတာတောင် မနာခံဘူး။+ ၁၅ ငါ့ကျွန်ပရောဖက်တွေကို အထပ်ထပ် လွှတ်ပြီး+ ‘မကောင်းတဲ့ လမ်းစဉ်ကနေ ပြန်လှည့်လာကြပါ။+ မှန်ရာကို လုပ်ဆောင်ကြပါ။ တခြားဘုရားတွေနောက်ကိုလိုက်ပြီး ဝတ်မပြုကြနဲ့။ ဒါဆိုရင် မင်းတို့ကိုရော ဘိုးဘေးတွေကိုပါ ငါပေးခဲ့တဲ့ပြည်မှာ မင်းတို့ ဆက်နေထိုင်ရလိမ့်မယ်’ လို့ သတိပေးခဲ့တယ်။+ ဒါပေမဲ့ မင်းတို့ နားမစွင့်ကြဘူး။ နားမထောင်ကြဘူး။ ၁၆ ရေခပ်ရဲ့သား ယောနဒပ်ရဲ့ သားမြေးတွေက သူတို့ဘိုးဘေး မှာခဲ့တဲ့အတိုင်း+ လိုက်နာပေမဲ့ ဒီလူတွေကတော့ ငါ့စကားကို နားမထောင်ကြဘူး။”’”
၁၇ “ဒါကြောင့် အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘ငါသတိပေးခဲ့တဲ့ ဘေးဆိုးအားလုံးကို ယုဒပြည်နဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေအပေါ် ကျရောက်စေမယ်။+ ဘာကြောင့်လဲဆိုတော့ သူတို့က ငါပြောပေမဲ့ နားမထောင်ခဲ့ကြဘူး။ ငါအကြိမ်ကြိမ် ခေါ်ပေမဲ့ ပြန်မထူးခဲ့ကြဘူး။’”+
၁၈ ရေခပ်အမျိုးသားတွေကို ယေရမိ မှာတယ်– “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘မင်းတို့က ဘိုးဘေးယောနဒပ်မိန့်မှာတာကို နာခံတဲ့အတွက်၊ သူမှာခဲ့တဲ့အတိုင်း ဆက်လိုက်နာပြီး တစ်သဝေမတိမ်း လုပ်ဆောင်နေတဲ့အတွက်၊ ၁၉ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောမယ်– “ရေခပ်ရဲ့သား ယောနဒပ်ရဲ့ သားမြေးတွေထဲမှာ ငါ့ရှေ့မှာ အမှုဆောင်မယ့်သူ အမြဲရှိနေလိမ့်မယ်။”’”
၃၆ ယောရှိရဲ့သား ယုဒဘုရင်ယောယကိမ် နန်းစံလေးနှစ်မှာ+ ယေဟောဝါက ယေရမိကို– ၂ “စာလိပ်တစ်လိပ်ကို ယူပါ။ ယောရှိလက်ထက်ကစပြီး ဒီနေ့အထိ+ အစ္စရေးနဲ့ ယုဒပြည်အပါအဝင်+ လူမျိုးအားလုံးနဲ့ပတ်သက်ပြီး+ ငါပြောခဲ့သမျှ အကုန်ချရေးထားပါ။ ၃ ကျရောက်စေမယ်လို့ ငါရည်ရွယ်ထားတဲ့ ဘေးဆိုးတွေအကြောင်း ယုဒအမျိုး ကြားတဲ့အခါ မကောင်းတဲ့လမ်းစဉ်ကနေ ပြန်လှည့်လာကောင်းပါရဲ့။ အဲဒီအခါ သူတို့ရဲ့အမှားတွေ၊ အပြစ်တွေကို ငါခွင့်လွှတ်မှာပါ”+ လို့ပြောတယ်။
၄ ဒါနဲ့ ယေရမိက နေရိယရဲ့သား ဗာရုတ်ကို+ ခေါ်ပြီး ယေဟောဝါ ပြောသမျှကို နှုတ်တိုက်ချပေးတယ်။ ဗာရုတ်လည်း စာလိပ်ထဲမှာ လိုက်ရေးတယ်။+ ၅ အဲဒီနောက် ယေရမိက ဗာရုတ်ကို “ကျွန်တော် အချုပ်ကျနေတော့ ယေဟောဝါရဲ့ အိမ်တော်ထဲ ဝင်လို့မရဘူး။ ၆ ဒါကြောင့် ခင်ဗျားပဲ သွားလိုက်ပါ။ ကျွန်တော် နှုတ်တိုက်ချပေးတဲ့အတိုင်း စာလိပ်ထဲမှာ ခင်ဗျားရေးထားတဲ့ ယေဟောဝါရဲ့ စကားတွေကို ကျယ်ကျယ်ဖတ်ပြပါ။ အစာရှောင်တဲ့နေ့မှာ ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ လူတွေ ကြားနိုင်အောင် ဖတ်ပြပါ။ ကိုယ့်မြို့ကိုယ့်ရွာကနေ ရောက်လာတဲ့ ယုဒလူအားလုံး ကြားပါစေ။ ၇ မျက်နှာသာရဖို့ သူတို့တောင်းလျှောက်တဲ့အသံဟာ ယေဟောဝါဘုရားဆီ ရောက်ကောင်းပါရဲ့။ မကောင်းတဲ့လမ်းစဉ်ကနေ သူတို့ ပြန်လှည့်လာကောင်းပါရဲ့။ ဒီလူတွေကို ယေဟောဝါဘုရား အကြီးအကျယ်အမျက်ထွက်နေပြီ” လို့ပြောတယ်။
၈ ဒါကြောင့် နေရိယရဲ့သား ဗာရုတ်လည်း ပရောဖက်ယေရမိ မှာတဲ့အတိုင်း ယေဟောဝါရဲ့ အိမ်တော်မှာ ယေဟောဝါရဲ့ စကားတွေကို စာလိပ်ထဲကနေ ကျယ်ကျယ်ဖတ်ပြတယ်။+
၉ ယောရှိရဲ့သား ယုဒဘုရင် ယောယကိမ်နန်းစံ ငါးနှစ်၊+ ကိုးလပိုင်းမှာ ဂျေရုဆလင်မြို့သူမြို့သားတွေ၊ ယုဒရဲ့မြို့တွေကနေ ဂျေရုဆလင်ကို ရောက်လာသူတွေ ယေဟောဝါရှေ့မှာ အစာရှောင်ဖို့ ကြေညာတယ်။+ ၁၀ ဒါနဲ့ ဗာရုတ်က ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ ကျမ်းကူးသူ ရှာဖန်ရဲ့သား+ ဂေမရိရဲ့+ စားသောက်ခန်းမှာ ယေရမိရဲ့စကားတွေကို လူအားလုံး ကြားအောင် စာလိပ်ကို ကျယ်ကျယ်ဖတ်ပြတယ်။ အဲဒီအခန်းက ယေဟောဝါရဲ့အိမ်တော် အထက်ရင်ပြင်၊ တံခါးအသစ်အဝင်ဝမှာ ရှိတယ်။+
၁၁ ရှာဖန်ရဲ့မြေး၊ ဂေမရိရဲ့သား မိက္ခာယက စာလိပ်မှာပါတဲ့ ယေဟောဝါရဲ့စကားတွေကို ကြားတဲ့အခါ၊ ၁၂ နန်းတော်မှာရှိတဲ့ စာရေးတော်ရဲ့အခန်းဆီ ဆင်းသွားတယ်။ အဲဒီမှာ စာရေးတော် ဧလိရှမာ၊+ ရှေမာယရဲ့သား ဒေလာယ၊ အာခဗော်ရဲ့သား+ ဧလနာသန်၊+ ရှာဖန်ရဲ့သား ဂေမရိ၊ ဟာနနိရဲ့သား ဇေဒကိနဲ့ မင်းညီမင်းသားတွေ ထိုင်နေတယ်။ ၁၃ မိက္ခာယက လူတွေကြားအောင် ဗာရုတ်ဖတ်ပြတုန်းက သူကြားခဲ့သမျှ ပြန်ပြောပြတယ်။
၁၄ အဲဒီအခါ မင်းညီမင်းသားအားလုံးက ကုရှိရဲ့မြစ်၊ ရှေလမိရဲ့မြေး၊ နာသနိရဲ့သား ယေဟုဒိကို ဗာရုတ်ဆီ လွှတ်ပြီး “လူတွေကြားအောင် ခင်ဗျားဖတ်ပြနေတဲ့ စာလိပ်ကို ယူလာခဲ့ပါ” လို့ မှာတယ်။ ဒါနဲ့ နေရိယရဲ့သား ဗာရုတ်က စာလိပ်ကိုယူပြီး သူတို့ဆီ သွားတယ်။ ၁၅ သူတို့က “ထိုင်ပါဦး။ ကျွန်တော်တို့ကိုလည်း ကျယ်ကျယ်ဖတ်ပြ” လို့ ပြောတော့ ဗာရုတ်လည်း ဖတ်ပြတယ်။
၁၆ အဲဒီစကားတွေကို ဖတ်ပြီးသွားတာနဲ့ သူတို့ တစ်ယောက်ကိုတစ်ယောက် အလန့်တကြား ကြည့်ပြီး “ဒီစကားတွေကို မင်းကြီးဆီ လျှောက်တင်မှ ဖြစ်မယ်” လို့ ပြောတယ်။ ၁၇ ပြီးတော့ “ဒီစကားတွေ ခင်ဗျား ဘယ်လိုရေးခဲ့သလဲ၊ ပြောပြပါဦး။ ဒါတွေကို ယေရမိ နှုတ်တိုက်ချပေးခဲ့တာလား” လို့ ဗာရုတ်ကို မေးတယ်။ ၁၈ ဗာရုတ်က “ဒီစကားတွေကို ယေရမိက နှုတ်တိုက်ချပေးတယ်။ ကျွန်တော်က စာလိပ်မှာ မင်နဲ့လိုက်ရေးတယ်” လို့ဖြေတယ်။ ၁၉ ဒါနဲ့ မင်းညီမင်းသားတွေက ဗာရုတ်ကို “ခင်ဗျားရော ယေရမိပါ သွားပြီးပုန်းနေပါ။ ဘယ်မှာပုန်းနေမှန်း ဘယ်သူမှ မသိပါစေနဲ့”+ လို့ပြောတယ်။
၂၀ အဲဒီနောက် သူတို့က စာလိပ်ကို စာရေးတော် ဧလိရှမာရဲ့အခန်းမှာ ထားခဲ့ပြီး မင်းကြီးရှိနေတဲ့ ရင်ပြင်ကို သွားတယ်။ ပြီးတော့ သူတို့ကြားသမျှ လျှောက်တင်တယ်။
၂၁ အဲဒီအခါ မင်းကြီးက ယေဟုဒိကို+ လွှတ်ပြီး စာလိပ်ကို သွားယူခိုင်းတယ်။ ယေဟုဒိလည်း စာရေးတော် ဧလိရှမာရဲ့ အခန်းကနေ ယူလာပြီး မင်းကြီးနဲ့ ခစားနေတဲ့ မင်းညီမင်းသားအားလုံး ကြားအောင် ဖတ်ပြတယ်။ ၂၂ အဲဒီအချိန်ဟာ ကိုးလပိုင်း* ဖြစ်တဲ့အတွက် မင်းကြီးက ဆောင်းရာသီစံနန်းတော်မှာ ထိုင်နေတယ်။ ရှေ့မှာ မီးတောက်နေတဲ့ မီးဖိုကြီး ရှိတယ်။ ၂၃ ယေဟုဒိက သုံးလေးပိုင်းလောက် ဖတ်ပြီးတာနဲ့ မင်းကြီးက အဲဒီအပိုင်းကို စာရေးတော်ရဲ့ဓားနဲ့ ဆွဲဖြတ်ပြီး မီးဖိုထဲ ပစ်ချလိုက်တာ စာလိပ်တစ်လိပ်လုံး မီးလောင်သွားတယ်။ ၂၄ မင်းကြီးရော မင်းမှုထမ်းတွေပါ ဒီစကားတွေကို ကြားပေမဲ့ မကြောက်ကြဘူး။ အဝတ်ကိုလည်း မဆွဲဆုတ်ကြဘူး။ ၂၅ ဧလနာသန်၊+ ဒေလာယနဲ့+ ဂေမရိက+ စာလိပ်ကို မီးမရှို့ဖို့ တောင်းပန်ပေမဲ့ မင်းကြီးက နားမထောင်ဘူး။ ၂၆ အဲဒီအပြင် အတွင်းရေးမှူး ဗာရုတ်နဲ့ ပရောဖက်ယေရမိကို သွားဖမ်းဖို့ သားတော် ယေရမေလ၊ အာဇရေလရဲ့သား စရာယနဲ့ အာဗဒေလရဲ့သား ရှေလမိတို့ကို အမိန့်ပေးတယ်။ ဒါပေမဲ့ ယေဟောဝါက သူတို့နှစ်ယောက်ကို ဝှက်ထားပေးတယ်။+
၂၇ ယေရမိ နှုတ်တိုက်ချပေးတဲ့အတိုင်း ဗာရုတ်ရေးထားတဲ့ စာလိပ်ကို မင်းကြီး မီးရှို့ ပြီးတဲ့နောက်မှာ ယေဟောဝါက ယေရမိကို ထပ်ပြောတယ်–+ ၂၈ “စာလိပ်နောက်တစ်လိပ် ယူပြီး ယုဒဘုရင်ယောယကိမ် မီးရှို့လိုက်တဲ့ စာလိပ်မှာပါတဲ့အတိုင်း အကုန်ပြန်ချရေးပါ။+ ၂၉ ယုဒဘုရင် ယောယကိမ်ကိုလည်းပြောလိုက်။ ‘ယေဟောဝါ ပြောတာက– “မင်းက စာလိပ်ကို မီးရှို့ပစ်တယ်။ ‘“ဒီပြည်ကို ဗာဗုလုန်ဘုရင် ကျိန်းသေ လာဖျက်ဆီးလိမ့်မယ်။ လူသူတိရစ္ဆာန်ပါမကျန် ပပျောက်စေမယ်” ဆိုပြီး ဘာလို့ရေးထားတာလဲ’ လို့လည်း ပြောတယ်။+ ၃၀ ဒါကြောင့် ယုဒဘုရင် ယောယကိမ်နဲ့ပတ်သက်ပြီး ယေဟောဝါ ပြောမယ်– ‘သူ့ဆီမှာ ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ် နန်းထိုင်မယ့်သူတစ်ယောက်မှ ရှိမှာမဟုတ်ဘူး။+ သူ့အလောင်းကို နေ့အချိန်မှာ နေပူထဲ၊ ညအချိန်မှာ နှင်းတောထဲ ပစ်ထားလိမ့်မယ်။+ ၃၁ သူနဲ့ သူ့သားမြေးတွေ၊ အမှုထမ်းတွေကို သူတို့အမှားတွေအတွက် ငါဒဏ်ခတ်မယ်။ ငါ့စကားကို နားမထောင်တဲ့အတွက်+ သူတို့အပေါ်၊ ဂျေရုဆလင်မြို့သူမြို့သားတွေအပေါ်၊ ယုဒလူတွေအပေါ် ငါပြောခဲ့တဲ့ ဘေးဆိုးတွေကို ကျရောက်စေမယ်။’”’”+
၃၂ ဒါနဲ့ ယေရမိလည်း စာလိပ်နောက်တစ်လိပ် ယူပြီး နေရိယရဲ့သား အတွင်းရေးမှူး ဗာရုတ်ကို ပေးတယ်။+ ဗာရုတ်က ယုဒဘုရင် ယောယကိမ် မီးရှို့လိုက်တဲ့ စာလိပ်မှာပါတဲ့အတိုင်း၊ ယေရမိ နှုတ်တိုက်ချပေးတဲ့အတိုင်း ပြန်ရေးတယ်။+ အချက်အလက် အတော်များများကိုလည်း ထပ်ဖြည့်လိုက်တယ်။
၃၇ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ယောရှိရဲ့သား ဇေဒကိကို+ နန်းတင်တယ်။ ဒါကြောင့် ဇေဒကိဟာ ယောယကိမ်ရဲ့သား ခေါနိနေရာကို+ ဆက်ခံပြီး ယုဒပြည်မှာ နန်းထိုင်တယ်။+ ၂ သူနဲ့ မင်းမှုထမ်းတွေရော ပြည်သူပြည်သားတွေပါ ပရောဖက် ယေရမိကတစ်ဆင့် ယေဟောဝါပြောတဲ့ စကားတွေကို နားမထောင်ကြဘူး။
၃ ဘုရင်ဇေဒကိက ရှေလမိရဲ့သား ယေဟုကာ၊+ မာသေယရဲ့သား ပုရောဟိတ်ဇေဖနိကို+ ပရောဖက်ယေရမိဆီ လွှတ်ပြီး “ငါတို့အတွက် ယေဟောဝါဘုရားဆီမှာ ဆုတောင်းပေးပါ” လို့ပြောခိုင်းတယ်။ ၄ ယေရမိက ထောင်မကျသေးတဲ့အတွက် လူတောထဲ လွတ်လွတ်လပ်လပ် သွားလာနေတယ်။+ ၅ အဲဒီအချိန်မှာ ဖာရောရဲ့စစ်တပ်က အီဂျစ်ပြည်ကနေ စစ်ချီလာတယ်။+ ခါလဒဲလူတွေက အဲဒီသတင်းကို ကြားတဲ့အခါ ဂျေရုဆလင်ကို ဝိုင်းထားရာကနေ တပ်ဆုတ်သွားတယ်။+ ၆ အဲဒီနောက် ပရောဖက်ယေရမိကို ယေဟောဝါ ပြောတယ်– ၇ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတာက– ‘ငါ့ကို မေးမြန်းဖို့ မင်းတို့ကို လွှတ်လိုက်တဲ့ ယုဒဘုရင်ကို ပြန်ပြောလိုက်ပါ။ “မင်းတို့ကို စစ်ကူဖို့ လာနေတဲ့ ဖာရောရဲ့စစ်တပ်က နေရင်းပြည် အီဂျစ်ကို ပြန်သွားရလိမ့်မယ်။+ ၈ ခါလဒဲလူတွေ ပြန်ရောက်လာပြီး ဒီမြို့ကို တိုက်ခိုက်သိမ်းပိုက်လိမ့်မယ်၊ မီးရှို့လိမ့်မယ်။”+ ၉ ယေဟောဝါ ပြောတာက “‘ခါလဒဲလူတွေ ငါတို့ကို မတိုက်ခိုက်တော့ဘဲ ကျိန်းသေ ပြန်လှည့်သွားမှာပါ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မလှည့်စားကြနဲ့။ သူတို့ ပြန်လှည့်သွားမှာ မဟုတ်ဘူး။ ၁၀ လာတိုက်ခိုက်တဲ့ ခါလဒဲတစ်တပ်လုံးကို မင်းတို့ ချေမှုန်းလိုက်လို့ ဒဏ်ရာရသူတွေပဲ ကျန်ခဲ့ရင်တောင် အဲဒီလူတွေက ကိုယ့်တဲထဲကနေ ထလာပြီး ဒီမြို့ကို မီးရှို့လိမ့်မယ်။”’”+
၁၁ ခါလဒဲစစ်တပ်က ဖာရောရဲ့စစ်တပ်ကြောင့် ဂျေရုဆလင်ကို တိုက်ခိုက်ရာကနေ ဆုတ်ခွာသွားတယ်။+ ၁၂ အဲဒီအချိန်မှာ ယေရမိက ဂျေရုဆလင်ကနေ ဗင်ယာမိန်နယ်မြေကိုထွက်သွားတယ်။+ အဲဒီမှာရှိတဲ့ သူ့မြေကွက်ကို သူ့လူတွေဆီကနေ ပြန်ယူဖို့ပဲ။ ၁၃ ဗင်ယာမိန်တံခါးကို ရောက်တဲ့အခါ ဟာနနိရဲ့မြေး၊ ရှေလမိရဲ့သား မြို့စောင့်တပ်မှူး အိရိယက ပရောဖက်ယေရမိကို ဖမ်းပြီး “ခါလဒဲလူတွေဆီ ထွက်ပြေးမလို့လား” ဆိုပြီးပြောတယ်။ ၁၄ ယေရမိက “မဟုတ်ပါဘူး။ ခါလဒဲလူတွေဆီ မထွက်ပြေးပါဘူး” လို့ဖြေပေမဲ့ အိရိယက နားမထောင်ဘဲ ယေရမိကို မင်းညီမင်းသားတွေဆီ ဖမ်းခေါ်သွားတယ်။ ၁၅ မင်းညီမင်းသားတွေက ယေရမိကို ဒေါသတကြီး ရိုက်နှက်ပြီး+ အကျဉ်းထောင်အဖြစ် လုပ်ထားတဲ့ စာရေးတော် ယေဟောနသန်ရဲ့အိမ်မှာ အကျဉ်းချလိုက်တယ်။+ ၁၆ ယေရမိဟာ မြေအောက်အကျဉ်းခန်းတစ်ခုမှာ* ရက်ပေါင်းများစွာ နေရတယ်။
၁၇ အဲဒီနောက် ဘုရင်ဇေဒကိက ယေရမိကို နန်းတော်ဆီ ဆင့်ခေါ်ပြီး “ယေဟောဝါဘုရားဆီက သတင်းတစ်ခုခု ရှိသလား” လို့ တိုးတိုးတိတ်တိတ် မေးတယ်။+ ယေရမိက “ရှိပါတယ်။ မင်းကြီးက ဗာဗုလုန်ဘုရင်လက်ထဲ ရောက်သွားမယ်” လို့ဖြေတယ်။+
၁၈ ယေရမိက ဘုရင်ဇေဒကိကို “မင်းကြီးနဲ့ အမှုထမ်းတွေကို၊ ဒီလူတွေကို ကျွန်တော် ဘာများပြစ်မှားခဲ့လို့ အခုလို ထောင်ချရတာလဲ။ ၁၉ ‘မင်းကြီးနဲ့ဒီပြည်ကို ဗာဗုလုန်ဘုရင် လာတိုက်မှာ မဟုတ်ဘူး’ လို့ ဟောခဲ့တဲ့ ပရောဖက်တွေ ဘယ်ရောက်ကုန်ပြီလဲ။+ ၂၀ အရှင်မင်းကြီး၊ နားထောင်ပါဦး။ ကျွန်တော် အသနားခံတဲ့အတိုင်း လုပ်ဆောင်ပေးပါ။ ကျွန်တော့်ကို စာရေးတော် ယေဟောနသန်အိမ်ဆီ ပြန်မပို့ပါနဲ့။+ ပြန်ပို့ရင် အဲဒီမှာ ကျွန်တော် သေရပါလိမ့်မယ်”+ လို့ပြောတယ်။ ၂၁ ဒါကြောင့် ဘုရင်ဇေဒကိက ယေရမိကို အစောင့်ရင်ပြင်မှာ ချုပ်ထားဖို့ အမိန့်ပေးလိုက်တယ်။+ မြို့ထဲမှာ မုန့်မကုန်မချင်း+ မုန့်သည်တန်းကနေ မုန့်တစ်လုံးကို သူစားဖို့ နေ့တိုင်းပေးတယ်။+ ဒီလိုနဲ့ ယေရမိက အစောင့်ရင်ပြင်မှာ ဆက်နေရတယ်။
၃၈ မဿန်ရဲ့သား ရှေဖတိ၊ ပါရှုရရဲ့သား ဂေဒလိ၊ ရှေလမိရဲ့သား ယေဟုကလ၊+ မာလခိယရဲ့သား ပါရှုရက+ လူတွေကို ယေရမိ ဒီလိုပြောနေတာကို ကြားတယ်– ၂ “‘ဒီမြို့မှာ ဆက်နေထိုင်သူက ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ သေရလိမ့်မယ်။+ ခါလဒဲလူတွေဆီမှာ အညံ့ခံသူကတော့ အသက်ဆက်ရှင်လိမ့်မယ်။ ကိုယ့်အသက်ကို တိုက်ရာပါဥစ္စာလို ရပြီး အသက်ရှင်လိမ့်မယ်’+ လို့ ယေဟောဝါပြောတယ်။ ၃ ‘ဒီမြို့က ဗာဗုလုန်ဘုရင်လက်ထဲ ကျိန်းသေ ရောက်သွားလိမ့်မယ်။ မြို့ကို သူသိမ်းပိုက်လိမ့်မယ်’ လို့ ယေဟောဝါ ပြောတယ်။”+
၄ အဲဒီအခါ မင်းညီမင်းသားတွေက ဘုရင်ကို “အရှင်မင်းကြီး၊ ဒီလူကို ကွပ်မျက်လိုက်ပါ။+ သူက ဒီမြို့မှာ ကျန်ကြွင်းတဲ့ စစ်သည်တွေ၊ လူတွေကို စိတ်ဓာတ်ကျအောင် ပြောနေတယ်။ လူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေရမှာကို မလိုလားဘဲ ဘေးဆိုးကြုံရမှာကိုပဲ လိုလားနေတယ်” ဆိုပြီး လျှောက်တင်တယ်။ ၅ ဘုရင်ဇေဒကိက “သူဟာ မင်းတို့ လက်ထဲမှာ ရှိတာပဲ။ မင်းတို့အလိုကို ဆန့်ကျင်ပြီး ငါဘာလုပ်နိုင်လို့လဲ” လို့ပြန်ပြောတယ်။
