ယောဟန်
၅ အဲဒီနောက် ဂျူးတွေရဲ့ ပွဲတော်ရှိတဲ့အတွက်+ ယေရှုက ဂျေရုဆလင်မြို့ကို တက်သွားတယ်။ ၂ ဂျေရုဆလင်မြို့၊ သိုးတံခါးနားမှာ+ ဟီဘရူးစကားနဲ့ ‘ဗေသေသဒ’ လို့ခေါ်တဲ့ ရေကန်ရှိတယ်။ အဲဒီရေကန်မှာ စင်္ကြံ ၅ ခု ရှိတယ်။ ၃ အဲဒီစင်္ကြံတွေမှာ ဖျားနာသူ၊ မျက်မမြင်သူ၊ ခြေမသန်သူနဲ့ ခြေလက်သေနေသူတွေ အများကြီး လဲလျောင်းနေကြတယ်။ ၄ *— ၅ သုံးဆယ့်ရှစ်နှစ်လုံးလုံး နာမကျန်းဖြစ်နေသူတစ်ယောက် အဲဒီမှာ လဲလျောင်းနေတယ်။ ၆ သူ့ကိုမြင်တော့ နာမကျန်းဖြစ်တာ ကြာလှပြီဆိုတာ ယေရှုသိတဲ့အတွက် “ခင်ဗျား ကျန်းမာချင်သလား”+ လို့မေးတယ်။ ၇ သူက “ဆရာ၊ ရေပြင်လှုပ်ရှားတဲ့အခါ ကျွန်တော့်ကို ရေကန်ထဲ ချပေးမယ့်သူ မရှိဘူး။ ကျွန်တော်ဆင်းမယ်လုပ်တိုင်း တခြားတစ်ယောက် အရင်ဆင်းသွားတတ်ပါတယ်” လို့ဖြေတယ်။ ၈ ယေရှုက “ထပါ။ ကိုယ့်အိပ်ရာကိုယူပြီး လမ်းလျှောက်တော့”+ လို့ပြောတဲ့အခါ၊ ၉ အဲဒီလူ ချက်ချင်း ကျန်းမာလာတဲ့အတွက် အိပ်ရာကိုယူပြီး လမ်းလျှောက်သွားတော့တယ်။
အဲဒီနေ့ဟာ ဥပုသ်နေ့ပဲ။ ၁၀ ဒါကြောင့် ဂျူးတွေက “ဒါဥပုသ်နေ့ပဲ။ အိပ်ရာကို မသယ်ရဘူး” လို့ အဲဒီလူကို ပြောတယ်။+ ၁၁ သူက “ကျွန်တော့်ကို ကျန်းမာစေသူက ‘ကိုယ့်အိပ်ရာကိုယူပြီး လမ်းလျှောက်တော့’ လို့ပြောပါတယ်” ဆိုတော့၊ ၁၂ သူတို့က “မင်းကို အဲဒီလိုပြောတာ ဘယ်သူလဲ” ဆိုပြီးမေးကြတယ်။ ၁၃ ဒါပေမဲ့ အဲဒီလူက သူ့ကိုကျန်းမာအောင် လုပ်ပေးတဲ့သူ ဘယ်သူမှန်း မသိလိုက်ဘူး။ ယေရှုက လူအုပ်ကြားထဲမှာ ခြေရာဖျောက်သွားလို့ပဲ။
၁၄ အဲဒီနောက် ယေရှုက ဗိမာန်တော်မှာ အဲဒီလူနဲ့ဆုံတော့ “ခင်ဗျား ကျန်းမာသွားပြီ။ ဒီထက်ဆိုးတဲ့အဖြစ်မျိုး မကြုံရအောင် အပြစ်မလုပ်ပါနဲ့” လို့ပြောတယ်။ ၁၅ အဲဒီလူက သူ့ကိုကုသပေးခဲ့တာ ယေရှုပဲဆိုပြီး ဂျူးတွေကို သွားပြောတယ်။ ၁၆ ဥပုသ်နေ့မှာ အဲဒါတွေ လုပ်ပေးတဲ့အတွက် ဂျူးတွေက ယေရှုကို ပြဿနာရှာကြတယ်။ ၁၇ ယေရှုက “ကျွန်တော့်ရဲ့ အဖဘုရားဟာ အခုချိန်ထိ အလုပ်လုပ်နေတုန်းပဲ။ ကျွန်တော်လည်း အလုပ်လုပ်မှာပဲ”+ လို့ပြန်ပြောတော့၊ ၁၈ ဂျူးတွေက ယေရှုကိုသတ်ဖို့ ပိုလို့တောင် ကြိုးစားကြတယ်။ သူတို့အမြင်မှာ ယေရှုက ဥပုသ်ပညတ်ကို ချိုးဖောက်ရုံသာမက ဘုရားသခင်ကို သူ့ရဲ့အဖလို့ခေါ်ပြီး+ မိမိကိုယ်ကို ဘုရားသခင်နဲ့ တန်းတူဖြစ်အောင် လုပ်နေလို့ပဲ။+
