ရောမ
၈ ဒါကြောင့် ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိနေသူတွေဟာ ပြစ်ဒဏ်စီရင်ခြင်းနဲ့ ကင်းလွတ်တယ်။ ၂ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိနေသူတွေကို အသက်ပေးတဲ့ စွမ်းအားတော်နဲ့ဆိုင်တဲ့ တရားက ခင်ဗျားတို့ကို အပြစ်တရားနဲ့ သေခြင်းတရားရဲ့ လက်အောက်ကနေ လွတ်မြောက်စေလို့ပဲ။+ ၃ လူတွေဟာ ပြည့်ဝစုံလင်သူတွေ မဟုတ်လို့ ပညတ်တရားကို အပြည့်အဝ မလိုက်နာနိုင်ဘူး။+ ဒါကြောင့် ပညတ်တရားက လူတွေကို မကယ်တင်ပေးနိုင်ဘူး။ ဒါပေမဲ့ ပညတ်တရား မစွမ်းဆောင်နိုင်ရာကို+ ဘုရားသခင် လုပ်ဆောင်ခဲ့တယ်။ အဲဒါကတော့ အပြစ်ကို ဖယ်ရှားဖို့ သားတော်ရင်းကို+ လူသားတစ်ယောက်အဖြစ်*+ စေလွှတ်လိုက်တာပါပဲ။ ဒီနည်းနဲ့ ဘုရားသခင်က လူတွေမှာရှိတဲ့ အပြစ်ကို ပြစ်ဒဏ်စီရင်လိုက်တယ်။ ၄ ရည်ရွယ်ချက်က အပြစ်ရှိတဲ့ အလိုဆန္ဒနောက် မလိုက်ဘဲ စွမ်းအားတော်နဲ့အညီ လျှောက်လှမ်းခြင်းအားဖြင့်+ ပညတ်တရားမှာပါတဲ့ ဖြောင့်မတ်တဲ့ ပြဋ္ဌာန်းချက်တွေကို ကျွန်တော်တို့ လိုက်နာဖို့ဖြစ်တယ်။+ ၅ အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်တဲ့သူဟာ အပြစ်ရှိတဲ့အရာတွေကိုပဲ စိတ်ရောက်နေတတ်တယ်။+ စွမ်းအားတော်နဲ့အညီ အသက်ရှင်တဲ့သူကတော့ စွမ်းအားတော်နဲ့ဆိုင်တဲ့ အရာတွေကိုပဲ စိတ်ရောက်နေတတ်တယ်။+ ၆ အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေတာက သေစေနိုင်တယ်။+ စွမ်းအားတော်နဲ့ဆိုင်တဲ့ အရာတွေဆီ စိတ်ရောက်နေတာက အသက်ရှင်ခြင်းနဲ့ ငြိမ်သက်ခြင်းကို ရရှိစေနိုင်တယ်။+ ၇ အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေသူတွေဟာ ဘုရားသခင်ရဲ့ရန်သူ ဖြစ်သွားတယ်။+ သူတို့က ဘုရားသခင်ရဲ့ပညတ်ကို မနာခံဘူး၊ နာခံနိုင်စွမ်းလည်း မရှိဘူး။ ၈ ဒါကြောင့် အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေသူတွေက ဘုရားသခင့်စိတ်တော်နဲ့ မတွေ့နိုင်ဘူး။
၉ ခင်ဗျားတို့ဆီမှာ ဘုရားသခင့်စွမ်းအားတော် အမှန်တကယ် ကိန်းအောင်းနေရင် အပြစ်ရှိတဲ့ အလိုဆန္ဒနောက် မလိုက်ဘဲ စွမ်းအားတော်နဲ့အညီ အသက်ရှင်နေကြမှာပဲ။+ ခရစ်တော်ရဲ့ စိတ်သဘောထား မရှိသူကတော့ ခရစ်တော်နဲ့ မသက်ဆိုင်သူပဲ။ ၁၀ ခင်ဗျားတို့ဟာ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတယ်ဆိုရင်+ အပြစ်ကြောင့် ကိုယ်ခန္ဓာ သေဆုံးပေမဲ့လည်း ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတဲ့အတွက်ကြောင့် စွမ်းအားတော်က အသက်ရှင်စေတယ်။ ၁၁ ယေရှုကို သေရာကနေ ထမြောက်စေတဲ့အရှင်ရဲ့ စွမ်းအားတော်သာ ခင်ဗျားတို့ဆီမှာ ကိန်းအောင်းနေမယ်ဆိုရင် ခရစ်တော်ယေရှုကို သေရာကနေ ထမြောက်စေတဲ့အရှင်က+ ခင်ဗျားတို့ဆီမှာရှိနေတဲ့ စွမ်းအားတော်အားဖြင့် သေတတ်တဲ့ ခင်ဗျားတို့ရဲ့ ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေလိမ့်မယ်။+
၁၂ ညီအစ်ကိုတို့၊ ကျွန်တော်တို့မှာ တာဝန်ရှိသွားပြီ။ အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း အသက်ရှင်ပြီး အပြစ်ကျူးလွန်ဖို့တော့ မဟုတ်ပါဘူး။+ ၁၃ အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း အသက်ရှင်ရင် သေဆုံးရမှာ ကျိန်းသေပဲ။ အပြစ်ရှိတဲ့ အကျင့်တွေကို စွမ်းအားတော်အကူအညီနဲ့ သေစေမယ်ဆိုရင်တော့+ အသက်ရှင်ရလိမ့်မယ်။+ ၁၄ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို ခံယူသူတွေဟာ ဘုရားသခင်ရဲ့ သားသမီးတွေပဲ။+ ၁၅ ဘုရားသခင့် စွမ်းအားတော်က ခင်ဗျားတို့ကို ကျွန်ဘဝ ရောက်စေမှာ မဟုတ်ဘူး။ ကြောက်စိတ်ဝင်စေမှာ မဟုတ်ဘူး။ အဲဒီစွမ်းအားတော်က ကျွန်တော်တို့ကို သားတွေအဖြစ် မွေးစားခံရစေပြီး “အဗ္ဗ၊* အဖ”+ လို့ခေါ်စေတယ်။ ၁၆ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ သားသမီးတွေဖြစ်မှန်း+ စွမ်းအားတော်ကိုယ်တိုင်ရော ကျွန်တော်တို့ရဲ့ စိတ်ကပါ အတည်ပြုပေးတယ်။+ ၁၇ ကျွန်တော်တို့ဟာ သားသမီးတွေဆိုရင် အမွေခံလည်း ဟုတ်တာပေါ့။ ဘုရားသခင်ရဲ့ အမွေခံတွေပဲ။ ခရစ်တော်နဲ့အတူ အမွေခံရမယ့်သူတွေပဲ။+ ခရစ်တော်နဲ့အတူ ဆင်းရဲဒုက္ခခံခဲ့တယ်ဆိုရင်+ ခရစ်တော်နဲ့အတူ ဘုန်းထင်ရှားမယ့်သူတွေလည်း ဟုတ်တာပေါ့။+
၁၈ လက်ရှိခံနေရတဲ့ ဆင်းရဲဒုက္ခတွေဟာ ကျွန်တော်တို့အားဖြင့် ဘုရားသခင်ဖော်ပြမယ့် ဘုန်းအသရေနဲ့ ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်ဘူးလို့ ကျွန်တော်ယူဆတယ်။+ ၁၉ ဘုရားသခင်ရဲ့ ဖန်ဆင်းရာတွေက* ဘုရားသခင်ရဲ့သားတွေ ပေါ်ထွန်းမယ့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြတယ်။+ ၂၀ ဘာကြောင့်လဲဆိုတော့ ဖန်ဆင်းရာတွေ အချည်းနှီးအဖြစ်ကို