၆ ဒီတော့ သူတို့က ယေရမိကို ခေါ်သွားပြီး အစောင့်ရင်ပြင်မှာရှိတဲ့+ သားတော် မာလခိယရဲ့ ရေလှောင်ကန်ထဲ ကြိုးနဲ့ လျှောချလိုက်တယ်။ အဲဒီရေလှောင်ကန်ထဲမှာ ရေမရှိဘဲ ရွှံ့နွံတွေပဲ ရှိတယ်။ ဒါကြောင့် ယေရမိက ရွှံ့နွံထဲမှာ နစ်နေတော့တယ်။
၇ ယေရမိကို ရေလှောင်ကန်ထဲပစ်ချလိုက်တဲ့အကြောင်း နန်းတော်ထဲက အီသီယိုးပီးယားလူမျိုး မိန်းမစိုး* ဧဗဒမေလက်+ ကြားသွားတယ်။ ဗင်ယာမိန်တံခါးမှာ ဘုရင်ထိုင်နေတုန်း၊+ ၈ နန်းတော်ကနေ ဧဗဒမေလက် ထွက်လာပြီး၊ ၉ “အရှင်မင်းကြီး၊ ပရောဖက်ယေရမိအပေါ် ဒီလူတွေရဲ့လုပ်ပုံဟာ တော်တော်ဆိုးတယ်။ သူတို့က ယေရမိကို ရေလှောင်ကန်ထဲ ပစ်ချလိုက်ပြီ။ အဲဒီမှာ သူ ငတ်ပြီးသေသွားလိမ့်မယ်။ မြို့ထဲမှာလည်း စားစရာ လုံးဝမကျန်တော့ဘူး”+ လို့လျှောက်တင်တယ်။
၁၀ ဒါနဲ့ ဘုရင်က “ဒီမှာရှိတဲ့ လူ ၃၀ ကို ခေါ်သွားပြီး ပရောဖက်ယေရမိကို ရေလှောင်ကန်ထဲကနေ ဆွဲတင်လိုက်။ မဟုတ်ရင် သူ သေသွားလိမ့်မယ်” လို့ အီသီယိုးပီးယားလူမျိုး ဧဗဒမေလက်ကို အမိန့်ပေးတယ်။ ၁၁ ဧဗဒမေလက်လည်း လူတွေကို ခေါ်သွားပြီး နန်းတော်ထဲက ဘဏ္ဍာတိုက်အောက်ကို ဆင်းသွားတယ်။+ အဲဒီထဲက အဝတ်စုတ်တွေကို ယူပြီး ရေလှောင်ကန်ထဲမှာရှိတဲ့ ယေရမိဆီ ကြိုးနဲ့ လျှောချပေးတယ်။ ၁၂ အဲဒီနောက် ဧဗဒမေလက်က “အသားမပွန်းအောင် အဝတ်စုတ်တွေကို ချိုင်းအောက်မှာ ခုလိုက်” လို့ပြောတယ်။ ယေရမိလည်း ပြောတဲ့အတိုင်း လုပ်တယ်။ ၁၃ အဲဒီနောက် ယေရမိကို ရေလှောင်ကန်ထဲကနေ ကြိုးနဲ့ဆွဲတင်ကြတယ်။ ဒီလိုနဲ့ ယေရမိဟာ အစောင့်ရင်ပြင်မှာ ဆက်နေရတယ်။+
၁၄ ဘုရင်ဇေဒကိက ပရောဖက်ယေရမိဆီ လူလွှတ်ပြီး ယေဟောဝါအိမ်တော်ရဲ့ တတိယဝင်ပေါက်ကို လာခိုင်းတယ်။ ပြီးတော့ “မင်းကို မေးစရာရှိတယ်။ မထိမ်မချန်ဘဲ ဖြေပါ” လို့ ပြောတဲ့အခါ၊ ၁၅ ယေရမိက “ကျွန်တော်ပြောလိုက်ရင် ကျွန်တော့်ကို မင်းကြီးသတ်မှာ သေချာတယ်။ အကြံပေးရင်လည်း မင်းကြီးနားထောင်မှာ မဟုတ်ပါဘူး” လို့ ဇေဒကိကို ပြောတယ်။ ၁၆ ဒါနဲ့ ဘုရင်ဇေဒကိက “အသက်ပေးရှင်၊ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ငါပြောမယ်။ မင်းကို ငါမသတ်ဘူး။ မင်းကို သတ်ချင်နေသူတွေလက်ထဲလည်း မအပ်ပါဘူး” လို့ ယေရမိကို တိုးတိုးတိတ်တိတ် ကတိပေးတယ်။
၁၇ အဲဒီအခါ ယေရမိက “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘မင်းကြီးသာ ဗာဗုလုန်ဘုရင်ရဲ့ မင်းညီမင်းသားတွေဆီမှာ အညံ့ခံရင် အသက်ချမ်းသာရမယ်။ ဒီမြို့ မီးရှို့ခံရမှာမဟုတ်ဘူး။ မင်းကြီးနဲ့ မင်းကြီးရဲ့မိသားစုလည်း အသက်ချမ်းသာရမယ်။+ ၁၈ ဒါပေမဲ့ ဗာဗုလုန်ဘုရင်ရဲ့ မင်းညီမင်းသားတွေဆီမှာ အညံ့မခံရင်တော့ ဒီမြို့က ခါလဒဲလူတွေလက်ထဲ ရောက်သွားမယ်။ မြို့ကို သူတို့ မီးရှို့လိမ့်မယ်။+ မင်းကြီးလည်း သူတို့လက်ကနေ လွတ်မှာ မဟုတ်ဘူး’”+ လို့ဇေဒကိကို ပြောတယ်။
၁၉ အဲဒီအခါ ဘုရင်ဇေဒကိက “ခါလဒဲလူတွေဆီ သွားခိုလှုံတဲ့ ဂျူးတွေကို ငါကြောက်တယ်။ သူတို့လက်ထဲ ရောက်သွားရင် ငါ့ကို ရက်ရက်စက်စက် ညှဉ်းဆဲကြမှာ” လို့ ယေရမိကို ပြောတယ်။ ၂၀ ဒါပေမဲ့ ယေရမိက “မင်းကြီး သူတို့လက်ထဲ ရောက်မှာ မဟုတ်ပါဘူး။ ကျွန်တော်ပြောနေတဲ့ ယေဟောဝါရဲ့စကားကို နာခံပါ။ ဒါဆိုရင် မင်းကြီး ကောင်းစားပြီး အသက်ဆက်ရှင်လိမ့်မယ်။ ၂၁ ဒါပေမဲ့ မင်းကြီး အညံ့မခံဘူးဆိုရင် ကျွန်တော့်ကို ယေဟောဝါဘုရား ဖော်ပြတဲ့အရာကတော့– ၂၂ ယုဒဘုရင်ရဲ့ နန်းတော်မှာ ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးတွေဟာ ဗာဗုလုန်ဘုရင်ရဲ့ မင်းညီမင်းသားတွေဆီ+ ခေါ်သွားခံရလိမ့်မယ်။
‘မင်းကြီး ယုံကြည်ကိုးစားသူတွေက မင်းကြီးကို လှည့်စားပြီး အနိုင်ယူလိုက်ပြီ။+
မင်းကြီးရဲ့ခြေကို ရွှံ့နွံထဲ နစ်ဝင်သွားအောင် လုပ်ကြပြီ။
သူတို့ကျတော့ ဆုတ်ခွာသွားပြီ’ လို့ ပြောနေကြတယ်။
၂၃ မိဖုရားတွေကိုရော သားတော်တွေကိုပါ ခါလဒဲလူတွေဆီ ဖမ်းခေါ်သွားကြလိမ့်မယ်။ မင်းကြီးက သူတို့လက်ကနေ လွတ်မှာ မဟုတ်ဘူး။ ဗာဗုလုန်ဘုရင်ဆီမှာ အဖမ်းခံရလိမ့်မယ်။+ ဒီမြို့ဟာ မင်းကြီးကြောင့် မီးရှို့ခံရလိမ့်မယ်။”+
၂၄ အဲဒီအခါ ဇေဒကိက “ဒီအကြောင်းတွေကို ဘယ်သူမှ မသိစေနဲ့။ သိသွားရင် မင်း အသတ်ခံရမှာ။ ၂၅ တကယ်လို့ မင်းညီမင်းသားတွေက မင်းနဲ့ ငါပြောနေတာတွေကို ကြားသွားလို့ မင်းဆီလာပြီး ‘ဘုရင်ကို ဘာတွေပြောလိုက်လဲ။ မထိမ်ချန်ဘဲ အကုန်ပြောပြ။ မင်းကို မသတ်ပါဘူး။+ ဘုရင်ကကော ဘာပြန်ပြောလိုက်လဲ’ လို့မေးခဲ့ရင်၊ ၂၆ ‘ကျွန်တော့်ကို ယေဟောနသန်အိမ်ဆီ ပြန်မပို့ပါနဲ့။ ပြန်ပို့ရင် ကျွန်တော် သေရပါလိမ့်မယ်ဆိုပြီး+ မင်းကြီးကို အသနားခံတာပါ’ လို့ ပြန်ပြောလိုက်” ဆိုပြီး ယေရမိကို မှာတယ်။
၂၇ နောက်ပိုင်းမှာ မင်းညီမင်းသားအားလုံး ယေရမိဆီ ရောက်လာပြီး မေးမြန်းကြတယ်။ ယေရမိက ဘုရင်မှာတဲ့အတိုင်း ပြန်ဖြေတဲ့အခါ သူတို့ ဘာမှ ဆက်မပြောတော့ဘူး။ ဘုရင်နဲ့ ဘာတွေပြောခဲ့မှန်း မသိကြလို့ပဲ။ ၂၈ ယေရမိက ဂျေရုဆလင် သိမ်းပိုက်ခံရတဲ့နေ့အထိ အစောင့်ရင်ပြင်မှာ+ ဆက်နေရတယ်။ ဂျေရုဆလင် သိမ်းပိုက်ခံရချိန်မှာ အဲဒီမှာပဲ သူရှိနေတယ်။+
၃၉ ယုဒဘုရင်ဇေဒကိ နန်းစံကိုးနှစ်၊ ဆယ်လပိုင်းမှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက စစ်တပ်အလုံးအရင်းနဲ့ ချီတက်လာပြီး ဂျေရုဆလင်မြို့ကို ဝိုင်းထားတယ်။+
၂ သူတို့က ဇေဒကိနန်းစံ ၁၁ နှစ်၊ လေးလပိုင်း၊ ကိုးရက်နေ့မှာ မြို့ရိုးကို ထိုးဖောက်လိုက်တယ်။+ ၃ ဗာဗုလုန် မင်းညီမင်းသားတွေဖြစ်တဲ့ သံဂါ နေဂဲရှရေဇာ၊ ရာဗသာရိတ်* နေဗောစာသခိမ်၊ ရာမဂ်* နေဂဲရှရေဇာနဲ့ ကျန်တဲ့မင်းညီမင်းသားတွေ မြို့ထဲဝင်လာပြီး အလယ်တံခါးမှာ ထိုင်ကြတယ်။+
၄ ယုဒဘုရင်ဇေဒကိနဲ့ စစ်သည်တွေက သူတို့ကို မြင်တဲ့အခါ ညဘက်မှာ ဘုရင့်ဥယျာဉ်လမ်းနားမှာရှိတဲ့ မြို့ရိုးနှစ်ခုကြား တံခါးကနေ မြို့ပြင်ကိုထွက်ပြီး အရာဗာချိုင့်ဝှမ်းလမ်းအတိုင်း+ ဆက်ပြေးကြတယ်။+ ၅ ဒါပေမဲ့ ခါလဒဲစစ်တပ်က လိုက်လာပြီး ယေရိခေါကန္တာရလွင်ပြင်မှာ ဇေဒကိကို ဖမ်းမိသွားတယ်။+ ဇေဒကိကို ဟာမတ်နယ်မြေ၊+ ရိဗလမြို့မှာရှိတဲ့+ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဆီ ဖမ်းခေါ်လာတယ်။ အဲဒီမှာ ဇေဒကိကို စီရင်ချက်ချတယ်။ ၆ ရိဗလမြို့မှာ ဗာဗုလုန်ဘုရင်က ဇေဒကိရှေ့မှာတင် သူ့သားတွေကို ကွပ်မျက်လိုက်တယ်။ ယုဒမှူးမတ်တွေကိုလည်း ကွပ်မျက်လိုက်တယ်။+ ၇ ဇေဒကိရဲ့မျက်စိကို ဖောက်ပြီးနောက် ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။+
၈ ခါလဒဲလူတွေက နန်းတော်နဲ့ လူနေအိမ်တွေကို မီးရှို့ပြီး+ ဂျေရုဆလင်မြို့ရိုးကိုလည်း ဖြိုချပစ်တယ်။+ ၉ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က+ မြို့ထဲမှာကျန်တဲ့သူတွေ၊ သူ့ဆီ အညံ့ခံပူးပေါင်းတဲ့သူတွေ၊ ကျန်တဲ့သူတွေကို ဗာဗုလုန်ဆီ ဖမ်းခေါ်သွားတယ်။
၁၀ ဒါပေမဲ့ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က ဆင်းရဲမွဲတေနေသူတချို့ကိုတော့ ယုဒပြည်မှာ ချန်ရစ်ခဲ့တယ်။ အဲဒီနေ့မှာပဲ သူတို့ကို စပျစ်ခြံတွေ၊ လယ်တွေပေးပြီး အလုပ်လုပ်ခိုင်းတယ်။*+
၁၁ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်ကို၊ ၁၂ “ယေရမိကို ခေါ်ပြီး ကြည့်ရှုစောင့်ရှောက်ထားလိုက်။ ဘာအန္တရာယ်မှ မပေးနဲ့။ သူတောင်းဆိုသမျှ ဖြည့်ဆည်းပေးလိုက်”+ ဆိုပြီး မိန့်မှာတယ်။
၁၃ ဒါကြောင့် ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်၊ ရာဗသာရိတ် နေဗုရှာဇဗန်၊ ရာမဂ် နေဂဲရှရေဇာနဲ့ ဗာဗုလုန်အရာရှိတွေက လူလွှတ်ပြီး၊ ၁၄ ယေရမိကို အစောင့်ရင်ပြင်ကနေ ခေါ်ထုတ်တယ်။+ အဲဒီနောက် ရှာဖန်ရဲ့မြေး၊+ အဟိကံရဲ့သား+ ဂေဒလိဆီမှာ+ အပ်ပြီး ဂေဒလိရဲ့အိမ်ကို ခေါ်သွားခိုင်းတယ်။ ဒါကြောင့် ယေရမိက ပြည်သူပြည်သားတွေနဲ့အတူ နေထိုင်ရတယ်။
၁၅ အစောင့်ရင်ပြင်မှာ အချုပ်ခံနေရတုန်း+ ယေရမိကို ယေဟောဝါ ပြောတယ်– ၁၆ “အီသီယိုးပီးယားလူမျိုး ဧဗဒမေလက်ကို+ မင်းပြောရမှာက ‘“ဒီမြို့ကို ကောင်းမှုမပြုဘဲ ဘေးဆိုးကျရောက်စေမယ်လို့ ငါပြောခဲ့တဲ့အတိုင်း ဖြစ်လာအောင် ငါလုပ်မယ်။ အဲဒီအချိန်ကျရင် အဲဒီအတိုင်း ဖြစ်လာတာကို မင်းမြင်ရလိမ့်မယ်” လို့ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။’
၁၇ “‘ဒါပေမဲ့ အဲဒီနေ့မှာ မင်းကို ငါကယ်တင်မယ်။ မင်းကြောက်နေတဲ့ လူတွေလက်ထဲ ရောက်သွားမှာ မဟုတ်ဘူး’ လို့ ယေဟောဝါ ပြောတယ်။
၁၈ “‘မင်းကို ငါကျိန်းသေ လွတ်မြောက်စေမယ်။ မင်းက ဓားဘေးနဲ့ ကျဆုံးရမှာ မဟုတ်ဘူး။ ငါ့ကို ယုံကြည်ကိုးစားတဲ့အတွက်+ မင်းရဲ့အသက်ကို တိုက်ရာပါဥစ္စာလို ရလိမ့်မယ်’*+ လို့ ယေဟောဝါ ပြောတယ်။”
၄၀ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က+ ယေရမိကို ရာမမြို့ကနေ+ လွှတ်ပေးလိုက်ပြီးနောက် ယေရမိဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်။ ဗာဗုလုန်ဆီ ပြည်နှင်ခံရတဲ့ ဂျေရုဆလင်မြို့သား၊ ယုဒပြည်သားတွေနဲ့အတူ ယေရမိကို လက်ထိတ်ခတ်ပြီး ရာမမြို့ကို ခေါ်ခဲ့တာပါ။ ၂ ကိုယ်ရံတော်တပ်မှူးက ယေရမိကိုခေါ်ပြီး “ဒီနေရာမှာ ဒီဘေးဆိုး ကျရောက်စေမယ်လို့ မင်းရဲ့ဘုရား ယေဟောဝါ ကြိုဟောခဲ့တယ်။ ၃ မင်းတို့တစ်တွေ ယေဟောဝါရဲ့ စကားကို နာမခံဘဲ ပြစ်မှားကြတဲ့အတွက် ယေဟောဝါက ပြောထားတဲ့အတိုင်း လုပ်ခဲ့တယ်။ ဒါကြောင့် မင်းတို့ ဒီလိုအဖြစ်မျိုး ကြုံရတာ။+ ၄ မင်းရဲ့လက်ထိတ်ကို ဒီနေ့ ငါချွတ်ပေးမယ်။ ဗာဗုလုန်ကို ငါနဲ့အတူ လိုက်ချင်ရင် လိုက်ခဲ့ပါ။ ငါကြည့်ရှုစောင့်ရှောက်ပေးမယ်။ မလိုက်ချင်ရင်လည်း မလိုက်နဲ့။ တစ်ပြည်လုံးမှာ မင်းကြိုက်တဲ့နေရာကို သွားပါ”+ လို့ပြောတယ်။
၅ ယေရမိ မဆုံးဖြတ်ရသေးခင်မှာ နေဗုဇာရဒန်က “ရှာဖန်ရဲ့မြေး၊+ အဟိကံရဲ့သား+ ဂေဒလိဆီ+ မင်း ပြန်လိုက်ပါ။ ယုဒမြို့တွေကို ကြီးကြပ်ဖို့ သူ့ကို ဗာဗုလုန်ဘုရင် ခန့်အပ်ထားတာ။ သူနဲ့အတူ၊ ပြည်သူပြည်သားတွေနဲ့အတူ နေထိုင်ပါ။ ဒါမှမဟုတ် မင်း ကြိုက်တဲ့နေရာကို သွားပါ” လို့ ပြောတယ်။
ပြီးတော့ ကိုယ်ရံတော်တပ်မှူးက သူ့ကို စားနပ်ရိက္ခာနဲ့ လက်ဆောင်တွေပေးပြီး လွှတ်လိုက်တယ်။ ၆ ဒါနဲ့ ယေရမိက မိဇပါမြို့မှာရှိတဲ့+ အဟိကံရဲ့သား ဂေဒလိဆီ သွားပြီး သူနဲ့အတူ၊ ပြည်မှာ ကျန်ရစ်သူတွေနဲ့အတူ နေထိုင်တယ်။
၇ ပြည်ကိုကြီးကြပ်ဖို့၊ ဗာဗုလုန်ဆီ ပြည်နှင်မခံရတဲ့ ဆင်းရဲသား ယောက်ျား၊ မိန်းမ၊ ကလေးတွေကို ကြီးကြပ်ဖို့ အဟိကံရဲ့သား ဂေဒလိကို ဗာဗုလုန်ဘုရင် ခန့်အပ်လိုက်တဲ့အကြောင်း တောထဲရောက်နေတဲ့ ဗိုလ်ချုပ်တွေနဲ့ စစ်သည်တွေ ကြားသွားတယ်။+ ၈ ဒါကြောင့် မိဇပါမြို့မှာရှိတဲ့+ ဂေဒလိဆီ သူတို့ရောက်လာကြတယ်။ နာသနိရဲ့သား အိရှမေလ၊+ ကာရာရဲ့သား ယောဟနန်နဲ့+ ယောနသန်၊ တာနုမက်ရဲ့သား စရာယ၊ နေတောဖရွာသား ဧဖဲရဲ့သားတွေ၊ မာခါသိပြည်သား ယေဇနိနဲ့+ သူတို့ရဲ့လူတွေ ဖြစ်တယ်။ ၉ ရှာဖန်ရဲ့မြေး၊ အဟိကံရဲ့သား ဂေဒလိက သူတို့အားလုံးကို “ခါလဒဲလူတွေဆီ ကျွန်ခံရမှာကို မကြောက်ကြနဲ့။ ဒီပြည်မှာ ဆက်နေထိုင်ပြီး ဗာဗုလုန်ဘုရင်ဆီမှာ ကျွန်ခံပါ။ ဒါဆိုရင် ခင်ဗျားတို့ ကောင်းစားလိမ့်မယ်။+ ၁၀ ငါကတော့ မိဇပါမြို့မှာနေပြီး ငါတို့ဆီလာမယ့် ခါလဒဲလူတွေကို မင်းတို့ကိုယ်စား ပြောဆိုပေးမယ်။ စပျစ်ဝိုင်၊ နွေသီးနှံ၊* ဆီတွေ စုဆောင်းပြီး သိုလှောင်ထားကြ။ မြို့တွေမှာ အခြေချနေထိုင်ကြ”+ လို့ပြောတယ်။
၁၁ ဗာဗုလုန်ဘုရင်က ကျန်ကြွင်းသူတွေကို ယုဒပြည်မှာ နေထိုင်ခွင့်ပြုပြီး သူတို့ကို ကြီးကြပ်ဖို့ ရှာဖန်ရဲ့မြေး၊ အဟိကံရဲ့သား ဂေဒလိကို ခန့်ထားမှန်း မောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံပြည်နဲ့ တခြားပြည်တွေမှာ ရောက်နေတဲ့ဂျူးတွေ ကြားသွားတယ်။ ၁၂ ဒါကြောင့် ဂျူးတွေက ရောက်ရာအရပ်ကနေ ပြန်လာပြီး ယုဒပြည်၊ မိဇပါမြို့မှာရှိတဲ့ ဂေဒလိဆီ ရောက်လာကြတယ်။ ပြီးတော့ စပျစ်ဝိုင်နဲ့ နွေသီးနှံတွေကို အများကြီး စုဆောင်းကြတယ်။
၁၃ ကာရာရဲ့သား ယောဟနန်နဲ့ တောထဲရောက်နေတဲ့ ဗိုလ်ချုပ်တွေဟာ မိဇပါမြို့မှာရှိတဲ့ ဂေဒလိဆီ ရောက်လာပြီး၊ ၁၄ “အမ္မုန်ဘုရင်+ ဗာလိတ်က ခင်ဗျားကိုသတ်ဖို့ နာသနိရဲ့သား အိရှမေလကို လွှတ်လိုက်တာ+ မသိဘူးလား” လို့ ပြောကြတယ်။ ဒါပေမဲ့ အဟိကံရဲ့သား ဂေဒလိက သူတို့ပြောတာကို မယုံဘူး။
၁၅ ကာရာရဲ့သား ယောဟနန်က “နာသနိရဲ့သား အိရှမေလကို အခုပဲ သွားသတ်ချင်တယ်။ ဘယ်သူမှ မသိစေရဘူး။ သူသာ ခင်ဗျားကို သတ်လိုက်ရင် ခင်ဗျားဆီ လာပူးပေါင်းတဲ့ ယုဒလူတွေ တကွဲတပြား ဖြစ်ကုန်မယ်။ ယုဒပြည်မှာ ကျန်ရစ်ခဲ့သူတွေလည်း သေဆုံးကုန်မယ်” လို့ မိဇပါမြို့မှာ ဂေဒလိကို တိုးတိုးတိတ်တိတ် ပြောတယ်။ ၁၆ ဒါပေမဲ့ အဟိကံရဲ့သား ဂေဒလိက+ “အဲဒီလို မလုပ်ပါနဲ့။ အိရှမေလအကြောင်း မဟုတ်မမှန် ပြောနေကြတာပါ” လို့ ကာရာရဲ့သား ယောဟနန်ကို ပြန်ပြောတယ်။
၄၁ ခုနစ်လပိုင်းရောက်တော့ ဧလိရှမာရဲ့မြေး၊ နာသနိရဲ့သား မင်းမျိုးမင်းနွယ် အရာရှိ အိရှမေလက+ လူဆယ်ယောက်ကို ခေါ်ပြီး မိဇပါမြို့မှာရှိတဲ့+ အဟိကံရဲ့သား ဂေဒလိဆီ ရောက်လာတယ်။ မိဇပါမြို့မှာ အတူစားသောက်နေတုန်း၊ ၂ နာသနိရဲ့သား အိရှမေလနဲ့ လူဆယ်ယောက်က ရှာဖန်ရဲ့မြေး၊ အဟိကံရဲ့သား ဂေဒလိကို ဓားနဲ့လုပ်ကြံတယ်။ ဒီလိုနဲ့ ပြည်ကိုကြီးကြပ်ဖို့ ဗာဗုလုန်ဘုရင် ခန့်အပ်ထားသူကို သတ်ပစ်တယ်။ ၃ အိရှမေလက မိဇပါမြို့မှာ ဂေဒလိနဲ့အတူရှိတဲ့ ဂျူးတွေနဲ့ ခါလဒဲစစ်သည်တွေကို သတ်ပစ်တယ်။
