မဿဲ
၂၄ ဗိမာန်တော်ကနေ ယေရှု ထွက်လာချိန်မှာ တပည့်တွေက ဗိမာန်တော် အဆောက်အအုံတွေကို ပြတဲ့အခါ၊ ၂ ယေရှုက “ဒီအဆောက်အအုံတွေကို ခင်ဗျားတို့ မြင်နေရတယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်တော် မှန်တာကို ပြောမယ်။ ဟောဒီကျောက်တုံးတွေ ကျိန်းသေ ဖြိုချခံရလိမ့်မယ်။ ကျောက်တစ်တုံးပေါ် တစ်တုံးဆင့်ပြီး ကျန်နေမှာ မဟုတ်ဘူး”+ လို့ ပြောတယ်။
၃ သံလွင်တောင်ပေါ် ယေရှု ထိုင်နေချိန်မှာ တပည့်တွေချည်းပဲ လာပြီး “သခင်၊ ကျွန်တော်တို့ကို ပြောပြပါ။ အဲဒါတွေ ဘယ်တော့ ဖြစ်မှာလဲ။ သခင် ရောက်ရှိနေပြီ၊*+ လောကစနစ်နိဂုံးပိုင်းကို* ရောက်နေပြီဆိုတဲ့ နိမိတ်ဟာ ဘာလဲ”+ လို့ မေးကြတယ်။
၄ အဲဒီအခါ ယေရှု အခုလိုပြောတယ်– “ဘယ်သူ့ကြောင့်မှ လမ်းမလွဲသွားအောင် ခင်ဗျားတို့ သတိထားကြပါ။+ ၅ ‘ကျုပ်ဟာ ခရစ်တော်ပဲ’ လို့ ပြောပြီး ကျွန်တော့်နာမည်နဲ့ လူတွေကို လမ်းလွဲစေမယ့်သူတွေ အများကြီး ပေါ်လာလိမ့်မယ်။+ ၆ ရပ်နီးရပ်ဝေးက စစ်မက်သတင်းတွေကို ခင်ဗျားတို့ ကြားရလိမ့်မယ်။ အဲဒီအခါ ထိတ်ထိတ်ပျာပျာ မဖြစ်ပါနဲ့။ အဲဒါတွေ ဖြစ်ကိုဖြစ်လာမယ်။ ဒါပေမဲ့ အဆုံးတော့ မရောက်သေးဘူး။+
၇ “လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။+ အစာခေါင်းပါးတာ၊+ ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။+ ၈ အဲဒါတွေအားလုံးဟာ ဆင်းရဲဒုက္ခရဲ့* အစပဲ။
၉ “အဲဒီအခါ ခင်ဗျားတို့ကို နှိပ်စက်ညှဉ်းဆဲဖို့+ အပ်ပြီး အသေသတ်လိမ့်မယ်။+ လူတွေက ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို မုန်းလိမ့်မယ်။+ ၁၀ ပြီးတော့ လူအများကြီးက ယုံကြည်ခြင်းကနေ လွဲသွားပြီး အချင်းချင်း သစ္စာဖောက်လိမ့်မယ်၊ အချင်းချင်း မုန်းလိမ့်မယ်။ ၁၁ ပရောဖက်အတုအယောင် အများကြီး ပေါ်လာပြီး လူတွေကို လှည့်ဖြားလိမ့်မယ်။+ ၁၂ မတရားမှုတွေ များသည်ထက် များလာတဲ့အတွက် လူအတော်များများဟာ မေတ္တာတရား ခေါင်းပါးလာလိမ့်မယ်။ ၁၃ ဒါပေမဲ့ အဆုံးထိ ခံနိုင်ရည် ရှိသူဟာ ကယ်တင်ခံရလိမ့်မယ်။+ ၁၄ လူမျိုးအားလုံးအတွက် သက်သေ ဖြစ်စေဖို့ နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။+ ပြီးမှ အဆုံး ရောက်လာလိမ့်မယ်။