ရောက်ခဲ့ရလို့ပဲ။+ ဆန္ဒအလျောက် ရောက်ခဲ့ရတာတော့ မဟုတ်ဘူး။ အချည်းနှီးအဖြစ်ကို ရောက်သွားအောင် ခွင့်ပြုလိုက်တဲ့ အရှင်ရဲ့ အလိုတော်ကြောင့်သာ ဖြစ်ရတာပါ။ ဒါပေမဲ့ အဲဒီအရှင်ပေးထားတဲ့ မျှော်လင့်ချက်ကတော့၊ ၂၁ ဖန်ဆင်းရာတွေဟာ ဖောက်ပြန်ပျက်စီးခြင်းရဲ့ ကျွန်ဘဝကနေ လွတ်မြောက်ပြီး+ ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ လွတ်လပ်မှုကို ခံစားရမယ်ဆိုတဲ့ အချက်ပဲ။ ၂၂ ဖန်ဆင်းရာအားလုံး အခုချိန်အထိ တညီတညွတ်တည်း ညည်းတွားပြီး ဝေဒနာခံစားနေကြရမှန်း ကျွန်တော်တို့ သိကြတယ်။ ၂၃ သီးဦးသီးဖျားဖြစ်တဲ့ စွမ်းအားတော်ကို ရရှိထားတဲ့ ကျွန်တော်တို့ကိုယ်တိုင်လည်း ရွေးဖိုးအားဖြင့် သွေးသားခန္ဓာကနေ လွတ်မြောက်ပြီး သားတွေအဖြစ် မွေးစားခံရမယ့်အချိန်ကို+ မျှော်လင့်တကြီး စောင့်ဆိုင်းနေရင်းနဲ့ စိတ်ထဲမှာ ညည်းတွားနေရတာပဲ။+ ၂၄ ကျွန်တော်တို့ကို အပြစ်ရဲ့ လက်အောက်ကနေ ဘုရားသခင် ကယ်တင်လိုက်တဲ့အခါ အဲဒီမျှော်လင့်ချက်ကို ရလာတယ်။ မြင်နေရတဲ့အရာကို မျှော်လင့်တယ်ဆိုရင် ဒါဟာ မျှော်လင့်ချက် မဟုတ်တော့ဘူး။ မြင်နေရပြီဆိုမှတော့ ဘာမျှော်လင့်စရာ လိုတော့မှာလဲ။ ၂၅ မမြင်ရသေးတဲ့အရာကို+ မျှော်လင့်တယ်ဆိုရင်တော့+ ခံနိုင်ရည်ရှိရှိ+ ဆက်ပြီး စောင့်နေရမှာပေါ့။
၂၆ အလားတူ၊ စွမ်းအားတော်က ကျွန်တော်တို့ အားနည်းနေချိန်မှာ ကူညီမစပေးတယ်။+ ဆုတောင်းရမယ်ဆိုတာ သိပေမဲ့ တစ်ခါတလေ ဘာအတွက် ဆုတောင်းရမှန်းမသိ ဖြစ်တတ်တယ်။ စကားလုံးတွေနဲ့ မဖော်ပြနိုင်ဘဲ ညည်းတွားနေရတဲ့အခါမျိုးမှာ စွမ်းအားတော်ကိုယ်တိုင် ကျွန်တော်တို့အတွက် အသနားခံပေးတယ်။ ၂၇ စိတ်နှလုံးကို စစ်ဆေးတဲ့အရှင်က+ သန့်ရှင်းသူတွေအတွက် စွမ်းအားတော် အသနားခံပေးတဲ့အရာကို သိတယ်။ ဘာလို့လဲဆိုတော့ စွမ်းအားတော်က ဘုရားသခင့် အလိုတော်နဲ့ညီတဲ့အရာကို အသနားခံပေးလို့ပဲ။
၂၈ ဘုရားသခင်က မိမိကိုချစ်တဲ့သူတွေ၊ အလိုတော်နဲ့အညီ ခေါ်တော်မူခြင်းခံရသူတွေရဲ့ ကောင်းကျိုးအတွက် မိမိလုပ်ဆောင်သမျှကို စည်းစနစ်တကျ ဖြစ်စေမှန်း+ ကျွန်တော်တို့ သိကြတယ်။ ၂၉ သားတော်ကို ညီအစ်ကိုတွေထဲမှာ+ သားဦးဖြစ်စေဖို့+ ဘုရားသခင်က ဦးဆုံးသတိပြုမိသူတွေကို သားတော်လိုဖြစ်စေဖို့+ ကြိုတင်ပြဋ္ဌာန်းထားတယ်။ ၃၀ ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားသူတွေဟာ+ ခေါ်တော်မူခြင်း ခံရသူတွေပါပဲ။+ ခေါ်တော်မူခြင်းခံရသူတွေဟာ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရသူတွေပဲ။+ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရသူတွေဟာ ဘုန်းထင်ရှားသူတွေ ဖြစ်တယ်။+