၄ အဲဒီအကြောင်းကို ဘယ်သူမှ မသိကြဘူး။ ဂေဒလိ အသတ်ခံရပြီး နှစ်ရက်အကြာမှာ၊ ၅ ရှေခင်၊+ ရှိလောနဲ့+ ရှမာရိမြို့ကနေ+ လူ ၈၀ ရောက်လာတယ်။ သူတို့က မုတ်ဆိတ်ကို ရိတ်၊ အဝတ်တွေကို ဆွဲဆုတ်ပြီး အသားတွေ မွှန်းထားတယ်။+ ယေဟောဝါရဲ့ အိမ်တော်ဆီ ယူသွားဖို့ ကောက်နှံအလှူတွေ၊ လောဗန်တွေလည်း+ ပါလာတယ်။ ၆ နာသနိရဲ့သား အိရှမေလက သူတို့ကိုတွေ့ဖို့ မိဇပါမြို့ကနေ ငိုကြွေးရင်း ထွက်လာတယ်။ သူတို့ကိုတွေ့တဲ့အခါ “အဟိကံရဲ့သား ဂေဒလိဆီ လိုက်ခဲ့ပါ” လို့ခေါ်တယ်။ ၇ မြို့ထဲရောက်တဲ့အခါ အိရှမေလနဲ့ သူ့လူတွေက သူတို့ကိုသတ်ပြီး ရေလှောင်ကန်ထဲ ပစ်ချလိုက်တယ်။
၈ ဒါပေမဲ့ သူတို့ထဲက ဆယ်ယောက်က “ကျွန်တော်တို့ကို မသတ်ပါနဲ့။ လယ်ထဲမှာ ကျွန်တော်တို့ ဝှက်ထားတဲ့ ဂျုံ၊ မုယော၊ ဆီနဲ့ ပျားရည်တွေ ရှိပါတယ်” လို့ အိရှမေလကို ပြောကြတယ်။ ဒါကြောင့် အိရှမေလက သူတို့ကို ကျန်တဲ့ညီအစ်ကိုတွေနဲ့အတူ မသတ်ဘဲ အသက်ချမ်းသာပေးလိုက်တယ်။ ၉ အိရှမေလက အသတ်ခံရတဲ့သူတွေရဲ့ အလောင်းတွေကို ရေလှောင်ကန်ကြီးထဲ ပစ်ချလိုက်တယ်။ အစ္စရေးဘုရင်ဗာရှာကို+ ကြောက်လို့ ဘုရင်အာသ တူးထားတဲ့ အဲဒီရေလှောင်ကန်ဟာ အလောင်းတွေနဲ့ ပြည့်သွားတယ်။
၁၀ ပြီးတော့ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန် ဖမ်းချုပ်ပြီး အဟိကံရဲ့သား ဂေဒလိဆီမှာ အပ်ထားတဲ့+ ဘုရင့်သမီးတော်တွေ၊ မိဇပါမြို့မှာ ကျန်ရစ်ခဲ့သူတွေအပါအဝင် မိဇပါမြို့သားအားလုံးကို+ အိရှမေလ ဖမ်းခေါ်သွားတယ်။ နာသနိရဲ့သား အိရှမေလက သူတို့ကို ဖမ်းဆီးပြီး အမ္မုန်လူတွေဆီ ထွက်သွားတယ်။+
၁၁ နောက်ပိုင်းမှာ ကာရာရဲ့သား ယောဟနန်နဲ့+ ဗိုလ်ချုပ်တွေက နာသနိရဲ့သား အိရှမေလရဲ့ ဆိုးရွားတဲ့လုပ်ရပ်အကြောင်း သိသွားတယ်။ ၁၂ ဒါကြောင့် သူတို့က ယောက်ျားအားလုံးကို ခေါ်ပြီး နာသနိရဲ့သား အိရှမေလကိုတိုက်ဖို့ ထွက်သွားတဲ့အခါ ဂိဗောင်မြို့က ရေကန်ကြီးနားမှာ သူ့ကိုတွေ့တယ်။
၁၃ အိရှမေလနဲ့ပါလာသူတွေက ကာရာရဲ့သား ယောဟနန်နဲ့ ဗိုလ်ချုပ်တွေကို တွေ့တဲ့အခါ ဝမ်းသာသွားတယ်။ ၁၄ ဒါနဲ့ မိဇပါမြို့ကနေ+ အိရှမေလ ဖမ်းခေါ်သွားတဲ့သူတွေ ပြန်လှည့်လာပြီး ကာရာရဲ့သား ယောဟနန်ဆီ ရောက်လာကြတယ်။ ၁၅ နာသနိရဲ့သား အိရှမေလကတော့ သူ့လူရှစ်ယောက်နဲ့အတူ ယောဟနန်လက်ကနေ လွတ်ပြီး အမ္မုန်လူတွေဆီ ထွက်သွားတယ်။
၁၆ အဟိကံရဲ့သား ဂေဒလိကို လုပ်ကြံပြီးတဲ့နောက်+ မိဇပါမြို့ကနေ အိရှမေလဖမ်းခေါ်သွားတဲ့ လူတွေကို ကာရာရဲ့သား ယောဟနန်နဲ့ ဗိုလ်ချုပ်တွေ ကယ်လိုက်တယ်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ စစ်သည်နဲ့ နန်းတွင်းအရာရှိတွေကို ဂိဗောင်မြို့ကနေ ပြန်ခေါ်လာတယ်။ ၁၇ သူတို့ ထွက်လာပြီး ဘက်သလီဟင်မြို့နားက+ ခိမဟံရဲ့ တည်းခိုဆောင်မှာ နေထိုင်ကြတယ်။ အဲဒီကနေ အီဂျစ်ပြည်ကို ဆက်သွားဖို့ ရည်ရွယ်ထားကြတယ်။+ ၁၈ ပြည်ကိုကြီးကြပ်ဖို့ ဗာဗုလုန်ဘုရင် ခန့်အပ်တဲ့ အဟိကံရဲ့သား ဂေဒလိကို နာသနိရဲ့သား အိရှမေလ လုပ်ကြံလိုက်တဲ့အတွက် ခါလဒဲလူတွေကို ကြောက်နေလို့ပဲ။+
၄၂ အဲဒီနောက် ကာရာရဲ့သား ယောဟနန်၊+ ဟောရှာယရဲ့သား ယေဇနိ၊ ဗိုလ်ချုပ်တွေနဲ့ လူကြီးလူငယ် အားလုံးရောက်လာပြီး၊ ၂ ပရောဖက်ယေရမိကို “ကျွန်တော်တို့ တောင်းဆိုတာကို နားထောင်ပါ။ ကျွန်တော်တို့နဲ့ ဒီကျန်ကြွင်းသူတွေအတွက် ယေဟောဝါဘုရားဆီ ဆုတောင်းပေးပါ။ ခင်ဗျားမြင်တဲ့အတိုင်း လူနည်းစုပဲကျန်တော့တယ်။+ ၃ ကျွန်တော်တို့ လျှောက်သင့်တဲ့လမ်းစဉ်၊ လုပ်သင့်တဲ့အရာကို ယေဟောဝါဘုရား ပြောပြပါစေ” လို့တောင်းဆိုကြတယ်။
၄ အဲဒီအခါ ပရောဖက်ယေရမိက “ကောင်းပြီ။ ခင်ဗျားတို့ တောင်းဆိုတဲ့အတိုင်း ယေဟောဝါဘုရားဆီ ဆုတောင်းပေးမယ်။ ယေဟောဝါဘုရား ဖြေကြားသမျှ တစ်ခွန်းမကျန် ပြန်ပြောပြမယ်” လို့ ပြောတယ်။
၅ ဒါနဲ့ သူတို့က ယေရမိကို “ယေဟောဝါဘုရားဟာ စစ်မှန်တဲ့သက်သေ ဖြစ်ပါစေ။ ခင်ဗျားကတစ်ဆင့် ယေဟောဝါဘုရား လမ်းညွှန်တဲ့အတိုင်း တစ်သဝေမတိမ်း မလုပ်ခဲ့ရင် ကျွန်တော်တို့ကို အပြစ်ပေးပါစေ။ ၆ ယေဟောဝါဘုရားကို တောင်းလျှောက်ပေးဖို့ ခင်ဗျားကို ကျွန်တော်တို့ လွှတ်လိုက်တာ။ ယေဟောဝါဘုရားပြောတာ ကောင်းကောင်း၊ ဆိုးဆိုး နာခံပါ့မယ်။ အဲဒီလိုနာခံရင် ကောင်းစားမှာပဲ” လို့ပြောကြတယ်။
၇ ဆယ်ရက်ကြာပြီးတဲ့နောက် ယေရမိဆီ ယေဟောဝါရဲ့စကားတော် ရောက်လာတယ်။ ၈ ဒါကြောင့် သူက ကာရာရဲ့သား ယောဟနန်နဲ့ ဗိုလ်ချုပ်တွေ၊ လူကြီးလူငယ်တွေ အားလုံးကို ခေါ်ပြီး၊+ ၉ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါဆီ တောင်းလျှောက်ပေးဖို့ ကျွန်တော့်ကို ခင်ဗျားတို့ စေလွှတ်ခဲ့တယ်။ ဘုရားပြောတာက– ၁၀ ‘ဒီပြည်မှာ ဆက်နေထိုင်မယ်ဆိုရင် မင်းတို့ကို မဖြိုချဘဲ ငါတည်ဆောက်ပေးမယ်။ မနုတ်ပစ်ဘဲ စိုက်ပျိုးမယ်။ မင်းတို့အပေါ် ဘေးဆိုး ကျရောက်စေခဲ့တဲ့အတွက် ငါစိတ်မကောင်း ဖြစ်မိမယ်။+ ၁၁ ဗာဗုလုန်ဘုရင်ကို မကြောက်ကြနဲ့။’+
“ယေဟောဝါ ပြောမယ်– ‘သူ့ကို မကြောက်ကြနဲ့။ သူ့လက်ကနေ မင်းတို့ကို ကယ်တင်ဖို့၊ ကယ်ဆယ်ဖို့ မင်းတို့နဲ့အတူ ငါရှိတယ်။ ၁၂ မင်းတို့ကို ငါကရုဏာပြမယ်။+ သူ ကရုဏာသက်ပြီး မင်းတို့ကို နေရင်းပြည်ဆီ ပြန်ပို့မယ်။
၁၃ “‘ဒါပေမဲ့ “ဒီပြည်မှာ မနေဘူး” လို့မင်းတို့ပြောပြီး ယေဟောဝါရဲ့စကားကို မနာခံဘူးဆိုရင်၊ ၁၄ “အီဂျစ်ပြည်ကိုပဲ သွားမယ်။+ အဲဒီမှာ စစ်ပွဲကို မြင်ရမှာ မဟုတ်ဘူး။ တံပိုးမှုတ်သံကို ကြားရမှာ မဟုတ်ဘူး။ အစားအစာငတ်မှာ မဟုတ်ဘူး။ အဲဒီမှာပဲ နေကြမယ်” လို့ပြောမယ်ဆိုရင်၊ ၁၅ ယုဒအကြွင်းအကျန်တို့၊ ယေဟောဝါရဲ့စကားကို နားထောင်ကြပါ။ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– “အီဂျစ်ပြည်မှာ သွားနေဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင်၊ ၁၆ ကြောက်စရာကောင်းတဲ့ ဓားဘေးက အီဂျစ်ပြည်မှာ မင်းတို့ကို လိုက်မီလိမ့်မယ်။ ကြောက်စရာကောင်းတဲ့ အငတ်ဘေးက အီဂျစ်ပြည်အထိ လိုက်လာလိမ့်မယ်။ အဲဒီမှာ မင်းတို့ သေရလိမ့်မယ်။+ ၁၇ အီဂျစ်ပြည်မှာ သွားနေဖို့ စိတ်ပိုင်းဖြတ်ထားသူတွေဟာ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ သေဆုံးလိမ့်မယ်။ ငါကျရောက်စေမယ့် ဘေးဆိုးကနေ အသက်ရှင်လွတ်မြောက်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။”’
၁၈ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်– ‘ဂျေရုဆလင်မြို့သူမြို့သားတွေအပေါ် ငါအမျက်ဒေါသ သွန်းလောင်းခဲ့တယ်။+ မင်းတို့ အီဂျစ်ပြည်ကို သွားမယ်ဆိုရင်လည်း မင်းတို့အပေါ် ငါအမျက်ဒေါသ သွန်းလောင်းမယ်။ မင်းတို့ဟာ ကျိန်ဆဲစရာ၊ ကြောက်စရာ၊ ကျိန်စာတိုက်စရာ၊ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်သွားမယ်။+ ဒီပြည်ကို ပြန်မြင်ရတော့မှာ မဟုတ်ဘူး။’
၁၉ “ယုဒအကြွင်းအကျန်တို့၊ ခင်ဗျားတို့ကို ယေဟောဝါဘုရား ပြောတယ်။ အီဂျစ်ပြည်ကို မသွားနဲ့။ အခု ကျွန်တော်သတိပေးတာကို ကောင်းကောင်း မှတ်ထားကြ။ ၂၀ ကိုယ်လုပ်တဲ့အပြစ်ကြောင့် အသက်ပါ ဆုံးရှုံးနိုင်တယ်ဆိုတာကိုလည်း မှတ်ထားကြ။ ‘ယေဟောဝါဘုရားဆီမှာ ကျွန်တော်တို့အတွက် ဆုတောင်းပေးပါ။ ယေဟောဝါဘုရား ပြောသမျှ ပြန်ပြောပြပါ။ အဲဒီအတိုင်း လုပ်ပါ့မယ်’ လို့ပြောပြီး ယေဟောဝါဘုရားဆီ တောင်းလျှောက်ပေးဖို့ ခင်ဗျားတို့ပဲ ကျွန်တော့်ကို စေလွှတ်ခဲ့တာ။+ ၂၁ အခု ယေဟောဝါဘုရားရဲ့စကားကို ကျွန်တော် ပြောပြပေမဲ့လည်း ခင်ဗျားတို့ နာခံမှာ မဟုတ်ဘူး။ ကျွန်တော်ကတစ်ဆင့် ပြောတဲ့အရာတွေကိုလည်း လုပ်ဆောင်မှာ မဟုတ်ဘူး။+ ၂၂ ဒါကြောင့် ခင်ဗျားတို့ သွားနေချင်တဲ့ပြည်မှာ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ သေဆုံးရမယ်ဆိုတာ အသေအချာ မှတ်ထားကြပါ။”+
၄၃ ယေရမိက လူတွေကို ယေဟောဝါဘုရားရဲ့စကား၊ ယေဟောဝါဘုရား မိန့်မှာသမျှကို ပြောပြပြီးတဲ့အခါ၊ ၂ ဟောရှာယရဲ့သား အာဇရိ၊ ကာရာရဲ့သား ယောဟနန်နဲ့+ ရောင့်တက်သူတွေက “ခင်ဗျား လိမ်ပြောနေတာ။ ယေဟောဝါဘုရားက ခင်ဗျားကို စေလွှတ်ပြီး ‘အီဂျစ်ပြည်မှာ သွားမနေကြနဲ့’ လို့ပြောခိုင်းမှာ မဟုတ်ဘူး။ ၃ တကယ်တော့ နေရိယရဲ့သား ဗာရုတ်က+ ခင်ဗျားကို သွေးထိုးပေးနေတာ။ ခါလဒဲလူတွေလက်ချက်နဲ့ ကျွန်တော်တို့ သေသွားအောင် ဒါမှမဟုတ် ဗာဗုလုန်ဆီ ပြည်နှင်ခံရအောင် လုပ်နေတာ” လို့ ယေရမိကို ပြောကြတယ်။+
၄ ကာရာရဲ့သား ယောဟနန်၊ ဗိုလ်ချုပ်တွေနဲ့ လူတွေက ယုဒပြည်မှာ ဆက်နေထိုင်ကြဆိုတဲ့ ယေဟောဝါရဲ့ စကားကို မနာခံကြဘူး။ ၅ ကာရာရဲ့သား ယောဟနန်နဲ့ ဗိုလ်ချုပ်တွေက တကွဲတပြား ရောက်သွားတဲ့နေရာကနေ ယုဒပြည်မှာ နေထိုင်ဖို့ပြန်လာတဲ့ ယုဒအကြွင်းအကျန်တွေကို ခေါ်သွားတယ်။+ ၆ ယောက်ျား၊ မိန်းမ၊ ကလေးတွေနဲ့ ဘုရင့်သမီးတော်တွေအပြင် ရှာဖန်ရဲ့မြေး+ အဟိကံရဲ့သား+ ဂေဒလိဆီမှာ+ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်+ ချန်ထားခဲ့သူအားလုံးကို ခေါ်သွားတယ်။ ပရောဖက် ယေရမိနဲ့ နေရိယရဲ့သား ဗာရုတ်ကိုလည်း ခေါ်သွားတယ်။ ၇ သူတို့က ယေဟောဝါရဲ့စကားကို မနာခံဘဲ အီဂျစ်ပြည်ကို သွားတယ်။ တာပနက်မြို့အထိ+ ရောက်လာကြတယ်။
၈ တာပနက်မြို့မှာ ယေဟောဝါက ယေရမိကို ပြောတယ်– ၉ “ကျောက်တုံးကြီးတွေကို ယူပြီး တာပနက်မြို့မှာရှိတဲ့ ဖာရောရဲ့နန်းတော်အဝင်ဝက အုတ်ခင်းလမ်းမှာ မြှုပ်ထားပြီး အင်္ဂတေနဲ့ မံလိုက်ပါ။ ဒါကို ဂျူးတွေမြင်အောင် လုပ်ပါ။ ၁၀ ပြီးတော့ သူတို့ကို ပြောလိုက်– ‘အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက “ငါ့ကျွန်ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို ငါစေလွှတ်မယ်။+ ငါမြှုပ်လိုက်တဲ့ ဒီကျောက်တုံးတွေပေါ် ရာဇပလ္လင်ကို သူတည်မယ်။ တဲနန်းကိုလည်း တည်ဆောက်လိမ့်မယ်။+ ၁၁ အီဂျစ်ပြည်ကို သူလာတိုက်ခိုက်လိမ့်မယ်။+ ရောဂါဆိုးနဲ့ သေထိုက်သူတိုင်း ရောဂါဆိုးနဲ့ သေလိမ့်မယ်။ သုံ့ပန်းဘဝ ရောက်ထိုက်သူတိုင်း သုံ့ပန်းဘဝရောက်လိမ့်မယ်။ ဓားဘေးနဲ့ သေထိုက်သူတိုင်း ဓားဘေးနဲ့ သေလိမ့်မယ်။+ ၁၂ အီဂျစ်ဘုရားကျောင်းတွေကို ငါမီးရှို့ပစ်မယ်။+ အဲဒါတွေကို သူမီးရှို့ပြီး ဘုရားရုပ်တုတွေကို သယ်သွားလိမ့်မယ်။ သိုးထိန်းက ဝတ်ရုံကိုခြုံသလို သူက အီဂျစ်ပြည်ကို လွှမ်းခြုံလိမ့်မယ်။ ပြီးတော့ အဲဒီကနေ အေးအေးဆေးဆေး ထွက်သွားလိမ့်မယ်။ ၁၃ အီဂျစ်ပြည်မှာရှိတဲ့ ဗက်ရှေမက်မြို့ရဲ့တိုင်တွေကို အပိုင်းပိုင်း ချိုးလိမ့်မယ်။ အီဂျစ်ဘုရားကျောင်းတွေကို မီးရှို့လိမ့်မယ်။”’”
၄၄ အီဂျစ်ပြည်၊+ မိဂဒေါလအရပ်၊+ တာပနက်မြို့၊+ နောဖမြို့နဲ့+ ပါသရုအရပ်မှာ+ နေထိုင်တဲ့ ဂျုးအားလုံးအတွက် ယေရမိဆီ စကားတော် ရောက်လာတယ်။ ၂ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘ဂျေရုဆလင်နဲ့ ယုဒမြို့တွေအပေါ် ငါဘေးဆိုး ကျရောက်စေခဲ့တာကို မင်းတို့ မြင်ခဲ့ပြီ။+ အခု၊ အဲဒီမြို့တွေ ပျက်စီးသွားပြီ။ နေထိုင်သူတစ်ယောက်မှ မရှိတော့ဘူး။+ ၃ မင်းတို့က ကိုယ်တိုင်ရော ဘိုးဘေးတွေပါ မသိတဲ့ ဘုရားတွေကို သွားဝတ်ပြုပြီး ယဇ်ပူဇော်ကြတယ်။+ အဲဒီလို မကောင်းတာတွေ လုပ်ပြီး ငါ့ကို စိတ်ဆိုးစေတဲ့အတွက် အဲဒီလိုကြုံရတာ။+ ၄ ငါ့ကျွန်ပရောဖက်တွေကို အကြိမ်ကြိမ် စေလွှတ်ပြီး “ငါမုန်းတဲ့ ဒီလိုရွံရှာဖွယ်လုပ်ရပ်တွေကို မလုပ်ပါနဲ့” လို့ တားခဲ့တယ်။+ ၅ ဒါပေမဲ့ မင်းတို့ နားမထောင်ဘူး။ နားမစွင့်ဘူး။ တခြားဘုရားတွေဆီ ယဇ်မပူဇော်ဖို့၊ မကောင်းမှုတွေစွန့်ဖို့ မကြိုးစားကြဘူး။+ ၆ ဒါကြောင့် ယုဒမြို့တွေ၊ ဂျေရုဆလင်ရဲ့ လမ်းတွေမှာ ငါ့အမျက်ဒေါသကို သွန်းလောင်းခဲ့တဲ့အတွက် အဲဒီနေရာတွေဟာ အခုလို ပျက်စီးနေတဲ့ လွင်တီးခေါင် ဖြစ်နေပြီ။’+
၇ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘ကိုယ့်အပေါ် ဘေးဆိုးကျရောက်အောင် ဘာလို့လုပ်နေကြတာလဲ။ အဲဒီဘေးဆိုးကြောင့် ယုဒအမျိုး ယောက်ျား၊ မိန်းမ၊ ကလေး၊ နို့စို့ကလေးပါမကျန် အားလုံး ပျက်စီးကြလိမ့်မယ်။ ၈ ကိုယ်နေထိုင်ရာ အီဂျစ်ပြည်မှာရှိတဲ့ တခြားဘုရားတွေဆီ ယဇ်ပူဇော်ပြီး ကိုယ့်လက်နဲ့ လုပ်တဲ့အရာတွေနဲ့ ငါ့ကိုစိတ်ဆိုးအောင် ဘာလို့လုပ်နေတာလဲ။ မင်းတို့ ပျက်စီးသွားလိမ့်မယ်။ ကမ္ဘာပေါ်က လူမျိုးတွေအလယ်မှာ ကျိန်ဆဲစရာ၊ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်သွားလိမ့်မယ်။+ ၉ ယုဒပြည်နဲ့ ဂျေရုဆလင်ရဲ့လမ်းတွေမှာ ဘိုးဘေးတွေ၊ ယုဒဘုရင်တွေ၊+ မိဖုရားတွေအပါအဝင်+ မင်းတို့ကိုယ်တိုင်နဲ့ ဇနီးတွေ လုပ်ခဲ့တဲ့ ဆိုးညစ်တဲ့ အကျင့်တွေကို+ မေ့သွားကြပြီလား။ ၁၀ မင်းတို့က ဒီနေ့အထိ နှိမ့်ချစိတ်၊ ကြောက်စိတ် မရှိကြဘူး။+ မင်းတို့နဲ့ ဘိုးဘေးတွေကို ငါပေးထားတဲ့ ပညတ်တွေ၊ ဥပဒေတွေကို မလိုက်လျှောက်ကြဘူး။’+