၁၉ ဒါကြောင့် သူတို့ကို ယေရှုပြန်ပြောတာက “ကျွန်တော် မှန်တာကို ပြောမယ်။ အမှန်အတိုင်း ပြောမယ်။ သားတော်က အဖဘုရားလုပ်တာကို မြင်လို့သာ လုပ်တာပါ။+ ကိုယ်တိုင်အစပြုပြီး ဘာတစ်ခုမှ မလုပ်ဘူး။ အဖဘုရား လုပ်တာတွေကိုပဲ သားတော်က လုပ်တယ်။ ၂၀ အဖဘုရားက သားတော်ကို ချစ်ခင်တွယ်တာလို့+ မိမိလုပ်ဆောင်သမျှ သားတော်ကို ပြတယ်။ ဒီထက် အံ့သြစရာ ကောင်းတာတွေကိုလည်း သားတော်ကို ပြဦးမယ်။ အဲဒီအခါ ခင်ဗျားတို့ တအံ့တသြ ဖြစ်ရလိမ့်မယ်။+ ၂၁ အဖဘုရားက သေလွန်သူတွေကို အသက်ပြန်ရှင်စေသလို+ သားတော်ကလည်း အလိုရှိတဲ့သူကို အသက်ပြန်ရှင်အောင် လုပ်ပေးမှာပဲ။+ ၂၂ အဖဘုရားက ဘယ်သူ့ကိုမှ တရားမစီရင်ဘူး။ တရားစီရင်ပိုင်ခွင့်ကို သားတော်လက်ထဲ အပ်ထားတယ်။+ ၂၃ ဒါမှ လူအားလုံးက အဖဘုရားကို ဂုဏ်တင်ချီးမွမ်းသလို သားတော်ကိုလည်း ဂုဏ်တင်ချီးမွမ်းကြမှာပါ။ သားတော်ကို ဂုဏ်မတင်တဲ့သူဟာ သားတော်ကို စေလွှတ်တဲ့ အဖဘုရားကိုလည်း ဂုဏ်မတင်တဲ့သူပဲ။+ ၂၄ ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ကျွန်တော့်စကားကို ကြားနာပြီး ကျွန်တော့်ကိုစေလွှတ်တဲ့အရှင်ကို ယုံကြည်ရင် ထာဝရအသက် ရလိမ့်မယ်။+ တရားစီရင်မခံရဘဲ သေခြင်းကို ကျော်လွန်ပြီး အသက်ကို ရလိမ့်မယ်။+
၂၅ “ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ အချိန်ရောက်တော့မယ်။ သေလွန်သူတွေ ဘုရားသခင့်သားတော်ရဲ့ စကားသံကို ကြားရမယ့်အချိန် အခုပဲ ရောက်နေပြီ။ အဲဒီစကားသံကို အာရုံစိုက်သူတွေ အသက်ရှင်ရလိမ့်မယ်။ ၂၆ အဖဘုရားဆီမှာ အသက်ပေးနိုင်တဲ့တန်ခိုး ရှိသလို+ သားတော်ကိုလည်း အဲဒီတန်ခိုး အပ်နှင်းထားတယ်။+ ၂၇ သားတော်ဟာ လူသား* ဖြစ်တဲ့အတွက်+ ဘုရားသခင်က သူ့ကို တရားစီရင်ပိုင်တဲ့ အခွင့်အာဏာ အပ်နှင်းထားတယ်။+ ၂၈ ဒါကို မအံ့သြကြပါနဲ့။ သင်္ချိုင်းဂူတွေမှာ* ရှိနေသူအားလုံး သားတော်ရဲ့အသံကို ကြားပြီး ထွက်လာမယ့်အချိန် ရောက်လာတော့မယ်။+ ၂၉ ကောင်းတဲ့အကျင့်ကို ကျင့်သူတွေ အသက်ရှင်ဖို့ ထမြောက်လာလိမ့်မယ်။ ဆိုးညစ်တဲ့အကျင့်ကို ကျင့်သူတွေကတော့ တရားစီရင်ခံရဖို့ ထမြောက်လာလိမ့်မယ်။+ ၃၀ ကျွန်တော်က ကိုယ်တိုင်အစပြုပြီး ဘာတစ်ခုမှ မလုပ်ဘူး။ ကိုယ့်ဆန္ဒအတိုင်း မလုပ်ဘဲ ကျွန်တော့်ကိုစေလွှတ်တဲ့အရှင်ရဲ့ ဆန္ဒအတိုင်းပဲ လုပ်တယ်။+ အဖဘုရား ပြောတဲ့အတိုင်းပဲ တရားစီရင်တယ်။ ဒါကြောင့် ကျွန်တော့်စီရင်ချက်တွေဟာ ဖြောင့်မှန်တယ်။+