၁၅ “ပရောဖက် ဒံယေလ ဟောခဲ့တဲ့အတိုင်း ဖျက်ဆီးတတ်တဲ့ ရွံရှာဖွယ်ရာက သန့်ရှင်းရာအရပ်မှာ ရောက်နေတာကို ခင်ဗျားတို့ မြင်ရရင်+ (စာဖတ်သူ ပိုင်းခြားသိမြင်ပါစေ)၊ ၁၆ ယုဒနယ်မှာ နေတဲ့သူတွေ တောင်ပေါ်ကို ပြေးကြ။+ ၁၇ အိမ်မိုးပေါ်မှာ ရှိနေသူဟာ အိမ်ထဲက ပစ္စည်းတွေ ယူဖို့ မဆင်းလာနဲ့။ ၁၈ လယ်မှာ ရှိနေသူကလည်း ကိုယ့်အဝတ်ကို ယူဖို့ အိမ်မပြန်နဲ့။ ၁၉ အဲဒီအချိန်ကာလမှာ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ ပိုဒုက္ခရောက်လိမ့်မယ်။ ၂၀ ခင်ဗျားတို့ ထွက်ပြေးရမယ့်အချိန်ဟာ ဆောင်းရာသီ မကျဖို့၊ ဥပုသ်နေ့ မကျဖို့ ဆုတောင်းနေကြပါ။ ၂၁ ဒီလောကတည်ချိန်ကနေ အခုထိ မဖြစ်ဖူးသေးတဲ့၊ နောင်လည်း ဖြစ်မှာ မဟုတ်တဲ့ ကြီးစွာသောဒုက္ခဟာ+ အဲဒီအချိန်မှာ ဖြစ်လာမှာမို့လို့ပဲ။+ ၂၂ အဲဒီကာလ ကြာရှည်နေမယ်ဆိုရင် ဘယ်သူမှ ဘေးလွတ်မှာ မဟုတ်ဘူး။ ရွေးချယ်ခံရသူတွေအတွက် အဲဒီကာလကို တိုစေမယ်။+
၂၃ “ပြီးတော့ တစ်ယောက်ယောက်က ခင်ဗျားတို့ကို ‘ခရစ်တော် ဒီမှာ ရှိတယ်။’+ ‘ဟိုမှာ ရှိတယ်’ လို့ ပြောရင် မယုံကြနဲ့။+ ၂၄ ခရစ်တော် အတုအယောင်တွေ၊ ပရောဖက် အတုအယောင်တွေ+ ပေါ်လာမယ်။ သူတို့က ဖြစ်နိုင်ရင် ရွေးချယ်ခံရသူတွေကိုတောင် လမ်းလွဲသွားအောင် အံ့ဖွယ်အမှုကြီးတွေ၊ ထူးဆန်းတဲ့အရာတွေ လုပ်ပြလိမ့်မယ်။+ ၂၅ ကျွန်တော် ကြိုသတိပေးထားတယ်။ ၂၆ ဒါကြောင့် လူတွေက ‘ယေရှု တောမှာ ရှိတယ်’ လို့ ပြောလာရင် မသွားကြနဲ့။ ‘ယေရှု အခန်းထဲမှာ ရှိတယ်’ လို့ ပြောလာရင်လည်း မယုံကြနဲ့။+ ၂၇ အရှေ့အရပ်မှာ လျှပ်စီးလက်ရင် အနောက်အရပ်အထိ လင်းလက်သွားသလို လူသား ရောက်ရှိနေချိန်မှာ ဖြစ်လိမ့်မယ်။+ ၂၈ အသေကောင် ရှိတဲ့နေရာမှာ လင်းယုန်ငှက်တွေ စုဝေးလိမ့်မယ်။+
၂၉ “အဲဒီဒုက္ခကာလ ကျရောက်ပြီးတာနဲ့ နေဟာ မှောင်မိုက်သွားမယ်။+ လက အလင်းရောင်ပေးမှာ မဟုတ်ဘူး။ ကြယ်တွေ ကောင်းကင်ကနေ ကြွေကျလိမ့်မယ်။ ကောင်းကင်တန်ခိုးတွေ တုန်လှုပ်ကြလိမ့်မယ်။+ ၃၀ အဲဒီအခါ လူသား လာပြီဆိုတဲ့ ထူးခြားတဲ့ လက္ခဏာတွေ ကောင်းကင်မှာ ထင်ရှားလိမ့်မယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအားလုံး ရင်ဘတ် ထုပြီး ငိုကြွေးကြလိမ့်မယ်။+ လူသားဟာ+ မိုးတိမ်ခြံရံပြီး မဟာဘုန်းတန်ခိုးနဲ့ လာတာကို လူတွေ မြင်ရကြလိမ့်မယ်။+ ၃၁ ခရာသံ အကျယ်ကြီး ထွက်ပေါ်လာလိမ့်မယ်။ လူသားက ကောင်းကင်တမန်တွေကို စေလွှတ်လိမ့်မယ်။ သူတို့က ရွေးချယ်ခံရသူတွေကို ကောင်းကင် ဟိုဘက်စွန်းကနေ ဒီဘက်စွန်းအထိ အရပ်လေးမျက်နှာကနေ စုသိမ်းလိမ့်မယ်။+
၃၂ “သဖန်းပင် ပုံဥပမာကနေ သင်ယူကြပါ။ သဖန်းပင် အတက် ထွက်ပြီး ရွက်နု ပေါက်လာရင် နွေရာသီ ရောက်တော့မယ်ဆိုတာ ခင်ဗျားတို့ အသိပဲ။+ ၃၃ အလားတူ၊ ဒီအရာတွေအားလုံးကို ခင်ဗျားတို့ မြင်ရရင် လူသားဟာ တံခါးဝနား ရောက်နေပြီဆိုတာ သိမှတ်ကြပါ။+ ၃၄ ကျွန်တော် မှန်တာကို ပြောမယ်။ ဒါတွေအားလုံး မဖြစ်ခင် ဒီလူမျိုးဆက်ဟာ* လုံးဝ ကွယ်ပျောက်မှာ မဟုတ်ဘူး။ ၃၅ ကောင်းကင်နဲ့ မြေကြီး ကွယ်ပျောက်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်စကားတွေ ဘယ်တော့မှ ကွယ်ပျောက်မှာ မဟုတ်ဘူး။+
