မဿဲ
၆ “သင်တို့၏ ဖြောင့်မတ်ခြင်းကို လူအများမြင်သာစေရန် လူမြင်ကွင်းတွင် မပြမည်အကြောင်း သတိပြုကြလော့။ သို့မဟုတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့အဖထံမှ အဘယ်ဆုကျေးဇူးမျှ ရကြမည်မဟုတ်။ ၂ ထို့ကြောင့် ပေးကမ်းစွန့်ကြဲသည့်အခါ ကြောင်သူတော်တို့သည် လူတို့၏ချီးမွမ်းခြင်းကိုခံလို၍ တရားဇရပ်များနှင့် လမ်းများပေါ်တွင် တံပိုးခရာမှုတ်စေသည်နည်းတူ မပြုကြနှင့်။ ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့အကျိုးကို ခံစားပြီးကြပြီ။ ၃ သင်သည် ပေးကမ်းစွန့်ကြဲသည့်အခါ လက်ယာလက်ပြုသောအမှုကို လက်ဝဲလက် မသိစေနှင့်။ ၄ သင်၏ပေးကမ်းစွန့်ကြဲခြင်းကို မထင်ရှားစေနှင့်။ သို့ပြုလျှင် မထင်ရှားသောအရာကို ရှုမြင်တော်မူသည့် ကောင်းကင်ဘုံရှိ သင်၏အဖသည် သင့်ကို အကျိုးဆပ်ပေးတော်မူမည်။
၅ “သင်တို့သည် ဆုတောင်းသောအခါ ကြောင်သူတော်တို့နည်းတူ မပြုကြနှင့်။ အကြောင်းမူကား ထိုသူတို့သည် လူတို့မြင်စေရန် တရားဇရပ်များ၊ လမ်းဆုံလမ်းခွများတွင် ရပ်လျက် ဆုတောင်းခြင်းကို နှစ်သက်ကြ၏။ ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့အကျိုးကို ခံစားပြီးကြပြီ။ ၆ သင်မူကား ဆုတောင်းသည့်အခါ အတွင်းခန်းထဲသို့ ဝင်၍ တံခါးပိတ်ပြီးမှ မထင်ရှားသောအရပ်၌ ရှိတော်မူသော ကောင်းကင်ဘုံရှိ သင်၏အဖထံ ဆုတောင်းလော့။ မထင်ရှားသောအရာကို ရှုမြင်တော်မူသည့် ကောင်းကင်ဘုံရှိ သင်၏အဖသည် သင့်ကို အကျိုးဆပ်ပေးတော်မူမည်။ ၇ ဆုတောင်းသည့်အခါ လူမျိုးခြားတို့နည်းတူ စကားတစ်မျိုးတည်းကို အထပ်ထပ်မရွတ်ဆိုကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် နားညောင်းခံရမည်ဟု ထင်မှတ်ကြ၏။ ၈ ထိုသူတို့နည်းတူ မပြုကြနှင့်။ သင်တို့၏အဖ ဘုရားသခင်သည် သင်တို့လိုအပ်ရာများကို မတောင်းမီကပင် သိတော်မူ၏။
၉ “ထို့ကြောင့် သင်တို့ ဤသို့ဆုတောင်းရမည်။
‘ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်း ရှိပါစေ။ ၁၀ နိုင်ငံတော်လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်းပြည့်စုံပါစေ။ ၁၁ ယနေ့အတွက် အသက်မွေးလောက်သောအစာကို ကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။ ၁၂ သူတစ်ပါး၏ အပြစ်ကြွေးများကို ကျွန်ုပ်တို့ဖြေလွှတ်သကဲ့သို့ ကျွန်ုပ်တို့၏ အပြစ်ကြွေးများကိုလည်း ဖြေလွှတ်တော်မူပါ။ ၁၃ အပြစ်သွေးဆောင်ရာနောက်သို့ မလိုက်ပါစေဘဲ ဆိုးညစ်သူ၏လက်မှ ကယ်နုတ်တော်မူပါ။’
၁၄ “သင်တို့သည် သူတစ်ပါး၏ပြစ်မှားမှုများကို ခွင့်လွှတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည်လည်း သင်တို့၏ပြစ်မှားမှုများကို ခွင့်လွှတ်တော်မူလိမ့်မည်။ ၁၅ သူတစ်ပါး၏ ပြစ်မှားမှုများကို ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် သင်တို့၏ပြစ်မှားမှုများကို ခွင့်လွှတ်တော်မမူ။
၁၆ “သင်တို့သည် အစာရှောင်သည့်အခါ ကြောင်သူတော်တို့နည်းတူ မျက်နှာ မညှိုးငယ်စေကြနှင့်တော့။ သူတို့သည် အစာရှောင်ကြောင်းကို လူတို့သိစေရန် မျက်နှာညှိုးပြတတ်ကြ၏။ ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့အကျိုးကို ခံစားပြီးကြပြီ။ ၁၇ သင်မူကား အစာရှောင်သည့်အခါ ခေါင်းကိုဆီလိမ်း၍ မျက်နှာကိုလည်း သစ်လော့။ ၁၈ သင်အစာရှောင်သည်ကို လူတို့ရှေ့တွင်မဟုတ်ဘဲ မထင်ရှားသောအရပ်၌ ရှိတော်မူသော ကောင်းကင်ဘုံရှိ သင့်အဖရှေ့တွင် ထင်ရှားစေလော့။ သို့ပြုလျှင် မထင်ရှားသောအရာကို ရှုမြင်တော်မူသည့် ကောင်းကင်ဘုံရှိ သင်၏အဖသည်သင့်ကို အကျိုးဆပ်ပေးတော်မူမည်။