၁၁ “ဒါကြောင့် အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘မင်းတို့အပေါ် ဘေးဆိုးကျရောက်စေဖို့၊ ယုဒတစ်မျိုးလုံးကို ဖျက်ဆီးဖို့ ငါစိတ်ပိုင်းဖြတ်လိုက်ပြီ။ ၁၂ အီဂျစ်ပြည်မှာ သွားနေထိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ယုဒအကြွင်းအကျန်အားလုံးကို အီဂျစ်ပြည်မှာပဲ ပျက်စီးဆုံးပါးသွားအောင် ငါလုပ်မယ်။+ သူတို့ ဓားဘေးနဲ့ ကျဆုံးလိမ့်မယ်။ အငတ်ဘေးနဲ့ ပျက်စီးလိမ့်မယ်။ လူကြီးလူငယ်မရွေး အားလုံးဟာ ဓားဘေး၊ အငတ်ဘေးနဲ့ သေဆုံးရလိမ့်မယ်။ ကျိန်ဆဲစရာ၊ ကြောက်လန့်စရာ၊ ကျိန်စာတိုက်စရာ၊ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်သွားမယ်။+ ၁၃ ဂျေရုဆလင်ကို ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ ဒဏ်ပေးခဲ့သလို အီဂျစ်ပြည်မှာ နေထိုင်သူတွေကိုလည်း ငါဒဏ်ပေးမယ်။+ ၁၄ အီဂျစ်ပြည်မှာ သွားနေထိုင်တဲ့ ယုဒအကြွင်းအကျန်တွေထဲမှာ အသက်ရှင်လွတ်မြောက်ပြီး ယုဒပြည်ကို ပြန်လာနိုင်မယ့်သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။ ပြန်လာပြီး နေထိုင်ဖို့ တောင့်တပေမဲ့ ပြန်လာနိုင်မှာ မဟုတ်ဘူး။ လူနည်းစုပဲ လွတ်မြောက်ပြီး ပြန်လာနိုင်မယ်။’”
၁၅ တခြားဘုရားတွေဆီ ကိုယ့်ဇနီးတွေ ယဇ်ပူဇော်နေမှန်း သိထားတဲ့ ယောက်ျားတွေ၊ အုပ်စုဖွဲ့ ပြီးရပ်နေတဲ့ မိန်းမတွေနဲ့ အီဂျစ်ပြည်+ ပါသရုအရပ်မှာ+ နေထိုင်သူ အားလုံးက– ၁၆ “ယေဟောဝါဘုရားနာမည်နဲ့ ခင်ဗျားဟောနေတာကို ကျုပ်တို့ နားမထောင်ဘူး။ ၁၇ ကျုပ်တို့ပြောတဲ့အတိုင်း လုပ်ကိုလုပ်မယ်။ ကောင်းကင်မိဖုရားအတွက်* ယဇ်ပူဇော်ပြီး သွန်းလောင်းရာအလှူတွေ ဆက်သမယ်။+ ယုဒမြို့တွေ၊ ဂျေရုဆလင်ရဲ့ လမ်းတွေမှာ ကျုပ်တို့နဲ့ ဘိုးဘေးတွေ၊ ဘုရင်တွေနဲ့ မင်းညီမင်းသားတွေ လုပ်ခဲ့သလိုပဲ လုပ်တော့မယ်။ အဲဒီတုန်းက ကျုပ်တို့ အဝစားသောက်ပြီး ကောင်းစားခဲ့ကြတယ်။ ဘာဘေးဆိုးမှလည်း မကြုံခဲ့ရဘူး။ ၁၈ ကောင်းကင်မိဖုရားဆီ ယဇ်မပူဇော်တော့တဲ့အချိန်၊ သွန်းလောင်းရာအလှူ မဆက်သတော့တဲ့ အချိန်ကစပြီး ကျုပ်တို့ အရာရာ ချို့တဲ့ခဲ့ရတယ်။ ဓားဘေး၊ အငတ်ဘေးနဲ့ ပျက်စီးခဲ့ရတယ်” ဆိုပြီး ယေရမိကို ပြောကြတယ်။
၁၉ မိန်းမတွေက “ကောင်းကင်မိဖုရားဆီ ကျွန်မတို့ ယဇ်ပူဇော်ပြီး သွန်းလောင်းရာအလှူ ဆက်သတုန်းက၊ မိဖုရားရဲ့ပုံတူ မုန့်တွေလုပ်ပြီး ပူဇော်ခဲ့တုန်းက၊ သွန်းလောင်းရာအလှူ ဆက်သခဲ့တုန်းက ကျွန်မတို့ယောက်ျားတွေရဲ့ သဘောတူညီချက်မပါဘဲ လုပ်ခဲ့လို့လား” ဆိုပြီး ပြောကြတယ်။
၂၀ အဲဒီလိုလာပြောတဲ့ ယောက်ျားတွေ၊ ဇနီးတွေ၊ လူတွေကို ယေရမိ ပြန်ပြောတာက– ၂၁ “ယုဒမြို့တွေ၊ ဂျေရုဆလင်ရဲ့ လမ်းတွေမှာ မင်းတို့နဲ့ ဘိုးဘေးတွေ၊ ဘုရင်တွေ၊ မင်းညီမင်းသားတွေနဲ့ ပြည်သူပြည်သားတွေ အဲဒီလို ယဇ်ပူဇော်ခဲ့ကြတာကို+ ယေဟောဝါဘုရား သတိမရဘဲ နေပါ့မလား။ ပြန်အမှတ်မရဘဲ နေပါ့မလား။ ၂၂ မင်းတို့ရဲ့မကောင်းတဲ့အကျင့်တွေ၊ ရွံမုန်းစရာလုပ်ရပ်တွေကို ယေဟောဝါဘုရား သည်းမခံနိုင်တော့တဲ့အဆုံး မင်းတို့ရဲ့တိုင်းပြည်ဟာ အခုလို နေထိုင်သူမရှိဘဲ ပျက်ယွင်းနေတဲ့နေရာ၊ ကြောက်လန့်စရာ၊ ကျိန်ဆဲစရာ ဖြစ်ခဲ့ရတယ်။+ ၂၃ မင်းတို့ ယဇ်တွေပူဇော်တဲ့အတွက်၊ ပညတ်တွေ၊ ဥပဒေတွေ၊ သတိပေးချက်တွေကို မလိုက်နာဘဲ ယေဟောဝါဘုရားကို ပြစ်မှားပြီး ယေဟောဝါရဲ့ စကားကို မနာခံခဲ့တဲ့အတွက် အခုလို ဘေးဆိုးကြုံရတာ။”+
၂၄ ယေရမိက လူတွေ၊ မိန်းမတွေကို ဆက်ပြောတယ်– “အီဂျစ်ပြည်မှာရှိတဲ့ ယုဒလူအပေါင်းတို့၊ ယေဟောဝါဘုရားရဲ့စကားကို နားထောင်ကြ။ ၂၅ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘မင်းတို့နဲ့ မင်းတို့ရဲ့ဇနီးတွေဟာ ကိုယ်ပြောတဲ့အတိုင်း လုပ်ခဲ့ကြတယ်။ “ကောင်းကင်မိဖုရားဆီ ယဇ်ပူဇော်ပြီး သွန်းလောင်းရာအလှူတွေ ဆက်သမယ်ဆိုတဲ့ သစ္စာကတိအတိုင်း လုပ်ကိုလုပ်မယ်” လို့ပြောကြတယ်။+ မိန်းမတို့၊ မင်းတို့ရဲ့သစ္စာကတိအတိုင်း လုပ်ကိုလုပ်ရလိမ့်မယ်။’
၂၆ “ဒါကြောင့် အီဂျစ်ပြည်မှာနေထိုင်တဲ့ ယုဒလူအပေါင်းတို့၊ ယေဟောဝါရဲ့စကားကို နားထောင်ကြပါ။ ‘ယေဟောဝါဘုရား ပြောတယ်– “ငါ့ရဲ့ကြီးမြတ်တဲ့နာမည်ကို တိုင်တည်ပြီး ငါကျိန်ဆိုမယ်။ အီဂျစ်ပြည်မှာရှိတဲ့ ယုဒလူတစ်ယောက်ကမှ ငါ့နာမည်သုံးပြီး+ ‘အချုပ်အခြာအာဏာပိုင်ရှင်၊ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ပြောမယ်’ လို့ ပြောခွင့်ရတော့မှာ မဟုတ်ဘူး။+ ၂၇ အခု၊ သူတို့ကို ကောင်းကျိုးဖြစ်စေဖို့ မဟုတ်ဘဲ ဘေးဆိုးကျရောက်စေဖို့ ငါစောင့်ကြည့်နေမယ်။+ အီဂျစ်ပြည်မှာရှိတဲ့ ယုဒလူတွေ တစ်ယောက်မကျန် ဓားဘေး၊ အငတ်ဘေးနဲ့ ပျက်စီးသွားလိမ့်မယ်။+ ၂၈ လူနည်းစုလေးပဲ ဓားဘေးကနေ လွတ်မြောက်ပြီး ယုဒပြည်ကို ပြန်လာကြလိမ့်မယ်။+ အဲဒီအခါ အီဂျစ်ပြည်မှာ လာနေထိုင်တဲ့ ယုဒအကြွင်းအကျန်တွေက ငါပြောတာ မှန်သလား၊ သူတို့ပြောတာ မှန်သလားဆိုတာ သိရလိမ့်မယ်။”’”
၂၉ “ယေဟောဝါ ပြောမယ်– ‘ဒီနေရာမှာ မင်းတို့ကို ငါဒဏ်ပေးမယ်။ ဒါမှ ဘေးဆိုး ကျရောက်စေမယ်လို့ ငါပြောခဲ့တဲ့အတိုင်း ကျိန်းသေ ပြည့်စုံလာမယ်ဆိုတာ မင်းတို့သိလာမယ်။ အဲဒါနဲ့ပတ်သက်ပြီး နိမိတ်တစ်ခု ငါပေးမယ်– ၃၀ “အသက်အန္တရာယ်ပေးချင်တဲ့ ရန်သူတွေလက်ထဲ အီဂျစ်ဘုရင် ဖာရောဟောဖရာကို ငါအပ်မယ်။ အသက်အန္တရာယ်ပေးချင်တဲ့ ရန်သူ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ ယုဒဘုရင် ဇေဒကိကို ငါအပ်ခဲ့သလိုပေါ့”+ လို့ ယေဟောဝါ ပြောတယ်။’”
၄၅ ယောရှိရဲ့သား ယုဒဘုရင် ယောယကိမ် နန်းစံလေးနှစ်မှာ+ နေရိယရဲ့သား ဗာရုတ်က+ ပရောဖက်ယေရမိ နှုတ်တိုက်ချပေးတာကို စာအုပ်ထဲမှာ လိုက်ရေးတယ်။+ အဲဒီအချိန်မှာ ဗာရုတ်ကို ယေရမိ ပြောတာက–
၂ “ဗာရုတ်၊ ခင်ဗျားနဲ့ပတ်သက်ပြီး အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတယ်– ၃ ‘ခင်ဗျားက “ငါ့အဖြစ် ဆိုးလိုက်တာ။ ငါ့ဝေဒနာပေါ်မှာ ဝမ်းနည်းပူဆွေးမှုကို ယေဟောဝါဘုရား ထပ်ဆင့်လိုက်ပြီ။ ငါ့မှာ ညည်းတွားရလွန်းလို့ ပင်ပန်းလှပြီ။ နားခိုတဲ့နေရာကို ရှာမတွေ့ပါလား” လို့ပြောတယ်။’
၄ “ဗာရုတ်ကို ပြောလိုက်ပါ။ ‘ယေဟောဝါက “ငါတည်ဆောက်ခဲ့တဲ့အရာကို ဖြိုချမယ်။ ငါစိုက်ပျိုးခဲ့တဲ့အရာကို နုတ်ပစ်မယ်။ တစ်ပြည်လုံးကို အဲဒီလိုလုပ်မယ်။+ ၅ မင်းက ကြီးမြတ်တဲ့အရာတွေကို ရှာနေတယ်။ အဲဒါတွေကို ဆက်မရှာပါနဲ့တော့” လို့ ပြောတယ်။’
“‘လူအားလုံးအပေါ် ငါဘေးဆိုး ကျရောက်စေတော့မယ်။+ ဒါပေမဲ့ မင်း ဘယ်သွားသွား မင်းအသက်ကို တိုက်ရာပါဥစ္စာလို ငါပေးမယ်’*+ လို့ ယေဟောဝါ ပြောတယ်။”
၄၆ လူမျိုးတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ စကားတော် ပရောဖက်ယေရမိဆီ ရောက်လာတယ်။+ ၂ အီဂျစ်နဲ့ပတ်သက်ပြီး၊+ ယောရှိရဲ့သား ယုဒဘုရင် ယောယကိမ် နန်းစံလေးနှစ်၊+ ယူဖရေးတီးမြစ်အနီး ခါခေမိတ်မြို့မှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို စစ်ရှုံးသွားတဲ့ အီဂျစ်ဘုရင် ဖာရောနေခေါရဲ့ စစ်တပ်နဲ့ပတ်သက်ပြီး+ ပြောတာက–
၃ “ဒိုင်းလွှားကြီး၊ ဒိုင်းလွှားငယ်တွေကို အသင့်ပြင်ပြီး စစ်ချီကြ။
၄ မြင်းစီးသူရဲတို့၊ မြင်းတွေကို အသင့်ပြင်ပြီး စီးကြ။
နေရာယူပြီး သံခမောက်တွေ ဆောင်းထားကြ။
လှံရှည်တွေ သွေးကြ။ သံချပ်အင်္ကျီတွေ ဝတ်ကြ။
၅ ယေဟောဝါ ပြောတာက–
‘သူတို့ ကြောက်ရွံ့ထိတ်လန့်နေတာကို ငါဘာလို့ မြင်နေရတာလဲ။
သူတို့ တပ်ဆုတ်သွားကြပြီ။ စစ်သူရဲတွေ ချေမှုန်းခံလိုက်ရပြီ။
စစ်သူရဲတွေ ထိတ်ထိတ်ပျာပျာ ဖြစ်ပြီး နောက်မလှည့်စတမ်း ထွက်ပြေးကုန်ပြီ။
နေရာတကာမှာ ကြောက်စရာတွေ ချည်းပဲ။’
၆ ‘အပြေးမြန်သူတောင် မပြေးနိုင်တော့ဘူး။
စစ်သူရဲတွေတောင် မလွတ်မြောက်နိုင်ဘူး။
မြောက်အရပ်က ယူဖရေးတီးမြစ်ကမ်းမှာ တိုက်မိပြီး လဲကျကုန်ပြီ။’+
၇ နိုင်းမြစ်လို၊ ဟုန်းဟုန်းထတဲ့ မြစ်ရေလို
ချီတက်လာနေတာ ဘယ်သူလဲ။
၈ နိုင်းမြစ်လို၊ ဟုန်းဟုန်းထတဲ့ မြစ်ရေလို
ချီတက်လာနေတာ အီဂျစ်ပဲ။+
‘ငါတက်သွားပြီး မြေတစ်ပြင်လုံးကို လွှမ်းမိုးမယ်။
မြို့ကိုရော မြို့သားတွေကိုပါ ဖျက်ဆီးမယ်’ လို့ သူပြောတယ်။
၉ မြင်းတို့၊ တက်သွားကြ။
မြင်းရထားတို့၊ ဒုန်းစိုင်းနှင်ကြ။
ဒိုင်းလွှားကိုင်စစ်သည် ကုရှနဲ့* ဖုတလူမျိုးတွေ ချီတက်ကြပါစေ။+
လေးသည်တော် လုဒိမ်လူမျိုးတွေ+ ချီတက်ကြပါစေ။+
၁၀ “အဲဒီနေ့ဟာ အချုပ်အခြာအာဏာကို ပိုင်ဆိုင်တဲ့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့နေ့၊ ရန်သူတွေကို လက်စားချေတဲ့နေ့ပဲ။ ဓားဟာ သူတို့ရဲ့အသားကို အဝစားပြီး သွေးကို အဝသောက်လိမ့်မယ်။ အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက ယူဖရေးတီးမြစ်နားမှာရှိတဲ့ မြောက်အရပ်ကပြည်မှာ ယဇ်ပွဲကို ပြင်ဆင်ထားတယ်။+
မင်းကို နည်းအမျိုးမျိုးနဲ့ ကုသပေမဲ့ အလကားပဲ။
မင်းအတွက် ဆေးမရှိဘူး။+
၁၂ မင်း အရှက်တကွဲ ဖြစ်သွားတဲ့အကြောင်း လူမျိုးတွေ ကြားကုန်ပြီ။+
မင်းရဲ့အော်ဟစ်သံ တစ်ပြည်လုံး ညံနေပြီ။
စစ်သူရဲတွေ အချင်းချင်း တိုက်မိပြီး လဲကျကုန်ပြီ။”
၁၃ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက အီဂျစ်ပြည်ကို လာတိုက်မယ့်အကြောင်း ပရောဖက်ယေရမိကို ယေဟောဝါ ပြောတယ်–+
၁၄ “ဒီအကြောင်းကို အီဂျစ်မှာ ကြေညာကြ။ မိဂဒေါလမြို့မှာ ကြွေးကြော်ကြ။+
နောဖမြို့နဲ့ တာပနက်မြို့မှာ ကြွေးကြော်ကြ။+
‘ဓားက မင်းရဲ့ပတ်လည်ကို ဝါးမျိုတော့မှာဖြစ်လို့
နေရာယူပြီး အသင့်ပြင်ကြ။
၁၅ မင်းရဲ့ အစွမ်းတန်ခိုးကြီးသူတွေ ဘာလို့ တိုက်ချခံရတာလဲ။
ယေဟောဝါ တွန်းချလိုက်တဲ့အတွက် သူတို့ မရပ်တည်နိုင်ကြဘူး။
၁၆ တိုက်မိပြီး လဲကျသူတွေ အများကြီးပဲ။
“ထကြ။ ရက်စက်တဲ့ဓားကြောင့်
ကိုယ့်လူမျိုးတွေဆီ၊ နေရင်းပြည်ဆီ ပြန်ကြစို့” လို့
အချင်းချင်း ပြောနေကြတယ်။’
၁၇ ‘အီဂျစ်ဘုရင်ဖာရောဟာ
အခွင့်အရေးကို လက်လွတ်ခံတဲ့ အပြောကြီးသူပဲ’ ဆိုပြီး အဲဒီမှာ ကြွေးကြော်နေကြ တယ်။+
၁၈ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆိုတဲ့နာမည်ကို ပိုင်ဆိုင်တဲ့ဘုရင် ပြောတယ်–
‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။
တောင်တန်းတွေအလယ်က တာဗော်တောင်လို၊+ ပင်လယ်နားက ကရမေလတောင်လို+ သူ* ရောက်လာတော့မယ်။
၁၉ အီဂျစ်မှာနေထိုင်တဲ့ သမီးပျို၊
ပြည်နှင်ဒဏ်ခံဖို့ အထုပ်အပိုး ပြင်ပါ။
နောဖမြို့ဟာ ကြောက်စရာကောင်းတဲ့နေရာ ဖြစ်သွားလိမ့်မယ်။ မီးရှို့ခံရလိမ့်မယ်။*
နေထိုင်သူရှိတော့မှာ မဟုတ်ဘူး။+
၂၀ အီဂျစ်ဟာ လှပတဲ့ နွားမပျိုနဲ့ တူတယ်။
ဒါပေမဲ့ မြောက်အရပ်ကနေ အဆိပ်ရှိတဲ့ ယင်ကောင်တွေ သူ့ကို လာကိုက်လိမ့်မယ်။
၂၁ သူ့ဆီမှာရှိတဲ့ အငှားစစ်သည်တွေဟာ
ဆူဖြိုးတဲ့ နွားကလေးတွေနဲ့ တူတယ်။
ဒါပေမဲ့ သူတို့ နောက်လှည့်ပြေးကြပြီ။
မရပ်တည်နိုင်ကြဘူး။+
သူတို့ ဒုက္ခရောက်မယ့်နေ့၊ စစ်ဆေးခံရမယ့်အချိန် ရောက်လာပြီ။’
၂၂ ‘သူ့အသံဟာ လျှောခနဲပြေးတတ်တဲ့မြွေ တွန်သံလိုပဲ။
ရန်သူတွေက သစ်ခုတ်သမားတွေလို ပုဆိန်ကိုင်ပြီး နောက်ကနေ အုပ်လိုက် ပြေးလာနေပြီ။
၂၃ သူတို့က မထိုးဖောက်နိုင်ဘူးလို့ထင်ရတဲ့ သူ့သစ်တောကို ခုတ်လှဲလိမ့်မယ်။
သူတို့ဟာ ကျိုင်းကောင်တွေထက် များတယ်။ မရေတွက်နိုင်အောင်ပဲ’ လို့ ယေဟောဝါ ပြောတယ်။
၂၄ ‘အီဂျစ်သမီးပျို အရှက်ကွဲသွားလိမ့်မယ်။
မြောက်အရပ်က လူတွေလက်ထဲ ရောက်သွားလိမ့်မယ်။’+
၂၅ “‘နောမြို့*+ မှာရှိတဲ့ အာမုန်ဘုရား၊+ အီဂျစ်ပြည်၊ အီဂျစ်နတ်ဘုရား၊+ ဘုရင်တွေအပါအဝင် ဖာရောနဲ့ သူ့ကိုကိုးစားသူအားလုံးကို+ ငါအရေးယူမယ်’ လို့ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၂၆ “‘အသက်အန္တရာယ်ရှာကြံသူတွေ လက်ထဲ၊ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနဲ့+ သူ့အမှုထမ်းတွေလက်ထဲ သူတို့ကို ငါအပ်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အီဂျစ်ပြည်မှာ အရင်လိုပဲ လူတွေ ပြန်နေထိုင်ကြလိမ့်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။+
၂၇ ‘ငါ့ကျွန်ယာကုပ်၊ မကြောက်နဲ့။
အစ္စရေး၊ မထိတ်လန့်နဲ့။+
မင်းကို ဝေးလံတဲ့နေရာကနေ၊
မင်းရဲ့မျိုးနွယ်ကို သုံ့ပန်းဘဝ ရောက်သွားတဲ့ ပြည်ကနေ ငါကယ်တင်မယ်။+
ယာကုပ်ဟာ ပြန်လာပြီး အနှောင့်အယှက်မရှိဘဲ စိတ်အေးလက်အေး နေရလိမ့်မယ်။
ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။+
၂၈ ဒါကြောင့် ငါ့ကျွန်ယာကုပ်၊ မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။
မင်းတို့ တကွဲတပြား ရောက်သွားတဲ့ တိုင်းနိုင်ငံတွေကို အစတုံးဖျက်ဆီးမယ်။+
မင်းတို့ကိုတော့ အစတုံးဖျက်ဆီးမှာ မဟုတ်ဘူး။+
တော်သင့်ရုံပဲ ဆုံးမမယ်။+
အပြစ်မပေးဘဲနဲ့တော့ မနေဘူး။’ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။”
၄၇ ဂါဇာမြို့ကို ဖာရော မတိုက်ခိုက်ခင် ဖိလိတိလူမျိုးတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့စကားတော် ပရောဖက်ယေရမိဆီ ရောက်လာတယ်။+ ၂ ယေဟောဝါ ပြောတာက–
“မြောက်အရပ်ကနေ ရေတွေ စီးလာပြီး
တောင်ကျချောင်းကြီး ဖြစ်သွားမယ်။
တိုင်းပြည်နဲ့ တိုင်းပြည်မှာရှိသမျှ၊
မြို့နဲ့ မြို့သားရှိသမျှ ရေလွှမ်းမိုးသွားလိမ့်မယ်။
လူတွေ အော်ဟစ်ကြလိမ့်မယ်။
ပြည်မှာနေထိုင်သူတိုင်း ငိုကြွေးမြည်တမ်းကြလိမ့်မယ်။
ဖခင်တွေဟာ လက်ပျော့ခွေပြီး သားတွေကိုတောင် ပြန်လှည့်ကြည့်နိုင်မှာ မဟုတ်ဘူး။
၄ ဖိလိတိလူတွေကို ဖျက်ဆီးမယ့်နေ့ ရောက်လာတော့မယ်။+
တိုင်ရာနဲ့+ ဆိုင်ဒုန်မြို့မှာရှိတဲ့+ မဟာမိတ် အကြွင်းအကျန်တွေကို ပယ်ရှင်းမယ်။
ကတ္တောရကျွန်း*+ မှာရှိတဲ့ ဖိလိတိလူ အကြွင်းအကျန်တွေကို