၃၆ “အဲဒီနေ့၊ အဲဒီအချိန်ကို ဘယ်သူမှ မသိဘူး။+ ကောင်းကင်တမန်တွေလည်း မသိဘူး။ သားဖြစ်သူ ကျွန်တော်လည်း မသိဘူး။ အဖဘုရားပဲ သိတယ်။+ ၃၇ နောဧလက်ထက်မှာ ဖြစ်သလို+ လူသား ရောက်ရှိနေချိန်မှာ* ဖြစ်လိမ့်မယ်။+ ၃၈ ရေလွှမ်းမိုးဘေး မတိုင်ခင်တုန်းက လူတွေဟာ နောဧ သင်္ဘောထဲ ဝင်တဲ့နေ့အထိ စားလိုက်၊ သောက်လိုက်၊ ထိမ်းမြားပေးစားလိုက် လုပ်နေကြတယ်။+ ၃၉ ရေလွှမ်းမိုးဘေး ရောက်ပြီး အားလုံးကို သုတ်သင်ပယ်ရှင်းလိုက်ချိန်အထိ သတိမဲ့နေကြတယ်။+ လူသား ရောက်ရှိနေချိန်မှာလည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ်။ ၄၀ လယ်မှာ ရှိနေသူနှစ်ယောက်အနက် တစ်ယောက်ကို ခေါ်သွားပြီး တစ်ယောက်ကိုတော့ ထားခဲ့လိမ့်မယ်။ ၄၁ ကြိတ်ဆုံ ကြိတ်တဲ့ အမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်ကို ခေါ်သွားပြီး တစ်ယောက်ကိုတော့ ထားခဲ့လိမ့်မယ်။+ ၄၂ ဒါကြောင့် သခင် ဘယ်နေ့ လာမယ်ဆိုတာ ခင်ဗျားတို့ မသိတဲ့အတွက် သတိနဲ့ စောင့်နေကြပါ။+
၄၃ “တစ်ခုတော့ သိထားပါ– အိမ်ရှင်က သူခိုး လာမယ့်အချိန်ကို သိရင်+ အိမ်ဖောက်ထွင်းမခံရအောင် မအိပ်ဘဲ စောင့်နေမှာပဲ။+ ၄၄ ဒါကြောင့် ခင်ဗျားတို့လည်း အသင့်ရှိနေကြပါ။+ လူသားဟာ ခင်ဗျားတို့ မထင်မှတ်တဲ့အချိန်မှာ လာလိမ့်မယ်။
၄၅ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်ဟာ တကယ်တော့ ဘယ်သူလဲ။ အိမ်သူအိမ်သားတွေကို အချိန်တန်ရင် အစားအစာ ဝေပေးဖို့ သူ့ကို သခင် ခန့်အပ်ထားတယ်။+ ၄၆ သခင် ပြန်လာတဲ့အခါ အဲဒီအတိုင်း လုပ်နေတဲ့ ကျွန်ကို တွေ့ရင် အဲဒီကျွန်ဟာ ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်။+ ၄၇ ကျွန်တော် မှန်တာကို ပြောမယ်။ သခင်က မိမိ ပိုင်ဆိုင်သမျှကို အဲဒီကျွန်ဆီ အပ်လိမ့်မယ်။
၄၈ “တကယ်လို့ ကျွန်ဆိုးက ‘ငါ့သခင် ကြာလိုက်တာ’+ လို့ တွေးပြီး၊ ၄၉ လုပ်ဖော်ဆောင်ဖက် ကျွန်တွေကို ရိုက်နှက်မယ်၊ သောက်ကြူးသူတွေနဲ့ သောက်စားနေမယ် ဆိုပါစို့။ ၅၀ သူ မျှော်လင့်မထားတဲ့နေ့၊ ထင်မထားတဲ့အချိန်မှာ သခင် ရောက်လာလိမ့်မယ်။+ ၅၁ သူ့ကို အပြင်းအထန် ဒဏ်စီရင်ပြီး သူတော်ကောင်း ယောင်ဆောင်သူတွေ ရှိတဲ့နေရာဆီ ပို့ထားလိမ့်မယ်။ အဲဒီမှာ သူ ငိုကြွေးပြီး အံကြိတ်နေလိမ့်မယ်။+