၁၉ “သံချေး၊ ပိုးရွ ဖျက်ဆီးတတ်၍ သူခိုးထွင်းဖောက်ခိုးယူတတ်သည့် မြေကြီးပေါ်မှာ ဘဏ္ဍာကိုမစုဆောင်းကြနှင့်တော့။ ၂၀ သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုး မထွင်းမဖောက် မခိုးမယူတတ်သော ကောင်းကင်ဘုံ၌ သင်တို့၏ဘဏ္ဍာကို စုဆောင်းကြလော့။ ၂၁ အကြောင်းမူကား သင်၏ဘဏ္ဍာရှိရာ အရပ်တွင် သင်၏စိတ်နှလုံးလည်း ရောက်တတ်၏။
၂၂ “မျက်စိသည် ခန္ဓာကိုယ်၏ မီးခွက်ဖြစ်၏။ သင်၏မျက်စိရိုးရှင်း လျှင်တစ်ကိုယ်လုံး လင်းလိမ့်မည်။ ၂၃ သင်၏မျက်စိ ဆိုးညစ်လျှင် တစ်ကိုယ်လုံးမှောင်လိမ့်မည်။ သင်၌ရှိသောအလင်းသည် အမှောင်ဖြစ်လျှင် ထိုအမှောင်သည် အလွန်မှောင်မိုက်လိမ့်မည်။
၂၄ “မည်သူမျှ သခင်နှစ်ဦး၏အစေကို မခံနိုင်။ တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သို့မဟုတ် တစ်ဦးကိုမှီခို၍ တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေနှင့် စည်းစိမ်ချမ်းသာ၏အစေ နှစ်ရပ်ကို မခံနိုင်ကြ။
၂၅ “သို့ဖြစ်၍ ငါဆိုသည်ကား အဘယ်သို့စားရမည်၊ အဘယ်သို့သောက်ရမည် ဟူ၍ သင်တို့၏အသက်*အတွက် မစိုးရိမ်ကြနှင့်တော့။ အဘယ်သို့ဝတ်ရမည်ဟု သင်တို့ ခန္ဓာကိုယ်အတွက် မစိုးရိမ်ကြနှင့်တော့။ အစာထက် အသက်*မြတ်သည် မဟုတ်လော။ အဝတ်ထက် ခန္ဓာကိုယ်မြတ်သည် မဟုတ်လော။ ၂၆ မိုးကောင်းကင်ငှက်များကို စေ့စေ့ဆင်ခြင်ကြလော့။ သူတို့သည် မျိုးစေ့ကြဲခြင်း၊ ရိတ်သိမ်းခြင်း၊ ကျီ၌စုသိမ်းခြင်းတို့ကို မပြုကြ။ သို့ရာတွင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် ထိုငှက်တို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် သာ၍မြတ်သည် မဟုတ်လော။ ၂၇ သင်တို့တွင် မည်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိ၏သက်တမ်းကို တစ်တောင်မျှတိုး၍ ရှည်စေနိုင်သနည်း။ ၂၈ ထို့ပြင် အဝတ်အဖို့ အဘယ်ကြောင့် စိုးရိမ်ကြသနည်း။ တောနှင်းပင်တို့ ကြီးထွားလာပုံမှ သင်ခန်းစာယူကြလော့။ ထိုအပင်တို့သည် အပင်ပန်း မခံကြ။ ချည်လည်း မငင်ကြ။ ၂၉ ငါဆိုသည်ကား မိမိကိုယ်ကို ခန့်ညားထည်ဝါစွာ ဆင်ယင်ထားသည့် ရှောလမုန်မင်းကြီးပင်လျှင် ထိုအပင်တစ်ပင်လောက် လှပအောင် မဆင်မြန်းနိုင်ချေ။ ၃၀ ယုံကြည်ခြင်း အားနည်းသောသူတို့၊ ယနေ့ရှိလျက် နက်ဖြန် မီးဖိုထဲပစ်လိုက်ရသည့် တောပင်များကို ဘုရားသခင်သည် ထိုသို့ ဆင်ယင်တော်မူလျှင် ထိုမျှမက သင်တို့ကို ဆင်ယင်တော်မူမည် မဟုတ်လော။ ၃၁ သို့ဖြစ်၍ ‘အဘယ်သို့ စားရမည်နည်း။ အဘယ်သို့ သောက်ရမည်နည်း။ အဘယ်သို့ ဝတ်ရမည်နည်း’ ဟူ၍ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ ၃၂ ဤအရာများကို လူမျိုးခြားတို့သည် ကြိုးစား၍ ရှာဖွေတတ်ကြ၏။ ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း ကောင်းကင်ဘုံရှိ သင်တို့၏အဖ သိတော်မူ၏။
၃၃ “သို့ဖြစ်၍ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်။ ၃၄ ထို့ကြောင့် နက်ဖြန်နေ့အဖို့ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိစိုးရိမ်စရာနှင့်မိမိ ရှိလိမ့်မည်။ ယနေ့ရှိသော မကောင်းမသင့်သောအရာတို့သည် ယနေ့အဖို့ လောက်ပေ၏။