၃၁ ဒါတွေနဲ့ပတ်သက်ပြီး ဘာပြောရမလဲ။ ဘုရားသခင်သာ ကျွန်တော်တို့ဘက်မှာ ရှိရင် ကျွန်တော်တို့ကို ဘယ်သူဆန့်ကျင်နိုင်မလဲ။+ ၃၂ ဘုရားသခင်က ကျွန်တော်တို့အားလုံးအတွက် သားတော်ရင်းကိုတောင် မချန်ဘဲ ပေးပြီးပြီဆိုမှတော့+ သားတော်နဲ့တကွ အရာခပ်သိမ်းကို ကျွန်တော်တို့လက်ထဲ ဘာလို့ မပေးဘဲနေမှာလဲ။ ၃၃ ဘုရားသခင် ရွေးချယ်ထားသူတွေကို ဘယ်သူ ပြစ်တင်စွပ်စွဲမလဲ။+ ဘုရားသခင်ကိုယ်တိုင်က သူတို့ကို ဖြောင့်မတ်တယ်လို့ သတ်မှတ်ထားပြီပဲ။+ ၃၄ သူတို့ကို ဘယ်သူ ပြစ်ဒဏ်စီရင်မလဲ။ ဘယ်သူမှ စီရင်လို့မရဘူး။ ဘာလို့လဲဆိုတော့ အသေခံပြီးနောက် ရှင်ပြန်ထမြောက်လာတဲ့ ခရစ်တော်ယေရှုက ဘုရားသခင်ရဲ့ ညာဘက်မှာ ခစားပြီး+ ကျွန်တော်တို့အတွက် ကိုယ်တိုင် အသနားခံပေးနေလို့ပဲ။+
၃၅ ခရစ်တော်ရဲ့ မေတ္တာကို မခံစားရတော့အောင် ကျွန်တော်တို့ကို ဘာက တားဆီးနိုင်လို့လဲ။+ ဒုက္ခရောက်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ဆာငတ်ခြင်း၊ အဝတ်မဲ့ခြင်း၊ အန္တရာယ်ကြုံတွေ့ခြင်း၊ ဓားနဲ့ခြိမ်းခြောက်ခံရခြင်း စတာတွေလား။+ ၃၆ “ကျွန်တော်တို့ဟာ ကိုယ်တော့်အတွက် နေ့တိုင်းလိုလို သေဘေးနဲ့ကြုံနေရတယ်။ အသတ်ခံရမယ့်သိုးတွေလို ဖြစ်နေပြီ”+ ဆိုတဲ့ ကျမ်းစကားအတိုင်း ဖြစ်နေတယ်။ ၃၇ ဒါပေမဲ့ ကျွန်တော်တို့ကိုချစ်တဲ့ သခင်အားဖြင့် အဲဒါတွေအားလုံးကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြတယ်။+ ၃၈ ဘာကြောင့်လဲဆိုတော့ သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အစိုးရအာဏာဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်လာမယ့်အရာဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊+ ၃၉ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဖန်ဆင်းရာတွေဖြစ်စေ သခင် ခရစ်တော်ယေရှုကတစ်ဆင့် ဘုရားသခင်ပြတဲ့မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်မှန်း ကျွန်တော် တထစ်ချယုံတယ်။