ယေဟောဝါ ဖျက်ဆီးမယ်။
၅ ဂါဇာမြို့ ခေါင်းပြောင်သွားလိမ့်မယ်။*
အာရှကေလုန်မြို့ နှုတ်ဆိတ်သွားလိမ့်မယ်။+
ချိုင့်ဝှမ်းလွင်ပြင်မှာ ကျန်ကြွင်းသူတို့၊
ကိုယ့်အသားကို ဘယ်အချိန်အထိ မွှန်းနေမှာလဲ။+
ဓားအိမ်ထဲ ပြန်ဝင်ပါတော့။
အနားယူပြီး တိတ်တိတ်နေပါတော့။
၇ ယေဟောဝါ အမိန့်ပေးထားမှတော့
ဘယ်လိုလုပ်ပြီး ငြိမ်ငြိမ်နေနိုင်မှာလဲ။
အာရှကေလုန်နဲ့ ပင်လယ်ကမ်းရိုးတန်းကို တိုက်ဖို့+
သူ့ကို ငါခန့်ထားတယ်။”
၄၈ မောဘနဲ့ပတ်သက်ပြီး+ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတယ်–
“နေဗောမြို့ အဖြစ်ဆိုးလိုက်တာ။+ ဖျက်ဆီးခံရလိုက်ရပြီပဲ။
ကိရယသိမ်မြို့ဟာ+ အရှက်ကွဲသွားပြီ။ သိမ်းပိုက်ခံလိုက်ရပြီ။
လုံခြုံတဲ့ခိုလှုံရာဟာ အရှက်ကွဲသွားပြီ။ ခွဲခြေခံလိုက်ရပြီ။+
၂ မောဘကို ချီးမွမ်းကြတော့မှာ မဟုတ်ဘူး။
ရန်သူတွေက ‘လာကြ။ သူ မျိုးပြုတ်သွားအောင် ဇာတ်သိမ်းပစ်ကြစို့’ လို့ပြောပြီး
မောဘကျဆုံးသွားအောင် ဟေရှဘုန်မြို့မှာ+ ကြံစည်ကြတယ်။
မာဒမေနမြို့၊ တိတ်တိတ်လေး နေစမ်းပါ။
မင်းနောက်ကို ဓားဘေး လိုက်နေပြီ။
၄ မောဘ ပျက်စီးသွားပြီ။
သူ့ကလေးငယ်တွေ ငိုကြွေးနေပြီ။
၅ သူတို့က ငိုကြွေးရင်း လုဟိတ်မြို့ကို တက်သွားကြတယ်။
ဟောရနိမ်မြို့ အဆင်းလမ်းမှာ
ဘေးဆိုးကြောင့် အော်ဟစ်ငိုကြွေးသံကို ကြားနေရတယ်။+
၆ အသက်လွတ်အောင် ပြေးပေတော့။
တောကန္တာရထဲက ဂျူနီပါထင်းရှူးပင်လို ဖြစ်ကြပါ။
၇ မင်းဟာ ကိုယ့်လုပ်ဆောင်မှုတွေ၊ အဖိုးတန်ရတနာတွေကို ကိုးစားတဲ့အတွက် သိမ်းပိုက်ခံရမယ်။
ခေမုရှဟာ+ ပုရောဟိတ်တွေ၊ အမှုထမ်းတွေနဲ့အတူ
ပြည်နှင်ဒဏ်ခံရမယ်။
၈ ဖျက်ဆီးသူက မြို့တိုင်းကို ရောက်လာလိမ့်မယ်။
တစ်မြို့မှ မလွတ်ဘူး။+
ယေဟောဝါ ပြောထားတဲ့အတိုင်း ချိုင့်ဝှမ်းလွင်ပြင်ဟာ ပျက်စီးသွားလိမ့်မယ်။
မြေပြန့်ဒေသကလည်း အစတုံး ဖျက်ဆီးခံရမယ်။
၉ မောဘအတွက် လမ်းပြမှတ်တိုင် စိုက်ထူကြ။
မောဘ ပျက်စီးပြီး ထွက်ပြေးသွားမယ်။
သူ့မြို့တွေဟာ ကြောက်လန့်စရာ ဖြစ်သွားမယ်။
နေထိုင်သူတစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။+
၁၀ ယေဟောဝါပေးတဲ့ တာဝန်ကို ပေါ့ပေါ့ဆဆ လုပ်ဆောင်သူ ကျိန်စာသင့်ပါစေ။
ဓားကို သွေးစွန်းအောင် မလုပ်တဲ့သူ ကျိန်စာသင့်ပါစေ။
၁၁ မောဘလူတွေဟာ ငယ်ငယ်ကတည်းက စိတ်အေးလက်အေး နေရတယ်။
ပြည်နှင်ဒဏ်လည်း မခံခဲ့ဖူးဘူး။
အနည်ထိုင်နေတဲ့ စပျစ်ဝိုင်လိုပဲ။
အိုးတစ်လုံးကနေ နောက်တစ်လုံးထဲ အလှယ်မခံခဲ့ရဘူး။
ဒါကြောင့် ဝိုင်အရသာဟာ အရင်အတိုင်းပဲ။
အနံ့လည်း မပြယ်ဘူး။
၁၂ “ယေဟောဝါ ပြောမယ်– ‘ငါ့လူတွေကို စေလွှတ်ပြီး သူတို့ကို မှောက်ပစ်မယ့်အချိန် ရောက်တော့မယ်။ အဲဒီလူတွေက သူတို့ကို မှောက်ပစ်လိမ့်မယ်။ သူတို့ရဲ့အိုးခွက်တွေကို သွန်ပစ်ပြီး အိုးကြီးတွေကို ရိုက်ခွဲမယ်။ ၁၃ အစ္စရေးအမျိုးက သူတို့ယုံကြည်အားထားတဲ့ ဗေသလကြောင့် အရှက်ကွဲရသလို မောဘလူတွေကလည်း ခေမုရှကြောင့် အရှက်ကွဲရကြလိမ့်မယ်။+
၁၄ “ငါတို့က စစ်တိုက်ဖို့ အသင့်ဖြစ်နေတဲ့ ခွန်အားကြီး စစ်သူရဲတွေပဲ” ဆိုပြီး မင်းတို့ မို့ ပြောရဲ တယ်။’+
၁၅ ‘မောဘ ဖျက်ဆီးခံရပြီ။
သူ့မြို့တွေ ကျူးကျော်ခံရပြီ။+
လက်ရွေးစင်လူငယ်တွေ အသတ်ခံရပြီ’+ လို့
ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆိုတဲ့ နာမည်ကို ပိုင်ဆိုင်တဲ့ဘုရင် ပြောတယ်။+
၁၆ မောဘလူတွေအပေါ် ဘေးဒုက္ခ ကျရောက်တော့မယ်။
သူတို့ရဲ့ကျဆုံးခန်း အမြန်လာနေပြီ။+
၁၇ ပတ်ဝန်းကျင်ကလူတွေ၊
သူတို့နာမည်ကို သိတဲ့လူတွေ ကိုယ်ချင်းစာကြလိမ့်မယ်။
‘ခွန်အားကြီးတဲ့ ကြိမ်လုံး၊ လှပတဲ့တောင်ဝှေး ကျိုးသွားပြီ’ လို့ ပြောကြပါ။
ဂုဏ်ကျက်သရေကို စွန့်လိုက်ပါ။ ရေငတ်ခံပြီး ထိုင်နေပါ။*
သူက မင်းရဲ့ခံတပ်မြို့တွေကို ဖျက်ဆီးလိမ့်မယ်။+
၁၉ အာရော်မြို့သားတို့၊+ လမ်းဘေးမှာ ရပ်ကြည့်နေပါ။
ထွက်ပြေးလာတဲ့ ယောက်ျား၊ လွတ်မြောက်လာတဲ့ မိန်းမကို ‘ဘာဖြစ်တာလဲ’ လို့မေးပါ။
၂၀ မောဘဟာ အရှက်ကွဲပြီး ထိတ်လန့်နေတယ်။
ငိုကြွေးမြည်တမ်းပြီး အော်ဟစ်ကြ။
မောဘ ပျက်စီးသွားပြီဆိုပြီး အာနုန်ချိုင့်ဝှမ်းမှာ+ ကြေညာကြ။
၂၁ “မြေပြန့်ဒေသမှာရှိတဲ့+ ဟောလုန်၊ ယာဟတ်၊+ မေဖတ်၊+ ၂၂ ဒိဘုန်၊+ နေဗော၊+ ဗက်ဒိဗလသိမ်၊ ၂၃ ကိရယသိမ်၊+ ဗက်ဂမုလ၊ ဗက်မောင်၊+ ၂၄ ကေရုတ်၊+ ဗောဇရမြို့၊ မောဘပြည်ရဲ့ ရပ်ဝေးရပ်နီးမြို့တွေအားလုံး တရားစီရင်ခံရတော့မယ်။
၂၅ ယေဟောဝါ ပြောမယ်– ‘မောဘရဲ့ အစွမ်းခွန်အား လျော့နည်းသွားပြီ။*
သူ့လက်ရုံး ကျိုးသွားပြီ။
၂၆ သူဟာ ယေဟောဝါထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့အတွက်+ သူ့ကို မူးအောင်တိုက်ကြပါ။+
မောဘဟာ အန်ဖတ်ထဲမှာ လူးနေပြီ။
လှောင်ပြောင်စရာ ဖြစ်နေပြီ။
၂၇ တစ်ချိန်က အစ္စရေးကို မင်း လှောင်ခဲ့တယ် မဟုတ်လား။+
မင်းက ခေါင်းတခါခါနဲ့ သူ့အကြောင်း မကောင်းပြောရအောင် သူဟာ သူခိုးကြံရာပါ မို့လို့လား။
၂၈ မောဘပြည်သားတို့၊ မြို့တွေကနေ ထွက်ပြီး ကျောက်ဆောင်ပေါ်မှာ နေထိုင်ကြပါ။
ချောက်ကမ်းပါးတွေမှာ အသိုက်လုပ်တဲ့ ချိုးငှက်လိုပေါ့။’”
၂၉ “မောဘရဲ့မာနအကြောင်း ငါတို့ကြားဖူးတယ်။
သူဟာ ထောင်လွှားပြီး မာနကြီးတယ်။ မောက်မာပြီး စိတ်နေမြင့်တယ်။”+
၃၀ “ယေဟောဝါ ပြောမယ်– ‘သူ ဒေါသထွက်နေမှန်း ငါသိတယ်။
ကြွားလုံးထုတ်နေပေမဲ့ အချည်းနှီးပဲ ဖြစ်လိမ့်မယ်။
ဘာကိုမှ ဟုတ်တိပတ်တိ လုပ်နိုင်မှာ မဟုတ်ဘူး။
၃၁ ဒါကြောင့် မောဘအတွက် ငါငိုကြွေးမြည်တမ်းမယ်။
မောဘတစ်မျိုးလုံးအတွက် အော်ဟစ်ငိုကြွေးမယ်။
ကိရဟရက်မြို့သားတွေအတွက် ညည်းတွားမယ်။+
မင်းရဲ့ဝေဆာနေတဲ့ အညွန့်တွေ ပင်လယ်ကို ကျော်သွားပြီ။
ပင်လယ်အထိ၊ ယာဇာမြို့အထိ ရောက်သွားပြီ။
မင်းရဲ့ နွေသီးနှံတွေ၊ ဆွတ်ခူးထားတဲ့ စပျစ်သီးတွေကို ဖျက်ဆီးမယ့်သူ ရောက်လာပြီ။+
၃၃ သစ်သီးခြံကနေ၊ မောဘပြည်ကနေ
ဝမ်းမြောက်ရွှင်လန်းမှုကို ဖယ်ရှားလိုက်ပြီ။+
စပျစ်ကျင်းမှာ စပျစ်ဝိုင် မရှိတော့အောင် ငါလုပ်လိုက်ပြီ။
ကြွေးကြော်ပြီး နင်းနယ်မယ့်သူ မရှိတော့ဘူး။
ထွက်ပေါ်နေတဲ့အသံဟာ ရွှင်လန်းတဲ့အသံတွေ မဟုတ်ဘူး။’”+
သူတို့ရဲ့အသံကို ယာဟတ်မြို့အထိ+ ကြားရတယ်။
ဇောရမြို့က ငိုကြွေးသံကို ဟောရနိမ်မြို့အထိ၊+ ဧဂလတ် ရှလိရှအရပ်အထိ ကြားရတယ်။
နိမရိမ်ချောင်းရေတောင် ခန်းခြောက်သွားလိမ့်မယ်။’+
၃၅ ယေဟောဝါ ပြောမယ်–
‘အထွတ်အမြတ်နေရာဆီ အလှူယူဆောင်လာသူ၊
နတ်ဘုရားဆီ ယဇ်ပူဇော်သူကို မောဘပြည်မှာ ငါပပျောက်စေမယ်။
၃၆ ဒါကြောင့် ငါ့ရင်ထဲမှာ မောဘအတွက် ပလွေသံလို ညည်းသံထွက်ပေါ်နေမှာ။+
ကိရဟရက်မြို့သားတွေအတွက် ပလွေသံလို ညည်းသံထွက်ပေါ်နေမှာ။
သူစုဆောင်းထားတဲ့ စည်းစိမ်တွေ ပျက်စီးသွားလို့ပေါ့။
၃၇ လူတိုင်း ခေါင်းတုံးတုံးပြီး+
မုတ်ဆိတ်ရိတ်ထားကြတယ်။
လက်တွေကို မွှန်းပြီး+
အထည်ကြမ်း ဝတ်ထား တယ်။’”+
၃၈ “ယေဟောဝါ ပြောမယ်–
‘စွန့်ပစ်ခံရတဲ့ ရေတကောင်းလို မောဘကို ငါခွဲလိုက်တဲ့အတွက်
မောဘရဲ့ အိမ်မိုးတွေ၊ လူထုရင်ပြင်တွေမှာ
ငိုကြွေးမြည်တမ်းသံကလွဲလို့
ဘာအသံမှ မကြားရတော့ဘူး။
၃၉ မောဘပြည်သားတို့၊ ငိုကြွေးမြည်တမ်းကြ။
မောဘဟာ တော်တော်ထိတ်လန့်နေပြီ။
ရှက်ရှက်နဲ့ လှည့်ထွက်သွားပြီ။
ပတ်ဝန်းကျင်က လူတွေအတွက် လှောင်ပြောင်စရာ၊ ထိတ်လန့်စရာ ဖြစ်သွားပြီ။’”
၄၀ “ယေဟောဝါ ပြောတာက–
‘သားကောင်ကို ထိုးသုတ်တဲ့ လင်းယုန်လို+
အတောင်ဖြန့်ပြီး မောဘကို ရန်သူထိုးသုတ်လိမ့်မယ်။+
၄၁ မြို့တွေ သိမ်းပိုက်ခံရပြီး
ရဲတိုက်တွေ သိမ်းယူခံရလိမ့်မယ်။
အဲဒီနေ့ရောက်ရင် မောဘစစ်သူရဲတွေဟာ
သားဖွားနေတဲ့မိန်းမလို ကြောက်လန့်နေကြလိမ့်မယ်။’”
၄၂ “‘မောဘဟာ ယေဟောဝါထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့အတွက်+
အမျိုးပြုတ်သွားအောင် ပယ်ရှင်းခံရမယ်။+
၄၃ အို မောဘပြည်သား၊ မင်းရှေ့မှာ ကြောက်လန့်စရာ၊
တွင်း၊ ထောင်ချောက် ရှိနေတယ်’ လို့ ယေဟောဝါ ပြောတယ်။
၄၄ ‘ကြောက်လို့ ထွက်ပြေးသူတွေ တွင်းထဲကျမယ်။
တွင်းထဲက တက်လာရင်လည်း ထောင်ချောက်မိမယ်။’
‘မောဘပြည်ကို ဒဏ်ပေးမယ့်နှစ် ရောက်စေမယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၄၅ ထွက်ပြေးသူတွေဟာ အားပြတ်ပြီး ဟေရှဘုန်မြို့ရဲ့ အရိပ်အောက် လာခိုကြတယ်။
ဟေရှဘုန်မြို့ကနေ မီးတွေ ထွက်လာမယ်။
ရှိဟုန်မြို့ထဲကနေ မီးလျှံတွေ ထွက်လာမယ်။+
မောဘရဲ့နဖူး၊
ဆူပူအုံကြွသူတွေရဲ့ခေါင်း မီးလောင်သွားလိမ့်မယ်။’+
၄၆ ‘အို မောဘ၊ အဖြစ်ဆိုးလှချေလား။
ခေမုရှရဲ့လူတွေ+ သေဆုံးကုန်ပြီ။
မင်းရဲ့သားတွေဟာ သုံ့ပန်းဖြစ်သွားပြီ။
သမီးတွေလည်း ပြည်နှင်ဒဏ်ခံရပြီ။+
၄၇ ဒါပေမဲ့ အဆုံးပိုင်းကာလမှာ မောဘသုံ့ပန်းတွေကို ငါပြန်စုသိမ်းမယ်။
ဒါတွေကတော့ မောဘခံရတဲ့ တရားစီရင်ချက်ပဲ။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”
၄၉ အမ္မုန်လူမျိုးနဲ့ပတ်သက်ပြီး+ ယေဟောဝါ ပြောတယ်–
“အစ္စရေးမှာ သားတွေ မရှိဘူးလား။
အမွေဆက်ခံမယ့်သူ မရှိဘူးလား။
မာလကုံက+ ဂဒ်နယ်မြေကို+ ဘာလို့ သိမ်းပိုက်ထားတာလဲ။
သူ့လူတွေက အစ္စရေးရဲ့မြို့တွေမှာ ဘာလို့ နေထိုင်နေတာလဲ။”
၂ “ငါယေဟောဝါ ပြောမယ်–
‘ဒါကြောင့် အမ္မုန်လူတွေရဲ့ ရဗာမြို့ကို+ စစ်တိုက်ဖို့ အချက်ပေးသံ* ထွက်ပေါ်စေမယ့်နေ့တွေ ရောက်တော့မယ်။+
အဲဒီမြို့ဟာ လူသူကင်းမဲ့ရာကုန်း ဖြစ်သွားလိမ့်မယ်။
မြို့ငယ်တွေ မီးရှို့ခံရလိမ့်မယ်။’
‘အစ္စရေးက သူ့ကိုသိမ်းပိုက်ခဲ့သူတွေကို ပြန်သိမ်းပိုက်လိမ့်မယ်’+ လို့ ယေဟောဝါ ပြောတယ်။
၃ ‘အို ဟေရှဘုန်မြို့၊ အာအိမြို့ ပျက်စီးသွားလို့ ငိုကြွေးမြည်တမ်းပါ။
အို ရဗာမြို့ငယ်တို့၊ အော်ဟစ်ကြ။
အထည်ကြမ်း ဝတ်ကြ။
ငိုကြွေးမြည်တမ်းကြ။
ကျောက်နံရံကာ သိုးခြံတွေကြားမှာ လှည့်လည်သွားလာကြပါ။
မာလကုံဟာ ပုရောဟိတ်တွေ၊ အမှုထမ်းတွေနဲ့အတူ ပြည်နှင်ဒဏ်ခံရတော့မယ်။+
၄ အို သစ္စာမဲ့တဲ့ သမီးပျို၊
မင်းက အဖိုးတန်ရတနာတွေကို ကိုးစားပြီး
“ငါ့ကို ဘယ်သူ လာတိုက်မှာမို့လို့လဲ” လို့ပြောနေတယ်။
ချိုင့်ဝှမ်းလွင်ပြင်တွေ၊ ရေစီးဆင်းနေတဲ့ ချိုင့်ဝှမ်းလွင်ပြင်အကြောင်း ဘာလို့ ကြွားနေတာလဲ။’”
၅ “‘ပတ်ဝန်းကျင်လူတွေဆီကနေ ကြောက်စရာကောင်းတဲ့အရာကို မင်းဆီ ငါခေါ်လာမယ်။
မင်းဟာ အရပ်ရပ်ကို ကွဲလွင့်သွားမယ်။
ထွက်ပြေးသူတွေကို ပြန်စုသိမ်းမယ့်သူ မရှိရဘူး။’
ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၆ “‘နောက်ပိုင်းမှာ အမ္မုန်လူမျိုးသုံ့ပန်းတွေကို ငါပြန်စုသိမ်းမယ်’ လို့ ယေဟောဝါ ပြောတယ်။”
၇ ဧဒုံနဲ့ပတ်သက်ပြီး ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက–
“တေမန်မြို့မှာ ဉာဏ်ပညာ ကုန်ခန်းသွားပြီလား။+
သိနားလည်နိုင်စွမ်းရှိသူတွေမှာ အကြံဉာဏ်ကောင်းတွေ မရှိတော့ဘူးလား။
သူတို့ရဲ့ဉာဏ်ပညာ ပုပ်သိုးသွားပြီလား။
၈ အို ဒေဒန်ပြည်သားတို့၊+ ဆုတ်ခွာပြေးကြ။
လျှိုမြောင်တွေထဲ ဆင်းသွားပြီး နေထိုင်ကြ။
ဧသောကို အရေးယူမယ့်အချိန် ရောက်လာတဲ့အခါ
သူ့အပေါ် ငါ ဘေးဆိုးကျရောက်စေမယ်။
၉ စပျစ်သီးဆွတ်ခူးသူတွေ မင်းဆီလာပြီး ဆွတ်ခူးတဲ့အခါ
ကောက်သင်းကောက်စရာ ချန်ခဲ့မယ် မဟုတ်လား။
သူခိုးတွေ ညအချိန် ဝင်ခိုးတဲ့အခါ
သူတို့ လိုချင်တာကိုပဲ ခိုးမယ် မဟုတ်လား။+
၁၀ ငါကတော့ ဧသောကို ပြောင်တလင်းခါအောင် လုပ်ပစ်မယ်။
သူ ပုန်းလို့မရတော့အောင်
ပုန်းခိုရာတွေကို လှန်ပစ်မယ်။
သူ့သားသမီးတွေ၊ ညီအစ်ကိုတွေ၊ အိမ်နီးချင်းတွေ ဖျက်ဆီးခံရလိမ့်မယ်။+
သူလည်း ရှိတော့မှာ မဟုတ်ဘူး။+
၁၁ မင်းရဲ့ ဖတဆိုးလေးတွေကို ထားရစ်ခဲ့ပါ။
သူတို့ကို ငါအသက်ဆက်ရှင်စေမယ်။
မုဆိုးမတွေလည်း ငါ့ကို အားကိုးလာကြလိမ့်မယ်။”
၁၂ “ဒေါသခွက်ကို မသောက်ထိုက်သူတွေတောင် သောက်ရတယ်ဆိုရင် မင်းလည်း ပြစ်ဒဏ်မခံရဘဲ နေပါ့မလား။ ပြစ်ဒဏ်မခံရဘဲ မနေဘူး။ ဒေါသခွက်ကို သောက်ရလိမ့်မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၃ “ဗောဇရမြို့ဟာ ကြောက်လန့်စရာ၊+ ကဲ့ရဲ့ရှုတ်ချစရာ၊ ပျက်စီးနေတဲ့နေရာ၊ ကျိန်ဆဲစရာ ဖြစ်သွားမယ်။ သူ့ရဲ့မြို့တွေဟာ ထာဝရ ဆိတ်သုဉ်းသွားမယ်လို့ ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုတယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၄ ယေဟောဝါဆီကနေ သတင်းတစ်ခု ကျွန်တော်ကြားတယ်။
လူမျိုးတွေဆီ သံတမန် စေလွှတ်ပြီး
“သူ့ကို တိုက်ခိုက်ဖို့ စုရုံးကြ။
စစ်ပွဲအတွက် အသင့်ပြင်ကြ” လို့ပြောတယ်။+
၁၅ “ငါက မင်းကို လူမျိုးတွေအလယ်မှာ အရေးမပါသူ ဖြစ်စေတယ်။
လူတွေအလယ်မှာ အထင်သေးစရာ ဖြစ်စေတယ်။+
၁၆ ကျောက်ဆောင်တွေမှာ ခိုအောင်းသူ၊
အမြင့်ဆုံးတောင်ကုန်းပေါ် နေထိုင်သူ၊
မင်းကြောင့် ဖြစ်ပေါ်တဲ့ လူတွေရဲ့ကြောက်စိတ်က၊
မင်းရဲ့မာနက မင်းကို လှည့်စားနေပြီ။
လင်းယုန်လို အမြင့်မှာ အသိုက်ဆောက်လည်းပဲ