၃၁ “ကိုယ့်အကြောင်းကိုယ်ပဲ သက်သေခံရင် ကျွန်တော့်စကားတွေ မမှန်နိုင်ဘူး။+ ၃၂ ကျွန်တော့်အကြောင်းကို သက်သေခံသူတစ်ဦး ရှိသေးတယ်။ သူ့စကားတွေ မှန်တယ်ဆိုတာ ကျွန်တော်သိတယ်။+ ၃၃ ခင်ဗျားတို့ ယောဟန်ဆီ လူလွှတ်လိုက်သားပဲ။ သူက အမှန်တရားဘက်ကနေ သက်သေခံခဲ့တယ်။+ ၃၄ ဒါပေမဲ့ လူရဲ့သက်သေခံချက်ကို ကျွန်တော် အားမကိုးဘူး။ ခင်ဗျားတို့ ကယ်တင်ခံရဖို့ ကျွန်တော် ဒါတွေပြောနေတာ။ ၃၅ ယောဟန်ဟာ ထွန်းလင်းနေတဲ့ မီးခွက်ပဲ။ ခင်ဗျားတို့က သူ့ရဲ့အလင်းမှာ ခဏတာတော့ ပျော်ရွှင်ချင်ကြတယ်။+ ၃၆ တကယ်တော့ ယောဟန်ထက် ပိုကြီးမြတ်တဲ့ သက်သေခံချက် ကျွန်တော့်မှာ ရှိတယ်။ အဖဘုရား တာဝန်ပေးလို့ ကျွန်တော်လုပ်နေတဲ့ ဒီအလုပ်တွေ ကိုယ်နှိုက်ဟာ ကျွန်တော့်ကို အဖဘုရား စေလွှတ်တယ်ဆိုတဲ့ သက်သေပဲ။+ ၃၇ ကျွန်တော့်ကိုစေလွှတ်တဲ့ အဖဘုရားကိုယ်တိုင်လည်း ကျွန်တော့်သက်သေပဲ။+ အဖဘုရားရဲ့အသံကို ခင်ဗျားတို့ တစ်ခါမှ မကြားဖူးသလို ပုံသဏ္ဌာန်ကိုလည်း မမြင်ဖူးကြဘူး။+ ၃၈ အဖဘုရား စေလွှတ်တဲ့သူကို မယုံတဲ့အတွက် ဘုရားရဲ့ တရားစကားဟာ ခင်ဗျားတို့ရင်ထဲ စွဲမြဲမနေဘူး။
၃၉ “ထာဝရအသက်ရဖို့ ရည်ရွယ်ချက်နဲ့ ကျမ်းစာစောင်တွေကို ခင်ဗျားတို့ ဖတ်ရှုကြတာပဲ။+ အဲဒီကျမ်းစောင်တွေ ကိုယ်နှိုက်က ကျွန်တော့်အကြောင်း သက်သေခံတယ်။+ ၄၀ ဒါပေမဲ့ အသက်ရဖို့ ကျွန်တော့်ဆီ ခင်ဗျားတို့ မလာချင်ကြဘူး။+ ၄၁ လူတွေပေးတဲ့ ဘုန်းအသရေကို ကျွန်တော် မလိုချင်ဘူး။ ၄၂ ခင်ဗျားတို့ရင်ထဲမှာ ဘုရားသခင်ကိုချစ်တဲ့မေတ္တာ မရှိမှန်း ကျွန်တော် ကောင်းကောင်းသိတယ်။ ၄၃ ခင်ဗျားတို့က အဖဘုရားရဲ့နာမည်နဲ့ ရောက်လာတဲ့ ကျွန်တော့်ကို လက်မခံကြဘူး။ တခြားတစ်ယောက်က သူ့သဘောနဲ့သူ ရောက်လာတာဆိုရင်တော့ လက်ခံကြမှာပဲ။ ၄၄ လူတွေပေးတဲ့ ဘုန်းအသရေကို လိုချင်ပေမဲ့ တစ်ဆူတည်းသော ဘုရားသခင်ပေးတဲ့ ဘုန်းအသရေကိုတော့ မလိုချင်ကြတဲ့ ခင်ဗျားတို့ဟာ ကျွန်တော့်ကို ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ။+ ၄၅ အဖဘုရားဆီမှာ ခင်ဗျားတို့ကို ကျွန်တော် စွဲချက်တင်မယ်လို့ မထင်ကြနဲ့။ ခင်ဗျားတို့ကို စွဲချက်တင်မယ့်သူ ရှိတယ်။ သူကတော့ ခင်ဗျားတို့ကိုးစားတဲ့သူ မောရှေပဲ။+ ၄၆ မောရှေကိုယုံရင် ကျွန်တော့်ကိုလည်း ယုံရမှာပေါ့။ မောရှေက ကျွန်တော့်အကြောင်း ရေးခဲ့သားပဲ။+ ၄၇ သူရေးခဲ့တာကို မယုံရင် ကျွန်တော်ပြောတာကို ခင်ဗျားတို့ ဘယ်လိုလုပ် ယုံနိုင်ကြမှာလဲ။”