မင်းကို ငါဆွဲချမယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၇ “ဧဒုံဟာ ကြောက်လန့်စရာ ဖြစ်သွားမယ်။+ ဖြတ်သန်းသွားလာသူတိုင်းက သူခံရတဲ့ကပ်ဘေးကြောင့် ကြောက်အားလန့်အား ကြည့်ပြီး လှောင်ပြောင်ကြလိမ့်မယ်။* ၁၈ သောဒုံ၊ ဂေါမောရနဲ့ အိမ်နီးချင်းမြို့တွေ ဖျက်ဆီးခံလိုက်ရသလို ဧဒုံပြည်လည်း ဖျက်ဆီးခံရလိမ့်မယ်။+ လူတစ်ယောက်မှ ကျန်မှာ မဟုတ်ဘူး။ အခြေချနေထိုင်သူ ရှိတော့မှာ မဟုတ်ဘူး။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၉ “ဂျော်ဒန်မြစ်တစ်လျှောက် ချုံနွယ်ပိတ်ပေါင်းတွေထဲကနေ ခြင်္သေ့တစ်ကောင် တက်လာသလို ဧဒုံပြည်ရဲ့ လုံခြုံတဲ့စားကျက်တွေကို တိုက်ခိုက်ဖို့ လူတစ်ယောက် တက်လာမယ်။+ ဧဒုံပြည်သားတွေကို တစ်ခဏအတွင်းမှာ ဧဒုံပြည်ကနေ ငါထွက်ပြေးစေမယ်။ ရွေးချယ်ထားသူကို ဧဒုံပြည်အပေါ် ခန့်အပ်မယ်။ ငါ့ကို ဘယ်သူ ယှဉ်ရဲသလဲ။ ဘယ်သူ စိန်ခေါ် ရဲသလဲ။ ငါ့ရှေ့မှာ ဘယ်သိုးထိန်း ရပ်တည်နိုင်လို့လဲ။+ ၂၀ ဒါကြောင့် ဧဒုံကိုတိုက်မယ့် ယေဟောဝါရဲ့ ဆုံးဖြတ်ချက်၊ တေမန်ပြည်သားတွေကို တိုက်မယ့် ငါ့အကြံအစည်တွေကို နားထောင်ကြ–+
သိုးလေးတွေကို တရွတ်တိုက် ဆွဲသွားကြလိမ့်မယ်။
အဲဒီပြည်သားတွေကြောင့် သိုးလေးတွေရဲ့နားခိုရာကို လူသူကင်းမဲ့စေမယ်။+
၂၁ သူတို့ရဲ့ပြိုလဲသံကြောင့် မြေကြီး တုန်ခါသွားမယ်။
အော်ဟစ်သံ ကြားနေရတယ်။
ပင်လယ်နီကနေတောင် ကြားနေရတယ်။+
၂၂ သားကောင်ကို ထိုးသုတ်တဲ့ လင်းယုန်လို+
အတောင်ဖြန့်ပြီး ဗောဇရမြို့ကို ရန်သူ ထိုးသုတ်လိမ့်မယ်။+
အဲဒီနေ့ရောက်ရင် ဧဒုံစစ်သူရဲတွေဟာ
သားဖွားနေတဲ့ မိန်းမလို ကြောက်လန့်နေကြလိမ့်မယ်။”
၂၃ ဒမတ်စကတ်နဲ့ပတ်သက်တဲ့ သတင်းစကား–+
“ဟာမတ်နဲ့+ အာပဒ်မြို့ဟာ သတင်းဆိုးကြားရလို့ အရှက်ကွဲနေပြီ။
ကြောက်စိတ် ဝင်နေပြီ။
ပင်လယ်မှာ လှိုင်းလေထန်ပြီး
မငြိမ်သက်နိုင်ဘူး။
၂၄ ဒမတ်စကတ်မြို့ဟာ သတ္တိပျောက်ကုန်ပြီ။
ဆုတ်ပြေးသွားပြီ။
ထိတ်ထိတ်ပျာပျာ ဖြစ်နေပြီ။
သားဖွားနေတဲ့ မိန်းမလို ဒုက္ခဝေဒနာ ခံစားနေရပြီ။
၂၅ ချီးမွမ်းခံရတဲ့မြို့၊ ရွှင်လန်းနေတဲ့မြို့
ဘယ့်နှယ် စွန့်ပစ်မခံရသေးတာလဲ။
၂၆ လူထုရင်ပြင်တွေမှာ လူငယ်တွေ သေဆုံးသွားလိမ့်မယ်။
အဲဒီနေ့မှာ စစ်သည်တွေ ကျဆုံးသွားမယ်။” ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတဲ့စကားပဲ။
၂၇ “ဒမတ်စကတ်မြို့ရိုးကို ငါမီးရှို့မယ်။
ဗင်ဟာဒဒ်မြို့ ခံတပ်မျှော်စင်တွေ မီးလောင်သွားမယ်။”+
၂၈ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ ဖျက်ဆီးလိုက်တဲ့ ကေဒါပြည်နဲ့+ ဟာဇော်နိုင်ငံတွေနဲ့ပတ်သက်ပြီး ယေဟောဝါ ပြောတာက–
“ကေဒါပြည်ကို တက်သွားကြ။
အရှေ့ပြည်သားတွေကို ဖျက်ဆီးကြ။
၂၉ သူတို့ရဲ့တဲတွေ၊ သိုးအုပ်တွေ၊ ရွက်ထည်တွေ၊ ကုန်စည်တွေ သိမ်းသွားခံရလိမ့်မယ်။
ကုလားအုတ်တွေလည်း သိမ်းသွားခံရလိမ့်မယ်။
‘နေရာတကာမှာ ကြောက်စရာတွေချည်းပဲ’ လို့
လူတွေ အော်ပြောကြလိမ့်မယ်။”
၃၀ “ဟာဇော်မြို့သားတို့၊ အဝေးကို ထွက်ပြေးကြ။
လျှိုမြောင်တွေထဲ ဆင်းသွားပြီး နေထိုင်ကြ။
ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက မင်းတို့ကိုတိုက်ဖို့ ဗျူဟာဆင်ထားတယ်။
မင်းတို့ကို တိုက်ဖို့ အစီအစဉ်ဆွဲထားတယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၃၁ ယေဟောဝါ ပြောမယ်–
“ဘေးကင်းလုံခြုံစွာ နေထိုင်ပြီး ငြိမ်သက်အေးချမ်းနေတဲ့ လူမျိုးကို တိုက်ဖို့ အခု တက်သွားကြပါ။
သူတို့ဆီမှာ မြို့တံခါးတွေ၊ ကန့်လန့်ကျင်တွေ မရှိဘူး။ တစ်သီးပုဂ္ဂလ နေထိုင်ကြတယ်။
၃၂ သူတို့ရဲ့ကုလားအုတ်တွေ လုယက်ခံရလိမ့်မယ်။
တိရစ္ဆာန်အမြောက်အမြား တိုက်ရာပါဥစ္စာတွေ ဖြစ်သွားမယ်။
နားသယ်မွေးရိတ်ထားသူတွေကို+
အရပ်ရပ်ဆီ ငါကွဲလွင့်စေမယ်။
အရပ်ရပ်ကနေ ဘေးဒုက္ခကို သူတို့ဆီ ယူဆောင်လာမယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၃၃ “ဟာဇော်မြို့ဟာ ခွေးအတွေ ခိုအောင်းတဲ့တွင်း ဖြစ်သွားမယ်။
ထာဝရ ဆိတ်သုဉ်းသွားမယ်။
အဲဒီမှာ လူတစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။
အခြေချနေထိုင်သူ ရှိတော့မှာ မဟုတ်ဘူး။”
၃၄ ယုဒဘုရင်ဇေဒကိ နန်းတက်စမှာ+ ယေဟောဝါက ဧလံပြည်နဲ့ပတ်သက်ပြီး+ ပရောဖက်ယေရမိကို ပြောတယ်– ၃၅ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘ဧလံပြည်ရဲ့လေး၊ အစွမ်းခွန်အားရဲ့ အထွတ်ကို ငါချိုးပစ်မယ်။+ ၃၆ မိုးကောင်းကင် အရပ်လေးမျက်နှာကနေ လေ ၄ မျိုးကို ဧလံပြည်အပေါ် တိုက်ခတ်စေမယ်။ ဧလံအမျိုးတွေကို တကွဲတပြား ဖြစ်စေမယ်။ သူတို့ မရောက်တဲ့ တိုင်းနိုင်ငံဆိုတာ မရှိစေရဘူး။’”
၃၇ “ဧလံလူမျိုးကို ရန်သူတွေ၊ အသက်အန္တရာယ်ပေးချင်သူတွေ ရှေ့မှာ တုန်လှုပ်စေမယ်။ ငါ့ဒေါသမီးဖြစ်တဲ့ ဘေးဆိုးကို သူတို့အပေါ် ကျရောက်စေမယ်။ ဓားကို စေလွှတ်ပြီး သူတို့ကို ချေမှုန်းမယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၃၈ “ငါ့ရဲ့ရာဇပလ္လင်ကို ဧလံပြည်မှာ တည်မယ်။+ ဘုရင်နဲ့ မင်းညီမင်းသားတွေကို ဖျက်ဆီးမယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၃၉ “ဒါပေမဲ့ အဆုံးပိုင်းကာလမှာ ဧလံရဲ့သုံ့ပန်းတွေကို ငါပြန်စုသိမ်းမယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၅၀ ဗာဗုလုန်နဲ့ပတ်သက်ပြီး၊+ ခါလဒဲပြည်နဲ့ပတ်သက်ပြီး ပရောဖက် ယေရမိကတစ်ဆင့် ယေဟောဝါ ပြောတယ်–
၂ “ဒီအကြောင်းကို လူမျိုးတွေအလယ်မှာ ကြေညာကြ။ ကြွေးကြော်ကြ။
အလံစိုက်ထူပြီး ကြွေးကြော်ကြ။
ဘာမှ ထိမ်ချန်မထားနဲ့။
‘ဗာဗုလုန် သိမ်းပိုက်ခံရပြီ။+
ဗေလ အရှက်ကွဲသွားပြီ။+
မေရောဒပ် ထိတ်လန့်သွားပြီ။
သူ့ဆင်းတုတွေ အရှက်ကွဲသွားပြီ။
ရွံမုန်းဖွယ်ရုပ်တုတွေ* ထိတ်လန့်သွားပြီ’ လို့ပြောကြ။
၃ သူ့ကိုတိုက်ဖို့ မြောက်အရပ်ကနေ လူမျိုးတစ်မျိုး လာနေတယ်။+
သူ့ပြည်ကို ကြောက်လန့်စရာ ဖြစ်စေတယ်။
အဲဒီပြည်မှာ နေထိုင်သူတစ်ယောက်မှ မရှိတော့ဘူး။
လူတွေရော တိရစ္ဆာန်တွေပါ ထွက်ပြေးကုန်ပြီ။
မရှိကြတော့ဘူး။”
၄ ယေဟောဝါ ပြောမယ်– “အဲဒီနေ့ရက်ကာလရောက်ရင် အစ္စရေးလူတွေနဲ့ ယုဒလူတွေ အတူလာကြလိမ့်မယ်။+ ငိုကြွေးရင်းနဲ့ လျှောက်လာပြီး+ သူတို့ရဲ့ဘုရား ယေဟောဝါကို ရှာကြလိမ့်မယ်။+ ၅ ဇိအုန်ဘက် သွားတဲ့လမ်းကို မေးကြမယ်။+ အဲဒီဘက်ကို သွားနေရင်း ‘လာကြ။ မေ့လျော့မခံရမယ့် ထာဝရပဋိညာဉ်ကတစ်ဆင့် ယေဟောဝါဘုရားနဲ့ ပူးပေါင်းကြစို့’ လို့ ပြောကြတယ်။+ ၆ ငါ့လူတွေဟာ ပျောက်တဲ့သိုးတွေ ဖြစ်နေပြီ။+ သိုးထိန်းတွေကြောင့် လမ်းလွဲကုန်ပြီ။+ တောင်တန်းတစ်ခုပြီးတစ်ခု လှည့်လည်ပြီး လမ်းပျောက်ကုန်ပြီ။ ကိုယ်နားခိုတဲ့နေရာကို မေ့သွားကြပြီ။ ၇ တွေ့တဲ့သူတွေက သူတို့ကို စားပစ်ကြတယ်။+ ရန်သူတွေက ‘ယေဟောဝါကို သူတို့ ပြစ်မှားကြတာကိုး။ ဖြောင့်မတ်ခြင်းတည်ရာ၊ ဘိုးဘေးတွေရဲ့ မျှော်လင့်ရာဖြစ်တဲ့ ယေဟောဝါကို ပြစ်မှားခဲ့တာကိုး။ ဒါကြောင့် ငါတို့ အပြစ်မရှိဘူး’ လို့ ပြောကြတယ်။”
၈ “ဗာဗုလုန်ကနေ ထွက်ပြေးကြ။
ခါလဒဲလူတွေရဲ့ပြည်ကနေ ထွက်သွားကြ။+
သိုးအုပ်ရှေ့ကနေ ဦးဆုံးထွက်တဲ့သိုးတွေလို ဖြစ်ကြပါ။
၉ ဗာဗုလုန်ကိုတိုက်ဖို့ လူမျိုးကြီးတွေရဲ့ တပ်ပေါင်းစုကို
မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ ငါပေါ်ထွန်းစေပြီး ခေါ်လာမယ်။+
သူ့ကို စစ်ခင်းကြလိမ့်မယ်။
သူ သိမ်းပိုက်ခံရမယ်။
သူတို့ရဲ့မြားတွေဟာ စစ်သူရဲမြားတွေလိုပဲ။
သားသမီးတွေကို သေဆုံးစေတယ်။+
ပစ်မှတ်ကို မထိမှန်ဘဲ မနေဘူး။
၁၀ ခါလဒဲဟာ တိုက်ရာပါဥစ္စာ ဖြစ်သွားမယ်။+
လုယူသူတွေ အကျေနပ်ကြီး ကျေနပ်နေကြမယ်။”+ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။
၁၁ “မင်းတို့ ငါ့အမွေကို တိုက်ခိုက်လုယက်တဲ့အခါ+
ရွှင်လန်းဝမ်းမြောက်ခဲ့ကြတယ်။+
မြက်ခင်းပေါ်က နွားမပျိုလို ခုန်ပေါက်ပြီး
မြင်းထီးတွေလို ဟီနေကြတယ်။
၁၂ မင်းတို့ရဲ့မိခင် အရှက်ကွဲသွားပြီ။+
မွေးမိခင် စိတ်ပျက်သွားပြီ။
လူမျိုးတွေထဲမှာ အသိမ်ငယ်ဆုံးသူ၊
ရေမရှိတဲ့ တောကန္တာရ၊ သဲကန္တာရ ဖြစ်သွားပြီ။+
၁၃ ယေဟောဝါရဲ့ ဒေါသကြောင့် ဗာဗုလုန်မှာ နေထိုင်သူရှိမှာ မဟုတ်ဘူး။+
လူသူကင်းမဲ့သွားလိမ့်မယ်။+
ဗာဗုလုန်ကို ဖြတ်သန်းသွားလာသူတိုင်း
သူခံရတဲ့ကပ်ဘေးကြောင့် ကြောက်အားလန့်အား ကြည့်ပြီး လှောင်ပြောင်ကြလိမ့်မယ်။*+
၁၄ လေးသည်တော်အပေါင်းတို့၊
ဗာဗုလုန်ကို အဘက်ဘက်ကနေ စစ်ခင်းကြ။
ယေဟောဝါကို သူပြစ်မှားတဲ့အတွက်+
သူ့ကို မြားနဲ့ပစ်ကြ။ မြားတစ်ချောင်းမှ မကျန်စေနဲ့။+
၁၅ အဘက်ဘက်ကနေ စစ်ငြာသံပေးကြ။
သူ လက်နက်ချသွားပြီ။
သူ့တိုင်တွေ ပြိုကျပြီး မြို့ရိုးတွေ ပြိုလဲကုန်ပြီ။+
ဒါဟာ ယေဟောဝါ လက်စားချေနေတာပဲ။+
သူ့ကို လက်စားချေကြ။
သူလုပ်ခဲ့တဲ့အတိုင်း သူ့ကိုပြန်လုပ်ကြ။+
၁၆ မျိုးစေ့ကြဲတဲ့သူ၊ တံစဉ်ကိုင်ပြီး ရိတ်သိမ်းတဲ့သူကို+
ဗာဗုလုန်ကနေ ပယ်ရှင်းကြ။
ရက်စက်တဲ့ဓားကြောင့် ယောက်တိုင်း ကိုယ့်လူမျိုးဆီ ပြန်သွားကြလိမ့်မယ်။
ကိုယ့်နေရင်းပြည်ဆီ ပြေးကြလိမ့်မယ်။+
၁၇ “အစ္စရေးတွေဟာ အုပ်စုကွဲသွားတဲ့ သိုးတွေပဲ။+ ခြင်္သေ့တွေကြောင့် တကွဲတပြား ဖြစ်ကုန်ပြီ။+ အရင်ဆုံး အဆီးရီးယားဘုရင်က သူတို့ကို ကိုက်စားပစ်တယ်။+ အဲဒီနောက် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက အရိုးတွေကို ဝါးစားတယ်။+ ၁၈ ဒါကြောင့် အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက ‘အဆီးရီးယားဘုရင်ကို ငါအရေးယူခဲ့သလို ဗာဗုလုန်ဘုရင်နဲ့ သူ့ရဲ့ပြည်ကိုလည်း အရေးယူမယ်။+ ၁၉ အစ္စရေးကို စားကျက်မြေဆီ ပြန်ခေါ်လာမယ်။+ ကရမေလတောင်နဲ့ ဗာရှန်တောင်ပေါ်မှာ သူကျက်စားလိမ့်မယ်။+ ဧဖရိမ်နဲ့+ ဂိလဒ်တောင်တန်းတွေပေါ်မှာ+ အဝစားရလိမ့်မယ်’ လို့ပြောတယ်။”
၂၀ “အဲဒီနေ့ရက်ကာလရောက်ရင်
အစ္စရေးရဲ့ပြစ်မှားမှုကို ရှာပေမဲ့ တွေ့မှာ မဟုတ်ဘူး။
ယုဒရဲ့အပြစ်ကိုလည်း ရှာတွေ့မှာ မဟုတ်ဘူး။
ငါချန်ထားသူတွေကို ငါခွင့်လွှတ်မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၂၁ “မေရသိမ်ပြည်နဲ့ ပေကုတ်ပြည်သားတွေကို
သွားတိုက်ခိုက်ကြ။+
သူတို့ကို သိမ်းရုံးသတ်ဖြတ်ပြီး ချေမှုန်းကြ။
ငါမိန့်မှာသမျှအတိုင်း လုပ်ကြ။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၂၂ “ပြည်မှာ စစ်တိုက်သံ၊
ဘေးဆိုးကြီးရဲ့အသံကို ကြားရတယ်။
၂၃ မြေတစ်ပြင်လုံးကို ထုခွဲခဲ့တဲ့ သံတူကြီး ကျိုးသွားပြီပဲ။+
ဗာဗုလုန်ဟာ လူမျိုးတွေအလယ်မှာ ကြောက်လန့်စရာ ဖြစ်သွားပြီပဲ။+
၂၄ အို ဗာဗုလုန်၊ ငါထောင်ထားတဲ့ ကျော့ကွင်းထဲ မင်း မိသွားပြီ။
ဒါပေမဲ့ မင်း မသိလိုက်ဘူး။
ယေဟောဝါကို မင်း ဆန့်ကျင်တဲ့အတွက် ဖမ်းမိသွားပြီ။+
အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက
ခါလဒဲလူတွေရဲ့ပြည်မှာ လုပ်စရာတစ်ခု ရှိတယ်။
၂၆ သူ့ကိုတိုက်ဖို့ ဝေးလံတဲ့ဒေသတွေကနေ လာကြ။+
သူ့စပါးကျီတွေကို ဖွင့်ကြ။+
ကောက်နှံကို စုပုံသလို တိုက်ရာပါဥစ္စာတွေကို စုပုံကြ။
သူ့ကို ချေမှုန်းကြ။+
တစ်ယောက်မှ မကျန်စေနဲ့။
၂၇ သူ့ရဲ့ နွားထီးပျိုတွေကို သိမ်းရုံးသတ်ဖြတ်ကြ။+
အသတ်ခံရဖို့ ဆင်းသွားပါစေ။
သူတို့ စစ်ဆေးခံရမယ့်နေ့၊ စစ်ဆေးခံရမယ့်အချိန် ရောက်လာပြီ။
သူတို့ အဖြစ်ဆိုးလိုက်တာ။
၂၈ ဗာဗုလုန်ကနေ ထွက်ပြေးလွတ်မြောက်လာသူတွေရဲ့ အသံကို ကြားနေရတယ်။
သူ့ပတ်လည်မှာ စခန်းချပါ။ တစ်ယောက်မှ မလွတ်စေနဲ့။
သူ့လုပ်ရပ်အတိုင်း ပြန်ဆပ်ပေးကြ။+
သူလုပ်ခဲ့တဲ့အတိုင်း ပြန်လုပ်ကြ။+
သူက အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင် ယေဟောဝါကို
ထောင်လွှားတဲ့စိတ်နဲ့ ပြစ်မှားခဲ့ပြီ။+
၃၀ လူထုရင်ပြင်တွေမှာ လူငယ်တွေ ကျဆုံးသွားလိမ့်မယ်။+
အဲဒီနေ့မှာ စစ်သူရဲတွေ သေဆုံးသွားလိမ့်မယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၃၁ အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက
“အို ဖီဆန်တတ်တဲ့သူ၊+ မင်းကို ငါတိုက်ခိုက်မယ်။+ မင်းကို ဒဏ်ပေးမယ့်နေ့၊ ဒဏ်ပေးမယ့်အချိန် ရောက်လာမယ်။
၃၂ ဖီဆန်တတ်တဲ့သူ၊ မင်းဟာ တိုက်မိပြီး လဲကျသွားလိမ့်မယ်။
ပြန်ထူမယ့်သူ ရှိမှာမဟုတ်ဘူး။+
မင်းရဲ့မြို့တွေကို ငါမီးရှို့မယ်။
မင်းရဲ့ပတ်လည်မှာ ရှိသမျှကို မီးလောင်သွားလိမ့်မယ်” လို့ပြောတယ်။
၃၃ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက
“အစ္စရေးလူတွေ၊ ယုဒလူတွေ ဖိနှိပ်ခံနေရတယ်။
သူတို့ကို ဖမ်းခေါ်သွားပြီး ချုပ်နှောင်ထားကြတယ်။+
မလွှတ်ပေးကြဘူး။+
၃၄ ဒါပေမဲ့ သူတို့ကို ပြန်ဝယ်တဲ့အရှင်ဟာ ခွန်အားကြီးတယ်။+
နာမတော်ဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါလို့ခေါ်တယ်။+
ဘုရားသခင်က သူတို့ရဲ့အမှုကို ကိုင်တွယ်ပြီး+
တိုင်းပြည်ကို ငြိမ်းချမ်းစေမယ်။+
ဗာဗုလုန်ပြည်သားတွေကို စိတ်ချောက်ချားစေမယ်။”+
၃၅ ယေဟောဝါ ပြောတာက
“ခါလဒဲပြည်သားတွေ၊
ဗာဗုလုန်မြို့သားတွေ၊
မင်းညီမင်းသားတွေ၊ ပညာရှိတွေအပေါ် ဓားဘေး ကျရောက်လိမ့်မယ်။+
၃၆ ပရောဖက်အတုအယောင်တွေအပေါ် ဓားဘေး ကျရောက်လိမ့်မယ်။ သူတို့ မိုက်မိုက်မဲမဲ ပြုမူကြလိမ့်မယ်။
စစ်သူရဲတွေအပေါ် ဓားဘေး ကျရောက်မှာဖြစ်လို့ ထိတ်လန့်သွားကြလိမ့်မယ်။+
၃၇ သူတို့ရဲ့မြင်းတွေ၊ စစ်မြင်းရထားတွေ၊
သူ့ဆီမှာရှိတဲ့ တိုင်းတစ်ပါးသားတွေအပေါ် ဓားဘေး ကျရောက်လိမ့်မယ်။
သူတို့ဟာ မိန်းမတွေလို ဖြစ်သွားကြလိမ့်မယ်။+
ဗာဗုလုန်ရဲ့ ဘဏ္ဍာတွေအပေါ် ဓားဘေး ကျရောက်လိမ့်မယ်။ ရန်သူတွေ လုယက်ကြလိမ့်မယ်။+
၃၈ သူ့ရဲ့ရေတွေ ပျက်စီးယိုယွင်းပြီး ခန်းခြောက်သွားမယ်။+
တိုင်းပြည်မှာ ရုပ်တုတွေ ပြည့်နေတယ်။+
ပြည်သားတွေဟာ ကြောက်စရာ စိတ်အာရုံတွေကြောင့် ရူးကြောင်ကြောင် ပြုမူနေကြတယ်။
၃၉ ဒါကြောင့် သဲကန္တာရတိရစ္ဆာန်တွေနဲ့ အူတတ်တဲ့ တိရစ္ဆာန်တွေ အတူနေထိုင်လိမ့်မယ်။
ငှက်ကုလားအုတ်တွေလည်း အဲဒီမှာ နေလိမ့်မယ်။+
လူတွေ နေထိုင်တော့မှာ မဟုတ်ဘူး။
နောင်လာနောက်သား အဆက်ဆက် လူနေထိုင်ရာဖြစ်တော့မှာ မဟုတ်ဘူး။”+
၄၀ ယေဟောဝါပြောတာက “ဘုရားသခင် ဖျက်ဆီးခဲ့တဲ့ သောဒုံ၊ ဂေါမောရနဲ့+ အိမ်နီးချင်းမြို့တွေလို+ အဲဒီမှာလည်း နေထိုင်သူ မရှိရတော့ဘူး။ အခြေချနေထိုင်သူ မရှိရတော့ဘူး။+
၄၁ ကြည့်ပါ။ မြောက်အရပ်ကနေ လူမျိုးတစ်မျိုး လာနေတယ်။
ကမ္ဘာမြေအစွန်အဖျားကနေ+
လူမျိုးကြီးတစ်မျိုးနဲ့ ကြီးမြတ်တဲ့ဘုရင်တွေ ပေါ်ထွန်းလာမယ်။+
၄၂ သူတို့က လေးနဲ့ လှံတိုကို ကိုင်ထားတယ်။+
ရက်စက်ပြီး အကြင်နာကင်းမဲ့တယ်။+
သူတို့ မြင်းစီးလာတဲ့အသံဟာ
ဟုန်းဟုန်းထနေတဲ့ ပင်လယ်အော်သံလိုပဲ။+
ဗာဗုလုန်သမီးပျို၊ မင်းကိုတိုက်ဖို့ တစ်စုတစ်စည်းတည်း စစ်ခင်းနေကြပြီ။+
၄၃ သူတို့အကြောင်းကို ကြားသိတဲ့အခါ+
ဗာဗုလုန်ဘုရင်ရဲ့ လက်တွေ ပျော့ခွေသွားတယ်။+
သားဖွားနေတဲ့မိန်းမလို
ဝေဒနာ အပြင်းအထန် ခံစားရတယ်။
၄၄ “ဂျော်ဒန်မြစ်တစ်လျှောက် ချုံနွယ်ပိတ်ပေါင်းတွေထဲကနေ ခြင်္သေ့တစ်ကောင် တက်လာသလို ဗာဗုလုန်ရဲ့ လုံခြုံတဲ့စားကျက်တွေကို တိုက်ခိုက်ဖို့ လူတစ်ယောက် တက်လာမယ်။ ဗာဗုလုန်ပြည်သားတွေကို တစ်ခဏအတွင်းမှာ ဗာဗုလုန်ပြည်ကနေ ငါထွက်ပြေးစေမယ်။ ရွေးချယ်ထားသူကို ဗာဗုလုန်ပြည်အပေါ် ခန့်အပ်မယ်။+ ငါ့ကို ဘယ်သူ ယှဉ်ရဲသလဲ။ ဘယ်သူ စိန်ခေါ်ရဲသလဲ။ ငါ့ရှေ့မှာ ဘယ်သိုးထိန်း ရပ်တည်နိုင်လို့လဲ။+ ၄၅ ဒါကြောင့် ဗာဗုလုန်ကိုတိုက်မယ့် ယေဟောဝါရဲ့ ဆုံးဖြတ်ချက်၊+ ခါလဒဲလူတွေရဲ့ပြည်ကို တိုက်မယ့် ငါ့အကြံအစည်တွေကို နားထောင်ကြ။
သိုးလေးတွေကို တရွတ်တိုက် ဆွဲသွားကြလိမ့်မယ်။
အဲဒီပြည်သားတွေကြောင့် သိုးလေးတွေရဲ့နားခိုရာကို လူသူကင်းမဲ့စေမယ်။+
၄၆ ဗာဗုလုန် သိမ်းပိုက်ခံရတဲ့အခါ ထွက်ပေါ်လာတဲ့အသံကြောင့် မြေကြီး တုန်ခါသွားမယ်။
လူမျိုးတွေအလယ်မှာ အော်ဟစ်သံကို ကြားနေရလိမ့်မယ်။”+
ဖျက်ဆီးခြင်းလေကို ငါတိုက်ခတ်စေမယ်။
၂ စပါးလှေ့သူတွေကို ဗာဗုလုန်ဆီ ငါလွှတ်မယ်။
သူတို့က တစ်ပြည်လုံးကို လှေ့ပြီး ရှင်းလင်းပစ်မယ်။
ဘေးဆိုးကျရောက်တဲ့နေ့မှာ အဘက်ဘက်ကနေ တိုက်ကြလိမ့်မယ်။+
၃ လေးသမားတွေကို လေးတင်ခွင့် မပေးနဲ့။
ဘယ်သူ့ကိုမှ သံချပ်အင်္ကျီဝတ်ပြီး ရပ်နေခွင့်မပေးနဲ့။
လူငယ်တွေကို မသနားကြနဲ့။+
တစ်တပ်လုံးကို ဖျက်ဆီးပစ်လိုက်။
၄ ခါလဒဲပြည်မှာ ပြည်သားတွေ အသတ်ခံရလိမ့်မယ်။
လမ်းတွေမှာ ထိုးသတ်ခံရပြီး လဲကျသွားလိမ့်မယ်။+
၅ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဘုရားက အစ္စရေးနဲ့ယုဒကို မစွန့်ပစ်ဘူး။ သူတို့ဟာ မုဆိုးမတွေ မဟုတ်ဘူး။+
ခါလဒဲပြည်ကတော့ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ရှေ့မှာ အပြစ်တွေ ပြည့်နေတယ်။
၆ ဗာဗုလုန်ကနေ ထွက်ပြေးကြ။
အသက်လွတ်အောင် ပြေးကြ။+
သူ့ရဲ့အမှားကြောင့် ရောပြီးသေရတာမျိုး မဖြစ်စေနဲ့။
ဒါဟာ ယေဟောဝါ လက်စားချေတဲ့အချိန်ပဲ။
သူလုပ်ခဲ့တဲ့အတိုင်း ဘုရား ပြန်ဆပ်ပေးလိမ့်မယ်။+
၇ ဗာဗုလုန်ဟာ ယေဟောဝါလက်ထဲက ရွှေခွက်ပဲ။
မြေတစ်ပြင်လုံးကို သူမူးယစ်စေခဲ့တယ်။
လူမျိုးတွေဟာ သူ့စပျစ်ဝိုင်ကြောင့် မူးပြီး+
ရူးကြောင်ကြောင် ဖြစ်ကုန်ပြီ။+
၈ ဗာဗုလုန် ရုတ်တရက် ပြိုလဲပျက်စီးသွားပြီ။+
သူ့အတွက် ငိုကြွေးမြည်တမ်းကြ။+
လိမ်းစရာ ဗာလစံဆီ ယူလာကြ။ သူ့ဝေဒနာ ပျောက်တန်ကောင်းပါရဲ့။”
၉ “ဗာဗုလုန်ကို ကြိုးစားပြီး ကုသပေးပေမဲ့ ကုလို့မရတော့ဘူး။
သူ့ကိုထားခဲ့ပြီး နေရင်းပြည်ကိုပဲ ပြန်ကြစို့။+
ပြစ်ဒဏ်ခံထိုက်တဲ့ သူ့ရဲ့လုပ်ရပ်တွေဟာ ကောင်းကင်အထိ ရောက်နေပြီ။
မိုးတိမ်အထိ မြင့်နေပြီ။+
၁၀ ယေဟောဝါက ကျွန်တော်တို့အတွက် တရားမျှတမှုကို ယူဆောင်လာတယ်။+
လာကြ။ ယေဟောဝါဘုရားရဲ့ လုပ်ဆောင်မှုကို ဇိအုန်မှာ ပြန်ပြောပြကြစို့။”+
၁၁ “မြားတွေကို သွေးကြ။+ ဒိုင်းဝိုင်းတွေ ကိုင်ထားကြ။*
ယေဟောဝါက ဗာဗုလုန်ကို ဖျက်ဆီးဖို့ ရည်ရွယ်ထားတယ်။
ဒါကြောင့် မီးဒီးယားဘုရင်တွေကို လှုံ့ဆော်လိုက်ပြီ။+
ဒါဟာ ယေဟောဝါ လက်စားချေတာပဲ။ ဗိမာန်တော်အတွက် လက်စားချေတာပဲ။
၁၂ ဗာဗုလုန်မြို့ရိုးတွေကို တိုက်ဖို့ အလံစိုက်ထူကြ။+
အစောင့်အကြပ်တွေကို အားဖြည့်ကြ။ ကင်းစောင့်တွေ ချထားကြ။
ချုံခိုတိုက်မယ့်သူတွေကို အသင့်ပြင်ကြ။
ယေဟောဝါ ဗျူဟာဆင်ထားတယ်။
ဗာဗုလုန်မြို့သားတွေကို တိုက်မယ်လို့ ပြောထားတဲ့အတိုင်း လုပ်ဆောင်လိမ့်မယ်။”+
၁၄ ‘မင်းဆီမှာ ကျိုင်းကောင်တွေလို များတဲ့လူတွေ ပြည့်သွားအောင် ငါလုပ်မယ်။
သူတို့က မင်းကို အောင်ပွဲဆင်ပြီး ကြွေးကြော်လိမ့်မယ်’+ လို့
ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက ကိုယ့်ကိုယ်ကိုယ် တိုင်တည်ကျိန်ဆိုတယ်။
၁၅ ဘုရားသခင်ဟာ ကမ္ဘာမြေကို တန်ခိုးနဲ့ ဖန်ဆင်းတဲ့အရှင်၊
ကမ္ဘာမြေကို ဉာဏ်ပညာနဲ့ အခိုင်အမာ တည်စေတဲ့အရှင်၊+
မိုးကောင်းကင်ကို သိနားလည်နိုင်စွမ်းနဲ့ ဖြန့်မိုးတဲ့အရှင်ပဲ။+
၁၆ ဘုရား အသံလွှင့်လိုက်တဲ့အခါ
ကောင်းကင်ပေါ်က ရေတွေ ဆူပွက်ကုန်တယ်။
ကမ္ဘာမြေအစွန်အဖျားကနေ မိုးတိမ်တွေ တက်လာစေတယ်။
မိုးနဲ့အတူ လျှပ်စီးတွေ လက်စေတယ်။*
ဘဏ္ဍာတိုက်တွေထဲကနေ လေကို ခေါ်ထုတ်လာတယ်။+
၁၇ လူတွေက စဉ်းစားဉာဏ်မရှိဘဲ၊ ဘာမှမသိဘဲ လုပ်နေကြတယ်။
ပန်းထိမ်သမားက ရုပ်တုကြောင့် အရှက်ကွဲရလိမ့်မယ်။+
သူလုပ်တဲ့ရုပ်တုဟာ မဟုတ်မမှန်တဲ့အရာ ဖြစ်နေတာကိုး။
အဲဒီရုပ်တုတွေမှာ ဘာအသက်စွမ်းအားမှ မရှိတာ။+
၁၈ ရုပ်တုတွေဟာ လှည့်စားမှုပဲ။+ လှောင်ပြောင်စရာပဲ။
စစ်ဆေးမယ့်နေ့ ရောက်တဲ့အခါ ပျက်စီးသွားလိမ့်မယ်။
၁၉ ယာကုပ်ရဲ့ဝေစုဖြစ်တဲ့ ဘုရားသခင်ကတော့ အဲဒီရုပ်တုတွေနဲ့ မတူဘူး။
ဘုရားသခင်ဟာ အရာအားလုံးကို ပုံသွင်းတဲ့အရှင်ပဲ။
အမွေတော်ရဲ့ တောင်ဝှေးပဲ။+
နာမတော်ဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါလို့ခေါ်တယ်။”+
၂၀ “မင်းဟာ ငါ့အတွက် စစ်တင်းပုတ်၊ စစ်လက်နက်ပဲ။
မင်းကိုသုံးပြီး လူမျိုးတွေကို ထုခြေမယ်။
မင်းကိုသုံးပြီး တိုင်းနိုင်ငံတွေကို ဖျက်ဆီးမယ်။
၂၁ မင်းကိုသုံးပြီး မြင်းနဲ့ မြင်းစီးသူရဲတွေကို ထုခြေမယ်။
မင်းကိုသုံးပြီး စစ်မြင်းရထားတွေနဲ့ မြင်းရထားစီးသူတွေကို ထုခြေမယ်။
၂၂ မင်းကိုသုံးပြီး ယောက်ျားမိန်းမတွေကို ထုခြေမယ်။
မင်းကိုသုံးပြီး လူကြီးလူငယ်တွေကို ထုခြေမယ်။
မင်းကိုသုံးပြီး လူပျိုအပျိုတွေကို ထုခြေမယ်။
၂၃ မင်းကိုသုံးပြီး သိုးထိန်းနဲ့ သိုးအုပ်ကို ထုခြေမယ်။
မင်းကိုသုံးပြီး လယ်သမားနဲ့ လယ်ထွန်တိရစ္ဆာန်တွေကို ထုခြေမယ်။
မင်းကိုသုံးပြီး ဘုရင်ခံနဲ့ အုပ်ချုပ်ရေးမှူးတွေကို ထုခြေမယ်။
၂၄ ဇိအုန်မှာ ယုဒတွေရှေ့မှောက် ဗာဗုလုန်နဲ့ ခါလဒဲပြည်သားတွေ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက်
သူတို့ကို ငါပြန်ဆပ်ပေးမယ်”+ လို့ယေဟောဝါ ပြောတယ်။
မင်းကိုကိုင်ပြီး ကျောက်ဆောင်တွေပေါ်ကနေ လှိမ့်ချမယ်။
မင်းကို ပြာကျသွားတဲ့တောင် ဖြစ်စေမယ်” လို့ယေဟောဝါပြောတယ်။
၂၆ “လူတွေက ထောင့်ချုပ်ကျောက် ဒါမှမဟုတ် အုတ်မြစ်ကျောက်ကို မင်းဆီကနေ ယူမှာ မဟုတ်ဘူး။
မင်းဟာ ထာဝရ လူသူကင်းမဲ့နေမှာမို့လို့ပဲ”+ ဆိုပြီး ယေဟောဝါ ပြောတယ်။
၂၇ “တိုင်းပြည်မှာ အလံစိုက်ထူကြ။+
လူမျိုးတွေအလယ်မှာ တံပိုးမှုတ်ကြ။
သူ့ကိုတိုက်ဖို့ လူမျိုးတွေကို ခန့်အပ်ကြ။
အာရရတ်၊+ မိန္နီနဲ့ အာရှကေနတ်+ တိုင်းနိုင်ငံတွေကို ဆင့်ခေါ်ကြ။
သူ့ကိုတိုက်ခိုက်ဖို့ တပ်သားစုဆောင်းရေးအရာရှိကို အမိန့်ပေးကြ။
မြင်းတွေကို ကျိုင်းကောင်တွေလို တက်လာစေပါ။
၂၈ သူ့ကိုတိုက်ဖို့ လူမျိုးတွေ၊
မီးဒီးယားဘုရင်တွေ၊+ ဘုရင်ခံတွေ၊
အုပ်ချုပ်ရေးမှူးတွေ၊ လက်အောက်ခံတိုင်းပြည်တွေကို ခန့်အပ်ကြ။
၂၉ မြေကြီး လှုပ်ခါပြီး တုန်လှုပ်သွားမယ်။
ဗာဗုလုန်ကို ကြောက်လန့်စရာ ဖြစ်စေမယ်၊ လူသူကင်းမဲ့စေမယ်ဆိုတဲ့
ယေဟောဝါရဲ့ အကြံအစည်တွေ အကောင်အထည် ပေါ်လာမယ်။+
၃၀ ဗာဗုလုန်ရဲ့ စစ်သူရဲတွေဟာ စစ်မတိုက်တော့ဘူး။
ရဲတိုက်တွေမှာ ထိုင်နေကြတယ်။
အားအင်ကုန်ခန်းပြီး+
မိန်းမတွေလို ဖြစ်နေကြပြီ။+
သူ့ရဲ့အိမ်တွေ မီးရှို့ခံရပြီ။
ကန့်လန့်ကျင်တွေလည်း ကျိုးကုန်ပြီ။+
၃၁ ခြေမြန်တော်တွေ၊ စေတမန်တွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံပြီး
ဗာဗုလုန်ဘုရင်ဆီ သတင်းပို့ကြတယ်–
မြို့ဟာ အဘက်ဘက်ကနေ သိမ်းပိုက်ခံရပြီ။+
၃၂ မြစ်ရဲ့ရေတိမ်ပိုင်းတွေ ပိတ်ဆို့ခံရပြီ။+
ပပိုင်းရပ်ကျူလှေတွေ မီးရှို့ခံရပြီ။
စစ်သားတွေ ထိတ်လန့်နေကြပြီ။”
၃၃ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက–
“ဗာဗုလုန်သမီးပျိုဟာ ကောက်နယ်တလင်းလို ဖြစ်နေပြီ။
သူ့ကို မာကျောအောင် နင်းနယ်ဖို့ အချိန်တန်ပြီ။
မကြာခင် သူ့ကိုရိတ်သိမ်းမယ့်အချိန် ရောက်တော့မယ်။”
၃၄ “ကျွန်တော့်ကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ ဝါးမျိုပစ်တယ်။+
ကျွန်တော့်ကို ဖရိုဖရဲဖြစ်စေတယ်။
အိုးခွက်အလွတ်လို မှောက်ချလိုက်တယ်။
မြွေကြီးတစ်ကောင်လို မျိုချပစ်တယ်။+
ကျွန်တော့်ရဲ့ အဖိုးတန်ရာတွေနဲ့ သူ့ဗိုက်ကို ဖြည့်ထားတယ်။
ကျွန်တော့်ကို ရေနဲ့ဆေးချပစ်တယ်။
၃၅ ‘ငါနဲ့ ငါ့ခန္ဓာကို လုပ်ခဲ့တဲ့ အကြမ်းဖက်မှုဟာ ဗာဗုလုန်အပေါ် ရောက်ပါစေ’ လို့ ဇိအုန်မြို့သား ပြောနေတယ်။+
‘ငါသွေးမြေကျရတာ ခါလဒဲပြည်သားတွေရဲ့ တာဝန်ပဲ’ လို့ ဂျေရုဆလင်ပြောနေတယ်။”
၃၆ ဒါကြောင့် ယေဟောဝါ ပြောတာက–
“မင်းရဲ့အမှုကို ငါကိုင်တွယ်မယ်။+
မင်းအတွက် လက်စားချေပေးမယ်။+
သူ့ရဲ့ပင်လယ်ကို ခန်းခြောက်စေပြီး ရေတွင်းတွေကို ခြောက်သွေ့စေမယ်။+
နေထိုင်သူ ရှိတော့မှာ မဟုတ်ဘူး။+
၃၈ သူတို့အားလုံး ခြင်္သေ့ပျိုတွေလို ဟိန်းဟောက်ပြီး
ခြင်္သေ့လေးတွေလို မာန်ဖီကြလိမ့်မယ်။”
၃၉ ယေဟောဝါ ပြောတာက– “သူတို့တွေ အာသာငမ်းငမ်းဖြစ်နေချိန်မှာ ငါက စားသောက်ပွဲကိုခင်းပြီး မူးအောင်တိုက်မယ်။+
သူတို့ ပျော်မြူးသွားလိမ့်မယ်။
ထာဝရအိပ်စက်ခြင်းနဲ့ အိပ်စက်ရလိမ့်မယ်။
ပြန်နိုးထလာမှာ မဟုတ်ဘူး။+
၄၀ သူတို့ကို သိုးသငယ်တွေလို၊
သိုးထီးဆိတ်ထီးတွေလို သတ်ဖို့ ဆွဲခေါ်သွားမယ်။”
၄၁ “ရှေရှက်* သိမ်းပိုက်ခံလိုက်ရပြီပဲ။+
မြေတစ်ပြင်လုံး ချီးမွမ်းရတဲ့မြို့ သိမ်းယူခံလိုက်ရပြီပဲ။+
ဗာဗုလုန်ဟာ လူမျိုးတွေအလယ်မှာ ကြောက်လန့်စရာ ဖြစ်သွားပြီပဲ။
၄၂ ဗာဗုလုန်ကို ပင်လယ်ရေတွေ လွှမ်းမိုးသွားပြီ။
လှိုင်းလုံးကြီးတွေ ဖုံးလွှမ်းသွားပြီ။
၄၃ သူ့ရဲ့မြို့တွေဟာ ကြောက်လန့်စရာ၊ ရေမရှိတဲ့နေရာ၊ သဲကန္တာရ ဖြစ်သွားပြီ။
လူသူမရှိတဲ့နေရာ၊ ဖြတ်သန်းသွားလာသူမရှိတဲ့နေရာ ဖြစ်သွားပြီ။+
၄၄ ဗာဗုလုန်မှာရှိတဲ့ ဗေလကို ငါအရေးယူမယ်။+
သူမျိုချထားတာကို ပါးစပ်ထဲကနေ ဆွဲထုတ်မယ်။+
သူ့ဆီ လူမျိုးတွေလာတော့မှာ မဟုတ်ဘူး။
ဗာဗုလုန်မြို့ရိုး ပြိုကျသွားလိမ့်မယ်။+
၄၅ ငါ့လူတို့၊ သူ့ဆီကနေ ထွက်သွားကြ။+
ယေဟောဝါရဲ့ ဒေါသမီးကနေ+ အသက်လွတ်အောင် ပြေးကြ။+
၄၆ တိုင်းပြည်မှာကြားရတဲ့ သတင်းကြောင့် သတ္တိတွေ ပျောက်မသွားနဲ့။ ကြောက်မနေကြနဲ့။
တစ်နှစ်ပြီးတစ်နှစ်၊
သတင်းတစ်ခုပြီးတစ်ခု ကြားရလိမ့်မယ်။
တိုင်းပြည်မှာ အကြမ်းဖက်မှုတွေ ဖြစ်နေပြီ၊ အုပ်စိုးရှင်တွေ အချင်းချင်း တိုက်ခိုက်နေပြီဆိုတဲ့ သတင်းပဲ။
၄၇ ဒါကြောင့် ဗာဗုလုန်မှာရှိတဲ့ ရုပ်တုတွေကို
ငါအရေးယူမယ့်နေ့တွေ ရောက်တော့မယ်။
တစ်ပြည်လုံး အရှက်ကွဲရလိမ့်မယ်။
အဲဒီမှာ လူသေတွေ လဲကျနေလိမ့်မယ်။+
၄၈ ဗာဗုလုန်ကျဆုံးတဲ့အခါ
မိုးကောင်းကင်၊ ကမ္ဘာမြေနဲ့ အဲဒီမှာရှိသမျှ ရွှင်လန်းစွာ သီချင်းဆိုကြမယ်။+
ဖျက်ဆီးသူတွေ မြောက်အရပ်ကနေ ရောက်လာမယ်။”+ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။
၄၉ “ဗာဗုလုန်ကြောင့် အစ္စရေးတွေ သေဆုံးကုန်ပြီ။+
ဗာဗုလုန်ကြောင့် မြေတစ်ပြင်လုံးကလူတွေ သေဆုံးကုန်ပြီ။
၅၀ ဓားဘေးကနေ လွတ်မြောက်သွားသူတို့၊ ဆက်ပြေးကြ။ ရပ်မနေကြနဲ့။+
ရပ်ဝေးကနေ ယေဟောဝါကို သတိရကြပါ။
ဂျေရုဆလင်အကြောင်း တွေးတောကြပါ။”+
၅၁ “ကဲ့ရဲ့ထေ့ငေါ့သံ ကြားနေရလို့ ငါတို့အရှက်ကွဲနေပြီ။
ယေဟောဝါအိမ်တော်မှာရှိတဲ့ သန့်ရှင်းတဲ့နေရာတွေကို တိုင်းတစ်ပါးသားတွေ လာတိုက်နေပြီဖြစ်လို့+
ငါတို့မျက်နှာပေါ်မှာ အရှက်တရားတွေ ဖုံးလွှမ်းနေပြီ။”
၅၂ “ဒါကြောင့် သူ့ရဲ့ရုပ်တုတွေကို ငါအရေးယူမယ့်နေ့တွေ ရောက်တော့မယ်။
ဒဏ်ရာရသူတွေ တစ်ပြည်လုံးမှာ ညည်းတွားနေလိမ့်မယ်။”+
ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၅၃ “ဗာဗုလုန်က ကောင်းကင်ပေါ် တက်ခဲ့ရင်တောင်၊+
မိုးမျှော်ရဲတိုက်တွေကို အခိုင်အမာတည်ခဲ့ရင်တောင်
သူ့ဆီ ဖျက်ဆီးသူတွေကို ငါလွှတ်လိုက်မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၅၅ ယေဟောဝါက ဗာဗုလုန်ကို ဖျက်ဆီးနေတယ်။
သူ့ရဲ့အသံဗလံကို တိတ်ဆိတ်စေမယ်။
ရန်သူတွေရဲ့အသံဟာ လှိုင်းလုံးကြီးတွေရဲ့အသံလို ဖြစ်လိမ့်မယ်။
သူတို့ရဲ့အသံကို ကြားရလိမ့်မယ်။
၅၆ ဖျက်ဆီးသူက ဗာဗုလုန်ကို ရောက်လာမယ်။+
ဗာဗုလုန်စစ်သူရဲတွေ ဖမ်းဆီးခံရမယ်။+
သူတို့ရဲ့လေးတွေ ကျိုးသွားမယ်။
ယေဟောဝါဟာ ဒဏ်ခတ်တတ်တဲ့ဘုရားပဲ။+
သူတို့ကို ကျိန်းသေ ပြန်ဆပ်ပေးမယ်။+
၅၇ သူ့မင်းညီမင်းသားတွေ၊ ပညာရှိတွေ+
ဘုရင်ခံတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ စစ်သူရဲတွေကို ငါမူးယစ်စေမယ်။
သူတို့ ထာဝရအိပ်စက်ခြင်းနဲ့ အိပ်စက်ရလိမ့်မယ်။
ပြန်နိုးထလာမှာ မဟုတ်ဘူး”+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆိုတဲ့ နာမည်ကို ပိုင်ဆိုင်တဲ့ဘုရင် ပြောတယ်။
၅၈ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက–
“ဗာဗုလုန်မြို့ရိုးဟာ ထုထည်ကြီးပေမဲ့ ဖြိုဖျက်ခံရလိမ့်မယ်။+
မြို့တံခါးတွေဟာ မြင့်မားပေမဲ့ မီးရှို့ခံရလိမ့်မယ်။
လူတွေ အပင်ပန်းခံခဲ့သမျှ အချည်းနှီးဖြစ်သွားမယ်။
လူမျိုးတွေ အပင်ပန်းခံခဲ့သမျှ မီးစာဖြစ်သွားမယ်။”+
၅၉ ယုဒဘုရင်ဇေဒကိ နန်းစံလေးနှစ်မှာ ဘုရင်နဲ့အတူ ဗာဗုလုန်ကို လိုက်သွားတဲ့ မာရှိယရဲ့မြေး၊ နေရိယရဲ့သား+ နန်းတော်ဝန် စရာယကို ပရောဖက်ယေရမိ မှာတယ်။ ၆၀ ဗာဗုလုန်ကြုံရမယ့် ဘေးဆိုးတွေ၊ ဗာဗုလုန်ကို ဆန့်ကျင်ပြောဆိုတဲ့ စကားတွေကို စာအုပ်ထဲမှာ ယေရမိ ရေးတယ်။ ၆၁ ပြီးတော့ ယေရမိက စရာယကို “မင်း ဗာဗုလုန်ကို ရောက်တဲ့အခါ ဒီစကားတွေကို ကျယ်ကျယ်ဖတ်ပြပါ။ ၆၂ ပြီးတော့ ‘ယေဟောဝါဘုရား၊ ဒီနေရာဟာ လူသူတိရစ္ဆာန်တွေ မရှိဘဲ ပျက်စီးသွားမယ်၊ ထာဝစဉ် လူသူကင်းမဲ့သွားမယ်လို့ မိန့်မှာထားတာပဲ’ ဆိုပြီး ပြောပါ။+ ၆၃ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ ကျောက်တုံးနဲ့ ပူးချည်ပြီး ယူဖရေးတီးမြစ်ထဲ ပစ်ချပါ။ ၆၄ အဲဒီနောက် ‘ဘုရားသခင် ကျရောက်စေမယ့် ဘေးဆိုးကြောင့် ဗာဗုလုန်လည်း ဒီလိုပဲ မြုပ်သွားလိမ့်မယ်။ ပြန်ပေါ်လာတော့မှာ မဟုတ်ဘူး။+ ပြည်သူပြည်သားတွေ ပင်ပန်းရလိမ့်မယ်’ လို့ ပြောပါ။”+
ဒါတွေဟာ ယေရမိရဲ့စကားတွေပဲ။
၅၂ ဇေဒကိက+ အသက် ၂၁ နှစ်မှာ နန်းတက်ပြီး ဂျေရုဆလင်မြို့မှာ ၁၁ နှစ် စိုးစံတယ်။ မယ်တော်က လိဗနမြို့သား ယေရမိရဲ့သမီး ဟာမုတာလလို့ခေါ်တယ်။+ ၂ သူက ယောယကိမ်လိုပဲ ယေဟောဝါရှေ့မှာ မကောင်းတာကို ဆက်လုပ်တယ်။+ ၃ ဂျေရုဆလင်မြို့နဲ့ ယုဒပြည်ဟာ ယေဟောဝါရဲ့ အမျက်တော်ကြောင့် ဒါတွေ ကြုံတွေ့ရတာပဲ။ နောက်ဆုံး ရှေ့တော်ကနေ ဖယ်ရှားခံခဲ့ရတယ်။+ ဇေဒကိလည်း ဗာဗုလုန်ဘုရင်ကို ပုန်ကန်တယ်။+ ၄ ဇေဒကိနန်းစံ ကိုးနှစ်၊ ဆယ်လပိုင်း၊ ဆယ်ရက်နေ့မှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ဂျေရုဆလင်မြို့ကို စစ်တပ်အလုံးအရင်းနဲ့ ချီတက်လာတယ်။ မြို့ပတ်လည်မှာ တပ်ချပြီး ထိုးစစ်တံတိုင်း တည်ဆောက်တယ်။+ ၅ ဇေဒကိမင်း နန်းစံ ၁၁ နှစ်အထိ မြို့ကို ဝိုင်းထားကြတယ်။
၆ လေးလပိုင်း၊ ကိုးရက်နေ့ရောက်တော့+ မြို့ထဲမှာ အကြီးအကျယ် အငတ်ဘေးဆိုက်တဲ့အတွက် မြို့သားတွေ စားစရာ မရှိတော့ဘူး။+ ၇ နောက်ဆုံး၊ မြို့ရိုး ထိုးဖောက်ခံလိုက်ရတယ်။ ခါလဒဲလူတွေ မြို့ကိုဝိုင်းထားတုန်း စစ်သည်တွေက ညဘက်မှာ ဘုရင့်ဥယျာဉ်နားမှာရှိတဲ့ မြို့ရိုးနှစ်ခုကြား တံခါးကနေ ထွက်ပြီး အရာဗာချိုင့်ဝှမ်းလမ်းအတိုင်း ထွက်ပြေးကြတယ်။+ ၈ ဒါပေမဲ့ ခါလဒဲစစ်တပ် လိုက်ဖမ်းတဲ့အတွက် ယေရိခေါကန္တာရလွင်ပြင်မှာ ဇေဒကိကို ဖမ်းမိသွားတယ်။+ သူ့စစ်သည်တွေလည်း ကစဉ့်ကလျား ထွက်ပြေးကုန်တယ်။ ၉ အဲဒီနောက် ဇေဒကိကို ဟာမတ်နယ်မြေ၊ ရိဗလမြို့မှာရှိတဲ့ ဗာဗုလုန်ဘုရင်ဆီ ဖမ်းခေါ်လာတဲ့အခါ ဗာဗုလုန်ဘုရင်က စီရင်ချက်ချတယ်။ ၁၀ ဇေဒကိရှေ့မှာပဲ သူ့သားတွေကို ကွပ်မျက်လိုက်တယ်။ ယုဒမင်းညီမင်းသားတွေကိုလည်း ရိဗလမြို့မှာ ကွပ်မျက်တယ်။ ၁၁ ဗာဗုလုန်ဘုရင်က ဇေဒကိရဲ့မျက်စိကို ဖောက်ပြီးနောက်+ ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။ သေတဲ့အထိ အကျဉ်းချထားလိုက်တယ်။
၁၂ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနန်းစံ ၁၉ နှစ်၊ ငါးလပိုင်း၊ ဆယ်ရက်နေ့မှာ ဗာဗုလုန်ဘုရင်ရဲ့ မင်းမှုထမ်း၊ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က ဂျေရုဆလင်မြို့ကို ရောက်လာတယ်။+ ၁၃ ယေဟောဝါရဲ့ အိမ်တော်၊+ နန်းတော်၊ ဂျေရုဆလင်မြို့က အိမ်တွေအပြင် အိမ်ကြီးအိမ်ကောင်းတွေကို မီးရှို့ပစ်တယ်။ ၁၄ ကိုယ်ရံတော်တပ်မှူး ကွပ်ကဲတဲ့ ခါလဒဲတပ်မကြီး တစ်ခုလုံးက ဂျေရုဆလင်မြို့ရိုးကို ဖြိုချပစ်တယ်။+
၁၅ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က ဆင်းရဲသားတွေနဲ့ မြို့ထဲမှာ ကျန်ရစ်သူတချို့ကို ဖမ်းခေါ်သွားတယ်။ ဗာဗုလုန်ဘုရင်ဆီ အညံ့ခံပူးပေါင်းတဲ့သူတွေ၊ ကျန်တဲ့လက်မှုပညာရှင်တွေကိုလည်း ခေါ်သွားတယ်။+ ၁၆ ဒါပေမဲ့ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က ဆင်းရဲမွဲတေသူတချို့ကိုတော့ စပျစ်ခြံလုပ်သားတွေ၊ အလုပ်သမားတွေအဖြစ် ခိုင်းစေဖို့ ချန်ခဲ့တယ်။+
၁၇ ခါလဒဲလူတွေက ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ ကြေးနီတိုင်တွေ၊+ ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ တွန်းလှည်းတွေနဲ့+ ကြေးနီရေကန်ကို+ အပိုင်းပိုင်းဖြတ်ပြီး အဲဒီကြေးနီတွေကို ဗာဗုလုန်ဆီ သိမ်းသွားတယ်။+ ၁၈ ဗိမာန်တော်လုပ်ငန်းမှာ သုံးတဲ့ ပြာခွက်၊ ဂေါ်ပြား၊ မီးငြိမ်းကိရိယာ၊ ဇလုံ၊+ ခွက်၊+ ကြေးနီအသုံးအဆောင်တွေကိုလည်း သိမ်းသွားတယ်။ ၁၉ ကိုယ်ရံတော်တပ်မှူးက ရွှေစင်ငွေစင်နဲ့လုပ်ထားတဲ့ အင်တုံ၊+ မီးခဲအိုး၊ ဇလုံ၊ ပြာခွက်၊ ဆီမီးတိုင်၊+ ခွက်၊ ဇလုံတွေကို သိမ်းသွားတယ်။+ ၂၀ ယေဟောဝါရဲ့ အိမ်တော်အတွက် ရှောလမုန်မင်း လုပ်ထားတဲ့ တိုင်နှစ်တိုင်၊ ရေကန်၊ ရေကန်ကိုထမ်းထားတဲ့ ကြေးနီနွားရုပ် ၁၂ ကောင်၊+ တွန်းလှည်းတွေရဲ့ ကြေးနီပမာဏဟာ မချိန်တွယ်နိုင်လောက်အောင် များတယ်။
၂၁ တိုင်တစ်တိုင်စီဟာ ၁၈ တောင် မြင့်တယ်။ လုံးပတ်ကို တိုင်းရင် ၁၂ တောင်ရှိတယ်။+ လက်လေးသစ်* ထူပြီး အခေါင်းပွဖြစ်တယ်။ ၂၂ တိုင်နှစ်တိုင်စလုံးဟာ ပုံစံအတူတူပဲ။ ကြေးနီနဲ့လုပ်ထားတဲ့ တိုင်ထိပ်ဖူးတစ်ခုစီက ၅ တောင်မြင့်တယ်။+ ထိပ်ဖူးမှာရှိတဲ့ ကွန်ရက်နဲ့ သလဲသီးတွေကိုလည်း ကြေးနီနဲ့ လုပ်ထားတယ်။ ၂၃ ကွန်ရက်ရဲ့ပတ်လည်မှာ သလဲသီးအလုံးပေါင်း ၁၀၀ ရှိတဲ့အနက် သလဲသီး ၉၆ လုံးကို မြင်နေရတယ်။+
၂၄ အဲဒီအပြင် ကိုယ်ရံတော်တပ်မှူးက ပုရောဟိတ်မင်း စရာယ၊+ လက်ထောက်ပုရောဟိတ် ဇေဖနိနဲ့+ တံခါးစောင့်သုံးယောက်ကို ခေါ်သွားတယ်။+ ၂၅ နန်းတွင်းအရာရှိ စစ်သူကြီးတစ်ယောက်၊ မြို့ထဲမှာရှိနေတဲ့ ဘုရင့်မိတ်ဆွေရင်း ခုနစ်ယောက်၊ စစ်သည်တွေကို စုဆောင်းတဲ့ ဗိုလ်ချုပ်ရဲ့ လက်ထောက်၊ မြို့ထဲမှာ ရှိနေတဲ့ ပြည်သူပြည်သား ၆၀ ကိုလည်း ခေါ်သွားတယ်။ ၂၆ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က သူတို့ကို ရိဗလမြို့မှာရှိတဲ့ ဗာဗုလုန်ဘုရင်ဆီ ခေါ်သွားတယ်။ ၂၇ ဗာဗုလုန်ဘုရင်က သူတို့ကို ဟာမတ်နယ်မြေ၊ ရိဗလမြို့မှာ ကွပ်မျက်လိုက်တယ်။+ ဒီလိုနဲ့ ယုဒလူတွေဟာ ဇာတိမြေကနေ ပြည်နှင်ခံခဲ့ရတယ်။+
၂၈ နေဗုခဒ်နေဇာက နန်းစံ ခုနစ်နှစ်မှာ ဂျူး ၃,၀၂၃ ယောက်ကို ဖမ်းခေါ်သွားတယ်။+
၂၉ နေဗုခဒ်နေဇာနန်းစံ ၁၈ နှစ်မှာ+ ဂျေရုဆလင်ကနေ လူ ၈၃၂ ယောက်ကို ဖမ်းခေါ်သွားတယ်။
၃၀ နေဗုခဒ်နေဇာနန်းစံ ၂၃ နှစ်မှာ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က ဂျူး ၇၄၅ ယောက်ကို ဖမ်းခေါ်သွားတယ်။+
စုစုပေါင်း ၄,၆၀၀ ဖြစ်တယ်။
၃၁ ဗာဗုလုန်ဘုရင် ဧဝိလမေရောဒက်က သူနန်းတက်စနှစ်မှာ ယုဒဘုရင် ယေခေါနိကို+ အကျဉ်းချထားရာကနေ လွှတ်ပေးလိုက်တယ်။ ယုဒဘုရင်ယေခေါနိ ပြည်နှင်ခံရပြီး ၃၇ နှစ်မြောက်၊ ၁၂ လပိုင်း၊ ၂၅ ရက်နေ့မှာ ဖြစ်တယ်။+ ၃၂ ဗာဗုလုန်ဘုရင်က ယေခေါနိကို ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံပြီး ဗာဗုလုန်မှာရှိတဲ့ တခြားဘုရင်တွေထက် ချီးမြှောက်ထားတယ်။ ၃၃ ယေခေါနိဟာ အကျဉ်းသားဝတ်စုံကို ချွတ်ပြီး ဗာဗုလုန်ဘုရင်ရှေ့မှာ တစ်သက်လုံး စားသောက်ခွင့်ရတယ်။ ၃၄ သူအသက်ရှင်နေသမျှ ကာလပတ်လုံး သူ့အတွက် နေ့စဉ် အစားအသောက်ကို ဗာဗုလုန်ဘုရင် ပေးသနားတယ်။
“ယေဟောဝါ ချီးမြှောက်တယ်” လို့ဆိုလိုနိုင်။
မူရင်း၊ “နိုးကြားသူ။”
ဒါမှမဟုတ်၊ “ခိုင်မြဲတဲ့မေတ္တာပြခဲ့တာ။”
ဒါမှမဟုတ်၊ “မင်ဖိမြို့။”
နိုင်းမြစ်ရဲ့ မြစ်လက်တက်။
ယူဖရေးတီးမြစ်။
ဒါမှမဟုတ်၊ “တခြားနတ်ဘုရားတွေကို။”
ဂျေရုဆလင် ဒါမှမဟုတ် ဇိအုန်။
ဒါမှမဟုတ်၊ “တခြားနတ်ဘုရားတွေကို။”
“လင်ယောက်ျားပါ” လည်းဖြစ်နိုင်။
မူရင်း၊ “အရေဖျားဖြတ်ကြပါ။”
“စစ်ငြာသံ” လည်းဖြစ်နိုင်။
“ဘုရား မရှိပါဘူး” လည်းဖြစ်နိုင်။
မီးရှို့တဲ့အခါ မွှေးကြိုင်တဲ့ အဖြူရောင်သစ်စေးတစ်မျိုး။
သတ္တုသန့်စင်ရာမှာသုံးတဲ့ မီးဖိုကို လေမှုတ်ပေးတဲ့ သားရေလေအိတ်။
အယူဖောက်ပြန်တဲ့ အစ္စရေးတွေ ကိုးကွယ်တဲ့ ဘုရားမရဲ့ဘွဲ့နာမည်။ မျိုးပွားဘုရားမ ဖြစ်နိုင်။
ဒါမှမဟုတ်၊ “စိတ်ဆိုးအောင်။”
မူရင်း၊ “လည်ပင်းခိုင်မာကြတယ်။”
ဒါမှမဟုတ်၊ “ဆက်ကပ်ထားတဲ့။”
ခက်ဆစ် “ဂေဟင်နာ” ကိုကြည့်။
“ကြိုးကြာငှက်” လည်းဖြစ်နိုင်။
ရာသီအလိုက် ပြောင်းရွှေ့နေထိုင်ချိန်။
ဒါမှမဟုတ်၊ “အနာသက်သာစေတဲ့ လိမ်းဆေး။”
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “စိတ်နှလုံးကို အရေဖျားမဖြတ်ထားလို့ပဲ။”
အခန်းငယ် ၁၁ ကို မူရင်းမှာ အာရမိတ်လို ရေးထား။
“မိုးရေအတွက် ရေတံခါးကို ဖန်ဆင်းတယ်” လည်းဖြစ်နိုင်။
ယေရမိ။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
ယေရမိ။
မူရင်း၊ “ကျောက်ကပ်တွေကိုပါ။”
မူရင်း၊ “ကျောက်ကပ်ထဲမှာ။”
“ညည်းတွားငိုကြွေးနေပြီ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “အီသီယိုးပီးယားလူဟာ။”
“တရားစီရင်ချက်” လည်းဖြစ်နိုင်။
“နောက်ပြန်ဆုတ်သွားတယ်” လည်းဖြစ်နိုင်။
“နေဟာ အရှက်ကွဲပြီး အနေရခက်သွားပြီ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ပြစ်ဒဏ်စီရင်ချက်သတင်း။”
ဒါမှမဟုတ်၊ “ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာမယ်။”
အယူဖောက်ပြန်တဲ့ အစ္စရေးပြည်မှာ လုပ်နေကြတဲ့ အယူမှားဓလေ့ထုံးစံ။
ခက်ဆစ်ကိုကြည့်။
“မင်းဟာ ငါ့ဒေါသကြောင့် မီးလို စွဲလောင်နေတယ်” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “သစ္စာဖောက်တတ်တယ်။”
“ပြင်လို့မရ ဖြစ်တတ်တယ်” လည်းဖြစ်နိုင်။
မူရင်း၊ “ကျောက်ကပ်တွေကို။”
မူရင်း၊ “လည်ပင်းခိုင်မာခဲ့ကြတယ်။”
မူရင်း၊ “လေချွန်စရာ။”
မူရင်း၊ “လေချွန်စရာ။”
မူရင်း၊ “လည်ပင်းခိုင်မာကြတယ်။”
မူရင်း၊ “ကျောက်ကပ်တွေကို။”
ဒါမှမဟုတ်၊ “အသက်ရှင်လွတ်မြောက်လိမ့်မယ်။”
ယောခတ်လို့လည်း ခေါ်။
ဂျေရုဆလင်မြို့ ဖြစ်နိုင်။
ယေခေါနိလို့လည်းခေါ်။
ဒါမှမဟုတ်၊ “အမွေခံကို။”
ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “အရေးကြီးတဲ့ သတင်းစကား။” ဟီဘရူးစကားမှာ “အရေးကြီးတဲ့ သတင်းစကား၊” “ဝန်လေးပင်ပန်းစေတဲ့အရာ” ဆိုပြီး အဓိပ္ပာယ်နှစ်မျိုးရှိ။
မူရင်း၊ “ကျွန်တော်တို့ရဲ့ဘုရား။”
ခေါနိလို့လည်းခေါ်။
“မြေကတုတ် တည်ဆောက်သူတွေ” လည်းဖြစ်နိုင်။
မူရင်း၊ “လေချွန်စရာ။”
မူရင်း၊ “လေချွန်စရာ။”
ဘေဘယ်မြို့(ဗာဗုလုန်)ရဲ့ နာမည်နောက်တစ်မျိုး။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
“မြေကတုတ် တည်ဆောက်သူတွေ” လည်းဖြစ်နိုင်။
“ပေါက်ပြဲနေတဲ့” လည်းဖြစ်နိုင်။
မူရင်း၊ “လေချွန်စရာ။”
ပြည်နှင်ဒဏ်ခံရသူတွေ။
“ချီးမြှောက်မယ်” လည်းဖြစ်နိုင်။
“လင်ယောက်ျား” လည်းဖြစ်နိုင်။
တစ်ရှယ်ကယ်က ၁၁.၄ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ဒါမှမဟုတ်၊ “အမွေခံ။”
နိုဝင်ဘာလလယ်ကနေ ဒီဇင်ဘာလလယ်အထိ။ နောက်ဆက်တွဲ ခ၁၅ ကိုကြည့်။
မူရင်း၊ ‘ရေလှောင်ကန်ထဲမှာ။’
ဒါမှမဟုတ်၊ “နန်းတွင်းအရာရှိ။”
ဒါမှမဟုတ်၊ “နန်းတော်အရာရှိချုပ်။”
ဒါမှမဟုတ်၊ “မှော်ဆရာကြီး။ နက္ခတ်ဗေဒင်ဆရာ။”
“အလုပ်ကြမ်းခိုင်းစေတယ်” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “အသက်ရှင်လွတ်မြောက်လိမ့်မယ်။”
သဖန်းသီး၊ စွန်ပလွံသီးတွေ ဖြစ်နိုင်။
အယူဖောက်ပြန်တဲ့ အစ္စရေးတွေ ကိုးကွယ်တဲ့ ဘုရားမရဲ့ဘွဲ့နာမည်။ မျိုးပွားဘုရားမ ဖြစ်နိုင်။
ဒါမှမဟုတ်၊ “အသက်ရှင်လွတ်မြောက်လိမ့်မယ်။”
ဒါမှမဟုတ်၊ “အီသီယိုးပီးယား။”
အီဂျစ်ကိုအောင်နိုင်သူ။
“လွင်တီးခေါင် ဖြစ်သွားလိမ့်မယ်” လည်းဖြစ်နိုင်။
သီးဘီးမြို့။
ခရိကျွန်း။
အရှက်ကွဲလို့ ဝမ်းနည်းတဲ့အနေနဲ့ ခေါင်းရိတ်တာဖြစ်။
“မြေပေါ် ဆင်းထိုင်ပါ” လည်းဖြစ်နိုင်။
“ဦးချိုကျိုးသွားပြီ” လည်းဖြစ်နိုင်။
“စစ်ငြာသံ” လည်းဖြစ်နိုင်။
မူရင်း၊ “လေချွန်ကြလိမ့်မယ်။”
မူရင်းမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်နိုင်။
မူရင်း၊ “လေချွန်ကြလိမ့်မယ်။”
ခါလဒဲရဲ့ နာမည်နောက်တစ်မျိုး။
“မြားကျည်တောက်ကို ဖြည့်ထားကြ” လည်းဖြစ်နိုင်။
“မိုးရေအတွက် ရေတံခါးကို ဖန်ဆင်းတယ်” လည်းဖြစ်နိုင်။
မူရင်း၊ “လေချွန်စရာ။”
ဗာဗုလုန်ရဲ့ နာမည်နောက်တစ်မျိုး။
လက်တစ်လုံးစာဟာ ၁.၈၅ စမ (၀.၇၃ လက်မ) နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။